← Chapters

အထွတ်အထိပ် ပညာရှင်များ

Vol. 2 Ch. 194

အထွတ်အထိပ် ပညာရှင်များ

Vol. 2 Ch. 194

"မင်းတို့က လဲ့ချန်းကျွယ်နဲ့ ချန်းပေ့ရွှမ်း ဆိုတဲ့ နာမည်တွေကို တစ်ခါမှ မကြားဖူးဘူးလား။ မင်းတို့ဘယ် သိုင်းပညာရှင် မိသားစုကနေ လာခဲ့တာလဲ” အဘိုးအိုက မျက်မှောင်ကြုတ်ရင်း သူတို့ကို မေးလိုက်၏။

သိုင်းပညာရှင် မိသားစု ... ဂိုဏ်း။

ဒါကဘာလို့ ရုပ်ရှင်ထဲက ဟာတွေနဲ့ တူနေတာလဲ။

ငါတို့က မော်‌ဒန်ခေတ်ကြီးမှာ နေနေကြတာလေ။

အဲလို အသုံးအနှုန်း တွေက ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီမလား။

ချူကျိုးမြို့မှ လူငယ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။ သို့သော်လည်း သွက်လက်သည့် ကျန့်ယွီမုန့်က လျင်မြန်စွာ အဖြေပေးလိုက်သည်။

"ကျွန်မတို့ရဲ့ ဆရာက ချူကျိုးမြို့၊ ဝေ့ရှန်းသိုင်း သင်တန်းကျောင်းက ကူးဝေပါ”

ဝေ့ရှန်းသိုင်းသင်တန်းကျောင်းမှာ ချူကျိုးမြို့တွင် ထင်ရှားသော သိုင်းသင်တန်းကျောင်း တစ်ခုဖြစ်သည်။

"ကူးဝေ ... ဒီနာမည်ကို ရင်းနှီးနေပါတယ်။ အာ ... သူက ရှင်းရီဂိုဏ်းက မလား” အဘိုးအိုက မေးစေ့ကို ပွတ်ကာ စဉ်းစားရင်းပြောသည်။

"ဒါဆို ငါတို့က ဆွေမျိုးတွေပဲပေါ့။ ငါ့ရဲ့ဂိုဏ်းက ရှင်းရီဂိုဏ်းနှင့် ရင်းနှီးတဲ့ ပတ်သက်မှု တစ်ခုရှိတယ်လေ”

အဘိုးအိုက ဖော်ရွေစွာ ပြုံးပြရင်း ပြောလိုက်သည်။

"ဟီး ... ဟီး ..." ရှု့ယုံဖေးတို့ အဖွဲ့ကလည်း သွားဖြဲကာ အဘိုးအိုကို ပြန်ရယ်ပြ လိုက်သည်။

သူတို့ အထဲတွင် လူနှစ်ယောက်ခန့်သာ တိုက်ကွမ်ဒိုနှင့် ကရာတေးကို သင်ယူခဲ့ဖူးပြီး တကယ့် တိုက်ပွဲများကို ရင်ဆိုင်ဖူးသူ တစ်ယောက်မှ မပါပေ။

"ဒါနဲ့ အဘိုး အတွင်းအားဆိုတာ ဘယ်လိုမျိုးလဲ ...” ကျန့်ယွီမုန့်က မေးလိုက်သည်။ သူမ၏ မျက်နှာလေးမှာ ချစ်စရာ ကောင်းသလို အသံကလည်း ကလေးတစ်ယောက် ကဲ့သို့ တီတီတာတာ‌ ပြောတတ်သောကြောင့် အဘိုးကြီးများ၏ အကြိုက်ပုံစံ ဖြစ်သည်။

"သမီးက အတွင်းအားကိုတောင် မသိဘူးလား။ ကူးဝေက မပြောပြဘူးလား” အဘိုးအိုက သံသဝင်နေသော အကြည့်များနှင့် ကြည့်ရင်း မေးလိုက်သည်။

ထို့နောက် အဘိုးအိုက သက်ပြင်း တစ်ချက်ချရင်း လူငယ်တစ်ခုကို ကြည့်လိုက်သည်။ ထိုလူငယ် များကား သိုင်းအဖွဲ့များမှ ဖြစ်သည့်တိုင် အတော် ဗဟုသုတ နည်းလွန်းသည်။

"ကောင်းပြီ မင်းတို့မသိရင် ငါပြောပြမယ်။ အခု ငါမပြောပြ‌ရင်တောင် မင်းတို့ဆရာက အနှေးနဲ့ အမြန် ပြောပြမှာပဲလေ”

"အတွင်းအား ဆိုတာက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအားတစ်မျိုး ပေါ့ကွာ။ တစ်ယောက်ယောက်က အတွင်းအားကို လိုချင်ရင် အားထုတ်ပြီး လေ့ကျင့်မှ ရလိမ့်မယ်။ အတွင်းအား ရှိတဲ့လူ တစ်ယောက်က မြင်းတစ်ကောင်ထက် မြန်အောင်ပြေးနိုင်တယ်။ ‌တန်ချိန်ပေါင်း တစ်ထောင်လောက် ကိုလည်း အသာလေး မနိုင်တယ်။ သာမန်အားဖြင့် ဆိုရင် အတွင်းအား ရှိတဲ့လူ တစ်ယောက်က သာမန်လူ တစ်ဒါဇင်လောက်ကို အလွယ်လေး အနိုင်ယူနိုင်တယ်”

"ရုပ်ရှင်ထဲက ဟာတွေကို အစစ်အမှန်လို့ ပြောနေတာလား” သူတို့အားလုံး တီးတိုးရေရွတ် လိုက်မိကြသည်။ လီရီချန်းနှင့် လူငယ် ခေါင်းဆောင်ဟန် တို့က မယုံကြည် နိုင်ဟန်ဖြင့် နဖူးတွန့် လိုက်ကြသည်။

"မင်းတို့ ဆရာကူးဝေ ဆိုရင် အတွင်းအားစဦး အောင်မြင်မှုကို ရပြီးနေပြီလေ” အဘိုးအိုက ဆက်လက် ပြောဆိုလိုက်သည်။

ကျန်းချူယန်က အဘိုးအို၏ လေသံကိုလိုက်၍ မေးလိုက်သည်။

"အဘိုးက သမီးတို့ ဆရာထက် ပိုပြီး အစွမ်းထက် မှာပေါ့နော်”

အဘိုးအိုက ပြုံးရင်း တိတ်တဆိတ် နေသော်လည်း သူ့ဘေးမှ ကလေးငယ်က ဝင်ရောက် ပြောဆိုလိုက်သည်။

"ဒါပေါ့ဗျ ... ကူးဝေဆိုတာ ရှင်းရီဂိုဏ်းက မထင်မရှား သိုင်းသမားလေးလေ။ သားဘိုးဘိုးက လွန်ခဲ့တဲ့ နှစ်ဆယ်လောက်တုန်းက သေခြင်းခုနှစ်မျိုး လက်သီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ။ နောက်ပြီး ဘိုးဘိုးက အတွင်းအား ထိပ်သီးကျင့်ကြံသူ ဖြစ်တဲ့အပြင် သူငယ်ငယ်တုန်း ကဆို အောက်လမ်းသိုင်းသမား တစ်ရာကျော်ထိတောင် သတ်ဖူးတယ်”

"ရှောင်ဟူ ... ပါးစပ်ပိတ်ပြီး တိတ်တိတ်လေး ထိုင်နေ” အဘိုးအိုက ကလေးငယ်ကို ဆူလိုက်သည်။ ကလေးငယ်က ခေါင်းညိတ်ကာ ဘာမှ ဆက်ပြောတော့ပေ။

သို့သော် လူတိုင်းက ရှောင်ဟူလေး၏ စကားများကို ကြားလိုက်ရသည်။ အားလုံးပင် တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်မိကြသည်။

"သေခြင်း ခုနစ်မျိုး လက်သီးဂိုဏ်း …"

"အောက်လမ်း သိုင်းသမား …"

သူတို့ ရှေးခေတ်သို့ ပြန်ရောက်နေသလို ခံစားနေရသည်။

"အဘိုးကြီးက သူ့မြေးကို ပုံပြင်တွေ ချဲ့ကားပြီး ပြောထားတာ ဖြစ်ရမယ်” လီရီချန်း စိတ်ထဲမှ တွက်ချက်လိုက်သည်။

အဘိုးအိုမှာ လူငယ်များက မယုံကြည်နိုင် ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။ ထို့ကြောင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူတို့ကို သေချာရှင်းပြ လိုက်သည်။

"အဲဒါတွေက ကြာခဲ့ပါပြီကွာ။ ရန်သူတစ်ယောက်ကို ရှုံးပြီးချိန် ကစပြီး သိုင်းလောကနဲ့ မပတ်သက်တော့တာ ကြာခဲ့ပြီပေါ့”

"အဘိုးက ဒီလောက် အစွမ်းထက်တာတောင် ဘယ်သူက အနိုင်ယူ နိုင်တာလဲ ...” ကျန့်ယွီမုန့်က မေးလိုက်သည်။

"ငါက အတွင်းအား ထိပ်သီးအဆင့် သိုင်းသမား ဆိုပေမဲ့ ငါ့အထက်မှာ အထွတ်အထိပ် တစ်ပိုင်း ပညာရှင်နဲ့ အထွတ်အထိပ် အဆင့်ပညာရှင် တွေဆိုပြီး ရှိသေးတယ်လေ”

အဘိုးအိုက အတိတ်မှ အကြောင်းအရာ များကို ပြန်တွေးရင်း ဖြည်းညင်းစွာ ပြောပြသည်။

"ငါ့ကို အနိုင်ယူခဲ့တဲ့ ပုဂ္ဂိုလ်က လဲ့ချန်းကျွယ်ပေါ့”

"လဲ့ချန်းကျွယ် ..." ထိုနာမည်ကို ဒုတိယ အကြိမ်မြောက် သူတို့ ကြားလိုက်ရခြင်း ဖြစ်သည်။

"ဟိုးက ငါးမျှားနေတဲ့ ပုဂ္ဂိုလ်က လဲ့ချန်းကျွယ်ပေါ့” အဘိုးအိုက ရေကန်အလယ်ရှိ လှေငယ်ကို ညွှန်ပြကာ ပြောလိုက်သည်။ ဆယ်စုနှစ် နှစ်ခုစာ‌ခန့် ခိုအောင်း နေခဲ့သော ခံပြင်းမှုနှင့် ဒေါသ အရိပ်အယောင်က သူ့မျက်လုံးတွင် ပေါ်နေခဲ့သည်။

"လဲ့ချန်းကျွယ် ..." ကျန်းချူယန်နှင့် အခြားလူများက ရေကန်အလယ်မှ အဖြူရောင်ဝတ် အဘိုးအိုကို ကြည့်လိုက်ကြသည်။ ထိုအဘိုးအို၏ သွင်ပြင်မှာ သာမန် တံငါအဘိုးအို နှင့်သာ တူပြီး ထူးခြားမှု တစ်ခုတလေပင် မမြင်ရချေ။

"သူတို့က လှေသေးသေးပေါ်မှာ တိုက်ခိုက်ကြမှာလား။ ဘာကြောင့် ကျယ်တဲ့ နေရာမျိုးကို မရွေးချယ် တာလဲဟင်” လီရီချန်းက နားမလည်စွာ မေးသည်။

"ဟား ... ဟား ... အထွတ်အထိပ် အဆင့်တစ်ယောက်က ကောင်းကင်ပေါ်မှာ လမ်းလျှောက်နိုင်သလို ရေပေါ်မှာလည်း ရပ်နေနိုင်တယ်လေ” အဘိုးအိုက ရယ်မောရင်း ပြောသည်။

"တကယ်ကြီးလား ..." ကျန့်ယွီမုန့်နှင့် အခြားလူများက ပါးစပ် အဟောင်းသားဖြင့် အဘိုးအို၏ စကားကို နားထောင်နေကြသည်။

"ဒါတွေကို မသိတာ မင်းတို့လူငယ် တွေရဲ့ အပြစ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်လောက်မှာ လဲ့ချန်းကျွယ်က ယဲ့နန်ထန်းဆီမှာ ရှုံးသွားတည်းက တရုတ်က ထွက်သွားခဲ့တာလေ” အဘိုးအိုက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

ရုတ်တရက် ... သူ၏ မျက်လုံးများက တောက်ပသွားကာ အဝေး တစ်နေရာကို လှမ်းကြည့်လိုက်သည်။

"နောက်ထပ် အထွတ်အထိပ်အဆင့် တစ်ယောက်”

လူတိုင်း အဘိုးအို ကြည့်ရာနေရာသို့ ကပျာကယာ လိုက်ကြည့် လိုက်ကြသည်။ ကျန့်ယွီမုန့် ထိုနေရာကို ကြည့်လိုက်သော်လည်း မည်သည့်အရာမှ ရှိမနေခဲ့ပေ။ "သူက ဘယ်မှာလဲ ..." ကျန့်ယွီမုန့် ရေကန်မျက်နှာပြင် တစ်လျှောက် သေချာစွာ စစ်ဆေးလိုက်သည်။

မကြာခင်မှာပင် အနက်ရောင် အစက်အပြောက်တစ်ခု မိုးကုပ်စက်ဝိုင်း အောင်တွင် ပေါ်လာခဲ့သည်။ အစက်ပြောက်က လျင်မြန်စွာ နီးကပ်လာသည်နှင့် ထိုအရာမှာ ရေပေါ်တွင် ဖြတ်ပြေးနေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဘာကြီးလဲ ..." ကျန့်ယွီမုန့် တစ်ယောက် ကြက်သေသေ သွားခဲ့သည်။

ရုတ်တရက် ရေပေါ်တွင် ပြေးနေသော ပုဂ္ဂိုလ်ထံမှ စကားသံတစ်ခု တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

"အစ်ကိုလဲ့ ... ခင်ဗျားက အသက်ခုနစ်ဆယ် ဆိုပေမဲ့ ကြည့်ကောင်းနေတုန်း ပါလား”

"အစ်ကိုလဲ့" ဆိုသော စကားလုံးကို မီတာရာ ပေါင်းများစွာမှ ပြောခဲ့သော်လည်း သူ၏ စကားအဆုံးတွင် ရေကန်အလယ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ထိုပုဂ္ဂိုလ်မှာ အနက်ရောင်ဝာာအို ဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက် ဖြစ်သည်။ ထိုပုဂ္ဂိုလ် ခြေဖျားနှင့် ထိတွေ့သွားတိုင်း ရေပြင်တွင် ထိုက်ကျိစက်ဝိုင်း တစ်ခုသဏ္ဌာန် လှိုင်းများ ထကျန်ခဲ့သည်ကို လူတိုင်းတွေ့မြင် လိုက်ရသည်။ ထိုက်ကျိစက်ဝိုင်း များမှာ ‌ထိုပုဂ္ဂိုလ်ရေ ပေါ်တွင် လမ်းလျှောက်နိုင်ရန် လမ်းခင်း ပေးထားသည့် အလားပင်။

"ဒါက ..."

ကျန့်ယွီမုန့်နှင့် အခြားလူများမှာ လုံးဝဆွံ့အ နေမိသည်။ လီရီချန်း ကလည်း သူ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ ထို အသက်လတ်ပိုင်းလူ ရေပေါ်တွင် လမ်းလျှောက်နေသည့် ပုံစံမှာကား ဒဏ္ဍာရီထဲမှ သူရဲကောင်း တစ်ယောက်ကဲ့သို့ပင်။

"ထိုက်ကျိဂိုဏ်းက အထွတ်အထိပ် ပညာရှင် ချန်းဂျူရန် ..." သေခြင်းခုနစ်မျိုး လက်သီးဂိုဏ်းမှ အဘိုးအိုက လေးပင်စွာ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများကား နောင်တရခြင်း၊ မနာလိုခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုက်ကျိဂိုဏ်းနှင့် ယှဉ်လျှင် သူ၏ သေခြင်းခုနစ်မျိုး ဂိုဏ်းမှာ အသေးအမွှားလေး လောက်သာ ရှိသည် မဟုတ်ပါလား။

"အဆင်ပြေရဲ့လား ညီလေးချန်း ..." ငါးမျှားနေသည့် အဘိုးအိုက မေးလိုက်သည်။

"အစ်ကိုလဲ့ လောက်တော့ ဘယ်အဆင်ပြေ မလဲဗျာ။ ကျွန်တော်က အကျဘက် ရောက်နေပြီ”

ချန်းဂျူရန်က ပြန်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ် ကဆို အစ်ကိုလဲ့နဲ့ အပြန်အလှန် တိုက်ခိုက် နိုင်ခဲ့ပေမဲ့ ခုဆိုရင် အစ်ကိုလဲ့ရဲ့ တပည့်ကိုတောင် အနိုင်မယူ နိုင်တော့ဘူး။ တကယ် ရှက်မိပါတယ်”

"ရိုမန်က ငါ့ရဲ့ တပည့် မဟုတ်ပါဘူးကွာ။ သူက ဆရာတွေ အများကြီး ဆီကနေ သင်ယူထားခဲ့တာ။ ငါက သူ့ကို လမ်းညွှန်မှု နည်းနည်းလေး ပေးရုံလောက်ပါ” အဘိုးအိုက ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။

"အစ်ကိုလဲ့ရဲ့ သာမန်ကာလျှံကာ လမ်းညွှန်မှု ကနေပဲ သူ့ကို အထွတ်အထိပ် အဆင့်အထိ တက်လှမ်းစေနိုင်တယ် ဆိုတော့ အစ်ကိုလဲ့က အရမ်းကို အစွမ်းထက်နေပြီလို့ ပြောလို့ရတယ်။ အစ်ကိုလဲ့ကို ယှဉ်နိုင်မယ့်သူက ယဲ့နန်ထန်း တစ်ယောက်ပဲ ရှိတော့မယ်” ချန်းဂျူရန်က လေးစားစွာ ပြောလိုက်သည်။

"ယဲ့နန်ထန်း ..." အဘိုးအိုက ငါးမျှားတံကို လှုပ်ခါရင်း ရေရွတ်လိုက်သည်။

"ငါ့ရဲ့ တပည့်အတွက် ချန်းပေ့ရွှမ်းကို သတ်ပြီး လက်စားချေ ပြီးတဲ့အခါ ရန်တောင် မြောက်ပိုင်းကိုသွားပြီး ယဲ့နန်ထန်း ဆီကနေ တစ်ကွက်နှစ်ကွက်လောက် သင်ယူရဦးမယ်”

အထွတ်အထိပ် အဆင့်နှစ်ယောက် စကားပြောနေစဉ် အားလုံးမှာ တစ်ယောက်နှင့် တစ်ယောက်ပင် စကားမပြော မိကြပဲ တည်ငြိမ်စွာ နားထောင်နေခဲ့ကြသည်။

"ဒါဆို အဘိုးကြီးနဲ့ ဟိုကောင်လေးပြောတာ အမှန်တွေပဲပေါ့။ ရေပေါ်မှာ လမ်းလျှောက်တာတို့၊ အဝေးကနေ လူတစ်ယောက်ကို သတ်နိုင်တာတို့က ကမ္ဘာပေါ်မှာ တကယ် ရှိနေတာပေါ့” လီရီချန်းသည် စိတ်ထဲ၌ ကြောက်ရွံ့စွာ တွေးနေမိခဲ့သည်။ ယခုမြင်ကွင်းကို သူ၏မျက်လုံးနှင့် မမြင်ရပဲ အခြား တစ်ယောက်ယောက်က လာပြောလျှင် လုံးဝ ယုံကြည်ခဲ့လိမ့်မည် မဟုတ်ပေ။

"ချန်းဂျူရန်က အဘိုးအိုရဲ့ တပည့်ကိုတောင် အနိုင် မယူနိုင်ဘူးလို့ ပြောတယ်။ ဒါဆို တံငါသည် အဘိုးအိုကရော ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။ သူနဲ့ တိုက်ခိုက်မယ့် ချန်းပေ့ရွှမ်း ကရော ..."

လူတိုင်းက ထိုတိုက်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်မျှော် နေခဲ့ကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ... လုယန်ဝူက အရေးပေါ်ခန်း အပြင်ဘက်တွင် တစ်ယောက်တည်း စောင့်နေခဲ့သည်။ ချန်းဖန် ထိုအခန်းထဲတွင် ရှိနေသည်မှာ သုံးရက်ခန့် ရှိနေပြီ ဖြစ်သည်။ လဲ့ချန်းကျွယ်နှင့် အနောက်ရေကန်တွင် တိုက်ခိုက်ရန် ချိန်းဆိုထားသည့် ကိစ္စကို မေ့နေပြီလား သူမ မပြောတတ်ပေ။

***

All Chapters