စိတ်စွမ်းအင်သွေးကြောရှိရာ နေရာ
Vol. 01 Ch. 27
လုံကျန့်လင်း၏စကားများကြောင့် ထန်ရှု၏မျက်လုံးများ အရောင်လက်သွားသည်။ လုံကျန့်လင်းအား မကြည့်ဘဲ မနေနိုင်တော့ချေ။ ထန်ရှ၏ သိမြင်နိုင်သောသဘာဝအရ လုံကျန့်လင်းသည် ဂိမ်းခန်းမသို့ မကြာခဏ လာပြီး ပြသနာရှာတတ်သော လူငယ်မျိုးမဟုတ်ကြောင်း ထန်ရှု ရှင်းလင်းစွာ သိသည်။ လုံကျန့်လင်းသည် သူ့အား အရှက်မဲ့စွာ နှောင့်ယှက်နေသည့်ဟန်ဖြစ်နေသာ်လည်း သူ၏စကားသံ၊ အမူအရာနှင့် လှုပ်ရှားမှုတို့တွင် စိုးစဉ်းမျှ နှောင့်ယှက်လိုသည့်အရိပ်အယောင် မတွေ့ရပါချေ။
“မင်းက ဂိမ်းခန်းမက ငါ့ပြသနာကို ကူညီဖြေရှင်းလိုက်တဲ့သူပဲဖြစ်ရမယ် ဟုတ်တယ်မလား။” ထန်ရှုသည် လမ်းလျှောက်နေရင်းမှ ရုတ်တရက် ရပ်လိုက်ကာ မေးလိုက်သည်။
လုံကျန့်လင်းသည် မူလက ခေါင်းကို ယမ်းကာ ငြင်းချင်ခဲ့သည်။ သို့သော် ထန်ရှု၏အကြည့်အောက်၌ နောက်ဆုံးတွင် အမှန်တရားအား ပြောပြလိုက်ရသည်။
“အစ်ကိုကြီး… အဲ့ဒီဂိမ်းခန်းမက စီးပွားရေးကျင့်ဝတ်ကို မလေးစား မလိုက်နာလို့ ကျွန်တော်က သူတို့ကို သတိပေးခဲ့တာပါ။ ကြည့်ရတာ ကျွန်တော့်လှုပ်ရှားမှုက အပိုဖြစ်သွားတယ်နဲ့တူတယ်။ ကျွန်တော် ဘာမှ မလှုပ်ရှားလိုက်ရင်တောင် အစ်ကိုကြီးက ဖြေရှင်းနိုင်တာပဲ။
အိုး.. ကျွန်တော် အစ်ကိုကြီးကို အနှောင့်အယှက် တစ်စုံတရာ လုပ်မိခဲ့သေးလား။”
“ဒီဂိမ်းခန်းမပြသနာကို ငါ့ဘာသာလဲရှင်းနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ့အပေါ် မင်းအကြွေးတစ်ခု တင်သွားပြီ။ ငါ့နာမည်က ထန်ရှု။ ကြယ်တာရာပထမအထက်တန်းကျောင်းက တတိယနှစ် တန်းခွဲ-၁၀ ကျောင်းသား။ မင်း လိုရင် ငါ့ကို လာရှာနိုင်တယ်။”
ထန်ရှုသည် လုံကျန့်လင်းအား ကြည့်လျက် နောက်ဆုံးတွင် သူငယ်ချင်းအဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်သည်။
“အစ်ကိုကြီး.. မင်းက ယဉ်ကျေးလွန်းနေပါပြီ။ ငါ့မျိုးရိုးနာမည်က လုံ။ နာမည်က ကျန့်လင်း။ ဒုတိယအထက်တန်းကျောင်းမှာ တတိယနှစ် တက်နေတယ်။ ကျွန်တော် အားတာနဲ့ အစ်ကိုကြီးဆီ လာလည်ပါ့မယ်။”
ထန်ရှု၏စကားအသွားအလာအရ သူ ထွက်ခွာတော့မည်ဟန်ရှိသဖြင့် လုံကျန့်လင်းသည် မည်သည့်အချိန်တွင် စကားဖြတ်ရမည်ကို သိသောကြောင့် ထန်ရှုအား ဆက်လက် မဆွဲထားတော့ချေ။ လုံကျန့်လင်းအတွက် ထန်ရှုနှင့် ရင်းနှီးခွင့်၊ ထန်ရှုအကြောင်း သိခွင့်တို့ ဆက်မေးရန် အခွင့်အရေးမရသေးသော်လည်း ယခုကဲ့သို့ စကားစမြည်ပြောလိုက်ခြင်းသည် ထန်ရှုနှင့် နောင်တစ်ချိန် ဆက်သွယ်ရန် ပိုမို လွယ်ကူပေလိမ့်မည်။ ထိုဟာသည် သူ့အတွက် တန်ဖိုးရှိသော အားထုတ်မှုတစ်ခုပင်ဖြစ်သည်။
ရိုးရှင်းသော တွေ့ဆုံမှုအပြီးတွင် ထန်ရှုသည် နှောင့်နှေးမနေတော့ဘဲ လျင်မြန်စွာထွက်ခွာသွားတော့သည်။ ထန်ရှု၏ပုံရိပ် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း လုံကျန့်လင်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသောအပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည်။
“အစ်ကိုရေ… ငါတို့တော့ အဆင်ပြေပြီကွ။ ထန်ရှု လှုပ်ရှားပြီဆိုတာနဲ့ ကျွန်တော်တို့တွေ တောင်နံရံတွေနဲ့ရွာကို ယူနိုင်တော့မယ်ဗျ။” လုံကျန့်လင်းသည် လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးလိုက်ရင်း လမ်းဘေးတွင် ရပ်ထားသော ပြိုင်ကားပေါ်တက်ကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
“ဘယ်လို အမိုက်စားလဲ။ သူက လုံကျန့်လင်း။ အစ်ကိုကြီးဖေး… သူက လုံကျန့်လင်းပဲဗျ။ ထန်ရှုက သူနဲ့ ဘယ်လိုရင်းနှီးနေတာပါလိမ့်။ ဒါတင်မကသေးဘူး။ လုံကျန့်လင်းက သူ့ကို အစ်ကိုကြီးလို့တောင် ခေါ်နေတာပါလား။” ထောင့်ချိုးတစ်နေရာတွင် စုသွမ့်ရှင်းသည် ခပ်တိုးတိုးအော်ဟစ်လိုက်မိသည်။
“ကျွန်တော်တို့ တစ်ယောက်ယောက်နဲ့ မှားနေတာများလား။ သူ့ရဲ့ အခြေအနေက တအားမြင့်မားတာ။ ဂိမ်းခန်းမလို သေးနုတ်နုတ်နေရာမျိုးကို သူ လာလောက်ပါ့မလား။ ဒီကောင်လေးက လုံကျန့်လင်းနဲ့ ဆင်နေတာများလား။” သံသယအတွေးများနှင့် စုသွမ့်ရှင်းသည် မရေရာသောအသံဖြင့် ပဟေဠိ ဖြစ်နေသည်။
ထိုအချိန်တွင် စုရှန်ဖေးသည် လက်သည်းများ အသားတွင် စိုက်သည့်အထိ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့လက်ဖဝါးမှ သွေးများထွက်သည်ကိုပင် သတိမမူမိချေ။
ရုပ်ချင်းပင် ဆင်စေကာမူ၊ နာမည်အား အသုံးချနိုင်စေကာမူ ပြိုင်ကားသည် အတုမဟုတ်ပေ။ လွန်ခဲ့သော၆လတွင် စုရှန်ဖေးသည် ကံကောင်းစွာဖြင့် သူ၏ဖခင်နှင်အတူ လုံကျန့်လင်း၏ အရွယ်ရောက်အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့သည်။ လုံကျန့်ရှင်း၏မိသားစုသည် အထူးပြုလုပ်ထားသည့်ဗားရှင်းဖြစ်သော ရိုးရွိုက်စ်ဖန်တွန် ပြိုင်ကားအား သူ၏အရွယ်ရောက်လက်ဆောင်အဖြစ် ပေးခဲ့ပြီး လိုင်စင်နံပါတ်ပြားသည်ပင် လုံကျန့်ရှင်း၏ ပထမဆုံးစွန့်စားခန်းနှင့် မွေးနေ့ကို ပေါင်းထားသောနံပါတ်ဖြစ်သည်။ ညစာစားပွဲသည်လည်း အထက်တန်းကျကျ တည်ခင်းလုပ်ဆောင်မှုများ၊ ဖျော်ဖြေမှုများဖြင့် ပြည့်စုံနေပေသည်။ တက်ရောက်ကြသော ဧည့်သည်အပေါင်း၏မျက်ဝန်းများတွင် အရာရာသည် တောက်ပကောင်းမွန်နေတော့သည်။ အထူးသဖြင့် လုံကျန့်လင်းနှင့် သက်တူရွယ်တူဖြစ်သော ယောကျာ်းလေးနှင့် မိန်းကလေးများသည် အားကျမနာလိုသောအကြည့်များဖြင့် ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။
ထို့ကြောင့် စုသွမ့်ရှင်းနှင့် တန်ကွမ်းယီတို့ တကယ့်လုံကျန့်လင်းဟုတ်ပါ့မလားဟု သံသယရှိနေဆဲမှာပင် စုရှန်ဖေးသည် ထိုကတုံးနှင့်လူငယ်သည် လုံကျန့်ရှင်းမှန်း သေချာသိနေခြင်းပင်ဖြစ်သည်။
“ထန်ရှုက လုံကျန့်ရှင်းနဲ့ ဘယ်လိုသိတာပါလိမ့်။ သူတို့၂ယောက်ဆက်ဆံရေးကလည်း အပေါ်ယံမဟုတ်ဘူး။ ဒါကတကယ့်ပြသနာပဲ။ နောက်ဆို ထန်ရှုကို ဆုံးမဖို့ တအားခက်လိမ့်မယ်။” လုံကျန့်လင်း၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာနှင့် ထန်ရှုအပေါ် မည်သို့သဘောထားသည်ကို ပြန်မြင်ယောင်မိသောအခါ စုရှန်ဖေးသည် အိပ်မက်ထဲ ရောက်နေသည့်နှယ် ခံစားလိုက်ရသည်။ ထို့အပြင် လုံကျန့်လင်းမှ ထန်ရှုအား စတင်ခေါ်ဆောင်သူဖြစ်ကြောင်း အမှန်တရားအားလည်း လက်ခံရန် ခက်ခဲနေတော့သည်။
ထန်ရှုသည် ဂိမ်းခန်းမမှ ပြန်လာပြီးနောက် ကျောင်းသို့တန်းမပြန်သေးဘဲ သူ၏ကိုယ်အား သပ်သပ်ရပ်ရပ် ဖြစ်ရန်ပြုလုပ်ကာ မြို့ပြင်သို့ လျှောက်ကြည့်လိုက်သေးသည်။ ကောင်းကင်စကြာဝဠာကျင့်စဉ်အရ ထန်ရှု၏ ခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားခြင်းနှင့် အသွင်ပြောင်းခြင်း ပြီးစီးကာ အခြေအနေသစ်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
သူ့အနေဖြင့် မည်သည့်သိုင်းပညာရပ်လှုပ်ရှားမှုကျင့်စဉ်အား မကျင့်ခဲ့ရင်တောင်မှ သူ၏အရှိန်သည် သာမန်လူများထက် ပိုမိုသာလွန်နေပြီဖြစ်သည်။ ကောင်းကင်စကြာဝဠာပညာရပ်အား ကျင့်ကြံရန်ဆုံးဖြတ်လိုက်ပြီဆိုစဉ်ကတည်းက ထန်ရှုသည် ထိုကျင့်စဉ်အတွက် အပြည့်အ၀ ပြင်ဆင်ထားရန် လိုအပ်ပေသည်။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် အာရုံစိုက်ရန် ရှုထောင့်၄မျိုးမှလွဲကာ ပိုမရှိတတ်ချေ။ ၎င်းတို့မှာ ကျင့်ကြံမှုပညာရပ်များ၊ တာအိုအပေါင်းအဖော်၊ ကြွယ်ဝမှုနှင့် ကုန်းမြေတို့ဖြစ်သည်။
ကျင့်ကြံမှုပညာရပ်များသည် ကျင့်ကြံခြင်းနည်းလမ်းနှင့်ကျင့်စဉ်ပညာရပ်များအား ဆိုလိုသည်။ ထိုအပိုင်းမရှိပါက တစ်စုံတစ်ယောက်သည် မျက်ကန်းကျင့်ကြံနေသကဲ့သို့ ရှိချေလိမ့်မည်။ ကောင်းကင်စကြာဝဠာပညာရပ်သည်ပင် အင်မော်တယ်လူထွားကြီးများ၏သွေးချွေးနှင့်ရင်းနှီးကာ ကြိုးစားအားထုတ်ခြင်း၏ရလဒ်ပင်ဖြစ်သည်။ ထန်ရှု၏မှတ်ဉာဏ်ထဲတွင် အင်မော်တယ်လောက၏ကျင့်ကြံမှုပညာရပ်များစွာ ရှိနေသောကြောင့် ထို့အတွက် စိတ်မူပါချေ။
တာအိုအပေါင်းအဖော်ဆိုသည်မှာ အခြားကျင့်ကြံသူများ သို့မဟုတ် တာအိုလက်တွဲဖော်များကို ဆိုလိုသည်။
အဆိုအရ “အပေါင်းအဖော်မရှိဘဲ တစ်ယောက်တည်း လေ့လာသင်ယူခြင်းသည် လစ်လျူရှုခံရခြင်းနှင့် အမြင်ကျဉ်းမြောင်းခြင်း ရလဒ်သာ ရပေလိမ့်မည်။” ဟု ဆိုသည်။ ကမ္ဘာကြီးတွင်လည်း သူ၏ကိုယ်ပိုင်ဥပဒေသရှိသည်။ ထို့ကြောင့် ထန်ရှုသည် ကမ္ဘာပေါ်တွင် မည်သည့် ကျင့်ကြံသူများ နှင့် တာအိုလက်တွဲဖော်များအား ရှာဖွေရန် မစဉ်းစားထားချေ။ သို့သော်လည်း ထန်ရှုသည် ကျင့်ကြံခြင်းအား စတင်ရုံသာ ပြုလုပ်နိုင်သေးပြီး သည်ရှုထောင့်နှင့်ဆိုပါလျှင် လုံး၀ မကိုက်ညီပေ။
ကြွယ်ဝမှုသည်လည်း ကျင့်ကြံမှုအတွက် အရေးပါသောရှုထောင့်ပိုင်းဖြစ်သည်။ ကျင့်ကြံခြင်းအစပိုင်းကာလများတွင် ကိုယ်ရောစိတ်ပါ အချိန်ပေးကာ ကျင့်ကြံရသဖြင့် ငွေကြေးရှာဖွေရန်အတွက် အချိန်မလုံလောက်ပေ။ ကျင့်ကြံခြင်းအတွက် ရင်းမြစ်များမရှိပါက ထိုသူ၏ကျင့်ကြံမှုလမ်းကြောင်းသည် လွန်စွာခက်ခဲပေလိမ့်မည်။ ရှေးဘိုးဘွားများက ပြောကြသည်မှာ “ကြွယ်ဝမှုမရှိဘဲ မည်သည့်အရာကိုမျှ လုံလောက်အောင် မယူနိုင်” ဟူ၍ပင်။
ကုန်းမြေသည် လေ့ကျင့်ရန်နေရာ သို့မဟုတ် ကျင့်ကြံရန်နေရာဖြစ်သည်။ ထိုနေရာသည် တစ်စုံတစ်ယောက် ကျင့်ကြံမှုအား အထူးသက်ရောက်စေသော ချီဓာတ် သိသာထင်ရှားစွာ ထူထပ်ပြီး သဟဇာတဖြစ်သောနေရာ ဖြစ်ရပေမည်။
ကျင့်ကြံမှုပညာရပ်များနှင့် တာအိုအပေါင်းအဖော်ကိစ္စအတွက် ထန်ရှုသည် စိုးရိမ်မှုမရှိသော်လည်း ကြွယ်ဝမှုနှင့် ကုန်းမြေနေရာအတွက် ခေါင်းပူအောင် စဉ်းစားနေရသည်။
ယခုလသည် စာအနည်းငယ်သာ လေ့လာရန်အတွက်သာရှိသောကြောင့် ထန်ရှုသည် သူ၏အချိန်အတော်များများအား ကျောင်းစာကြည့်တိုက်တွင်သာ ကုန်ဆုံးစေခဲ့သည်။ ယေဘုယျအားဖြင့် ထန်ရှုသည် စာကြည့်တိုက်ထဲတွင် မနှစ်မြှုပ်ထားလိုသော်လည်း သူသည် လေ့လာရန် လိုအပ်နေသေးသည်။ တစ်ချိန်တည်းမှာပင် တာအိုအပေါင်းအဖော်များအား ရှာဖွေမည့်အစား သူ၏ကျင့်ကြံမှုအတွက် သင့်တော်သောနေရာအား ရှာဖွေနေခဲ့သည်။ သူသည် စာအုပ်အတော်များများ ဖတ်ပြီးဖြစ်သော်လည်း သည်ကမ္ဘာကြီးတွင် တာအိုအပေါင်းအဖော်အား သူ မရှာနိုင်သောကြောင့် ရှိမှရှိသေးရဲ့လားဟုပင် သံသယဝင်မိသည်။ ထို့ကြောင့် လူ့ယဉ်ကျေးမှု၊ သမိုင်း၊ ပထဝီ၊ ဇီဝဗေဒစာအုပ်များနှင့် အခြားစာအုပ်များပါမကျန် လိုက်လျှောက်ဖတ်တော့ရာ ကျင့်ကြံမှုအတွက် ဖြစ်နိုင်ခြေရှိသော နေရာတစ်နေရာအကြောင်းအား သိခဲ့လိုက်ရသည်။
ထိုနေရာလေးသည် မြို့တော်ထဲတွင် မဟုတ်ဘဲ မြို့ဆင်ခြေဖုံးမှ ၇၀ကီလိုမီတာဝေးသောနေရာတွင် တည်ရှိပြီး
တောင်တန်းများ ကာရံထားသောရွာလေးဟု အမည်တွင်သည်။ ထန်ရှုသည် အဆိုပါနေရာသည် အမှန်တကယ် ကျင့်ကြံရန် သင့်၊ မသင့်အား စစ်ဆေးရန်အတွက် ထိုရွာလေးသို့ ထွက်ခဲ့သည်။ စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်းသာ အမှန်တကယ်ဖြစ်ခဲ့ပါလျှင် ထိုရွာလေးတွင် နေရာတစ်နေရာ ဝယ်ယူပြီး သူ၏ကျင့်ကြံခြင်းလိုဏ်ဂူတည်ဆောက်ရန် ထန်ရှုသည် ရည်ရွယ်ထားသည်။
နေ့တစ်ဝက်ကြာသော် ထန်ရှုအား ထိုရွာလေးအား ဝန်းရံထားသော ထိပ်တစ်နေရာတွင် မြင်တွေ့ရမည်ဖြစ်သည်။ ထိုအချိန်မှာပင် ထန်ရှုသည် ရွာလေးအား အကုန်လေ့လာပြီးဖြစ်သည်။ သူ၏ခေါင်းထက်တွင် ကြယ်များစွာ ပြည့်နှက်နေသော ကောင်းကင်ကြီးအား ကြည့်ကာ ထန်ရှုသည် စိတ်လှုပ်ရှားလာသည်။
“စိတ်ဝိညာဉ်သွေးကြော.. ဒီရွာလေးမှာ အမှန်တကယ်ကို ပုန်းအောင်းနေတဲ့ စိတ်ဝိညာဉ်သွေးကြော ရှိနေတာပဲ။ သူ့မှာ အဲဒါရှိပြီဆိုကတည်းက အဖိုးများစွာတန်တဲ့ ကောင်းကင်ဘုံရင်းမြစ်တွေ ရှိသင့်တယ်။ ငါ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်အရည်အတွက် ငါ စိုးရိမ်စရာ မလိုတော့ဘူးပဲ။” တောင်ကျောက်ဆောင်ထိပ်တစ်နေရာတွင် မတ်တတ်ရပ်ရင်း မြင့်မားလှသောစိတ်စွမ်းအားများရှိသော ဘေးဘီဝဲယာအား လှည့်ကြည့်လိုက်ပြီး ကောင်းကင်အား မော့ကြည့်ကာ လေချွန်သံရှည်တစ်ချက် ပြုလိုက်မိသည်။
သည်ကမ္ဘာကြီးရှိ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ် ပြန်လည်ရောက်ရှိလာပြီးချိန်ကတည်းက ထန်ရှုသည် ခြေလက်ချုပ်ထားသကဲ့သို့ဖြစ်ကာ အကြောက်တရားနှင့် စိတ်ပင်ပန်းမှု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သည်ကမ္ဘာကြီး၏စိတ်ဝိညာဉ်ရင်းမြစ်သည် အလွန်နည်းပါးသောကြောင့် ကျင့်ကြံမှုပညာရပ်နှင့် နည်းလမ်းများအားလုံးသည် အသုံးမဝင်သော အရာများဖြစ်ခဲ့ရပြီး ထန်ရှုအား ကူကယ်ရာမဲ့စေခဲ့သည်။
အခြားတစ်ဘက်ကကြည့်မည်ဆိုပါက ထန်ရှုသည် ကောင်းကင်စကြာဝဠာပညာရပ်အား မတော်တဆ သူနှင့်လိုက်ဖက်ညီအောင် လုပ်မိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် ထိုပညာရပ်အား စတင် ကျင့်ကြံနေပြီဖြစ်ပြီး ထိုအရာအား သူ မထိန်းချုပ်နိုင်သေးချေ။
ကောင်းကင်စကြာဝဠာပညာရပ်အား အင်မော်တယ်လောကတွင်သာ လေ့ကျင့်ခဲ့ရပါက သူသည် ဧကန်မုချ အလွန် ပျော်ရွှင်နေမည်သာဖြစ်သည်။ သို့သော် သည်ကမ္ဘာကြီး၏စိတ်ဝိညာဉ်ရင်းမြစ်သည် ပျက်စီးလုနီးပါးဖြစ်နေသောကြောင့် ထိုပညာရပ်သည် ထန်ရှုအား ငိုချင်းချစေရန်နှင့် ကူကယ်ရာမဲ့စေရန် ဖန်တီးနေသကဲ့သို့ရှိသည်။ ကောင်းကင်စကြာဝဠာပညာရပ်အနေဖြင့် ကောင်းကင်နှင့် မြေကြီးစွမ်းအားအား မလိုအပ်သော်လည်း ထိုပညာရပ်သည် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်အရည်အတွက် အဖိုးတန် ကောင်းကင်ဘုံရင်းမြစ်များ များစွာလိုအပ်သည်။ ထိုအရာများသည် စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝသောနေရာတွင်သာ တွေ့နိုင်ပေသည်။
စိတ်ဝိညာဉ်စွမ်းအားများသည် ကမ္ဘာကြီးတွင် မရှိဟု ဆိုခြင်းသည် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်အရည်အတွက် အဖိုးတန် ကောင်းကင်ဘုံရင်းမြစ်များ မရှိဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ထန်ရှုသည် ကောင်းကင်စကြာဝဠာပညာရပ်အား မတော်တဆ စတင်ကျင့်ကြံမိလိုက်သောအခါ သူ့အား စောင့်နေသော တစ်ခုတည်းသော လမ်းမှာ သေခြင်းအဆုံးသတ်ပင် ဖြစ်တော့သည်။
ယနေ့တွင် ရွှမ်ကျင်းပြည်နယ်တွင် စိတ်ဝိညာဉ်သွေးကြောတည်ရှ်ရာနေရာဖြစ်သည့် တောင်တန်းများ ကာရံထားသည့်ရွာကလေးအား တွေ့ရသဖြင့် ထန်ရှု အလွန် ပျော်ရွှင်နေခဲ့သည်။ သည်ဟာကို ထောက်ချင့်ခြင်းအားဖြင့် စိတ်ဝိညာဉ်စွမ်းအားများသည် ကမ္ဘာကြီးတွင် အခြားနေရာများတွင်လည်း ရှာတွေ့နိုင်မည့်ဟန်ရသည်။
“ကြည့်ရတာ ဒီစိတ်ဝိညာဉ်စွမ်းအားက သည်ကျောက်တုံးအောက်မှာပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဒီရွာလေးကို ဘယ်သူပိုင်သလဲဆိုတာ ငါ မသိတော့ နို့မို့ဆို ပြသနာရှိနိုင်တယ်။” တောင်ထိပ်ဧရိယာအား လှည့်ပတ်ကြည့်ရှုပြီးနောက် ထန်ရှုသည် စိတ်ဝိညာဉ်စွမ်းအား တည်ရှိနေသောနေရာအား အာရုံစိုက်ထားရင်း နက်နက်နဲနဲ စဉ်းစားနေသယောင်ရှိသည်။
ထန်ရှု၏အသိအမြင်အရ တောင်တန်းများ ကာရံထားသော ရွာကလေးဟု အမည်ဆန်းနှင့်နေရာသည် ရွှမ်ကျင်းပြည်နယ်၏ လူဦးရေများသောနေရာတွင် ရှိသည်။ ပြည်နယ်စာကြည့်တိုက်မှ စာအုပ်များစွာအား ထန်ရှု ဟိုကျော်ဒီကျော် မဖတ်ဖူးသော်လည်း ယခုကဲ့သို့ ပြည်နယ်ထဲတွင် ဒဏ္ဍာရီဆန်သောနေရာတစ်ခုရှိကြောင်းအား ထန်ရှု မတွေ့ခဲ့ဖူးပါချေ။
တောင်တန်းများ ကာရံထားသောရွာကလေး သည် တရားဝင်နာမည်အားဖြင့် အအေးနည်းတောင်တန်းပေါ်က တော်ဝင်မြို့ဟု အမည်ရပြီး ရှေးကျသောရွာကလေးဖြစ်သည်။ သမိုင်းဝင်မှတ်တမ်းများအရ နှောင်းပိုင်းမင်မင်းဆက်ကာလက တော်လှန်ရေးစစ်တပ်၏ခေါင်းဆောင်သည် စီချွမ်ပြည်နယ်သို့ ဝင်လာခဲ့ပြီး ဒီနေရာအား တိုက်ခိုက်ခဲ့ကာ ယခုတောင်တန်းတွင် တပ်စွဲလျက် မင်းပြုခဲ့ပြီးနောက်ပိုင်းတွင် သူသည် အင်ပါယာအဖြစ် ကြေညာခဲ့လေသည်။ ထို့နောက် ဒီနေရာအား မင်းနေပြည်တော်အဖြစ် တည်ထောင်ကာ ဒေသအားလုံးမှ လက်နက်ခဲယမ်းများနှင့် ရတနာများအား စုဆောင်းခဲ့သည်။ နောက်ပိုင်းတွင် ထိုအရာများအား မြေကြီးထဲ၌ မြှုပ်နှံကာ သံလိုဏ်ဂူဟု အမည်တွင်စေခဲ့သည်။ တောင်တန်းများ ကာရံထားသောရွာကလေးသည်
တောင်ကြယ်ဂိတ် ၊ ငြိမ်းချမ်းရေးဂိတ် ၊ ကြီးမြတ်သောသဘာဝဂိတ် ၊ ကောင်းကင်ဘုံရတနာဂိတ် ၊ အင်မော်တယ်ဂိတ် ၊ အခြား ၁၈ဂိတ်နှင့် လမ်းများ တည်ဆောက်ခဲ့သည်။ ထို့ပြင် ရှေးလီမိသားစု၏ မိသားစုခန်းမ၊ အစိတ်စိတ် ဖြစ်နေသော ဓားကျောက်တုံး၊ အစိုးရအဆောက်အဦးများ၊ ရဲတိုက်နှင့် ကွမ်ရင်မယ်တော်ဘုရားကျောင်း၏ အကြွင်းအကျန်များလည်း ရှိသည်။
အရုဏ်တက်လာပြီဖြစ်သောကြောင့် ထန်ရှုသည် သူ၏စိတ်အား ကောင်းကင်စကြာဝဠာပညာရပ်၏ ပထမအဆင့်ဖြစ်သော ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်အတွက် လိုအပ်နေသည့် အဖိုးတန် ကောင်းကင်ဘုံရင်းမြစ်များ ရှာဖွေရန်အတွက် စိတ်ပိုင်းဖြတ်လိုက်သည်။
ကောင်းကင်စကြာဝဠာပညာရပ်အား အပိုင်း၄ပိုင်း ပိုင်းခြားထားသည်။ ၎င်းတို့မှာ ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်၊ ကြယ်များ ကောင်းကင်ဘုံစွမ်းအား၊ ကြယ်စွမ်းအားပေါင်းစပ်ခြင်း၊ ကြယ်များအား စုစည်းပြောင်းလဲခြင်း တို့ပင် ဖြစ်သည်။
ကောင်းကင်စကြာဝဠာပညာရပ်၏ ပထမအဆင့်ဖြစ်သော ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်အဆင့်တွင် အသက်ရှု လေ့ကျင့်ခြင်း၊ အရေပြား သန်မာအောင်လုပ်ခြင်း၊ အကြောသန်မာအောင်လုပ်ခြင်း၊ အရိုးပြောင်းလဲခြင်း၊ မရီဒျာန် ပြောင်းလဲခြင်း၊ စိတ်နှလုံး ပြောင်းလဲခြင်း၊ ကိုယ်တွင်းအင်္ဂါ ပြောင်းလဲခြင်း၊ ချီနှင့်သွေး လည်ပတ်ခြင်း နှင့် ကိုးနေရာအသွင်ဖြစ်ခြင်း တို့ ပါဝင်သည်။
ကောင်းကင်စကြာဝဠာပညာရပ်သည် နတ်ဘုရားမျိုးနွယ်စု၏ အားနည်းသော ပြင်ပခန္ဓာကိုယ်ပုံစံအား သန်မာစေရန်အတွက် နတ်ဘုရားမျိုးနွယ်စု၏ ဂျီးနီးယပ်စ်မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စု၏ ခန္ဓာကိုယ်အား ယှဉ်ပြိုင်နိုင်ရန်အတွက်ဖြစ်သည်။ အဆင့်တစ်ခုစီတိုင်း၏ ပြောင်းလဲခြင်းနှင့် သန်မာခြင်းတို့အတွက် မရေမတွက်နိုင်သော ရှားပါးအဖိုးတန်ရင်းမြစ်များလိုအပ်ပြီး တစ်ခုချင်းစီသည်လည်း တူညီသောရင်းမြစ်များ မဟုတ်ပေ။ အစပိုင်းတွင် ဖော်ပြထားသကဲ့သို့ ကောင်းကင်စကြာဝဠာပညာရပ်လေ့ကျင့်ခြင်းသည် ကျင့်ကြံသူ၏ခွန်အားသည် အလွန် သန်မာရန်လိုအပ်သည်။ ထိုခွန်အားသည် သတ်မှတ်ထားသော အဆင့်ထိမရောက်ခဲ့ပါက ကျင့်ကြံ့ခြင်းနှုန်းမြန်စေကာမူ ကြယ်စွမ်းအား များစွာ စုပ်ယူနိုင်ကာမူ ထိုသူ၏ ခန္ဓာကိုယ်သည် အဆုံးတွင် ပေါက်ကွဲသွားမည်ဖြစ်သည်။
ကောင်းကင်စကြာဝဠာပညာရပ်၏ ပထမအဆင့်ဖြစ်သော ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်အတွက် အဖိုးတန်ရှားပါး ဆေးဝါးများနှင့် ဆေးဖက်ဝင်အပင်များ လိုအပ်သကဲ့သို့ ရှားပါးသားရဲများ၏ အမြုတေ၊ သွေးအဆီအနှစ်၊ အသားများနှင့် အခြားအရာများလည်း လိုအပ်သည်။ ရှားပါးသားရဲများ၏ ထိုအရာများသည် ၎င်းတို့၏ ခန္ဓာကိုယ် ပြောင်းလဲခြင်းနှင့် သန်မာခြင်းတို့အတွက် အထောက်အကူ ဖြစ်ပေသည်။