"ငါ မင်းကို သတ်ဖို့ ရောက်လာပြီ ..."
Vol. 2 Ch. 195
နေရောင်ခြည် နွေးနွေးမှာ လုယန်ရွယ် ရှိနေသည့် အခန်းငယ်ထဲတွင် ပါးပါးလေး ဖြန့်ကြက်ထားသည်။ လူနာခုတင်၏ ဘေးဘက်တွင်မူ အဝါရောင် ပန်းပွင့်များက လန်းဆန်းစွာ ဖူးပွင့်နေကြပြီး နွယ်ပင်များကလည်း ပြတင်းပေါက်ကို တွယ်ယှက်ကာ နေရောင်များကို ကြိုဆို နေသလို ထင်ရသည်။
သုံးရက်ကြာပြီး နောက်တွင် လုယန်ရွယ်မှာ သေခြင်းတရားမှ ပြန်လှည့် လာနိုင်သည့်အပြင် သူမ၏ လှပခြင်း များလည်း ပြန်လည် ရရှိလာခဲ့ပြီ ဖြစ်သည်။ အနက်ရောင် ဆံပင်ရှည်များမှာ သူမ၏ ကြွေရောင် အသားအရေ ပေါ်တွင် ပြန့်ကျဲနေပြီး လှပပြည့်ဖြိုးသော မျက်နှာလေး မှာလည်း ပေါ်လွင်နေခဲ့သည်။
"ငါတို့ ကုသ ပြီးသွားပြီလား” မိန်းကလေးက နူးညံ့စွာမေးသည်။
သူမက ဘေးနားတွင် သုံးရက်၊ သုံးညထိ မအိပ်မနားပဲ သူမကို ကုသ ပေးနေသည့် လူငယ်လေးအား မြတ်နိုးစွာ ကြည့်လိုက်သည်။ အကယ်၍ ချန်းဖန်တွင် အဇူရာ သက်ရှည် ခန္ဓာကိုယ်သာ မရှိခဲ့လျှင် မြေပြင်ပေါ်တွင် လဲပြိုကျ နေလောက်ပြီ ဖြစ်သည်။
"စိတ်မပူပါနဲ့ ... ကုသလို့ ပြီးသွားပါပြီ”
ချန်းဖန် လက်တစ်ချောင်းကို ဝှေ့ယမ်း လိုက်သည်နှင့် လေထုမှာ သိပ်သည်းသွားပြီး ယန်ရွယ်၏ မျက်နှာရှေ့တွင် ကြေးမုံတစ်ချပ် ပေါ်လာသည်။ မိန်းကလေးမှ ကြေးမုံထဲတွင် ပေါ်နေသည့် လှပသော ပုံရိပ်လေးအား ကြည့်လိုက်သည်။
"ဒါက ... ငါလား” လုယန်ရွယ်၏ အမူအရာက မယုံကြည်နိုင်ဟန် အထင်းသား ပေါ်လွင်နေသည်။ ကြေးမုံထဲတွင် ပေါ်နေသော ပုံရိပ်လေးကား အပြစ်၊ အနာ၊ အဆာ မရှိအောင်ပင် ပြည့်စုံလွန်းသည်။ သူမ၏ မျက်နှာ၊ မျက်လုံးများ၊ နှာခေါင်း၊ နှုတ်ခမ်းအရာ အားလုံးက တိကျစွာ ဖွဲ့စည်းထားသည်။
လူတစ်သန်းတွင် တစ်ယောက် အလှမျိုးကို လုယန်ရွယ် မှင်တက်စွာ ငေးမော ကြည့်နေခဲ့တော့သည်။
"ဒါပေါ့ ... အဲဒါက နင်လေ” ချန်းဖန် နူးညံ့စွာ ပြုံးပြလိုက်သည်။ ချန်းဖန်အတွက် သူမ၏ အသက်ကို ကယ်တင်ရန် တစ်ရက်သာ လိုအပ်ခဲ့သည်။ ကျန်သည့်နှစ်ရက် တွင်မူ အဇူရာ သက်ရှည်ကျင့်စဉ်ဖြင့် လုယန်ရွယ်၏ ခန္ဓာကိုယ်ကို ပြစ်မျိုးမှဲ့မထင် ဝိညာဉ်ခန္ဓာကဲ့သို့ လှပအောင် တည်ဆောက် ပေးနေခဲ့သည်။ ယခုအချိန်တွင် လုယန်ရွယ်မှာ သေမျိုးတစ်ယောက် ဖြစ်နေသေးသော်လည်း သူမ၏ အလှအပက အင်မော်တယ် နတ်ဘုရားမ တစ်ဦးနှယ် လှပနေခဲ့ပြီ ဖြစ်သည်။ ယခု ချန်းဖန် တည်ဆောက် ပေးထားခဲ့သည့် ခန္ဓာကိုယ်မှာ ကိုးဆယ့်ခြောက်ပါး ရောဂါကို အန်တုနိုင်ပြီး မည်သည့် လေ့ကျင့်မှု မလုပ်လျှင်ပင် အသက်ရာကျော် ရှည်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူမသာ သိုင်းပညာ လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပါက ကုပိုင်ရှင်း၏ အဆင့်လောက်ကိုပင် အလွယ်တကူ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
"ဒါက လွန်ခဲ့တဲ့ သုံးလအတွင်း မင်း ခံစားခဲ့ရတာတွေ အတွက် လျော်ကြေးလို့ သတ်မှတ်လိုက်ပါ” ချန်းဖန်က သူမကို ထပ်ပြောလိုက်သည်။
"လဲ့ချန်းကျွယ် ..." ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ မျက်လုံးထဲတွင် အဇူရာ မီးတောက်များ ပေါ်ထွက်လာသည်။
"ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို မရောက်သေးခင် မှာပဲ မင်းငါ့ကို စိန်ခေါ်သင့်တယ်”
ချန်းဖန် လုယန်ရွယ်ကို ကျောခိုင်းပြီး အခန်းအပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။
"နင် ဘယ်သွားမလို့လဲ” လုယန်ရွယ်က အလောတကြီး မေးသည်။
"ငါ ကိစ္စတစ်ခု လုပ်စရာ ရှိလို့ပါ။ မကြာခင် ပြန်လာခဲ့မယ်” ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"ဘာကိစ္စလဲ ..." လုယန်ရွယ်က စိတ်ဝင်တစား မေးသည်။
"လဲ့ချန်းကျွယ်ကို သတ်မလို့ ...”
***
ထိုအချိန် အနောက်ရေကန် တွင်မူ ...
ပိတ်ထားသော ရေကန်အတွင်းကား တဖွဲဖွဲ ရောက်ရှိလာသော သိုင်းသမားများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ထိုအထဲတွင် ဆံပင်အညိုနှင့် မျက်လုံးအပြာ ရှိသော နိုင်ငံခြားသား များလည်း ပါဝင်နေသလို၊ လူဖြူလူမည်းများ အချို့လည်း ရောနှောပါဝင် နေခဲ့သည်။
"ရေကန်မှာ လူတွေနဲ့ ပြည့်နေပြီ။ နိုင်ငံခြားသား တွေလည်း အများကြီးပဲ။ သူတို့အားလုံးက သိုင်းသမားတွေလား” ကျမ့်ယွီမုန့်က မေးလိုက်သည်။
"ဒီနေရာမှာရှိတဲ့ လူတွေအားလုံးက အတွင်းအား ပညာရှင်တွေ ချည်းပဲ မဟုတ်ဘူး။ ခန္ဓာကိုယ် လေ့ကျင့်တဲ့ ပညာရှင်တွေ၊ မွေထိုင်း အကျော်အမော်တွေ အားလုံး ရောနှောပါဝင် နေတယ်။ လဲ့ချန်းကျွယ်ရဲ့ တပည့် ရိုမန်ဆိုရင် သိုင်းပညာ အားလုံးကို ပူးပေါင်းလေ့ကျင့် ထားတာလေ။ အရှေ့တိုင်း၊ အနောက်တိုင်း၊ အတွင်းအား၊ အပြင်အား ဘယ်လို ပညာရပ်မျိုး မဆို သူအသုံးပြု နိုင်တယ်လေ”
"လဲ့ချန်းကျွယ် ကိုတော့ တရုတ်နိုင်ငံ ပြင်ပက သိုင်းပညာရှင်တွေ အားလုံးထဲမှာ အတော်ဆုံးလို့ သတ်မှတ်ထားကြတယ်။ သူ့တပည့် ရိုမန်က ကနေဒါ၊ တရုတ် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လည်း ဖြစ်သလို ဟောင်ဂိုဏ်း ခေါင်းဆောင်လည်း ဟုတ်တယ်လေ”
"အခြားတစ်ဖက် မှာတော့ ချန်ပေ့ရွှမ်းက အသက်နှစ်ဆယ် မပြည့်ခင်မှာ အထွတ်အထိပ် အဆင့်ကို ရောက်လာခဲ့ပြီးတော့ လုမိသားစုခေါင်းဆောင် လုထျန်းဖန်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက ဘယ်သူမှ လက်လွှတ် မခံနိုင်တဲ့ တိုက်ပွဲလို့ ပြောလို့ရတယ်။ ဒါကြောင့် အာဖရိကမှာ နေတဲ့သူတွေတောင် တိုက်ပွဲကိုကြည့်ဖို့ လေယာဉ်စီးပြီး ရောက်လာ ခဲ့ကြတာပေါ့” အဘိုးအိုက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"တကယ်ကြီးလား ..." ကျန့်ယွီမုန့် အံ့အားသင့်သွားသည်။ ကျန်းချူးယန်နှင့် ရှု့ယုံဖေးတို့ မှာလည်း ဘာမှ မပြောနိုင်လောက်အောင် အံ့အားသင့် နေကြသည်။
လီရီချန်းကမူ သူတို့စကားကို သတိ မထားမိပဲ တစ်နေရာသို့ စိတ်ဝင်တစား ကြည့်ရင်း လူငယ် ခေါင်းဆောင်ဟန်က်ု မေးလိုက်သည်။
"လူငယ်ခေါင်းဆောင် ... ဟိုလူက ဂက်စ်အုပ်စုရဲ့ စီအီးအို ကူရွှမ်ဟိုင်မလား”
"အာ ... ဟုတ်တယ်လေ” လူငယ် ခေါင်းဆောင်ဟန်က ပြန်ပြောလိုက်သည်။
"ဂက်စ်အုပ်စုက ထရီလီယံ အနည်းငယ်ထိ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီးတော့ ကူရွှမ်ဟိုင် ကတော့ အဲကုမ္ပဏီရဲ့ စီအီးအိုလေ။ သူက ဒီကိုဘာကြောင့် ရောက်နေတယ် မသိဘူး။ သူဘေးမှာ ရပ်နေတဲ့ အဘိုးကြီးကရော ဘယ်သူလဲ”
သူတို့ ပြောနေသည့် ကူရွှမ်ဟိုင်ဆိုသော ပုဂ္ဂိုလ်မှာ ဟွာရန်လူချမ်းသာ တစ်ရာစာရင်းတွင် ပါဝင်သော ကျန်းနန်ဒေသ၏ ထိပ်ဆုံးငါးယောက် ထဲမှ တစ်ယောက်ဖြစ်သည်။ ထိုသို့ ချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်မှာ သူ့ဘေးရှိ ပိန်ပါးသော မျက်နှာနှင့် အဘိုးအိုကို အလွန်ရိုသေ လေးစားသည့် ပုံစံဖြင့် ဆက်ဆံနေခဲ့သည်။
"ကူရွှမ်ဟိုင် ဆိုတာက ဘယ်သူလဲ။ မင်းတို့ ပြောနေတာက ဘယ်လောက်အထိ ဂုဏ်ဒြပ်မြင့်တဲ့ ပုဂ္ဂိုလ် ဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ သူ့ဘေးမှာ ရပ်နေတဲ့သူ ကတော့ ကူမိသားစုရဲ့ အထွတ်အထိပ် တစ်ပိုင်းအဆင့် မိသားစု ခေါင်းဆောင်ပဲ။ သူက မင်းတို့ဂိုဏ်းက စုဝူတိနဲ့ အတူတူလောက်ပဲ ရှိမယ်။ ဒါပေမဲ့ ချန်းပေ့ရွှမ်းက စုဝူတိရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်တော့ အခြေအနေက တစ်မျိုးတော့ ပြောင်းသွားနိုင်တယ်လေ” အဘိုးအိုက ဝင်ရောက် ပြောဆိုလိုက်သည်။
"ကူမိသားစု ခေါင်းဆောင် ... အထွတ်အထိပ် တစ်ပိုင်းအဆင့်”
ရီဝူချန်းနှင့် လူငယ် ခေါင်းဆောင်ဟန် တို့မှာ ထိုထူးဆန်းသော အသုံးအနှုန်း များကြောင့် အံ့အားသင့် သွားကြသည်။ ထိုအသုံးအနှုန်း များ၏ အဓိပ္ပာယ်ကို မသိသော်လည်း ကူရွှမ်ဟိုင်ကိုတော့ သူတို့ ကောင်းကောင်းကြီးသိသည်။ ကူရွှမ်ဟိုင် ကဲ့သို့သော ပုဂ္ဂိုလ်ပင် လေးလေးစားစား ဆက်ဆံရသော ထိုအထွတ်အထိပ် တစ်ပိုင်းပုဂ္ဂိုလ်မှာ အလွန် အစွမ်းထက်သူ ဖြစ်ရပေမည်။
"ကောင်းကင်မြို့တော်က ရန်ယွမ်ဟန်း ..."
"နွယ်စိမ်းပင် ဆေးဝါးလုပ်ငန်းရဲ့ လီကျင်းလုံ ..."
"စုချန်းအုပ်စုရဲ့ ဝူရှိစူး ..."
လီရီချန်းက တဖွဲဖွဲ ရောက်လာသော ပုဂ္ဂိုလ်များကို အံ့ဩတကြီး ကြည့်နေမိသည်။ နောက်ဆုံးတွင်မူ ရေကန်ပိတ်ရသည့် အကြောင်းရင်းကို လူငယ်များ အားလုံး နားလည်ခဲ့ကြပြီ ဖြစ်သည်။ ရောက်လာသော ပုဂ္ဂိုလ်များ အားလုံးကား တရုတ်တွင် အရေးပါဆုံးသော ပုဂ္ဂိုလ်များ ဖြစ်နေကြပေသည်။
***
တစ်နာရီ ...
နှစ်နာရီ ...
သုံးနာရီ ...
လူများစွာမှာ မနက်ခင်းတည်း ကပင် စောင့်နေခဲ့ကြခြင်း ဖြစ်သည်။ နေ့လယ်ဘက်သို့ ရောက်လာသည်နှင့် ကျန့်ယွီမုန့်တို့ သူငယ်ချင်းတစ်သိုက် စိတ်မရှည် ဖြစ်လာသော်လည်း သိုင်းပညာရှင် များကမူ စိတ်ရှည်စွာ စောင့်နေခဲ့သည်။
"ချန်းပေ့ရွှမ်းက ဘယ်မှာလဲ” ကျန့်ယွီမုန့်က စိတ်မရှည်စွာ ရေရွတ်သည်။
"ဘာတွေ အလျင်လို နေတာလဲ။ လဲ့ချန်းကျွယ်တောင် စိတ်ရှည်ရှည် စောင့်နေသေးတာပဲ” အဘိုးအိုက မျက်လုံးကို ပိတ်ရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ..." ကျန့်ယွီမုန့် စကားဆက်ရန် ဟန်ပြင်လိုက်သော်လည်း မမြင်ရသော လှိုင်းတစ်ခုကို ခံစားလိုက် ရသောကြောင့် သူမ ရပ်တန့်လိုက်သည်။
"ချန်းပေ့ရွှမ်း ရောက်လာပြီ”
အဘိုးအိုက မျက်လုံးများကို ဖွင့်လိုက်ကာ မတ်တတ်ရပ် လိုက်သည်။ သူ့နည်းတူပင် အခြားသိုင်းပညာရှင် များကလည်း မတ်တတ်ရပ်ကာ တစ်နေရာသို့ ကြည့်ကြသည်။
"အထွတ်အထိပ် အဆင့်တွေရဲ့ တိုက်ပွဲက စတော့မယ်”
"သူက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူးတဲ့။ လုံးဝ မကြားခဲ့ဖူးဘူး”
လူထုက ဆူညံ လာခဲ့သည်။
ကျန်းချူယန်နှင့် ရှု့ယုံဖေး တို့ကလည်း အဝေး တစ်နေရာမှ တဖြည်းဖြည်းကြီး နီးလာသော စက်လှေငယ်လေးကို ကြည့်လိုက်ကြသည်။
လှေပေါ်တွင်မူ အနက်ရောင် ဝတ်စုံဝတ်ဆင် ထားသော လူငယ်တစ်ယောက် ပါလာသည်ကို သူတို့ တွေ့လိုက်ရသည်။
"ဒါက ချန်းပေ့ရွှမ်းလာ။ သူက ဘာလို့ ချန်းဖန်နဲ့ ရုပ်တူနေတာလဲ” ကျန့်ယွီမုန့်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"အမှန်ပဲ။ သူက အစ်ကိုချန်းဖန်နဲ့ တူတယ်။ ဒါပေမဲ့ သူက အရပ်ပိုရှည်ပြီး ပိုကြည့်ကောင်းတယ်” ရှု့ယုံဖေးကလည်း မှတ်ချက်ပေးလိုက်သည်။
ကျန်းချူးယန်ကမူ ထိုလူငယ်ကို ကြည့်ရင်းသက်ပြင်း တစ်ချက်ချမိသည်။ ထိုလူငယ်မှာ ချန်းဖန်ပင် ဖြစ်လိမ့်မည်ဟု သူမ ယုံကြည်နေမိသည်။
ရုတ်တရက် လူငယ် ခေါင်းဆောင်ဟန်က အော်လိုက်သည်။
"အစိမ်းရောင် ဝတ်စုံနဲ့ မိန်းကလေးက လုအုပ်စုရဲ့ လုယန်ဝူမလား။ တကယ်ပဲ လုယန်ဝူလား။ လင်းမြို့တော်က မရေတွက်နိုင်တဲ့ ကောင်လေးတွေက သူ့ကို စိတ်ဝင်စား နေကြတာလေ။ သူမကရော သိုင်းသမားတစ်ယောက် ပဲလား”
လီရီချန်းကမူ ပြောစရာ စကားများ ပျောက်ရှနေဟန်ဖြင့် တိတ်ဆိတ်နေခဲ့သည်။
နောက်ဆုံးတွင် တံငါသည် အဘိုးအိုက တိုးတိတ်စွာ မေ့ကြည့်ရင်း သူ့ခေါင်းပေါ်က ဦးထုပ်ကို ဖယ်ရှားလိုက်သည်။ သူ၏ ခန့်ညားထည်ဝါသော ဆံပင်ဖြူများ၊ ငယ်ရွယ်နုပျိုသော မျက်နှာ စသည်တို့က ပန်းချီဆွဲ ထားသလို ထင်ပေါ်နေခဲ့သည်။
"ချန်းပေ့ရွှမ်း ... မင်းရောက်လာပြီလား”
အဘိုးအို၏ အသံက မီးတောင် ပေါက်ကွဲသံကဲ့သို့ ဟိန်းထွက်လာသည်။
"လဲ့ချန်းကျွယ် ..." စက်လှေပေါ်မှ လူငယ်က အဇူရာရောင် တောက်ပနေသော မျက်လုံးများနှင့် အဘိုးအိုကို ကြည့်သည်။
"ငါ မင်းကို သတ်ဖို့ ရောက်လာပြီ ..." စကားလုံးများကို အဆုံးသတ် ပြီးသည်နှင့် ရေပြင်ပေါ်ကို ခြေချလိုက်သည်။ ရုတ်တရက် လူငယ်၏ ခြေထောက်အောက်တွင် လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ဘေးနားရှိ လှေများထံ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
***