သိုင်းပညာ၏ စွမ်းအား
Vol. 2 Ch. 196
"ဘုန်း ... "
ချန်းဖန်၏ ခြေလှမ်းတိုင်း၌ ကြီးမားသော အင်အားများ ပါဝင်နေကာ လေထုကို ချိုးဖျက် နေသလိုပင် ထင်ရစေသည်။ လူတိုင်းက ကျည်ဆန် တစ်ခုကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားသော လူငယ်ကို မနည်းလိုက်မီအောင် ကြည့်နေကြရသည်။ ကြီးမားသော လှိုင်းကြီးတစ်ခုက လူငယ်၏ ဘေးတစ်ဖက် တစ်ချက်တွင် ပေါ်ထွက်လာကာ လေထုကို ခွဲသည်။ လဲ့ချန်းကျွယ်ထံ တိုးဝင်သွားသော ထိုအဖြူရောင် အလင်းတန်းကား နဂါးတစ်ကောင် အလားပင် ထင်ရစေသည်။
"ဘန်း ..."
လဲ့ချန်းကျွယ်က သူ သုံးလလုံးလုံး အသုံးပြခဲ့သော လှေငယ်ကို နင်းကာ လေပေါ်သို့ ပျံတက်သည်။ သူခြေထောက်၏ အရှိန်ပြင်းအားကြောင့် လှေငယ်မှာ တစ်စစီ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း မင်းက ငါ့ကို စိတ်မပျက် စေဘူးပဲ။ စောင့်ခဲ့ရတာနဲ့ ထိုက်တန်ပါတယ်” လဲ့ချန်းကျွယ်က ရယ်မောရင်း ပြောသည်။ သူ၏ နှစ်ဖက်က လေထဲတွင် ဆန့်တန်းရာ နောက်ကျောတွက် မီးခိုးရောင် အတောင်ပံတစ်စုံ ဖြစ်ပေါ်လာသည်။ သူက ငှက်တစ်ကောင် ကဲ့သို့ ပျံဝဲရင်း ချန်းဖန်နှင့် မီတာ အနည်းငယ်ခန့် ကွာဝေးသည့် ရေပြင်ပေါ်တွင် ရပ်တန့်လိုက်သည်။
"လဲ့ချန်းကျွယ် ... ကျုပ်ကို စိန်မခေါ်ခင် နှစ်ခါလောက်ပြန်ပြီး စဉ်းစားသင့်တယ်” လူငယ်က အဘိုးအိုကို ကြည့်ရင်း တည်ငြိမ်စွာ ပြောသည်။
"ချန်းပေ့ရွှမ်း ... မင်း ငါ့ရဲ့ အဆင့်ကိုသိဖို့ မျှော်လင့်တယ်။ ငါ့ရဲ့ ရည်ရွယ်ချက်က အင်မော်တယ် အဆင့်ကို ရောက်ဖို့ပဲ” လဲ့ချန်းကျွယ်က မီးခိုးရောင် အတောင်ပံများကို ခတ်ရင်း ဆက်ပြောသည်။
"လုထျန်းဖန်လို လူမျိုးကို နိုင်ယုံနဲ့ ဘဝင်မြင့် မနေသင့်ဘူး။ လုထျန်းဖန်က အထွတ်အထိပ် အဆင့်ကိုရောက်ပြီး ဆယ်နှစ်လောက် ကြာတာတောင် အထွတ်အထိပ် အဆင့် အစောပိုင်းမှာပဲ ရှိနေသေးတာ။ ငါကတော့ အထွတ်အထိပ် အဆင့်ကို လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ် လောက်က ရောက်ရှိခဲ့ပြီးတော့ ခုဆိုရင် အထွတ်အထိပ် အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ရှိနေခဲ့ပြီ။ ဒီကမ္ဘာပေါ်မှာ ငါ့ကို ယှဉ်နိုင်တဲ့သူက လက်ချိုးရေလို့ ရတယ်”
"ကျုပ်ကို ခင်ဗျားတပည့် အတွက် လက်စားချေပေးဖို့ စိန်ခေါ်တာလား” ချန်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။
"ဟား ... ဟား ... လင်းဟူက ငါ့တပည့် အများကြီးထဲက တစ်ယောက်ပဲ။ ဒါက ငါ့အတွက် အရေးမပါဘူး။ ငါ့ရဲ့ ရန်သူ ယဲ့နန်ထန်းကို စိန်မခေါ်ခင် ငါ့ကိုငါ ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာ စမ်းကြည့် ချင်ရုံတင်ပါ” လဲ့ချန်းကျွယ်က ရယ်မောရင်း ပြန်ပြောသည်။
သူ၏ မျက်လုံးနှစ်ဖက်က ကျဉ်းမြောင်း သွားသည်နှင့် ရေကန် တစ်ခုလုံးကို အအေးဓာတ်များ ဖုံးလွှမ်းလာသည်။
"ငါ ယဲ့နန်ထန်းကို စိန်ခေါ်ဖို့ ထိုက်တန်ကြောင်း ပြဖို့အတွက် မင်းကို သတ်မှ ဖြစ်မယ်”
လဲ့ချန်းကျွယ်က စကားကို အဆုံးသတ် ပြီးသည်နှင့် ရေပြင်ကို ခြေဖြင့် ကန်လိုက်သည်။ ရုတ်တရက် ရေထုမှာ ပေါက်ကွဲပြီး ကြီးမားသော ရေလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရေလှိုင်းမှာ ချန်းဖန်ထံ အရှိန်ပြင်းစွာ တိုးဝင်ပြီး သုံးသွားမှိန်း တစ်ခု အသွင်ဆောင်လာသည်။ လဲ့ချန်းကျွယ် အတွင်းအားဖြင့် ဖန်တီးထားသော ထိုရေလှိုင်း မှိန်းခွကား သံမဏိထက်ပင် မာကျောသည်။
"ကျိုးပျက်စမ်း ..." ချန်းဖမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဓားပုံသဏ္ဌာန် ရေလှိုင်းတစ်ခုကို ပြန်လည် ပစ်လွှတ်လိုက်သည်။ မှိန်းခွကား ဓားနှင့် ထိတွေ့သည်နှင့် ဓားအရောင်အဝါ များကို မခုခံနိုင်သည့် အလား ရေထဲသို့ ပြုတ်ကျသွားသည်။
လဲ့ချန်းကျွယ်က ဒုတိယ တိုက်ခိုက်မှုကို ပြုလုပ်ရန် လက်တစ်ဖက်ကို ဝှေ့ယမ်းသည်။ မမြင်ရသော အတွင်းအားများကား မိုးစက်မိုးပေါက်များ သဏ္ဌာန် ဖြစ်တည်လာကာ ချန်းဖန်ထံသို့ တိုးဝင်လာပြန်သည်။ မိုးစက်မိုးပေါက် တစ်ခုချင်းစီက ကျည်ဆန်ကဲ့သို့ လျင်မြန်ကာ လက်ပစ်ဗုံး တစ်လုံးကဲ့သို့ အင်အားကြီးမားသည်။
"ဘန်း ..."
ချန်းဖန်ထံမှ သုံးမီတာခန့် ရှည်သော ဓားအရောင်အဝါ တစ်ခု ထွက်ပေါ်လာကာ ထိုမိုးစက်များကို ဖြတ်တောက်သည်။ ထို လဲ့ချန်းကျွယ်မှာ သူမျှော်လင့် ထားသည်ထက် ပိုမို အစွမ်းထက်ပေသည်။
"ခင်ဗျားအနေနဲ့ ဒီလောက် အဆင့်အထိ သန့်စင်တဲ့ အတွင်းအားကို စုစည်းထား နိုင်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့ဘူး။ ကြည့်ရတာ အချိန်အချို့ ပေးလိုက်တာနဲ့ အင်မော်တယ် အဆင့်ကို ခင်ဗျား ရောက်ရှိတော့မှာပဲ” ချန်းဖန်က ခေါင်းညိတ်ရင်း ပြောသည်။
"သာမန် သိုင်းပညာရှင် တွေက အတွင်းအား ထုထည် ပိုပြီး များပြားလာဖို့ပဲ အာရုံစိုက်ကြပြီး အဓိက အချက်ကို မေ့နေကြတယ်။ အတွင်းအား သန့်စင် သိပ်သည်းမှုက အရာအားလုံးထက် ပိုပြီး အရေးပါတယ်။ သန့်စင်သိပ်သည်းတဲ့ အတွင်းအား မရှိပဲ အင်မော်တယ် အဆင့်ကို ရောက်ရှိခဲ့တဲ့ ပညာရှင်တွေ ငါ မတွေ့ဖူးခဲ့ဘူး” လဲ့ချန်းကျွယ်က ပြုံးရင်း ပြန်ပြောလိုက်သည်။
"ပြောတာကောင်းတယ်။ ဒီတိုက်ခိုက်မှုကို ခုခံကြည့်စမ်း”
ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ လက်ချောင်းတစ်ခုကို ဝှေ့ယမ်းသည်။ အစိမ်းရောင်ဓား အရောင်အဝါ တစ်ခုက တစ်စက္ကန့် အတွင်းပင် ကြီးထွားလာကာ မီတာ အနည်းငယ်ခန့်ထိ မြင့်မားလာခဲ့သည်။
လဲ့ချန်းကျွယ် ကလည်း သူ၏ လက်များကို ဝှေ့ယမ်းကာ ရေလှိုင်းများကို ဖြစ်ပေါ်စေသည်။ ရေလှိုင်းများကာ လျင်မြန်စွာ မြင့်မားလာပြီး ကြည်လင်သည့် ရေနံရံများကို ဖွဲ့စည်းသည်။ ရေနံရံ တစ်ခုချင်းစီက သတ္တုများထက် ပို၍ မာကျောကာ ခေတ်မီလက်နက် များပင် တိုးမပေါက်နိုင်ချေ။
"ဘန်း ..."
ချန်းဖန်၏ ဓားရှည်က ရေနံရံများကို ချိုးဖျက်ကာ ရှေ့သို့ တိုးဝင်လာသည်။
"ဒါက ဘယ်လို နည်းစနစ်မျိုးလဲ” လဲ့ချန်းကျွယ်၏ မျက်နှာတွင် အရောင်မျိုးစုံ ဖြတ်ပြေးသွားကာ မီတာများစွာ အထိ နောက်သို့ ဆုတ်လိုက်သည်။ ဓားသွားများကား နေရာတိုင်းတွင် ရှိနေခဲ့ပြီး ရေကန်ကြီး မှာပင် ဓားသွားတစ်ခု ဖြစ်သည်ဟု သူ ခံစား နေခဲ့ရသည်။
"ဒီဓားကျင့်စဉ်ကို "ရှေးဟောင်းဒြပ်စင် ငါးမျိုးချီဓား" လို့ခေါ်တယ်။ ဒြပ်စင် ငါးမျိုးလုံးကို နားလည်တဲ့ ထိုးထွင်းဉာဏ်တွေ ပါဝင် ဖွဲ့စည်းထားပြီး အဆင့်ငါးဆင့် ခွဲထားတယ်။ ကျုပ်က ပထမဆုံး တစ်ခုဖြစ်တဲ့ အဇူရာ သစ်သားချီဓား ကိုပဲ နားလည်သေးတယ်။ ငါးခုလုံး ပါဝင်ဖွဲ့စည်း ထားတဲ့ ဓားဆိုရင် ခင်ဗျားကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ဖို့ လုံလောက်တယ်” ချန်းဖန်က ရှင်းပြလိုက်သည်။ ရှေးဟောင်းဒြပ်စင်မျိုး ချီဓားမှာ အင်မော်တယ် ဂိုဏ်းကြီးငါးဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်ကာ ဓမ္မဓား ကဲ့သို့ပင် အစွမ်းထက်သည်။ လဲ့ချန်းကျွယ် မည်မျှပင် အစွမ်းထက်သော်လည်း ချန်းဖန်မှာ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ကျင့်စဉ်လဲ။ အဲလိုဟာမျိုး အရင်က မကြားခဲ့ဖူးဘူး။ ချန်းပေ့ရွှမ်း ... ငါမင်းကို တကယ်ပဲ အထင်ကြီး မိပါတယ်။ မင်းက လူငယ် အထွတ်အထိပ် ပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်” လဲ့ချန်းကျွယ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ချန်းဖန်ကို ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့ကို တိုက်ခိုက်မယ် ဆိုရင် ရေကန်တစ်ခုခု ဒါမှမဟုတ် မိုးရွာတဲ့ အချိန်ကို မရွေးခဲ့သင့်ဘူး။
ငါက အာတိတ်တန်ဒြာ နားက ဂရိတ်ဘယ်ယာ ရေကန်မှာ ဆယ်နှစ်ကျော်ကြာအောင် လေ့ကျင့်ခဲ့ပြီး ရေနဲ့ တိုက်ခိုက်တဲ့ နေရာမှာ အထွတ်အထိပ် အဆင့်ကို ရောက်နေခဲ့ပြီ”
လူတိုင်းက လက်ချောင်းများကို ကြိုးတစ်ချောင်း သဏ္ဌာန်ရေးဆွဲ နေသော လဲ့ချန်းကျွယ်ကို ကြည့်ကြသည်။
"ကြီးမားတဲ့ ခံစားချက်တွေက မိုးသည်းတွေလို ငိုကြွေးတယ် ... သေးငယ်တဲ့ ခံစားချက် တွေကတော့ ယုံကြည်ချက်ရှိရှိ တီးတိုးရေရွတ်တယ် ... ငိုကြွေးခြင်းနဲ့ တီးတိုးရေရွတ်ခြင်းက ရိုးရာ သံစဉ်တွေလိုမျိုး ... နောက်ပြီးတော့ ကြည်လင်တဲ့ ကျောက်စိမ်းတွေ ပေါ်က ထည်ဝါတဲ့ ပုလဲတစ်ပွင့် လိုမျိုးပေါ့ ..."
လဲ့ချန်းကျွယ် ကဗျာတစ်ပုဒ်ကို တီးတိုးရေရွတ်ရင်း ကြိုးများကို တစ်ချောင်းပြီး တစ်ချောင်း ရေးဆွဲနေခဲ့သည်။ လေထဲတွင် မရေမတွက် နိုင်သော ကြိုးများက ရှုပ်ထွေးစွာ ဖြစ်ပေါ်လာပြီး ကြိုးတစ်ချောင်း ချင်းစီက သံမဏိကဲ့သို့ မာကျောလွန်းသည်။
"အံဩစရာပဲ ..." ချန်းဖန်၏ မျက်နှာတွင် အပြုံးတစ်ခု ပီပြင်စွာ ဖြစ်ပေါ်လာပြီး သူ၏လက်ထဲမှ ဓားအရောင်အဝါ ကလည်း အဇူရာရောင် ပိုမိုတောက်ပလာသည်။
လူတိုင်းက ချန်းဖန်လက်ထဲမှ ဓားကို စိတ်လှုပ်ရှားစွာ ကြည့်သည်။ ထိုဓားမှာ တဖြည်းဖြည်း တောက်ပလာကာ လေဟာနယ်ကိုပင် ချိုးဖျက်မည့်ဟန် ရသည်။
"ချန်းပေ့ရွှမ်း ... မင်းက ငါ့ရဲ့ ထောင်ချောက်ထဲကို ရောက်နေပြီ” လဲ့ချန်းကျွယ် ချန်းဖန်ကို ကြည့်ရင်း ပြောသည်။ သူ၏ ကြိုးသဏ္ဌာန် မိုးရေစက်များနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းမှာ ချန်းဖန် အကြီးမားဆုံးသော အမှားတစ်ခု လုပ်မိခြင်းပင်။ သူကတွေးရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ကြိုးသဏ္ဌာန် မိုးရေစက်များက ကျည်ဆန်များအလား လျင်မြန်စွာ ရွေ့လျားရင်း ချန်းဖန်ထံ တိုးဝင်သွားသည်။
"ကျိုးပျက်စမ်း ..." ချန်းဖန်ထံမှာ အဇူရာဓား အလင်းတစ်ခု ပြေးထွက်လာကာ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။
"လဲ့ချန်းကျွယ် ... ခင်ဗျားရဲ့ ရေတွေက ကျုပ်ကို ဘာမှ မလုပ်နိုင်ဘူး။ ခင်ဗျားရဲ့ အစွမ်းအထက်ဆုံး ပညာရပ်နဲ့ ကျုပ်ကို တိုက်ခိုက်စမ်းပါ” ချန်းဖန်၏ ဓားက မိုးစက်များကို အရှိန်ပြင်းစွာ ခုန်ထစ်ရင်း နှစ်ယောက်ကြားတွင် လေဟာနယ်တစ်ခု ဖန်တီးသည်။
လဲ့ချန်းကျွယ်မှာ ထို အခြေအနေကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့သော် အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ချန်းပေ့ရွှမ်း အထွတ်အထိပ် အဆင့်သို့ရောက်သည့် အသက်အရွယ်မှာ အလွန် ငယ်ရွယ်သောကြောင့် အစွမ်းထက်လိမ့်မည် မဟုတ်ဟု သူမျှော်လင့် ထားခဲ့သည်။ သို့သော် ထိုကောင်လေးကား သူ၏ တိုက်ခိုက်မှု အားလုံးကို အလွယ်တကူ ချိုးဖျက် နေနိုင်ခဲ့သည်။
"ကောင်းပြီလေ ... ငါဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ပြရမှာပေါ့” လဲ့ချန်းကျွယ် ကြုံးဝါးရင်း လက်ချောင်းများမှ အဖြူရောင်ကြိုး ဆယ်ကြိုး ပေါ်ထွက်လာသည်။ အဖြူရောင် ကြိုးများမှ ချန်းဖန်ထံ တိုးဝင်ကာ ရစ်ပတ်ရန် ကြိုးစားသည်။ သို့သော် ချန်းဖန်၏ ဓားအရောင်အဝါ အောက်တွင် အလုံးစုံ ကျိုးပျက်ကုန်သည်။
"ချန်းပေ့ရွှမ်း ... ခုန တိုက်ကွက်က ငါ့ရဲ့ အစွမ်း အထက်ဆုံးလို့ မင်းထင်နေတာလား”
လဲ့ချန်းကျွယ်က ပြောရင်း လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းသည်။
ရုတ်တရက် မရေတွက်နိုင်သော ကြိုးပေါင်းများစွာ ဖြစ်တည်လာကာ မီတာရာပေါင်း များစွာကို ဖုံးလွှမ်းသွားသည်။ အသည်းခိုက်လောက်သော အေးစက်မှုက ပျံ့လွင့်လာကာ အဇူရာ ချီဓားကို အစားထိုးရန် ကြိုးစားသည်။
"ဒီအေးခဲခြင်း ချီစွမ်းအင်က အာတိတ်တန်ဒြာ ကနေ ငါလေ့ကျင့်ခဲ့တဲ့ အရာလေ။ မင်းဘယ်လို ခံစားရလဲ” လဲ့ချန်းကျွယ်က ရယ်မောပြောဆိုရင်း လက်ချောင်းများကို ကျွမ်းကျင်စွာ လှုပ်ရှားနေခဲ့သည်။ သူ၏ ပုံစံကား စန္ဒရား တီးခတ် ဖျော်ဖြေနေသည့် ပညာရှင်တစ်ယောက် အလားပင်။
သူ့လက်ချောင်း များကို တစ်ခါ လှုပ်ခတ်လိုက်တိုင်း မရေတွက်နိုင်သော ကြိုးများက ပိုက်ကွန်သဖွယ် ဝိုင်းပတ်နေကြသည်။
"မာယာတစ်ထောင် ချီကွန်ရက် ..."
ချန်းဖန်ကား အန္တရာယ်ကြား ထဲတွင် တည်ငြိမ်နေတော့သည်။
***