← Chapters

လဲ့ချန်းကျွယ်၏ အဆုံးသတ်

Vol. 2 Ch. 198

လဲ့ချန်းကျွယ်၏ အဆုံးသတ်

Vol. 2 Ch. 198

ဉာဏ်အလင်း စုဆောင်းခြင်းအတင့် ပုဂ္ဂိုလ်များမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြုနိုင်ပြီး ဓမ္မစွမ်းအားကိုပင် ဖော်ထုတ်နိုင်ကြသည်။ ထိုအရာမှာ အခြေခံထူထောင်ခြင်း အဆင့်နှင့် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်တို့၏ အဓိက ကွာခြားချက်ပင် ဖြစ်သည်။ အစွမ်းထက်သော လက်နက် သို့မဟုတ် လျှို့ဝှက်ကျင့်စဉ် တစ်ခုခုသာ မရှိခဲ့လျှင် အခြေခံ ထူထောင်ခြင်းအဆင့် ပုဂ္ဂိုလ်များမှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ချန်းဖန်တွင်သာ ရွှေရောင်လီမျက်လုံး မရှိခဲ့လျှင် ဆေးနတ်ဘုရား တောင်ကြား၌ သူသေဆုံး သွားခဲ့လောက်ပြီ ဖြစ်သည်။

လဲ့ချန်းကျွယ်မှာ ပါရမီရှင် တစ်ယောက်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား အနည်းငယ်ကို စုပ်ယူ နိုင်ခဲ့သည့်တိုင် ချန်းဖန်နှင့် နှိုင်းယှဉ်၍ မရသေးပေ။

ချန်းဖန်က စိတ်ဖြင့် ‌ဓားကို ထိန်းချုပ်ရင်း လဲ့ချန်းကျွယ်ကို ကြည့်သည်။ သူ၏ ဓားမှာ ငါးမီတာခန့် ရှည်လျားကာ မိုးရေလှိုင်းများ ဖြာထွက်နေခဲ့သည်။ ထိုလှိုင်းများကား မီတာရာပေါင်း များစွာအထိ ဖြာထွက်နေခဲ့သည်။ ထွက်ပေါ်နေသော စွမ်းအားများကား တင့်ကားတစ်စီး ကိုပင် လွယ်ကူစွာ ကြိတ်ချေနိုင်မည့်ဟန် ရသည်။

"ဒါက သိုင်းပညာ မဟုတ်ဘူး။ ဒါက ကောင်းကင်စွမ်းအား၊ ကောင်းကင် အစီအရင်ပဲ ဖြစ်ရမယ်” ကူရှီတုန်းက တုန်ယင်စွာ ပြောသည်။ သူ၏ မျက်လုံးထဲတွင်မူ မျက်ရည်များ ရစ်သိုင်းနေခဲ့ပြီ ဖြစ်သည်။

"ငါ ကြားဖူးတာတစ်ခု ရှိတယ်။ သိုင်းပညာရှင် တစ်ယောက်က အင်မော်တယ် အဆင့်ကို ဝင်ရောက်တာနဲ့ အဆုံးမရှိတဲ့ စွမ်းအားတွေကို ဖော်ထုတ်နိုင်တယ်တဲ့။ ငါ အဲဒီလို နတ်ဘုရားစွမ်းအား တွေကို အခုမြင်တွေ့ နေရတာများလား”

"ချန်းပေ့ရွှမ်းက အင်မော်တယ် အဆင့်ကို မရောက်သေးရင်တောင် အရမ်းကို နီးကပ်နေခဲ့ပြီ” ချန်းဂျူရန် ကလည်း သက်ပြင်းတစ်ချက် ချကာ တီးတိုးရေရွတ်သည်။

အထွတ်အထိပ် အဆင့်ပညာရှင် ဒူကမူ တိတ်ဆိတ်စွာ ထိုမြင်ကွင်းကို ကြည့်သည်။ သူလက်သီးများကို တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏လက်အောက်မှ မြွေနဂါးကြီး ပင်လျှင် ထိုဓား အရောင်အဝါကို ကြောက်ရွံ့နေပုံ ရသည်။

အခြား ပညာရှင် ပေါင်းများစွာ ကမူ ထိုမြင်ကွင်းကို လေးစားစွာ ကြည့်သည်။ သူတို့အနေဖြင့် ချန်းပေ့ရွှမ်းနှင့် လဲ့ချန်းကျွယ်တို့ ကဲ့သို့ အစွမ်းထက်လာရန် မျှော်လင့်မိကြသည်။

ကျန့်ယွီမုန့်တို့ သူငယ်ချင်းတစ်သိုက် ကမူ တိတ်ဆိတ်ခြင်း တစ်ခုသာ လုပ်ဆောင် နိုင်ကြတော့သည်။

"ငါ အိပ်မက်မက် နေတာလား။ ဒီလို မြင်ကွင်းမျိုးကို ရုပ်ရှင်ထဲမှာတောင် မမြင်ခဲ့ဖူးဘူး။ သူတို့က အဗန်ဂျာရုပ်ရှင် ထဲက အဖွဲ့ဝင် တွေလိုမျိုးပဲ။ ပင့်ကူလူသားနဲ့ အိုင်းရွန်းမန်း တို့တောင် သူတို့ကို မနိုင်လောက်ဘူး”

သူတို့ထဲမှ ကျန်းချူယန် တစ်ယောက်သာ အခြား မေးခွန်းတစ်ခုကို စဉ်းစားနေမိသည်။

"ငါနားကြား မှားတာလား။ သူ့အသံက တကယ်ပဲ ..."

ရေကန်ထက်ရှိ လဲ့ချန်းကျွယ် ကမူ ဖြူရော်သော မျက်နှာနှင့် ဓားကို စိုက်ကြည့် နေခဲ့သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆင့်ခေါ် အသုံးပြု နိုင်သည့်တိုင် ထိုကောင်လေးက သူ့ထက် ပိုမို အစွမ်းထက် နေခဲ့သည်။ သူက လက်တစ်ချက်ကို ဝှေ့ယမ်းရုံနှင့် ဓားသွားကြီးကို ဆင့်ခေါ်နိုင်ခဲ့သည်။ ထိုဓားသွာ၏ အရောင်အဝါ များကလည်း အလွန်ပြင်းထန်ကာ အထွတ်အထိပ် အဆင့်တစ်ယောက် ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ဟန် ရသည်။

"ငါ တကယ် မှားခဲ့တာပဲ။ လင်းမြို့တော်မှာ ဒီလောက် စွမ်းအားကြီးတဲ့သူ ရှိလိမ့်ဦးမယ်လို့ ငါမထင်မှတ် ထားခဲ့ဘူး။ ပြီးတော့ သူက အသက်တောင် နှစ်ဆယ်ပြည့်ပုံ မရသေးဘူး”

လဲ့ချန်းကျွယ် သက်ပြင်းတစ်ချက် ချမိသည်။

ချန်းဖန်ကမူ လေထဲတွင် တည်ငြိမ်စွာ ရပ်ရင်း သူ့ကိုကြည့်သည်။

ဓားကား လဲ့ချန်းကျွယ် အပေါ်သို့ တဖြည်းဖြည်း ပြိုကျလာခဲ့ပြီ ဖြစ်သည်။ ထိုဓားတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ မပါဝင်လျှင်ပင် သေမျိုးတစ်ယောက်ကို အလေးချိန်ဖြင့် အဆုံးသတ်နိုင်မည် ဖြစ်သည်။

ဓားကြီးကား တောင်တစ်လုံးစာ၏ အလေးချိန်ကို သယ်ဆောင်ရင်း လဲ့ချန်းကျွယ်ထံ တိုးဝင်သွားသည်။ ထိုအရာကို မည်သူမျှ ရပ်တန့်နိုင်မည့်ပုံ မရပေ။ လဲ့ချန်းကျွယ်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်၏ အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်သည့်တိုင် ထို အရှိန်အဝါကို မည်ကဲ့သို့ တောင့်ခံ နိုင်ပါမည်နည်း။

လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရင်း တံတွေးပင် မျိုချမိသည်။

ဒါက အဆုံးသတ်လား။

ဟောင်ဂိုဏ်းကဲ့သို့ ကြီးကျယ်မြင့်မြတ်တဲ့ အထွတ်အထိပ် အဆင့်တစ်ယောက်က ဒီမှာပဲ အဆုံးသတ် ရတော့မှာလား။

ရိုမန်က သူ့ဘေးနားရှိ မိုးမခပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ မသိလိုက်ခင် မှာပင် မိုးမခပင်ကား အူတိုင်အထိ ရောက်အောင် ပေါက်ထွက် နေခဲ့ရပြီ ဖြစ်သည်။

ငါးမီတာခန့် ရှည်သော ဓားကား လဲ့ချန်းကျွယ်၏ အပေါ်သို့ ရောက်သည်နှင့် လဲ့ချန်းကျွယ်က သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။

"ကံကောင်းစွာနဲ့ပဲ ယဲ့နန်ထန်းဆီမှာ ရှုံးပြီးတည်းက တိုက်ပွဲ တစ်ခုစီတိုင်း ငါပြင်ဆင်တတ်တဲ့ အကျင့်ကို ရရှိခဲ့တယ်။

ချန်းပေ့ရွှမ်း လွန်ခဲ့တဲ့ သုံးလအတွင်း ငါးမျှားရင်းနဲ့ ပြင်ဆင်ထားခဲ့တဲ့ အရာကို မင်းကိုပြမယ်”

လဲ့ချန်းကျွယ်၏ မျက်လုံးများ တောက်ပသွားကာ ရေပြင်ကို တစ်ချက်ကန်လိုက်သည်။

"လာစမ်း..."

ရေအိုင်က တစ်ချက် တုန်လှုပ်သွားကာ မရေမတွက် နိုင်သော ငါးများ ရေပြင်ပေါ်တွင် ပေါ်လာကြသည်။ ထိုသတ္တဝါ ငယ်လေးများကား အေးခဲကာ သေဆုံးနေခဲ့ပြီ ဖြစ်သည်။

ရေကန်ထဲမှ မရေတွက်နိုင်သော ရေခဲ ခရစ်စတယ်များ ဖြစ်ပေါ်လာကာ ကြီးမားသော ကွန်ရက်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက မီတာ‌ရာ ပေါင်းများစွာအထိ ဖြန့်ကြက်ကာ ချန်းဖန်၏ ဓားကိုပင် ဖုံးအုပ်ရန် ပြင်သည်။

"လွန်ခဲ့တဲ့ သုံးလအတွင်း အစစ်အမှန် ချီနဲ့ ကြီးကျယ်ခမ်းနားတဲ့ မာယာတစ်ထောင် ချီကွန်ရက်ကို ငါဖန်တီးခဲ့တယ်” လဲ့ချန်းကျွယ်က လေးလံစွာ ဆက်ပြောသည်။

"ဒီကွန်ရက်ကို ယဲ့နန်ထန်းအတွက် ငါပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ ဒီအရာကို ငါဒီနေ့မှာ အသုံးပြု ရတော့မှာပေါ့”

"ချန်းပေ့ရွှမ်း ... အာတိတ်တန်ဒြာက အေးခဲခြင်း ချီစွမ်းအင် ကွန်ရက်ကို လာစမ်းသပ် ကြည့်စမ်း ..."

ကွန်ရက်ကို ချန်းဖန်ထံ ဗဟိုပြု၍ တိုးဝင်သွားသည်။ သူ၏ ရည်ရွယ်ချက်ကား အလွန်ရှင်းသည်။ ချန်းဖန်ကို ငါးတစ်ကောင်ကဲ့သို့ ဖမ်းဆီးရန်ပင် ဖြစ်သည်။

လူအများကား ထိုကြီးမားသော အလှည့်အပြောင်းကို ကြည့်ရင်း သက်ပြင်းချမိသည်။ ထိုတိုက်ပွဲကား အထွတ်အထိပ် အဆင့်များ၏ တိုက်ပွဲဟု မပြောရပေ။

ချန်းဖန်၏ ဓားက မရပ်တန့်ပဲ ထိုကွန်ရက်ကို ထိုးဖောက်သည်။ ဓား၏ ရူးသွပ်စွာ တိုက်ခိုက်မှုအောက်တွင် ပိုက်ကွန်၌ အပေါက်ငယ်တစ်ပေါက် ပွင့်ထွက်လာကာ လဲ့ချန်းကျွယ်ထံ တိုးဝင်သွားသည်။

"ချန်းပေ့ရွှမ်း မင်းရူးသွားပြီလား ..."

လဲ့ချန်းကျွယ်က မီးခိုးရောင် အတောင်ပံကို ခပ်ရင်း နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသည်။ သူ၏ စိတ်ထဲတွင်မူ ချန်းဖန်က အသေခံကာ သူ့ကို တိုက်ခိုက်ခြင်းဟု ယူဆနေခဲ့သည်။

"ဘုန်း ... "

ဓားက လဲ့ချန်းကျွယ် ရပ်နေခဲ့သော နေရာကို မီတာသုံးဆယ်ခန့် နက်သော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာ စေခဲ့သည်။ လဲ့ချန်းကျွယ်က ချန်းဖန်ကို အံ့ဩတကြီး လှမ်းကြည့်သည်။ ချန်းဖန်က သူ့ပိုက်ကွန် များ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲ ဖြစ်သည်။

ချန်းဖန်ကမူ ထိုပိုက်ကွန်များကို သတိ မထားမိသည့် အလား လက်သီးများကို ဆုပ်သည်။

"ဓား နိုးထစမ်း ..."

မရေတွက်နိုင်သော ရောင်စဉ်များက ကောင်းကင်တွင် ဖြစ်ပေါ်လာပြီး ဓားသဏ္ဌာန် ဖွဲ့စည်းသည်။ ထိုဓားကား ပထမဓားထက် ပိုမို သေးငယ်သည့်တိုင် အပြင်းထန်ဆုံးသော စွမ်းအားများကို သယ်ဆောင်ထားဟန် ရသည်။ လဲ့ချန်းကျွယ်က ထိုတိုက်ခိုက်မှုကို အသည်းအသန် ရှောင်တိမ်းသည်။

တတိယ တိုက်ခိုက်မှု ...

စတုတ္ထ တိုက်ခိုက်မှု ...

ပဉ္စမ တိုက်ခိုက်မှု ...

လဲ့ချန်းကျွယ်က အသည်းအသန် ရှောင်တိမ်းရင်း ချန်းဖန်ကို လှမ်းအော်လိုက်သည်။

"ချန်းပေ့ရွှမ်း ... မင်းက ကွန်ရက်မှာ မပိတ်မိခင် ငါ့ကို သတ်ပစ်မယ်လို့ တွေးနေတာ မလား။ ဆုတောင်းလိုက်ဦး ..."

မာယာတစ်ထောင် ချီကွန်ရက်က ချန်းဖန်ကို တဖြည်းဖြည်း ပိတ်ဆို့နေခဲ့ပြီ ဖြစ်သည်။

"ပိတ်စမ်း ..."

လဲ့ချန်းကျွယ်၏ အသံက ကျယ်လောင်စွာ ဟိန်းဟောက် ပေါ်ထွက်လာသည်။

ကွန်ရက်က မဆုံးနိုင်သော စွမ်းအားများကို သယ်ဆောင်ရင်း ချန်းထန်ကို ပိတ်ဆို့လိုက်သည်။ ထိုအရာ၏ သတ်ဖြတ်ခြင်း စွမ်းအားကို လဲ့ချန်းကျွယ် ယုံကြည်ပေသည်။ သူရည်ရွယ် ထားခဲ့သော ယဲ့နန်ထန်းကို ထိုကွန်ရက်နှင့် တိုက်ခိုက်ရန် မဖြစ်နိုင် တော့သည့်တိုင် ချန်းပေ့ရွှမ်းကို သတ်ဖြတ်ရန် အသုံးပြုခြင်း ထိုက်တန်ပေသည်။

"ချန်းပေ့ရွှမ်း ... မင်းက ငါ ရင်ဆိုင်ဖူးသမျှ ထဲမှာ အစွမ်း အထက်ဆုံးပဲ။ ယဲ့နန်ထန်းတောင် မင်းကို မယှဉ်နိုင်ဘူး ..." လဲ့ချန်းကျွယ်က ကွန်ရက်တွင် ပိတ်မိနေသော ချန်းဖန်ကို ကြည့်ရင်း ချီးကျူးလိုက်သည်။

"နှမြောစရာပဲ ... သူသာ နောက်ဆယ်နှစ်လောက် ထပ်ပြီး လေ့ကျင့်ခဲ့ရင် လဲ့ချန်းကျွယ်ကို အသာလေး သတ်နိုင်ခဲ့မှာ” ချန်းဂျူရန်က တီးတိုးရေရွတ်သည်။

"ပြန်ကြမယ် ..." အထွတ်အထိပ် ပညာရှင်ဒူက ခေါင်းခါရင်း ပြန်ရန် ဟန်ပြင်လိုက်သည်။ ကျန့်ယွီမုန့်နှင့် အခြားလူငယ်များ ကလည်း စိတ်ပျက်စွာ ခေါင်းခါ လိုက်မိကြသည်။ ဆံဖြူအဘိုးအို နှင့်ယှဉ်လျှင် ချန်းဖန်နှင့်တူသော ကောင်လေးက သူတို့ အသက်အရွယ် ဖြစ်သဖြင့် သူတို့ပို၍ သဘောကျမိသည်။

"ဆယ်မီတာ ... ငါး ... သုံး ..."

မျက်စိတစ်မှိတ် အတွင်းမှာပင် ကွန်ရက်က တဖြည်းဖြည်း ပေါင်းစည်းသွားပြီး ရေခဲလုံးတစ်ခု ကဲ့သို့ ဖြစ်သွားသည်။ ချန်းပေ့ရွှမ်းကို လုံးဝ မမြင်တွေ့ ရတော့ပေ။ နောက်လည်း မြင်တွေ့ရတော့မည် မဟုတ်ပေ။

ရုတ်တရက် ... ရေခဲဘောလုံး ထဲမှ ကျယ်လောင်သော ရယ်မောသံ တစ်ခု ထွက်ပေါ်လာသည်။

"လဲ့ချန်းကျွယ် ... ဒါက မင်းရဲ့ ဝှက်ဖဲလား"

လူတိုင်းက ရေခဲဘောလုံး ရှိရာနေရာကို အံ့အားသင့်စွာ ကြည့်မိကြသည်။ လှပသော လက်တစ်စုံက ရေခဲဘောလုံး၏ နံရံများကို ဆွဲခွဲကာ ထွက်ပေါ်လာသည်။

"ဝှစ် ... ဝှစ် ..."

ရေခဲဘောလုံးကား ချန်းဖန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ သံမဏိကဲ့သို့ မာကျောသော ထိုအရာကား စက္ကူတစ်ရွက် ကဲ့သို့ ကျိုးပျက်ခဲ့ရပြီ ဖြစ်သည်။

လဲ့ချန်းကျွယ်က ထိုမြင်ကွင်းကို သရဲတစ္ဆေ ကဲ့သို့ အလန့်တကြား ကြည့်သည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကား ထိုကောင်လေးနှင့် တစ်သားတည်း ဖြစ်နေပုံရသည်။ ကမ္ဘာမြေကြီးကို ဖြစ်တည်စေသည့် စွမ်းအား အနှစ်သာရက ထိုကောင်လေးထံတွင် ကိန်းဝပ်နေပုံ ရသည်။

***

All Chapters