အထွတ်အထိပ် အဆင့်တစ်ယောက် သေဆုံးခြင်း
Vol. 2 Ch. 199
လဲ့ချန်းကျွယ်မှာ အလွန် အစွမ်းထက်သည့် သိုင်းပညာရှင် တစ်ဦးဖြစ်ကာ သူ၏ အပြင်အား ကျင့်ကြံမှုကလည်း အံ့မခန်း ဖြစ်သည်။ သူ၏ စွမ်းအားက ဉာဏ်အလင်း စုဆောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်သည် အထိ အစွမ်းထက်သည်။ သူ၏ အေးခဲခြင်း ချီကွန်ရက်မှာလည်း အင်အားကြီးမားကာ တင့်ကားတစ်စီး ကိုပင် ပိတ်လှောင်ကာ အပိုင်းပိုင်း ဖြတ်တောက် ပစ်နိုင်သည်။
သို့သော် ကံမကောင်းစွာပင် သူ၏ပြိုင်ဘက်က အဇူရာ သက်ရှည်ခန္ဓာကို ကျင့်ကြံခဲ့ပြီးသည့် ချန်းဖန် ဖြစ်နေခဲ့ခြင်းပင်။ တာအို ခန္ဓာကိုယ်ပိုင်ရှင် များကား အသံထက် လျင်မြန်အောင် ရွေ့လျားနိုင်သလို သူတို့၏ တိုက်ခိုက်မှုကလည်း တင့်ကားတစ်စီးထက် ပိုမိုပြင်းထန် ပေသည်။ ချန်းဖန်မှာ တာအိုခန္ဓာ နိဒါန်းအဆင့် သို့သာ ရောက်သေးသည့်တိုင် သူ၏ စွမ်းအားမှာ အဆင့်မြင့် တာအိုခန္ဓာပိုင်ရှင် များကဲ့သို့ အစွမ်းထက်ပေသည်။ သူလေ့ကျင့်ခဲ့သော အဇူရာ သက်ရှည်ခန္ဓာမှာ အခြားခန္ဓာ များထက် အဆများစွာ ပိုမို အစွမ်းထက်သည် မဟုတ်ပါလား။
လဲ့ချန်းကျွယ်၏ အေးခဲခြင်း ရေခဲချီ ကွန်ရက်မှာ သံမဏိကိုပင် ဖြတ်တောက် ပစ်နိုင်သည့်တိုင် ချန်းဖန်၏ လက်တွင်မူ စက္ကူတစ်စ အလား ထင်ရသည်။ ထိုသို့သော စွမ်းအားများနှင့် ဆိုလျှင် ချန်းဖန်မှာ ကမ္ဘာတစ်ခုလုံး ကိုပင် လွှမ်းမိုးနိုင်လိမ့်မည် ဖြစ်သည်။ ခေတ်အမီဆုံးသော လက်နက်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်း မရှိလျှင် သူ၏ ခန္ဓာကိုယ်ကား မည်သည့်နည်းနှင့်မှ ပျက်စီးလိမ့်မည် မဟုတ်ပေ။
"ဘယ်လို ဖြစ်နိုင်မှာလဲ”
အသက်မဲ့ မျက်နှာတစ်ခု ကဲ့သို့ လဲ့ချန်းကျွယ် အားလျော့ နေခဲ့တော့သည်။ ထိုရေခဲတန်ဒြာ ရရှိရန်အတွက် လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး ကြိုးစားခဲ့ရသည်။ ထိုအရာကား ယဲ့နန်ထန်းကိုပင် ရင်ဆိုင်ရန် အနိုင်ယူ နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ချန်းပေ့ရွှမ်းဟု ခေါ်သော ကောင်လေး၏ လွယ်လွယ်ကူကူ ချိုးဖျက်ခြင်း ခံခဲ့ရသည်။
လူတိုင်းက လဲ့ချန်းကျွယ်၏ နာကျင်မှုကို ကိုယ်ချင်းစာနာ မိကြသည်။ အထွတ်အထိပ် ပညာရှင် ဒူကလည်း ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း ထိုမြင်ကွင်းကြောင့် ကြက်သေသေကာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေမိသည်။
"ငါ ပြေးမှ ဖြစ်တော့မယ် ..."
လဲ့ချန်းကျွယ် ကြောက်ရွံ့စွာ တွေးရင်း ထွက်ပြေးရန် ကြိုးစားသည်။ လုယန်ရွယ်ပေါ်တွင် သူပြုမူခဲ့သော ကိစ္စအတွက် ချန်းပေ့ရွှမ်းက သူ့ကို အသက်ချမ်းသာ ပေးမည့်ပုံ မရပေ။
လဲ့ချန်းကျွယ်၏ ကျောမှ မီးခိုးရောင် အတောင်ပံ နှစ်ခုက လင်းလက်စွာ တောက်ပလာပြီး နှစ်မီတာခန့်မှ သုံးမီတာခန့်အထိ ကြီးထွားလာသည်။ သူက အသက်ပြင်းပြင်း ရှူရှိုက်ကာ လျှပ်စီးအလင်းအလား ပျံသန်းပြေးတော့သည်။
"ခုနက ငါ့ရဲ့ ညှာတာမှုက သုံးလအထိ စောင့်ခဲ့ရတဲ့ အတွက် ငါ့ရဲ့တောင်းပန်မှုပဲ ..." ချန်းဖန်က အေးဆေးတည်ငြိမ်စွာ ပြောရင်း လက်သီးကို ဖြည်းညင်းစွာ ဆုပ်လိုက်သည်။
ထို့နောက် ရေပြင်ကို နင်းကန်လိုက်ရင်း အရှိန်ပြင်းစွာ ထွက်ပြေးနေသည့် လဲ့ချန်းကျွယ် ထံသို့ တိုးဝင်သွားသည်။
"ဘန်း ... "
ရေပြင်က ကျယ်လောင်စွာ ပေါက်ကွဲကာ ချန်းဖန်ကို တွန်းတင်ပေးလိုက်သည်။
"ဟူး ... လား ... လား ... "
ချန်းဖန်ကား အသံထက်မြန်သော အရှိန်နှုန်းဖြင့် လဲ့ချန်းကျွယ်ထံ တိုးဝင်သွားပြီ ဖြစ်သည်။
"ဒါက ..." လူအများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အရသည်။ ချန်းဖန်မှာ မီတာရာ ပေါင်းများစွာ ဝေးကွာသော နေရာကို စက္ကန့်ဝက်အတွင်း ရောက်ရှိကာ လဲ့ချန်းကျွယ်ကို လက်သီးဖြင့် ထိုးချလိုက်တော့သည်။
"အား ... "
လဲ့ချန်းကျွယ်၏ ပါးစပ်မှ သွေးများစွာ စီးထွက်သွားပြီး ရေပြင်ပေါ်ကျသည်။ သူကား ရေခဲပြင်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ကျည်ဆန်ပင် တိုးမပေါက်အောင် မာကျောနေခဲ့ပြီ ဖြစ်သည့်တိုင် လူငယ်လေး တစ်ယောက်၏ လက်ထဲတွင် အသက်မဲ့ရသည်။ သူ၏ အသက်မဲ့ ခန္ဓာကိုယ်က ရေထဲတွင် တဖြည်းဖြည်း နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။ နောင်တရရန်ပင် သူ့အတွက် အချိန် မရှိခဲ့တော့ပေ။
"လဲ့ချန်းကျွယ် သေသွားပြီ ..." ကူရှီတုန်းက တုန်ယင်နေသည့် အသံဖြင့် တိုးတိတ်စွာ ရေရွတ်သည်။
"လဲ့ချန်းကျွယ် သေသွားပြီ ..." ချန်းဂျူရန် ကလည်း ကြောက်ရွံ့စွာ တံတွေး မျိုချမိသည်။
အားလုံးသော သိုင်းသမားများက အနက်ရောင် ဝတ်စုံနှင့် ချောမောခန့်ညားသော ကောင်လေးကို အိပ်မက်တစ်ခု အလား ကြည့်ကြသည်။
ချန်းပေ့ရွှမ်း၊ အသက်အငယ်ဆုံး အထွတ်အထိပ် ပညာရှင်ကား အင်မော်တယ် အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ခြင်း ဖြစ်ရပေမည်။ လဲ့ချန်းကျွယ် ကဲ့သို့သော ပုဂ္ဂိုလ်ကို အနိုင်ယူခဲ့သည့် ထိုလူငယ်လေးမှာ အင်မော်တယ် အဆင့်သို့ မရောက်သေးလျှင်ပင် ထိုအဆင့်နှင့် ဝေးကွာခြင်း ရှိတော့မည် မဟုတ်ပေ။
"သူ၏ အသံရဲ့ အမြန်နှုန်းကိုတောင် ဖြတ်ကျော်ခဲ့ပြီး လဲ့ချန်းကျွယ်ကို လက်သီးတစ်ချက်နဲ့ သတ်ဖြတ်ခဲ့တယ် ..."
"သူ့ရဲ့နာမည်က မကြာခင် ကမ္ဘာ တစ်ခုလုံးမှာ ကျော်ကြားလာတော့မယ် ..."
ချန်းဂျူရန်၏ အံ့ဩမှုများက စကားလုံးများ အသွင် ဖြစ်တည်လာကာ သူ၏ နှုတ်ခမ်းမှ ပွင့်ဟ လာခဲ့တော့သည်။
ပွဲကြည့်သူများ ကြားတွင် အစွမ်းအထက်ဆုံး ဖြစ်သည့် ထိုက်ကျိဂိုဏ်း၏ အထွတ်အထိပ် ပညာရှင်တစ်ယောက် အနေဖြင့် ထိုတိုက်ပွဲ၏ ပြင်းထန်မှုကို သူနားလည်ပေသည်။ ထိုတိုက်ပွဲကား ရာစုနှစ်တစ်ခု အတွင်း အပြင်းထန်ဆုံးသော တိုက်ပွဲ ဖြစ်ရပေမည်။
ဆံပင် အနက်ရောင်နှင့် မျက်လုံးစိမ်းများ ရှိသော ရိုမန်ကလည်း ချန်းဖန်ထံသို့ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။
"မင်းက မင်းဆရာအတွက် လက်စားချေ မလို့လား” ချန်းဖန်က သူ့ကို မေးလိုက်သည်။
ချန်းဖန်မှာ ရိုမန်ကဲ့သို့သော ပညာရပ် ပေါင်းစုံကို ပူးတွဲ လေ့ကျင့်သည့်သူ များကို စိတ်ဝင်စားသည်။
"အထွတ်အထိပ် ဆရာချန်း ... ခင်ဗျားက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ။ ဆရာက ခင်ဗျားလို လူတစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတဲ့ အတွက် ဂုဏ်ယူပါတယ်” ရိုမန်က ဦးညွှတ်ရင်း ပြောသည်။
"ငါ့ဆရာရဲ့ အလောင်းကို ဝင်ရိုးစွန်းမှာ သင်္ဂြိုဟ်ဖို့ သယ်ဆောင်သွားလို့ ရမလား ..."
"လုပ်ပါ ..." ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
လဲ့ချန်းကျွယ်မှာ အမှန်ပင် အစွမ်းထက်ပြီး ပါရမီရှင်ဟု နာမည်တပ်ထိုက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ့ထံတွင် အဇူရာသက်ရှည် ခန္ဓာသာ မရှိခဲ့လျှင် လဲ့ချန်းကျွယ်ကို အနိုင်ယူရန် ယုံကြည်ချက် မရှိပေ။ ချန်းဖန်သည် အေးခဲခြင်း ချီကွန်ရက်ကို ချိုးဖျက်ရာ၌ ခန္ဓာကိုယ် ကြံ့ခိုင်မှု တစ်ခုတည်းကိုသာ အသုံးပြုခဲ့၏။ ထိုအရာကား အဇူရာ သက်ရှည်ခန္ဓာ၏ စစ်မှန်သော စွမ်းအားပင်။
ရိုမန်က သူ့ဆရာ၏ အလောင်းကို ရေထဲမှ ဆယ်ထုတ်ကာ ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် ချန်းဖန်ကို နောက်တစ်ကြိမ် ဦးညွှတ်ရင်း ထိုနေရာမှ ပြေးလွှားထွက်ခွာ သွားတော့သည်။
***
တိုက်ပွဲကား ဤနည်းဖြင့် အဆုံးသတ်ခဲ့လေပြီ ဖြစ်သည်။
လူတိုင်းမှာ ထိုနေရာတွင်ပင် တိုက်ပွဲ၏ ရင်သပ် ရှုမောမှုကို ပြန်လည်တွေးတောရင်း မိန်းမောနေကြသည်။ ထိုတိုက်ပွဲအား အံ့မခန်း ကြီးကျယ်လွန်းသည်။ ချန်းပေ့ရွှမ်းဟု ခေါ်သောကောင်လေး၏ စွမ်းအားကလည်း ပြိုင်ဘက်ကင်းလွန်းသည်။
ထိုကောင်လေးကဲ့သို့ အစွမ်းထက် နိုင်မည့်သူမှာ ကမ္ဘာပေါ်တွင် တစ်ယောက်တည်းသာ ရှိနိုင်သည်။ ထိုပုဂ္ဂိုလ်ကား ယဲ့နန်ထန်းပင်။
သို့သော် ယဲ့နန်ထန်းမှာ စစ်တပ်ထဲသို့ ဝင်ပြီးပြီ ဖြစ်သဖြင့် ထိုတိုက်ပွဲကို တွေ့မြင်ခွင့် ရရန် မလွယ်ကူပေ။ ယဲ့နန်ထန်းမှာ လဲ့ချန်းကျွယ်ထက် ပိုမို အစွမ်းထက်သဖြင့် ချန်းပေ့ရွှမ်း နှင့်သာ တိုက်ခိုက်လျှင် အနိုင် ရမည့်သူကို ခန့်မှန်း၍ မရနိုင်ပေ။
ကျန့်ယွီမုန့်နှင့် သူငယ်ချင်းများက ချန်းပေ့ရွှမ်းဟု ခေါ်သော လူငယ်လေးကို ပျော်ရွှင်စွာ ကြည့်ကြသည်။ ထိုတိုက်ပွဲမှ နှစ်ယောက်လုံးကို သူတို့ မသိသည့်တိုင် ယနေ့တိုက်ပွဲ တွင်မူ ငယ်ရွယ်ချောမောသည့် လူငယ်လေးကို သူတို့ ပိုမို အနိုင်ရ စေချင်ခဲ့သည်။
"အာ ... ဖေးဖေး နင်ဒီကို ဘယ်လို ရောက်နေတာလဲ” တိုက်ပွဲပြီးမှသာ ချန်းဖန် ချူကျိုးမြို့မှ လူငယ်အုပ်စုကို သတိထားမိသွားသည်။
"အိုး ... ကြည့်စမ်း။ သူ ငါ့ကို ကြည့်နေတာတယ် ...” ကျန့်ယွီမုန့်က ချန်းဖန်ကို အိုင်ဒေါတစ်ယောက် ကဲ့သို့ ရင်ခုန်စွာ ကြည့်သည်။ ရန်ချောင်နှင့် လီရီချန်းတို့ ကမူ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။
ချန်းဖန်က သူတို့ အနေခက်မည် စိုးသဖြင့် အဝေးကပင် လှမ်းပြုံးပြလိုက်သည်။
"သူ ငါတို့ကို ပြုံးပြတယ်” ကျန့်ယွီမုန့်မှာ ထို အပြုအမူကြောင့် အံ့အားသင့် နေခဲ့သည်။
"သူ ပြုံးပြတယ်။ ဒါက ငါတို့ကို အသိအမှတ်ပြုတာ မဟုတ်လား” လီရီချန်းက စိတ်ထဲမှ သိချင်စိတ် ပြင်းပြစွာ တွေးမိသည်။ ရှု့ယုံဖေးက ချန်းဖန်ကို ပါးစပ်အဟောင်းသား ကြည့်နေခဲ့ပြီး ကျန်းချူယန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေခဲ့သည်။ ထိုလူငယ်၏ အပြုံးက သူမ၏ သံသယများကို ပိုမိုခိုင်မာ စေသည်။
ရှု့ယုံဖေးမှာမူ အပြစ်ကင်းစင်သော ကောင်မလေး ဖြစ်သဖြင့် များစွာ မတွေးမိပေ။ ထိုပြုံးပြနေသော ချန်းဖန်နှင့် ဆင်တူသည့် ကောင်လေးကို ပြန်ရယ်ပြ လိုက်သည်။
"သူ ... သူက တကယ်ပဲ ချန်းဖန်လား” ကျန်းချူယန်မှာ မယုံကြည်နိုင်သည့် ပုံစံဖြင့် တွေးရင်း ထိုအတွေးကိုသာ မှားဖို့ရန် မျှော်လင့်မိသည်။
ချန်းဖန်မှာ သူမကို နဂါးတစ်ကောင် ဖန်ဆင်းပြီး ပြသခဲ့သည့်တိုင် ထိုကောင်လေး၏ အစွမ်းအစမှာ ကျန်းပေ့ဒေသ တွင်သာ အစွမ်းထက်ခြင်းဟု သူမ ထင်ထားခဲ့သည်။ ယခု ချန်းပေ့ရွှမ်းဟု ခေါ်သော ကောင်လေးကား တရုတ်နိုင်ငံ တစ်ခုလုံးရှိ သိုင်းပညာရှင် များကိုပင် လွှမ်းမိုးနိုင်သည့် မွန်းစတားတစ်ကောင် ဖြစ်သည်။
လူတိုင်းက စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ချန်းဖန်ကို ကြည့်ကြသည်။ ချန်းဖန်ကမူ တည်ငြိမ်စွာပင် သူစီးလာခဲ့သည့် စက်လှေထံ ပြန်သွားပြီး အစိမ်းရောင်ဝတ် မိန်းကလေးများ၏ ဘေးတွင် ရပ်လိုက်သည်။
စက်လှေငယ်မှာ တဖြည်းဖြည်း ဝေးကွာသွားပြီး မိုးကုပ်စက်ဝိုင်း အောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်မှ လူတိုင်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို မတိုင်ပင်ပဲ ချမိကြသည်။
"ကြမ်းလိုက်တဲ့ တိုက်ပွဲ။ ဒီတိုက်ပွဲက လူတိုင်းကို အံ့အားသင့် စေတော့မှာပဲ ..."
"အသက်နှစ်ဆယ် ... ကမ္ဘာတစ်ခုလုံး ကျော်ကြားနေခဲ့ပြီ ..."
သေခြင်းခုနစ်မျိုး ဂိုဏ်းမှ အဘိုးအိုက စပျစ်ဝိုင်ကို ထုတ်ယူ သောက်လိုက်ပြီး စကားလုံး အချို့ကို တီးတိုးရေရွတ်သည်။ သူ၏ ဘေးမှ မြေးငယ်ကလည်း စိတ်လှုပ်ရှား နေခဲ့ပြီး ကြောက်လန့်ပင် နေခဲ့တော့သည်။
***