← Chapters

ကျော်ကြားလာခြင်း

Vol. 2 Ch. 200

ကျော်ကြားလာခြင်း

Vol. 2 Ch. 200

"လဲ့ချန်းကျွယ် ... သေပြီ”

ထိုသတင်းကား တရုတ်နိုင်ငံ တစ်ခုလုံးရှိ သိုင်းပညာရှင်များ ကြားတွင်သာမက ကမ္ဘာတစ်ခုလုံး သို့ပါ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ လဲ့ချန်းကျွယ်မှာ အမှန်ပင် အင်အားကြီးမားပြီး တရုတ်နိုင်ငံ ပြင်ပ၏ အရှင်သခင်ဟု ကျော်ကြားသည့်တိုင် အသက်နှစ်ဆယ် မပြည့်သေးသော လူငယ်လေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုအရာကား သာမန်လူများ မတွေးတောနိုင်သည့် စွမ်းအားပင် ဖြစ်တော့သည်။

ယန်ကျင်းမြို့၊ ကျုံးဟိုင်မြို့၊ ကျင်းမြို့တော်၊ လင်းနန်၊ အရှေ့တောင်အာရှ၊ ကနေဒါ စသည့် များစွာသော နေရာများမှ ဟောင်ဂိုဏ်းခွဲများ တွင်လည်း ထိုသတင်းက ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း ..." ထိုနာမည်ကား သူတို့မှတ်ဉာဏ် ထဲတွင် သံမှိုတစ်ခု ကဲ့သို့ စွဲကပ်နေခဲ့ပြီ ဖြစ်သည်။ ထိုကောင်လေးကား အထွတ်အထိပ် အဆင့်များတွင် အငယ်ရွယ်ဆုံး ဖြစ်သကဲ့သို့ အင်မော်တယ် အဆင့်ထိပင် ရောက်နေနိုင်ချေ ရှိသည်။ ကောလာဟလ များအရ ချန်းပေ့ရွှမ်းမှာ အထွတ်အထိပ် ပညာရှင်များ ကြားတွင် အစွမ်းအထက်ဆုံး ဟုပင် ဆိုကြသည်။ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံ များရှိ သိုင်းပညာရှင်များ ကြားတွင်လည်း ချန်းပေ့ရွှမ်း၏ အမည်မှာ လွန်စွာ ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

ဟောင်ဂိုဏ်းက အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ကာ ထိုကိစ္စကို ကိုင်တွယ်ရန် ဆွေးနွေးမည် ဖြစ်သည်။ လဲ့ချန်းကျွယ်မှာ ဟောင်ဂိုဏ်းရှိ အထွတ်အထိပ် အဆင့်များကြားတွင် အစွမ်းအထက်ဆုံး ဖြစ်ကာ ဂိုဏ်း၏ ကျောရိုးလည်း ဖြစ်သည်။ သူ၏ သေဆုံးမှုက ဟောင်ဂိုဏ်း၏ တည်ရှိခြင်းကို အနည်းငယ် ကြောက်လန့်စေခဲ့သည်။ ကံကောင်းစွာပင် လဲ့ချန်းကျွယ်၏ တပည့် ရိုမန်က ထိုပြဿနာကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်။

***

ထိုအချိန် ပါးကျီဂိုဏ်း ရှေးဟောင်းနယ်မြေ အစည်းအဝေး ခန်းမတွင် ...

ဂိုဏ်း၏ သိုင်းပညာရှင် များစွာ စုပေါင်း ရောက်ရှိနေကာ ပိန်ပါးသော အဘိုးအိုက အဓိက နေရာ၌ ထိုင်နေသည်။

"ငါ ချန်းပေ့ရွှမ်းရဲ့ စွမ်းအားကို လျှော့တွက်မိတယ် ...” အဘိုးအိုက ‌ဖျော့တော့စွာ ပြောလိုက်သည်။

"ဆရာဦးလေးတောင် ချန်းပေ့ရွှမ်းကို ကိုင်တွယ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး ...” မူရှန်းက လည်း သက်ပြင်းတစ်ချက် ချကာ ပြောသည်။ သူ၏ ခြေထောက်များ အတွက် ချန်းဖန်ကို သူလက်စားချေ ချင်သည့်တိုင် ထိုအရာကား မည်သို့မျှ မဖြစ်နိုင်တော့ပေ။ ချန်းဖန်ကား လဲ့ချန်းကျွယ် ကဲ့သို့ ပုဂ္ဂိုလ်မျိုး ကိုပင် အနိုင်ယူ နိုင်ခဲ့သူ ဖြစ်သည်။ သူက ရိုမန်၏ တိုက်ကွက်သုံးကွက် ကိုသာ ခုခံ နိုင်ခဲ့သော်လည်း ရိုမန်၏ ဆရာက ချန်းပေ့ရွှမ်း၏ လက်တွင် အသတ်ခံ ခဲ့ရသည်။ သူတို့၏ အခြေအနေကား မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းသည်။

"ဒီနေ့ကစပြီး ချန်းပေ့ရွှမ်းနဲ့ ထိပ်တိုက် မတွေ့အောင် ရှောင်ကြ။ ငါတို့ကြားထဲမှာ ဘယ်လို အချင်းများမှုမျိုး မဆို မရှိလေ ကောင်းလေပဲ ...” ပိန်ပါးသော အဘိုးအိုက ဆက်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာဦးလေး ..." လူတိုင်းက မတ်တတ်ရပ်ကာ ဦးညွှတ်ရင်း ပြောလိုက်တော့သည်။

***

ထိုအချိန် ... လင်းမြို့တော် လုမိသားစု အိမ်တွင်မူ ...

လေထုက ပျော်ရွှင်ခြင်းများ ပြည့်နှက်နေကာ ရောင်စုံမီးအိမ် များကို နေရာ အနှံ့ချိတ်ဆွဲ ထားခဲ့သည်။ လွန်ခဲ့သည့် သုံးလအတွင်း လဲ့ချန်းကျွယ်ကြောင့် သူတို့ ရင်တမမ နေခဲ့ရသည်။

ယခုတွင်ကား တိုက်ပွဲပြီးသွားပြီ ဖြစ်သလို ချန်းပေ့ရွှမ်း မှာလည်း သရဖူကို ဆောင်းနိုင်ခဲ့သည်။ ချန်းပေ့ရွှမ်းနှင့် လုယန်ရွယ်တို့၏ ဆက်ဆံရေးကြောင့် လုမိသားစု မှာလည်း အလွန်မြင့်တက် လာကာ သူတို့ကို တိုက်ခိုက်ရဲသူ တစ်ယောက်မျှပင် မရှိတော့ပေ။ ကျင်းနန်ပြည်နယ် အတွင်းရှိ လုမိသားစု၏ ရန်သူများပင် လုမိသားစုထံ အညံခံ လာကြသည်။ သူတို့ မည်မျှပင် အင်အားကြီး စေကာမူ ချန်းပေ့ရွှမ်းကို စိန်ခေါ်ရန် မဝံ့ရဲပေ။

"ချန်းပေ့ရွှမ်းက အရမ်းကို အစွမ်းထက်တယ်။ အနောက်ရေကန်က တိုက်ပွဲကို အဝေးကနေ ငါသွားပြီး ချောင်းကြည့်ခဲ့တာ သိလား။ သူ့ရဲ့ ဓားတွေက ရေထုကို ပိုင်းဖြတ်ပြီး ရေကန်အောက်ခြေ မှာတောင် ခုတ်ရာတွေ ချန်ထားခဲ့နိုင်တယ် ...” လုတရုန်နှင့် သူ၏ အပေါင်းအသင်း များက မြောက်ကြွ၊ မြောက်ကြွ လမ်းလျှောက်ရင်း ပြောနေကြသည်။

ရုတ်တရက် လုမိသားစု၏ ခေါင်းဆောင် တစ်ယောက်က သူ့ကို လှမ်းကြည့်ရင်း အော်လိုက်သည်။

"လုတရုန် ... အထွတ်အထိပ် ပညာရှင်ချန်းရဲ့ နာမည်ကိုတပ်ပြီး မခေါ်နဲ့။ နောက်တစ်ခါ အဲလို မလေးမစား လုပ်တာကြားရလို့ ကတော့ မင်းကို မိုင်းတွင်း ပို့ပစ်မယ် ...”

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ... အဘိုးထျန်းဟယ်" လုတရုန်က သူ့ခေါင်းကို အကြိမ်ကြိမ် ညွှတ်ရင်း တောင်းပန်လိုက်သည်။

ထိုအဘိုးအို ပျောက်ကွယ်သွားသည်နှင့် လုတရုန်က တီးတိုး ရေရွတ်လိုက်သည်။

"ချီးပဲကွာ ... လုထျန်းဟယ်နဲ့မှ လာတွေ့ရတယ်လို့။ သူက မိသားစုထဲမှာ ဒုတိယဩဇာ အရှိဆုံး ဖြစ်သလို အတွင်းအား ထိပ်သီးအဆင့် သိုင်းသမားလည်း ဖြစ်တယ် ...”

အခြားအစောင့် များကမူ ပါးစပ်ပိတ်ထားပြီး တစ်ခွန်းမှ ဝင်မပြောကြပေ။ လုထျန်းဟယ်မှာ သူတို့အတွက် လှမ်းမမီနိုင်သော ပုဂ္ဂိုလ်လူကြီးများ ဖြစ်ကာ မှတ်ချက် တစ်စုံတစ်ရာ ပေးရန် မဝံ့ရဲပေ။ လုတရုန်မှာ လုမိသားစု အစ်ကိုကြီးများမှ လူတစ်ယောက် ဖြစ်သော်လည်း သူတို့မှာမူ အပြင်လူများ ဖြစ်ကြသည်။ သူတို့၏ မဆင်မခြင် စကားတစ်ခွန်းကြောင့် အလုပ်ပျက်ရမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ပေ။

ထိုအချိန်တွင် လုထျန်းဟယ်က လုမိသားစု ဗဟိုခန်းမသို့ လျှောက်လာခဲ့သည်။ မိသားစုမှ အတွင်းအား အစပျိုးအဆင့် အောင်မြင်ထားသော လူများက ဗဟိုခန်းမ ရှေ့တွင် ရပ်နေကြပြီး သူ့ကို မြင်တွေ့သည်နှင့် ဦးညွှတ်လိုက်ကြသည်။

"အထွတ်အထိပ် ဆရာချန်း ဒီကို ရောက်နေပြီလား ..." လုထျန်းဟယ်က အသက်ပြင်းပြင်း ရှူရင်းမေးသည်။

"သူရောက်နေပါပြီ ဦးလေးထျန်းဟယ်။ ဦးလေး ဝင်သွားလို့ ရပါတယ် ...” တစ်ယောက်က လုထျန်းဟယ်ကို ရိုသေသည့် အမူအရာဖြင့် ပြောလိုက်သည်။

လုထျန်းဟယ် အစည်းအဝေး ခန်းမထဲ ဝင်လိုက်သည်နှင့် အဓိက နေရာတွင် ထိုင်နေသော ချန်းဖန်ကို မြင်တွေ့လိုက်ရသည်။ ချန်းဖန်၏ ရုပ်သွင်ကို တွေ့မြင် လိုက်ရသည်နှင့် လုထျန်းဟယ် အလွန်အံ့ဩ သွားမိသည်။ ထိုလူငယ်ကို လွန်ခဲ့သည့် သုံးလက သူ မြင်ခဲ့ဖူးသည့်တိုင် ယခုကဲ့သို့ အလွန်ချောမောခြင်း မရှိသေးပေ။

ထိုကောင်လေး၏ မျက်လုံးများက အမှောင်ထဲတွင်ပင် အဇူရာရောင် တောက်ပနေကာ သူ၏ ခန္ဓာကိုယ် အချိုးအစား ကလည်း အလွန်ပင် ပြေပြစ်နေသည်။ သူသာ ချန်းဖန်ကို အခြားနေရာ တစ်ခု၌ တွေ့ခဲ့ရလျှင် လုံးဝ မှတ်မိလိမ့်မည် မဟုတ်ပေ။

"သုံးလအတွင်း သူက လုံးဝကို ပြောင်းလဲသွားခဲ့တာပဲ” လုထျန်းဟယ် တွေးရင်း ချန်းဖန်ကို လေးစားစွာ ပြောလိုက်သည်။

"ဆရာချန်း ပြောတဲ့ အတိုင်းပဲ ဟိုလူငယ် တွေကို ချူကျိုးမြို့ကို ဘေးကင်းကင်းနဲ့ ပြန်ပို့လိုက်ပါပြီ။ ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့ ကိုယ်တိုင်တောင် ကျုပ်လိုက်ပါ စောင့်ရှောက်နေကြောင်း မသိကြဘူး ...”

"အရမ်းကောင်းတယ် ..." ချန်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ရင်း ပြုံးလိုက်သည်။

ချန်းဖန် ရှု့ယုံဖေးကို ပြုံးပြ လိုက်မိသောကြောင့် သူ၏ ရန်သူများက သူမကို သတိထားမိ သွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့်ပင် လုထျန်းဟယ်ထံ ‌အကြောင်းကြားကာ ချူကျိုးမြို့သို့ ပြန်လည် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

"ဆရာချန်း ... လုယန်ရွယ်ကို မိသားစု ခေါင်းဆောင်အဖြစ် ကျွန်တော်တို့ တင်မြှောက်ချင်ပါတယ်။ ဆရာချန်း ခွင့်ပြုပေးပါ ...” လုမိသားစု၏ လက်ရှိခေါင်းဆောင်က ချန်းဖန်ကို လေးစားစွာ ကြည့်ရင်း ထပ်မံပြောဆိုလိုက်သည်။

"ဟုတ်ပါတယ် ဆရာချန်း ... ခွင့်ပြုပေးပါ” လုထျန်းဟယ်၊ လုထျန်းယန်၊ လုကျန်းဝူ စသည့် လုမိသားစု၏ များစွာသော ခေါင်းဆောင် များကလည်း ချန်းဖန်ထံ တစ်ညီတစ်ညွတ်တည်း တောင်းဆိုကြသည်။

လုဟန်ရွှမ်း ကမူ ထိုလူများနှင့် ချန်းဖန်ကို ရှုပ်ထွေးစွာ ကြည့်နေမိသည်။ လွန်ခဲ့သည့် သုံးလက လုယန်ရွယ်မှာ မိသားစု၏ သာမန်ကောင်‌မလေး တစ်ယောက်ဖြစ်ကာ ရုပ်ရည်ချောမောသည် ကလွဲလျှင် အဖြစ်မရှိသော ကောင်မလေးဖြစ်သည်။

သုံးလကြာပြီး နောက်တွင်မူ သူမမှာ လုမိသားစု အတွင်း ဩဇာ တဖြည်းဖြည်း ကြီးထွားလာကာ လုမိသားစု ကိုပင် ထိန်းချုပ် လာနိုင်ခဲ့သည်။ အခြားတစ်ဖက် တွင်မူ လုမိသားစု၏ ပါရမီရှင် ဖြစ်သည့် သူကား မထင်မရှား ဘဝဖြင့် နေထိုင်သွားရတော့မည် ဖြစ်သည်။ ထိုအရာ အားလုံးကား ချန်းပေ့ရွှမ်းဟု ခေါ်သော ထိုကောင်လေး ကြောင့်ပင်။

"ဘာလဲ ..." များစွာသော ခေါင်းဆောင်များ၏ စကားကြောင့် လုယန်ရွယ် အလွန်တုန်လှုပ် သွားသည်။ လင်းမြို့တော်ကို လွှမ်းမိုးနိုင်စွမ်း ရှိသည့် လုမိသားစု၏ ခေါင်းဆောင် လုပ်ရလိမ့်မည်ဟု သူမ မထင်မှတ် ထားမိခဲ့ပေ။ လုမိသားစု၏ ဆုံးဖြတ်ချက်တစ်ခုကပင် သန်းပေါင်းများစွာသော အသက်များ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။ လုမိသားစု၏ ဘဏ္ဍာရေးနှင့် ငွေကြေးပိုင်ဆိုင်မှု မှာလည်း ကျန်းနန်ဒေသ တစ်ခုလုံး၌ ထိပ်ဆုံးထဲတွင် ပါဝင်ပေသည်။

ထို အကြောင်းအရာကို သူမဆုံးဖြတ်ရန် မဝံ့ရဲပေ။ ထို့ကြောင့်ပင် ချန်းဖန်ကို အားကိုးတကြီး ကြည့်လိုက်သည်။

ချန်းဖန်က သဘောပေါက်ဟန်ဖြင့် သူမကို ပြုံးပြရင်း ပြောလိုက်သည်။

"နင်ဘာပဲ ဆုံးဖြတ် ဆုံးဖြတ်။ နင့်ဘက်မှာ ငါရှိတယ် ...”

ချန်းဖန်၏ အသံက တည်ငြိမ်နေသည်။ လုယန်ရွယ်က နှုတ်ခမ်းကိုက်ရင်း ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်သည်။ အားလုံး၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ သန်းနေပြီး သူတို့၏ အကြည့်များက သူမကို ထိုနေရာ ရယူရန် တွန်းအားပေး နေခဲ့သည်။ အဆုံးတွင် လုယန်ရွယ် ပြုံးလိုက်ကာ ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချလိုက်သည်။

"ကောင်းပြီလေ ... ကျွန်မ အဲနေရာကို ယူပါ့မယ် ..."

ထိုကဲ့သို့သော နေရာမျိုး ရလိမ့်မည်ဟု လုယန်ရွယ် အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ အတိတ်တွင် သူမမှာ လှပသည့်တိုင် လုယန်ဝူနှင့် လုဟန်ရွှမ်းတို့ကို ကျော်ရန် မဖြစ်နိုင်ခဲ့ပေ။ ယခု ချန်းဖန်က အရာရာကို ပြောင်းလဲ ပေးခဲ့သည်။ ချန်းဖန်၏ ရုပ်သေးရုပ် ဖြစ်နေခဲ့လျှင်ပင် ချန်းဖန် ကြိုးဆွဲရာကို သူမ ကျေကျေနပ်နပ်ကြီး ကလိမ့်မည် ဖြစ်သည်။

"တကယ်လို့ ငါသာ အောင်မြင်တဲ့လူ တစ်ယောက် ဖြစ်မလာခဲ့ရင် မကြာခင်မှာ သူငါ့ကို မေ့သွားလိမ့်မယ် ...” လုယန်ရွယ်တွေးရင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိတော့သည်။

***

All Chapters