ဆုကြေးသန်းတစ်ရာ
Vol. 3 Ch. 202
“မင်းတို့တွေ သိပ်အတာပဲ” ရိုမန်က အိုဂါနှင့် ဘတ် တို့ကို လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
ဟောင်ဂိုဏ်းသည် အစွမ်းထက်သည့် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ဟောင်ဂိုဏ်း၏ အဓိက အားထားရာ ဖြစ်သော လဲ့ချန်းကျွယ် သေဆုံးသွားလျှင်ပင် ဟောင်ဂိုဏ်းတွင် ရိုမန် ကဲ့သို့ အစွမ်းထက်သည့် အခြားစစ်သည် ခြောက်ဦး ရှိသေးသည်။ ဟောင်ဂိုဏ်းသည် အစိုးရနှင့် အဆက်အသွယ်ရှိရုံ သာမက သူတို့ပိုင် စစ်တပ်တစ်ခုလည်း ရှိသေးသည်။ အနီးအနားတွင် ရှိသော နိုင်ငံချို့ကပင် ဟောင်ဂိုဏ်းကို ကြောက်ရွံ့ကြသည်။
“မင်းတို့က လဲ့ချန်းကျွယ်ရဲ့ အစွမ်းကို အရင်တုန်းကလို ထင်နေတုန်းပဲလား”
“အရင်ဆယ်နှစ် လဲ့ချန်းကျွယ်က ဂိုဏ်းမှာ ပထမနေရာ ရခဲ့ပေမဲ့ သူ့စွမ်းအားက စိန်နဲ့မိုးကြိုး ဘုရင်ထက် သာတယ် ဆိုရုံလေးပဲ ရှိသေးတယ်။ သူက မြောက်ဝင်ရိုးစွန်းက ရေခဲပြင်ပေါ်မှာ နောက်ထပ်ဆယ်နှစ်လောက် ကျင့်ကြံပြီးတော့ အထွတ်အထိပ် သိုင်းပညာ အဆင့်ကို ရောက်ခဲ့တယ်။ သူရဲ့ အဲစွမ်းအားနဲ့ ဆိုရင် နောက်ထပ် လူတစ်ယောက်နဲ့ ပေါင်းပြီး အထွတ်အထိပ် တစ်ယောက်ကိုတိုက်ရင် အေးဆေးနိုင်နေပြီ” ရိုမန် ထိုသို့ပြောကာ သက်ပြင်းချလိုက်သည်။
လဲ့ချန်းကျွယ်သည် အင်မော်တယ်အဆင့် သို့ရောက်ရန် အလွန်ပင် နီးကပ်နေပြီ ဖြစ်သည်။ အင်မော်တယ်အဆင့် အောက်တွင်ရှိသော သိုင်းပညာရှင် အားလုံးတွင် သူ၏စွမ်းအားသည် ထိပ်ဆုံးဖြစ်သည်။ ထိုသို့ အစွမ်းထက်သော လဲ့ချန်းကျွယ်သည် ချန်းဖန်၏ လျှပ်စီးကဲ့သို့ မြန်သော လက်သီးချက်နှင့် အဆုံးသတ် ခဲ့ရသည်။ ချန်းဖန်မည်မျှ အစွမ်းထက်ကြောင်း ရိုမန်လည်း မခန့်မှန်း နိုင်တော့ပေ။
“ငါတို့လုပ်ကြံဖို့ စီစဉ်ထားတာ အလဟဿတော့ မဖြစ်ပါဘူး၊ ချန်ပေ့ရွှမ်း ဘယ်လောက်ပဲ တော်နေနေ သူ့ချစ်တဲ့သူ တွေနဲ့ သူ့သူငယ်ချင်း တွေကိုတော့ အချိန်ပြည့် မကာကွယ်နိုင်ပါဘူး” ရိုမန်သည် အေးစက်စက် အသံနှင့် ပြောလိုက်သည်။ သူ၏ မျက်လုံးထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
“ချန်ပေ့ရွှမ်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ပြန်ပေးဆွဲပြီး ချန်ပေ့ရွှမ်းကို မျှားခေါ်ရမယ်။ သူရောက်လာတဲ့ အချိန်ကြရင် ငါတို့ပေါင်းပြီး သူ့ကို တိုက်ခိုက်ကြမယ်။ အဲအချိန်ကျရင် ငါလည်း သူ့ကိုသတ်ပြီး ငါ့ဆရာလဲ့ အတွက် လက်စားချေနိုင်ပြီ”
သို့သော်လည်း ရိုမန်သည် သူတစ်ယောက်တည်း၏ စွမ်းအားဖြင့် ချန်းဖန်ကို လက်စားမချေ နိုင်ပေ။ ဟောင်ဂိုဏ်း၏ အကူအညီကို ယူမှသာ ချန်ပေ့ရွှမ်းကို သတ်နိုင်မည် ဖြစ်သည်။
***
ထိုအချိန်တွင် ချန်းဖန်သည် လုယန်ရွယ်နှင့် မြို့ထဲတွင် လမ်းလျှောက်ကာ လှည့်လည်ကြည့်ရှု နေသည်။
“နင်အရင်သုံးလက အချိန်တွေကို မှတ်မိသေးလား။ နင်ရယ် ငါရယ် ရှောင်ချင်ရယ် ငါတို့သုံးယောက် တစ်ညလုံး မြို့ထဲမှာ မုန့်တွေ လျှောက်စားကြတာလေ”
လုယန်ရွယ်သည် သူမကို မမှတ်မိစေရန် ခမောက် စောင်းထားပြီး သူမ၏ လှပသော မျက်နှာကို ပဝါဖြင့် အုပ်ထားသည်။
ချန်းဖန်သည် မည်သည့်အရာ ကိုမျှ မဝတ်ဆင် ထားသော်လည်း မည်သူမျှ သူ့ကို သတိမထား မိကြချေ။
“ရှောင်ချင်ရော ခုဘယ်လိုနေလဲ”
“ပိတ်ရက်တွေ ပြီးတာနဲ့ သူလည်း သူ့အိမ် ပြန်သွားပြီလေ။ စက်တင်ဘာ ကျရင် ချူကျိုးမြို့က တက္ကသိုလ်မှာ ကျောင်းသွား တက်တော့မယ်တဲ့”
လုယန်ရွယ်သည် ပြောပြီးနောက် တိတ်ဆိတ်သွားကာ တစ်ခုခုကို တွေးတောနေသည်။ အချိန်သုံးလ အတွင်းတွင် အပြောင်းအလဲ များစွာ ဖြစ်သွားခဲ့သည်။ လွန်ခဲ့သော သုံးလက သူမသည် သာမန်မိန်းကလေး တစ်ယောက်သာသာ။ တစ်ချိန်ချိန်တွင် ချမ်းသာသောလူ တစ်ယောက်နှင့် လက်ထပ်ပြီး သူမ၏ ဘဝကို ပျင်းရိစွာ အဆုံးသတ် ရမည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် အခြေအနေ အားလုံးက ပြောင်းလဲနေပြီ ဖြစ်သည်။
“နင် လဲ့ချန်းကျွယ်ကို နိုင်သွားပြီး ကတည်းက လူတိုင်းက နင့်ကို အစွမ်းအား အကြီးဆုံး အထွတ်အထိပ် အဆင့်လို့ သတ်မှတ် နေကြပြီလေ။ နင် ဘာဆက်လုပ်ဖို့ စိတ်ကူးလဲ”
“ငါလား” ချန်းဖန်သည် ဆက်မဖြေသေးဘဲ တစ်ခုခုကို တွေးတောနေသည်။ “ငါချူကျိုးမြို့ကို ပြန်မယ်၊ ပြီးရင် ဂျင်မြို့ကို ခရီးထွက်မယ်။ အဲမှာ ငါ့ကို စောင့်နေတဲ့သူ ရှိတယ်လေ”
လုယန်ရွယ်သည် ချန်းဖန် ထိုကဲ့သို့ တွေဝေနေသည်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ ချန်းဖန်သည် သူ၏ အချစ်စစ်အတွက် သူမကို ထားခဲ့ဦးမည်ကို သူမသိသည်။
ချန်းဖန်သည် သူမကို သူ၏ ချစ်သူအဖြစ် ဘယ်တော့မှ သတ်မှတ်မည် မဟုတ်ကြောင်း သူမသိသည်။
“နင့်ရဲ့ ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ငါ ဆုတောင်းပေးပါတယ်။
နင့်ဆန္ဒအတိုင်း ဂျင်မြို့ကို မြန်မြန်ရောက်ပြီး နင့်ချစ်သူနဲ့ မြန်မြန် တွေ့ရပါစေ” သူမသည် သူမ၏ ဝမ်းနည်းမှုကို မျိုသိပ်လိုက်ပြီး သူမ သိပ်ချစ်ရသည့် ချန်းဖန်ကို နောက်ဆုံးအနေနှင့် နှစ်နှစ်ကာကာ ပြုံးပြလိုက်သည်။
“သိပ်သေချာတာပေါ့”
ချန်းဖန်သည် အတိတ်ဘဝတွင် ကျင်းမြို့ရှိ တက္ကသိုလ်တွင် အောင်မြင်ခဲ့ပြီး ထိုတက္ကသိုလ် တွင်သာ ရှောင်ချုံးနှင့် ပြန်လည် တွေ့ဆုံခဲ့သည်။ ယခုဘဝ တွင်လည်း သူ ထိုတက္ကသိုလ်သို့ ထပ်သွားရဦးမည် ဖြစ်သည်။
ယခုဘဝတွင် ချန်းဖန်၏ အဓိက ရည်ရွယ်ချက်မှာ သူ၏ ကျင့်စဉ်ကို ပြီးအောင် ကျင့်ကြံရန်နှင့် အတိတ်ဘဝ၏ အမှားများကို ပြန်လည်ပြင်ဆင်ရန် ဖြစ်သည်။
“ငါ့ရဲ့ အကြီးဆုံး အမှားက ရှောင်ချုံးအပေါ် ဝတ္တရား ပျက်ကွက်ခဲ့ခြင်းပဲ”
ထိုကောင်မလေး၏ သေဆုံးမှုကို တွေးမိတိုင်း သူ၏ရင်ထဲတွင် နာကျင်မှုနှင့် နောင်တများသာ ပြည့်နှက်လာသည်။ ထိုအတွေးများ ကြောင့်သာ သူ့ကို အတွင်းစိတ်ရိုင်း များက တိုက်ခိုက်နိုင်ခဲ့ပြီး ကောင်းကင်အဆင့် စစ်ဆေးခြင်းတွင် ကျရှုံးခဲ့ခြင်း ဖြစ်သည်။
“ငါ ရှောင်ချုံးနဲ့သာ မတွေခဲ့ရင် ငါ့အိမ်က ပေးစားတဲ့ မိန်းကလေးနဲ့သာ လက်ထပ်ဖြစ်မလား မသိဘူး။ ရှု့ယုံဖေးနဲ့ပဲ လက်ထပ်ဖြစ်မလား၊ ကျန်းချူးယန်နဲ့ပဲ လက်ထပ် ဖြစ်မလား။ ငါဝမ်မိသားစုရဲ့ သခင်လေး အဖြစ်နဲ့ပဲ ငါ့ဘဝကို ရောင့်ရဲတင်းတိမ် လိုက်ရမယ် ထင်တယ်”
“ရှောင်ချုံးကြောင့်သာ မဟုတ်ရင် ငါလည်း ကျင့်စဉ်ကိုကျင့်မှာ မဟုတ်ဘူး။ အခုလိုလည်း ဖြစ်လာမှာ မဟုတ်ဘူး”
ချန်းဖန်သည် ချန်းဖန်ဘဝ တွင်သာ သာမန်လူ အဖြစ်နေလိမ့်မည်။ သို့သော် ချန်ပေ့ရွှမ်း ဘဝတွင်တော့ သာမန် သိုင်းပညာရှင် အဖြစ် နေလိမ့်မည် မဟုတ်ပေ။
“အာ, ငါနင့်ကို လက်ဆောင်ပေးစရာ ရှိတယ်”
ချန်းဖန်သည် လုယန်ရွယ်ကို ကျောက်စိမ်းဆွဲသီး တစ်ခုကို နှုတ်ဆက်လက်ဆောင် အဖြစ်ပေးလိုက်သည်။
“ငါက လဲ့ချန်းကျွယ်ကို သတ်ခဲ့တဲ့အတွက် ဟောင်ဂိုဏ်းက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူတို့က ငါ့ကိုဘာမှ မလုပ်နိုင်ဘူး ဆိုပေမဲ့ နင့်ကို အန္တရာယ်ပြု လာနိုင်တယ်။ ဒီဆွဲသီးပေါ်မှာ ငါအကာအကွယ် အစီအရင် လုပ်ထားတယ်။ အဲအစီအရင်က နင့်ကို ကာကွယ် ပေးလိမ့်မယ်။ ပြီးတော့ နင်အန္တရာယ် တစ်ခုခု ကြုံနေရပြီ ဆိုရင် ငါ့ဆီကို သတင်းပို့လိမ့်မယ်”
လုယန်ရွယ်သည် ထိုဆွဲသီးကို ပျော်ရွှင် လက်ခံလိုက်သည်။ ထို့နောက် ဆွဲသီးကို လက်ဖြင့်ပွတ် ကြည့်လိုက်သောအခါ ရှေးဟောင်းစာလုံးများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ချန်းဖန်၏ ဂရုစိုက် ပေးမှုနှင့် သူမအတွက် တွေးတောပေးမှု တို့ကို တွေ့လိုက် ရသောအခါ ရင်ထဲတွင် လှိုက်ခနဲ ဝမ်းသာသွားပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လာသည်။
နိုင်ငံတကာတွင် ရှိသော လုပ်ကြံသည့် အဖွဲ့အစည်း များသည် ဆုကြေး ဒေါ်လာသန်းတစ်ရာ ဟူသောသတင်းကို ကြားပြီးနောက် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ထိုငွေကြေး ပမာဏသည် သူတို့တစ်သက် မမျှော်လင့် ရဲသည့် ပမာဏဖြစ်သည်။
လုပ်ကြံသည့် အဖွဲ့အစည်း များတွင် ဒေါ်လာသန်း တစ်ရာသည် အထွတ်အထိပ် တစ်ဦးကို လုပ်ကြံရန် သတ်မှတ်ထားသည့် ပမာဏဖြစ်သည်။
“တရုတ်ပြည်က ချန်ပေ့ရွှမ်း၊ ဟုတ်လား”
“တရုတ်ပြည်မှာ ဟုတ်လား၊ အဲဒါဆိုရင်တော့ ငါတို့အတွက် အခက်အခဲ ရှိလိမ့်မယ်။ လက်နက်တွေ အထုတ်အသွင်း လုပ်ရင် တော်တော်ခက်တယ်ကွ”
ကြေးစား တော်တော်များများသည် လုပ်ကြံမှုကိုပင် မစရသေး၊ လက်တွန့်နေကြပြီ ဖြစ်သည်။
“သူက အထွတ်အထိပ် အဆင့်သိုင်း ပညာရှင်ပဲ မဟုတ်ဘူးလား။ ငါတို့အရင်က အထွတ်အထိပ်တွေ အများကြီးကို လုပ်ကြံ ခဲ့ဖူးတာပဲ။ ကြောက်မနေပါနဲ့။ ပန်းခြံထဲ လမ်းလျှောက် နေရသလောက် ပါပဲ”
လက်မောင်းတွင် မြွေရုပ်တက်တူး ထိုးထားသည့် လူကြီးတစ်ယောက်သည် သူ၏ အိပ်ရာပေါ်မှ ထကာ ကွန်ပျူတာတွင် ပေါ်နေသော မက်ဆေ့ချ်ကို ဖတ်လိုက်သည်။
“ဂရုစိုက်၊ အဲကောင်လေးက လဲ့ချန်ကျူးကိုတောင် သတ်ခဲ့တာ”
ထိုလူကြီးသည် မက်ဆေ့ချ်ကို ဖျက်လိုက်ကာ ...
စိတ်မပူပါနဲ့။ ငါကလုပ်ကြံတဲ့ ဘုရင်ပဲလေ။ ငါက ငါ့သားကောင်ကို ဘယ်တော့မှ အလွတ် မပေးပါဘူးကွ။ ချန်းဖန် မကြာခင် သူ့သေမင်းကို တွေ့ရတော့မှာပါ။ ငါ့ကိုသူနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ အကုန်ပို့ပေး။ ငါ မနက်ဖြန် တရုတ်ပြည်ကို သွားလိုက်မယ်” ဟူ၍ မက်ဆေ့ချ် ပြန်ပို့လိုက်သည်။
“ကောင်းပြီ။ ငါပို့ပေးလိုက်မယ်။ ဖတ်ပြီးရင်တော့ မက်ဆေ့ချ်ကို ပြန်ဖျက်လိုက် ...”
“မင်းကံကောင်းပါစေ၊ မဟူရာမြွေ …”
မဟူရာမြွေသည် သွေးခေါင်းအဖွဲ့မှ အတော်ဆုံး လုပ်ကြံသူဖြစ်သည်။
“ကျေးဇူးပဲ”
“တရုတ်ပြည်က အထွတ်အထိပ် အဆင့် ဟုတ်လား။ မင်း သေမင်းကို မကြာခင် တွေ့ရတော့မှာပါ”
“ငါမင်းကို စိတ်မပျက် စေရပါဘူး၊ ချန်ပေ့ရွှမ်း”
ထိုလူကြီးသည် ပြုံးရင်း အေးစက်စွာ ပြောလိုက်သည်။
***