ယွင်ချန်ချန်၏ဖျော်ဖြေပွဲ
Vol. 3 Ch. 203
ချန်းဖန်သည် နတ်ဆေးတောင်ကြား ဂိုဏ်းမှ အကူအညီ များနှင့် ထုံရှန်းကို စောင့်ဆိုင်းရန်အတွက် လင်းမြို့တွင် ရက်အနည်းငယ် ထပ်မံနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ လင်းမြို့တွင် ဆက်လက် နေထိုင်ခြင်းသည် ထုံရှန်းတို့ကို စောင့်ဆိုင်းရန် အတွက်သာ မဟုတ် လုယန်ဖေးနှင့် အတူတူ ရက်အနည်းငယ် ထပ်မံကုန်ဆုံးရန် အတွက်လည်းပါသည်။ သူသည် လုယန်ဖေးကို ကယ်ဆယ်ရန် အတွက်သာ တခြားသူများကို မစောင့်တော့ပဲ လင်းမြို့သို့ အလျင်အမြန် လာခဲ့ခြင်းဖြစ်သည်။
ချန်းဖန်သည် ယီသစ်သားချီကို ကျွမ်းကျင် တတ်မြောက်ပြီး သော်လည်း ထိုစွမ်းအင်မှာ အကန့်အသတ် ရှိလေသည်။ သိုင်းပညာရှင် တစ်ယောက်၏ ဒဏ်ရာကို ကုသရန် လိုအပ်သော စိတ်စွမ်းအင် ဆေးလုံး၏ စွမ်းအားကို ယီသစ်သားချီကို အသုံးပြု၍ တိုးမြှင့်နိုင်သည်။
ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းတွင် ရှိသော အသက်စွမ်းအင် သစ်သီးသည် စိတ်စွမ်းအင် ဆေးလုံးဖော်စပ်ရန် အတွက် အလွန်ပင် အသုံးဝင်သည်။
“ဒီနေ့ ပေါ့ပ်အဆိုတော် ယွင်ချန်ချန်ရဲ့ ဖျော်ဖြေပွဲရှိတယ်၊ ချန်းဖန် နင်သွားချင်လား” လုယန်ရွယ်သည် ချန်းဖန်ကို မော့ကြည့်ရင်း မေးလိုက်သည်။ သူတို့နှစ်ယောက် ခွဲခွာရမည့် အချိန် နီးကပ်လာပြီ ဖြစ်ကြောင်း သူမသိသည်။ သူမနဲ့ အတူတူ ရှိပေးနေသော အချိန်ကို မြန်မြန် မကုန်ဆုံး စေချင်ပေ။
“ယွင်ချန်ချန် လား” ချန်းဖန် နဖူးတွန့်ရင်း မေးလိုက်သည်။
“ဟုတ်တယ်လေ”
“သူက ငါနဲ့ ဝူတောင်ပေါ်က ရေပူစမ်း စခန်းမှာ ဆုံခဲ့တဲ့ တစ်ယောက်များလား” ဟုချန်းဖန် တွေးနေမိသည်။
“ဒါပေမဲ့ ငါတို့လူ အများကြီး ရှိတဲ့နေရာကို သွားလို့ ဖြစ်ပါ့မလား” ဟု လုယန်ရွယ်သည် နှုတ်ခမ်းစူရင်း ချန်းဖန်ကို မေးလိုက်သည်။
ချန်းဖန်သည် လုယန်ရွယ်၏ ချစ်စဖွယ် အမူအရာကို မြင်လိုက် ရသောအခါ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။
ချန်းဖန်သည် လက်ညှိုးကို လေထဲသို့မြှောက်ရင်း အကာအကွယ် အဆောင်တစ်ခုကို ဖန်တီးလိုက်သည်။
အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုအလင်းတန်းသည် လုယန်ရွယ်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားသောအခါ ပါးလွှာသည့် ခြုံလွှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုခြုံလွှာသည် နေရောင်အောက်တွင် ကြည့်လျှင်ပင် မမြင်ရလောက်အောင် ပါးလွှာလွန်းလှသည်။
“ခုမှန်ထဲ ကြည့်လိုက်တော့”
ချန်းဖန်သည် လက်ညှိုးကို ဝှေ့ယမ်းရင်း အစီအရင် တချို့ကို ရွတ်ဆိုကာ မှန်တစ်ချပ်ကို ဖန်တီးလိုက်သည်။
လုယန်ရွယ် မှန်ထဲသို့ ကြည့်လိုက်သောအခါ ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းဆုတ် သွားမိသည်။ မှန်ထဲတွင် မြင်တွေ့ နေရသောသူမှာ သူမမဟုတ်၊ သူမလောက် မလှသည့် အခြားမိန်းကလေး တစ်ယောက်၏ ပုံရိပ်ဖြစ်သည်။
“ဒါ မှော်ပညာလား”
လုယန်ရွယ်သည် ချန်းဖန်ကို အံ့ဩစွာ မေးလိုက်သည်။ ချန်းဖန်ကဲ့သို့ အသက် (၂၀)အရွယ် ကောင်လေးသည် ထိုကဲ့သို့ မှော်အစီအရင်ကို တတ်မြောက်လိမ့်မည်ဟု သူမ လုံးဝ မထင်မိပေ။ ချန်းဖန်နှင့် အတူနေသော အချိန်ကြာလာ လေလေ သူ၏ လျှို့ဝှက်အစွမ်း များကို သိလာလေလေ ဖြစ်ပြီး ချန်းဖန်ကိုပို၍ အထင်ကြီး အံ့ဩမိလေသည်။
“ဒါ ရုပ်ပြောင်းရုပ်လွှဲ အစီအရင်လေး ပါပဲ“ ချန်းဖန် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ဒီအစီအရင်က အချိန်အကြာကြီး ခံမှာ မဟုတ်ဘူး။ နင်ကအခု လုမိသားစုရဲ့ သခင်ဖြစ်နေပြီ။ ဒါကြောင့်မလို့ နင်က သက်တော်စောင့်တွေ တိုးထားပြီးတော့ အရင်ကထက် ပိုပြီးဂရုစိုက် ရမယ်”
“ကောင်းပါပြီ”
ယွင်ချန်ချန်သည် လွန်ခဲ့သောနှစ် အနည်းငယ် အတွင်း အလျင်အမြန် ကျော်ကြားအောင်မြင် လာပြီး သူမ၏ သီချင်းအယ်လ်ဘမ် များလည်း အများအပြား ရောင်းခဲ့ရသည်။ လူကြိုက်များသော ပေါ့ပ်အဆိုတော် ဖြစ်သည် နှင့်အညီ သူမဖျော်ဖြေပွဲ လက်မှတ် များသည်လည်း အလျင်အမြန် ရောင်းကုန်ခဲ့သည်။ သို့သော် ချန်းဖန်၏ အမြင်တွင် သူမသည် ရွက်ကြမ်းရေကျို သာမန် အဆိုတော် တစ်ယောက်သာ။
ချန်းဖန်နှင့် လုယန်ရွယ်သည် ဖျော်ဖြေပွဲသို့ ကားနှင့် မသွားကြပဲ အခြားလူများ အတိုင်း ရထားဖြင့်သာ သွားကြသည်။ ချန်းဖန်သည် သူ၏ သာမန်ဘဝလေး ကိုပင် သတိရ သွားသည်။
“ဝါး … လူတွေ ပြည့်ညှပ် သိပ်နေတာပဲ”
လုယန်ရွယ်သည် လူအုပ်ကြီးကို ကြည့်ပြီး မှင်တက်သွားသည်။
သူမသည် အနက်ရောင် ကိုယ်ကျပ်အင်္ကျီနှင့် အဖြူရောင် စကက်တိုလေးကို ဝတ်တင်ထားသည်။ ချန်းဖန်သည် အစီအရင်ကို သုံး၍ သူမ၏ အသွင်အပြင်ကို ပြောင်းလဲထားသော်လည်း သူမသည် ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်သည်။
ချန်းဖန်သည် လူအုပ်ကြီးကို နဖူးတွန့်ကာ ကြည့်လိုက်၏။ လူအုပ်ကြီးသည် အလွန်များပြား သဖြင့် မတော်တဆ တစ်ခုခု ဖြစ်လာပါက အားလုံး ထိတ်လန့်ကြကာ ရုတ်ရုတ်သဲသဲ ဖြစ်မည်မှာ မလွဲပေ။
“ဒီခန်းမက သေးပါတယ်။ ငါငါ့ရဲ့ အာရုံခံ စွမ်းအင်နဲ့ လူအုပ်ကြီးကို စစ်ဆေးထားလိုက်မယ်။ လူက အရမ်းများတော့ ငါလည်း သေချာဂရုစိုက် ရမှာပဲ”
ချန်းဖန်သည် သူ၏ အာရုံခံ စွမ်းအင်ကို မီတာတစ်ရာခန့် ဖြန့်ကြက်ကာ လူအုပ်ကြီးကို စစ်ဆေးလိုက်သည်။
“စင်နောက်က ရင်းနှီးတဲ့သူက ယွင်ချန်ချန်ပဲ ဖြစ်ရမယ်။ သူ့ဘေးကလူက သူ့ရဲ့ မန်နေဂျာ အစ်မချီ။ အမ် … သူ ဗုဒ္ဓလက်ကောက်ကို မဝတ်ထားဘူးပဲ။ ငါ့စကားကို တော်တော်နားထောင် တာပဲ” ချန်းဖန် သူ့ကိုသူ တွေးနေသည်။
“ဒီမှာ အစောင့်တွေ အများကြီး ရှိတာပဲ။ အင်းပေါ့။ လာတဲ့သူတွေ များတော့ အစောင့်တွေလည်း များမှာပေါ့။ ဒါနဲ့ နေပါဦး။ ဘာလို့ ဒီမှာ သိုင်းပညာရှင်တွေ အများကြီး ရှိနေရတာလဲ”
“စိတ်ဝင်စားစရာပဲ။ ငါသွေးအေးပြီး ရက်စက်တဲ့ သိုင်းပညာရှင် တချို့ကိုလည်း တွေ့လိုက်တယ်။ သူတို့ လက်တွေက သွေးတွေစွန်းနေတယ် ဆိုတာ အသေအချာပဲ။ သူတို့က ဒီကို ယွင်ချန်ချန် အတွက်နဲ့ ရောက်လာတာလား”
ထိုလူများသည် သူ့ကို လုပ်ကြံရန် ရောက်လာခြင်း ဖြစ်သည်ကို သူလုံးဝ မတွေးမိပေ။ အဘယ်ကြောင့် ဆိုသော် ဟောင်ဂိုဏ်းသည် သူ့ကို လက်စားချေရန် အတွက် ထိုသူများထက် ပို၍ အစွမ်းထက်သော သူကို စေလွှတ်လိုက်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်။
“ရှောင်ရွယ်၊ ဒီနားမှာပဲ နေနေနော်။ ငါအိမ်သာ ခဏ သွားလိုက်အုံးမယ်”
လုယန်ရွယ်၏ ပခုံးကိုပုတ်ပြီး ချန်းဖန်သည် အိမ်သာသို့ ထွက်လာခဲ့သည်။
“သူတို့က ငါ့ကို လုပ်ကြံဖို့ ရောက်နေကြတာလား”
“ဒါဆို သူတို့တွေ သေရမှာပေါ့”
ချန်းဖန်၏ ခန္ဓာကိုယ်မှ အေးစက်သည့် အငွေ့အသက်များ ဖြာထွက်လာသည်။
ထို သိုင်းပညာရှင်များ အားလုံးသည် အတွင်းအား ကျင့်စဉ်ကို စဦးအဆင့်သာ အောင်မြင်ထားကြပြီး အထွတ်အထိပ် အဆင့်ရောက်ရှိသူ တစ်ယောက်သာ ပါဝင်သည်။ သူတို့၏ စွမ်းအားသည် အထွတ်အထိပ် တစ်ယောက်နှင့်ယှဉ်လျှင် မိုးနှင့်မြေပင်။
ချန်းဖန်သည် လုပ်ကြံသူများနှင့် ရင်ဆိုင်ရန် လူပြတ်သည့် နေရာသို့ ရောက်သောအချိန်တွင် သူ့နာမည် ခေါ်သံကို ကြားလိုက်သည်။
“သခင်လေးချန်း၊ ရှင်ဟုတ်တယ်မလား”
ချန်းဖန် လှည့်ကြည့် လိုက်သောအခါ ဦးထုပ်ဆောင်းထားပြီး အင်္ကျီအထပ်ထပ် ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ဦးကို တွေ့လိုက်သည်။ ထိုကဲ့သို့ ဝတ်ဆင်ထားသည့် အပြင် နေကာမျက်မှန်ပါ တပ်ထားသေးသည့် အတွက် သူမ၏ အသွင်အပြင်မှာ ကျောချမ်းစရာ ကောင်းလှသည်။
“မင်းက ယွင်ချန်ချန်လား”
ယွင်ချန်ချန်သည် မျက်မှန်နှင့် လည်စည်းပဝါကို ချွတ်လိုက်သည်။
“မင်း ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်နေရတာလဲ”
“ဒီပွဲက စီးပွားရေး သက်သက်ပဲလေ။ ငါ့ရှေ့မှာ တခြား အဆိုတော်တွေ ရှိသေးတယ်။ ငါနောက်ဆုံးမှ စင်ပေါ်တက်ပြီး ဖျော်ဖြေရမှာ”
ထိုဖျော်ဖြေပွဲသည် အောင်မြင်သည့် အနုပညာရှင် များကို အသုံးချပြီး ပိုက်ဆံရှာရန် အတွက် သူမ၏ ကုမ္ပဏီမှ စီစဉ်သည့်ပွဲ ဖြစ်သည်။
“ငါသိသားပဲ”
သူနှင့် ယွင်ချန်ချန် စကားပြောနေသည့် အချိန်မှာပင် လုပ်ကြံမည့်သူများ တရွေ့ရွေ့နှင့် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ အချို့လုပ်ကြံသူ များသည် လက်နက်များကိုပင် ပြင်ဆင်ထားပြီး လုပ်ကြံတိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
“သခင်လေးချန်၊ ရှင် ဒီကို ရှင်တစ်ယောက်တည်း လာတာလား”
ချန်းဖန်ကို ထပ်တွေ့ လိုက်ရသောကြောင့် သူမ ဝမ်းသာသွားသည်။ ယခင်က ချန်းဖန်ကို ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသည့် သခင်လေးဟု ထင်ထားသော်လည်း နောက်ပိုင်းတွင်မှ ကျင်းပေ့ဒေသတွင် ဩဇာ အရှိန်အဝါ လွှမ်းမိုးသောသူ ဖြစ်ကြောင်း သိလိုက်ရသည်။ ချန်းဖန်ကဲ့သို့ အသက် (၂၀) ပင် မပြည့်သေးသော လူငယ်တစ်ဦးက ထိုမျှ အရှိန်အဝါ ကြီးမားကြောင်းကို သူမ မယုံကြည်နိုင်ပေ။
“ကျွန်တော် ဒီကို သူငယ်ချင်း တစ်ယောက်နဲ့ လာတာပါ”
ထိုအချိန်မှာပဲ ချန်းဖန်သည် နီးကပ်လာသည့် သိုင်းပညာရှင် များကို အာရုံခံမိသည့် အတွက် အစီအရင် တစ်ခုကို စတင်လိုက်သည်။
ထိုလူများသည် လူပြတ်သည့် နေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ် နေကြသည်။
“ငါ ယွင်ချန်ချန်ရဲ့ မှတ်ဉာဏ်တချို့ကို ဖျက်ပစ်ရမယ်”
ချန်းဖန်သည် လုပ်ကြံသူများကို အလွယ်တကူ အလဲထိုးပစ် နိုင်သော်လည်း ယွင်ချန်ချန်၏ အာရုံစိုက်မှုကို မခံရအောင်တော့ မလုပ်နိုင်ပေ။
“ရှင်ရော ကျွန်မ သီချင်းဆိုတာ နားထောင်ချင်ရဲ့လား” ယွင်ချန်ချန်သည် မျှော်လင့်တကြီးဖြင့် ချန်းဖန်ကို မေးလိုက်သည်။
ထိုအချိန်တွင် ချန်းဖန်သည် လုပ်ကြံရန် နီးကပ်လာသည့် သိုင်းပညာရှင် များအား တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ရုတ်တရက် “ရပ်လိုက်” ဟူသောအသံကို ကြားလိုက်သည်။
***