သေဆုံးမှုသတင်းများ
Vol. 105 Ch. 1458
“တုကွန်းရော ဘယ်လိုလဲ” ဝမ်ဝေ့က ခေါင်းစဉ်ကို လွဲကာမေးလိုက်သည်။
“သူမက တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက် ပြင်ဆင်နေတာ” မုန့်ခယ်က ပြုံးကာ ပြောလိုက်၏။
“အိုး သူမက ဘယ်နည်းလမ်းကို သုံးလိုက်တာလဲ”
“မျိုးနွယ်က သူမအတွက် ခရမ်းရောင်ချီလင်ကို ပြင်ဆင်နေတယ်လေ” မုန့်ခယ်က ရှင်းပြလိုက်သည်။
“ခရမ်းရောင်ချီလင်လား။ တကယ်လို့ ငါ မှန်းတာမှန်တယ်ဆိုရင် အဲ့ဒီသက်ရှိတွေက သေမျိုးတွေအပါအဝင် လူအမျိုးမျိုးကို ကောင်းချီးပေးရတာ ကြိုက်တဲ့ အမျိုးအစားပဲ” ဝမ်ဝေ့က ပြောလိုက်၏။
ခရမ်းရောင်ချီလင်က ကံကောင်းမှု ချီလင်ဟု သိကြပြီး သူတို့က တခြားသူများအား ကံကောင်းမှုနှင့် ချမ်းသာကြွယ်ဝမှုကို ကောင်းချီးပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ထိုချီလင်အမျိုးအစားက ကောင်းချီးမျိုးအစားများစွာ ရှိပြီး ထိုအရာထဲတွင် ကျင့်ကြံဆင့်တိုးမြှင့်မှုနှင့် တိုက်ခိုက်ရေးအဆင့် တိုးမြှင့်မှုတို့လည်း အပါအဝင် ဖြစ်သည်။
“ဟုတ်တယ်။ သူတို့က သူမရဲ့တာအိုနဲ့ ပြီးပြည့်စုံအောင် တွဲပေးခဲ့တာ။ အဲဒါကြောင့် မျိုးနွယ်က သူတို့ကို ရွေးချယ်ပေးခဲ့တာလေ။ အစီအစဉ်ကတော့ ချီလင်ကို စံပြအဆင့်ထိရောက်အောင် ပြုစုပျိုးထောင်ပြီးတော့ တုကွန်းက ဝိညာဉ်ဆက်နွယ်မှုကို သုံးပြီးတော့ သူမရဲ့ တည်ရှိမှုထဲ ဖြည်းဖြည်းချင်း စုပ်ယူဖို့ပဲ” မုန့်ခယ်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“အဲဒါက မဆိုးပါဘူး။ ဒါပေမဲ့ သူမ သတိထားသင့်တယ်။ အဲ့ဒီသက်ရှိက သူမနဲ့ ဆက်နွယ်မှုရှိသွားတယ်ဆိုရင်တောင် သေဆုံးလုနီးပါးဖြစ်လာတဲ့အချိန်မှာ အသက်ရှင်လိုစိတ်က အလိုလိုဝင်လာမှာပဲ။ တကယ်လို့ သူမ သတိမထားမိဘူးဆိုရင် သူမကို ဝါးမျိုပစ်သွားနိုင်ချေရှိတယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။
“ကျုပ်တို့လည်း အဲဒါကို သိတယ်။ အဲဒါကြောင့် အချိန်ယူပြီးတော့ ပြင်ဆင်နေတာ”
“အဲဒါဆို တော်သေးတာပေါ့။ သူမကို ကံကောင်းပါစေလို့ ဆုတောင်းစကားပြောပေးပါဦး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ နှစ်ဦးသားက နာရီပိုင်းခန့်ပြောဆိုပြီးသည့်နောက်တွင် ဝမ်ဝေ့က ထွက်ခွာသွားလေ၏။
သူက စုတန်တန်နှင့် တွေ့ဆုံဖို့ ရှိနေသေးသည်။ သူမက သူပြန်လာသည်အထိ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေလေ၏။
“ငါ မင်းနဲ့ ဘာလို့စကားပြောချင်တာလဲဆိုတာ သိလား” ဝမ်ဝေ့က သူမအား ထိုင်ဖို့ အချက်ပြရင်း ပြောလိုက်သည်။
“အဲဒါက ရှေးဦးခန္ဓာစံအိမ်နဲ့ ပတ်သက်နေမယ်လို့ ထင်ပါတယ်” စုတန်တန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“ဆက်ပြောလေ”
“ကျွန်မကို သူတို့ဆီ ဝင်စေချင်တာလား”
“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ငါတို့ရဲ့ကမ္ဘာမှာ ကပ်ဘေးကြုံရတော့မှာ။ ငါတို့ဂိုဏ်းအနေနဲ့ ပျက်သုန်းသွားနိုင်တဲ့ အခြေအနေမျိုးအတွက် နည်းဗျူဟာတစ်ခုပြင်ဆင်ထားတာ အကောင်းဆုံးပဲ”
စုတန်တန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။
“ငါက အပိုတွေ လုပ်နေတာလို့ ထင်နေတာလား”
“ကျွန်မတို့ဂိုဏ်းက အားအကောင်းဆုံး အာဏာရှင်ထဲက တစ်ယောက်လေ ဘယ်လိုလုပ် ပျက်သုန်းမှုနဲ့ ရင်ဆိုင်ရမှာလဲ”
“မင်းက အခုမငြိမ်းသက်နိုင်ဖွယ်စံပြ ဖြစ်နေပြီဆိုတော့ မင်း သိနိုင်တဲ့ ကိစ္စတချို့ရှိလာပြီ”
ဝမ်ဝေ့က ကမ္ဘာကြီး မကြာမီရင်ဆိုင်ရမည့် ကပ်ဘေးအကြောင်း အကြမ်းဖျဉ်းရှင်းပြထားသည့် သတင်းအချက်အလက် အဆောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ စုတန်တန်က ထိုသတင်းအချက်အလက်ကို ဖတ်ရှုပြီးသည်နှင့် မျက်နှာအမူအရာပြောင်းလဲသွားလေ၏။
“ဒီလောက်လျှို့ဝှက်ချက်တွေ အများကြီးနဲ့ ဆန်းကျယ်မှုတွေအများကြီး ပါဝင်နေလိမ့်မယ်လို့ ထင်မထားမိဘူး” သူမက ရေရွတ်လိုက်သည်။
“ဖရိုဖရဲဖြစ်မှုနဲ့ အန္တရာယ်က ငါတို့အတွက် အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ ငါတို့တွေက အဆိုးဆုံးအခြေအနေတစ်ခုအထိ ပြင်ဆင်ထားဖို့ လိုတယ်။ အဲဒါကြောင့် စံအိမ်က အသုံးဝင်လာတာပဲ”
စုတန်တန်က ပြောလိုက်သည်။
“ကျွန်မက စံအိမ်ကို ဝင်ရောက်ဖို့ ပြဿနာမရှိပါဘူး”
သူမက ဂိုဏ်း၏ တစိတ်တပိုင်းဖြစ်သည့်အတွက် သူမ လုပ်နိုင်လိုသည့်အရာဖြင့် အကျိုးပြုလိုလေသည်။
“ဒါပေမဲ့ ကျွန်မက အဲဒါကို … အင်း ခေါင်းဆောင်လည်း သိပါတယ် ...”
“မဟုတ်ဘူး။ မင်း ပိလုံရှန့်နဲ့ လက်ထပ်စရာမလိုဘူး။ အဲဒါက ငါတို့ မလိုချင်ဆုံးအရာတစ်ခုပဲ” ဝမ်ဝေ့က ချက်ချင်း ပြောလိုက်သည်။
“အဲဒါဆို တော်ပါသေးတယ်” စုတန်တန်က သက်ပြင်းချလိုက်လေ၏။ ပိလုံရှန့်က ရုပ်ချောကာ ဆွဲဆောင်မှုရှိပြီး အားကောင်းကာ ဟွင်သွမ်းစကြဝဠာကြီးတွင် အကောင်းဆုံးနောက်ခံကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သို့သော်လည်း စုတန်တန်က သူ့ဇနီးနှင့်ကိုယ်လုပ်တော်များစွာ ရှိသည့်အချက်ကြောင့် သဘောမကျပေ။
“မင်းအနေနဲ့ စံအိမ်ကို ဝင်ရောက်ရတဲ့ အကြောင်းအရင်းက ဂိုဏ်းအတွက်ပဲ။ အဲ့ဆိုတော့ ငါတို့အနေနဲ့ သူတို့ရဲ့အတွင်းရေးပဋိပက္ခထဲမှာ မင်းကို ဝင်မပတ်သက်စေချင်ဘူး”
ဝမ်ဝေ့က သတိပေးလိုက်သည်။
“မင်း အဲ့ဒီကိုရောက်ပြီးရင် ဂိုဏ်းရဲ့အကျိုးအမြတ်ကို တခြားအရာထက်ပိုပြီးတော့ အလေးထားရမယ်။ ဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ မင်းရဲ့အခွင့်အရေးကို လျော့ချလိုက်တယ်ဆိုရင်တောင် ဂိုဏ်းအပေါ် ဘယ်လိုသက်ရောက်မှုမျိုး ရှိလာမယ်ဆိုတာကို ထည့်သွင်းစဉ်းစားရမယ်။ တကယ်လို့ မင်း မဆုံးဖြတ်နိုင်ဘူးဆိုရင် ငါ့ကို ဆက်သွယ်လိုက်။ ငါ မင်းအတွက် အကောင်းအဆိုးကို ချင့်ချိန်ပေးမယ်”
“ကျွန်မ နားလည်ပါပြီ”
ဝမ်ဝေ့က သူမကို စိုက်ကြည့်လိုက်၏။
“အဲဒါက မင်းအတွက် မမျှတမှန်း သိတယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းက စံအိမ်အနေအထားကို ရောက်ဖို့ရှိတယ်ဆိုတာ မင်း နားလည်မှာပါ။ ဒါပေမဲ့ ငါတို့က ငယ်သေးတယ်။ ဖြတ်ကျော်ရမယ့် ကိစ္စတွေ အများကြီးရှိသေးတယ်။ အဲ့ဆိုတော့ မင်းက ဘယ်အခွင့်ရေးတွေ လွဲချော်သွားတယ်ဆိုရင်တောင် ဂိုဏ်းက တစ်ရက်ကျ ပြန်ပေးဆပ်မယ်ဆိုတာ မှတ်ထား”
“ပိုမိုကောင်းမွန်တဲ့အရာတွေအတွက် စတေးရမယ်ဆိုတာကို ကျွန်မ သိပါတယ်” စုတန်တန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မ ဘယ်အချိန် ထွက်သွားရမလဲ”
“သော့ခလောက်ပြီးမှ ထွက်သွားတာက အကောင်းဆုံးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ စုတန်တန်က စစ်ဆေးမှုအတွင်း ပိလုံရှန့်နှင့် ထွက်သွားနိုင်သော်လည်း သူက ထွက်မသွားခင် ဘိုးဘေးများပြန်လာသည်အထိ စောင့်ဆိုင်းသည်က အကောင်းဆုံးဖြစ်ကြောင်းခံစားမိလေ၏။ ဘိုးဘေးများက လုပ်ပိုင်ခွင့်ရှိသည့်သူမျိုး ဖြစ်သည့်အတွက် စုတန်တန်လိုလူမျိုးအတွက် သူတို့၏ ဦးနှောက်ဆေးကြောမှုက သူ ပြောသည့်စကားများထက် ပိုသက်ရောက်မှုရှိလိမ့်မည်။
“နောက်တစ်ခု ကျန်သေးတယ်။ ဘိုးဘေးတွေ ပြန်လာတာနဲ့ သူတို့က သူတို့ရဲ့မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဖွဲ့စည်းဖို့ မျိုးနွယ်တွေအားလုံးကို လုပ်ပိုင်ခွင့်ပေးလာလိမ့်မယ်။ ပိလုံရှန့်က မင်းကို တန်ဖိုးထားတာက မင်းရဲ့ သန့်စင်တဲ့လမ်းစဉ်ကြောင့်ပဲ။ အဲ့ဆိုတော့ မင်းရဲ့ သွေးမျိုးဆက်ကို ချက်ချင်း မဖွဲ့စည်းနဲ့ဦး။ အဲ့ဒီအစား မင်းက စံအိမ်ကို ရောက်ပြီးတော့ အဲ့ဒီလမ်းစဉ်က မင်းနဲ့သင့်တော်သလားဆိုတာကို ဆွေးနွေးဖို့ ဆရာတစ်ယောက်ကို ရှာလိုက်ဦး”
“ဟုတ်ကဲ့ပါ”
စကားဝိုင်းက အဆုံးသတ်သွားပြီး ဝမ်ဝေ့က လုပ်လက်စကို လုပ်ဖို့ ထွက်လာလိုက်သည်။ အချိန်သုံးလကုန်ဆုံးသွားပြီဖြစ်ကာ ဤအချိန်အတွင်း သူ့ကျင့်ကြံဆင့်က ပဉ္စမကောင်းကင်အဆင့်အထိ ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်ကျင့်ကြံမှုက အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား ပဉ္စမအဆင့်ထိ ရောက်ရှိလာလေသည်။ သူက အကြွင်းမဲ့သတ်ဖြတ်သူနှင့် ရင်ဆိုင်ပြီး နှစ်ထောင်ချီကြာ ကုန်ဆုံးခဲ့ရသည်။
တစ်ခုခုတော့ မှားနေပြီ …
ဝမ်ဝေ့က ထပ်မံသေဆုံးသွားပြီးသည့်နောက်တွင် တွေးလိုက်မိ၏။ ဒီနှစ်ထောင်ချီအတွင်း သူက သူ့အစွမ်းကို တိုးမြှင့်ကာ အကြွင်းမဲ့သတ်ဖြတ်သူနှင့် တစ်နှစ်ကြာ ရင်ဆိုင်နိုင်ခဲ့သည်။ ထိုအရာက သူသည် နာရီဝက်ခန့်ရှင်သန်ရာကနေ တွက်ကြည့်လျှင် သိသိသာသာ တိုးတက်မှုမျိုး ဖြစ်၏။ သို့သော်လည်း ထိုအမျိုးသားက သူ့အနေဖြင့် နှစ်ထောင်ချီကြာ ကျော်လွှားဖို့ အင်မတန် အားကောင်းလွန်းနေ၏။
အဲ့ဆိုတော့ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက အဲ့ဒီစိတ်ဝိညာဉ်အစုတ်ပလုတ်တွေက ငါရဲ့ အမှတ်တွေကို သုံးအောင် သူ့ရဲ့စွမ်းရည်ကို တမင်မြှင့်တင်ပေးထားတာပဲ။ ဒုတိယအနေနဲ့ဆိုရင် ငါက သူ့ကို ခုခံဖို့ အဓိကအချက်တွေ လွဲနေတာ။
အကြွင်းမဲ့သတ်ဖြတ်သူက ဝိညာဉ်ခေတ်ကာလထဲမှ လူဖြစ်သည့်အတွက် စံပြခေတ်ကာလအစောပိုင်းကလူဟု မှတ်ယူနိုင်သည်။
အဲဒါကြောင့် ငါ့ဇနီး ဒါမှမဟုတ် ဘိုးဘေးတွေလိုမျိုး ပါရမီရှင်တွေက အကြွင်းမဲ့သတ်ဖြတ်သူလိုမျိုး သက်ရောက်ဖို့ နည်းလမ်းကို မဖန်တီးနိုင်ဘူးလို့တော့ မယုံဘူး။
နှလုံးသားဆန္ဒနန်းဆောင်က သူတို့ဘိုးဘေးရဲ့ အရှက်ကွဲမှုကို လက်စားချေဖို့ နည်းလမ်းတစ်ခု မဖန်တီးထားဘူးလို့ မယုံဘူး။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနည်းလမ်းအတွက် အဖြေက နှစ်ခုလုံးပေါင်းစပ်ထားတာ ဖြစ်နိုင်သည်။ ထိုစိတ်ဝိညာဉ်များက ခက်ခဲမှုကို တိုးမြှင့်ထားတာ ဖြစ်နိုင်သော်လည်း ဝမ်ဝေ့ကလည်း တစ်စုံတစ်ခု လွဲချော်နေခဲ့သည်။
သော့ခလောက်အပြီးမှာ ဇနီးလောင်းက ငါ့ကို ဆက်လက်လေ့ကျင့်ပေးသင့်တယ်။ ပိုပြီးကောင်းတာက ငါက ဘိုးဘေးတွေဆီကနေ သင်ယူသင့်တယ်။
ဝမ်ဝေ့က အဝေးတစ်နေရာသို့ လှမ်းကြည့်ပြီး ထွက်ခွာသင့်ပြီဟုတွေးလိုက်သည်။ ပြိုင်ပွဲက အဆုံးသတ်သွားပြီဖြစ်ကာ စိတ်ဝိညာဉ်များက သူ့အား စစ်ဆေးမှုအဆုံးမသတ်ခင် အခမ်းအနားတစ်ခု ရှိမည်ဖြစ်ကြောင်း ဆက်သွယ်လာခဲ့သည်။ ထို့အပြင် ထျန်းရွှမ်ကလည်း သူ့အား အသုံးဆောင်ပစ္စည်း သန့်စင်ပေးဖို့ မရပ်မနားဆက်သွယ်နေလေ၏။ သို့သော် ဝမ်ဝေ့က တမင်နှောင့်နှေးထားခဲ့သည်။
“စစ်ဆေးမှုက အနည်းဆုံးတော့ နှစ်တစ်သောင်းအတွင်း အဆုံးသတ်သွားလိမ့်မယ်။ အခုပြင်ဆင်ထားရမဲ့ အချိန်ပဲ” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် တိုက်ပွဲမျှော်စင်မှ ထွက်ခွာလာလိုက်သည်။ သူက သူ့စံအိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် အနီရောင်မျက်နှာဖုံးက သူ လွဲချော်ခဲ့ရသည့်အကြောင်းအရာအားလုံးကို အကျဉ်းချုပ် သုံးသပ်ပေးဖို့ ပေါ်ထွက်လာလေ၏။
“အဲ့လောက်တောင် သတင်းဆိုးတွေ များတာလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ပထမတစ်ခုအနေဖြင့် ရှစ်ချီအန်းက သူမ၏ စမ်းသပ်ချက်ကို ကျရုံးသွားပြီး သေဆုံးသွားလေသည်။
“သနားစရာကောင်မလေး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သို့သော်လည်း သူက အံ့အားသင့်ခြင်း မရှိပေ။ ရှစ်ချီအန်းက သူမမိသားစုနှင့် ပြန်လည်ဆုံစည်းပြီးသည့်နောက်တွင် သူမ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် သူမသည် စမ်းသပ်ချက်အတွင်း သေဆုံးသွားသည်က နားလည်၍ရ၏။ သို့သော်လည်း နောက်ထပ် သေဆုံးမှုသတင်းများကမူ သူ့အား အံ့အားသင့်စေသည်။
“ဟုန်မိန်လင်းက မဖြတ်ကျော်နိုင်ဘူးဆိုတာကို မထင်ထားမိဘူး။ အနာဂတ်ဇနီးလောင်းလေးက ဘယ်လိုလုပ်မလဲ မသိဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဝူဟုန်က တစ်ခါမှ မပြသခဲ့သော်လည်း သူမကို အတော်လေး တန်ဖိုးထားလေသည်။ သူမက ဟုန်မိန်လင်းအား ပြုစုပျိုးထောင်ဖို့ စံနှုန်းတစ်ခု ရှိနေလေ၏။ ကံဆိုးစွာဖြင့် ထိုအရာက မဖြစ်နိုင်တော့ပေ။
“ဟမ် ယဲ့တာဖူရဲ့ ဇနီးကလည်း သေသွားတာလား” ဝမ်ဝေ့က ထိုသတင်းကိုကြားပြီးသည့်နောက်တွင် သံသယဖြစ်သွားလေသည်။ ယဲ့တာဖူ၏ ဇနီးက မြင့်မြတ်မြွေနဂါးဧကရီဖြစ်ပြီး နတ်ဆိုးများအကြား အထူးကဲဆုံးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေသည်။ မှန်ကန်သည့်အရင်းအမြစ်နှင့် လေ့ကျင့်မှုတို့ဖြင့် သူမသည် တည်ရှိမှုထဲတွင် အားအကောင်းဆုံး ဖြစ်လာသင့်၏။ သို့သော် ဤအတိုင်းအတာမဲ့စမ်းသပ်ချက်အတွင်း မည်ကဲ့သို့ သေဆုံးသွားသနည်း။
“သူမက ငယ်သေးပြီးတော့ ထိပ်သီးကောင်းကင်ဘုံအဆင့်ကို အလျှင်စလို ဝင်ရောက်ခဲ့တာ။ ဒါပေမဲ့ ယဲ့တာဖူနဲ့မျိုးနွယ်က သူမကို သတိပေးသင့်တာပေါ့။ ပြီးတော့ သူမလို ကံကြမ္မာရှိထားတဲ့သူတစ်ယောက်က တစ်စုံတစ်ခု မမှားယွင်းသရွေ့ စမ်းသပ်ချက်မှာ သေဆုံးသွားဖို့ ခက်ခဲတယ်လေ”
ဝမ်ဝေ့က ရေရွတ်လိုက်သည်။
ယခု သူက ယဲ့တာဖူသည် စွန်းဝူခုံး၏ စိတ်ဝိညာဉ်နှင့် ကံကြမ္မာကို တစ်နည်းနည်းဖြင့် အမွေရရှိပြီး မြေအောက်ကမ္ဘာထံ ရုတ်ရုတ်သည်းသည်းဖြစ်မှုကို ဆောင်ကျဉ်းလာလိမ့်မည်မှန်း နားလည်သွားလေသည်။
ဝမ်ဝေ့က ခေါင်းအသာရမ်းပြီးသည့်နောက်တွင် ဆက်လက်ဖတ်ရှုလိုက်၏။ သူက သူ့လူနှစ်ယောက်ပါဝင်နေသည့် စာရင်းကို ရောက်ရှိသည့်အခါ ရပ်တန့်လိုက်လေသည်။ ပထမဦးဆုံး တွေ့ကြုံလိုက်ရသည့်သူက ခန္ဓာနတ်ဆိုး ဖြစ်၏။ ထိုသူက ခွန်အားအစစ်အမှန်တာအိုစမ်းသပ်ချက်တွင် ကျရှုံးသွားပြီး အမှုန့်ဖြစ်သွားလေသည်။
“နှမြောစရာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူက ခန္ဓာနတ်ဆိုးအား ရည်မှန်းချက်ကြီးသည့် ခန္ဓာကိုယ်လေ့ကျင့်သူအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့သော်လည်း ယခုအခါ အရာအားလုံး ဆုံးရှုံးသွားရသည်။
“အကြီးမားဆုံး အံ့ဩစရာက ယန်ကောဝေရဲ့ သေဆုံးမှုပဲ” သူက သက်ပြင်းချလိုက်၏။ ထိုသူက သူ့လက်အောက်သို့ ဝင်ရောက်လာကာစဖြစ်ပြီး သူမိခင်ကို ကုစားဖို့ စံပြဆေးလုံးကိုပင် ချီးမြှင့်ပေးခဲ့သည်။ သို့သော်လည်း သူ့ရင်းနှီးမြှပ်နှံမှုက ဘာမှပြန်မရခင် ဆုံးရှုံးသွားရသည်။
“ဒီသတင်းဆိုးကို သူ့အမေဆီ ယူသွားပေးရဦးမှာပဲ … ” ဝမ်ဝေ့က ငြီးတွားလိုက်၏။