ကိစ္စတွေက စတင်ပြီးတော့ လှုပ်ရှားလာပြီ
Vol. 105 Ch. 1459
“သနားစရာကောင်းလိုက်တဲ့ အမျိုးသမီး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူမ၏ ခင်ပွန်းဖြစ်သူက မနာလိုဖြစ်တတ်ပြီး ထိန်းချုပ်ရသည်ကို ကြိုက်နှစ်သက်သည့် ငကြောင်တစ်ယောက် ဖြစ်ပေသည်။ ယခုအခါ သူမသားက သေဆုံးသွားပြီ ဖြစ်၏။
“သူမ ဒီသတင်းကို ခံနိုင်ရည်ရှိဖို့ မျှော်လင့်တယ်”
ဝမ်ဝေ့က သတင်းအချက်အလက်များကို ဆက်လက်ဖတ်ရှုလိုက်သည်။
အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံမှ လူများက ပျောက်ကွယ်သွားကြပြီ ဖြစ်၏။ အများစုက စမ်းသပ်ချက်မျှော်စင်သို့ ဝင်ရောက်ဖို့ အခွင့်အရေးမရခင် လုပ်ကြံခံလိုက်ရသည်။ ကျန်ရှိနေသည့်သူများက အနီရောင်မျက်နှာဖုံးကြောင့် သူတို့၏ စစ်ဆေးမှုထဲတွင် သေဆုံးသွားကြလေသည်။ တခြားနည်းဖြင့်ပြောရလျှင် တခြားတစ်စုံတစ်ယောက် ဝင်ရောက်စွက်ဖက်လုပ်ဆောင်ခဲ့သည်များကို အာရုံခံမိဖို့ မဖြစ်နိုင်ပေ။ အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံက လုပ်ကြံသတ်ဖြတ်မှုများကို မျှော်လင့်ထားသင့်သော်လည်း သူတို့က တစ်စုံတစ်ယောက် စမ်းသပ်ချက်ကို ဝင်ရောက်နှောင့်ယှက်နေမှန်း အတိအကျ ကောက်ချက်ချနိုင်မည် မဟုတ်ပေ။
သူတို့အနေနှင့် အဖွဲ့ဝင်အားလုံး သေဆုံးသွားသည့်အခါ သံသယဖြစ်လာနိုင်သော်လည်း စမ်းသပ်ချက်ထဲ ကြားဝင်နှောင့်ယှက်ထားသည့်အရာများကို ရှင်းထုတ်လိုက်ပြီးသား ဖြစ်၏။
ဝမ်ဝေ့ သိထားသည့် တခြားသော ပစ်မှတ်များကမူ စံပြကျိမင်၏ လူများ ဖြစ်ပေသည်။ လောင်မာက အောင်အောင်မြင်မြင် ပုံမှန်စံပြတစ်ယောက် ဖြစ်လာသော်လည်း တခြားသူများက သေဆုံးသွားကြရသည်။ နောက်ထပ် ဝမ်းနည်းဖို့ကောင်းသည့် လူတစ်ဦးက ဧကရာဇ်အရိုးရုပ်ခန္ဓာ ရရှိထားသည့် မိန်းကလေးရှစ်ရှိ့လန် ဖြစ်၏။ ထိုမိန်းကလေးက မဟာဧကရာဇ်တစ်ယောက်မျှသာ ဖြစ်သော်လည်း သူမက တောင်ပိုင်းချုးတိုင်းပြည်နှင့်အတူ ဤနေရာသို့ရောက်လာပြီး စစ်ဆေးမှုထဲတွင် ပါဝင်ခဲ့လေသည်။ သူမက ကောင်းကင်ဘုံအဆင့်ကို စံချိန်တင်လောက်သည့် အမြန်နှုန်းဖြင့် ဝင်ရောက်ခဲ့သော်လည်း စမ်းသပ်ချက်အတွင်း သေဆုံးသွားခဲ့လေသည်။
ဒါက မြေကမ္ဘာဧကရာဇ်ရဲ့အပြုအမူအတွက် တန်ပြန်သက်ရောက်မှုလား။
ဝမ်ဝေ့က တွေးလိုက်သည်။ ကပ်ပါးများက အပျက်အစီးများစွာ ဖြစ်စေခဲ့သည့်အတွက် သူတို့၏မျိုးဆက်များက အပြုအမူများအတွက် ပြန်လည်ပေးဆပ်ရသည်က ထူးခြားနေခြင်း မဟုတ်ပေ။ သို့သော်လည်း တတိယမင်းသားက အဆင်ပြေနေသည့်အတွက် ပြောဖို့ရန် ခက်ခဲလှပေသည်။
ကြည့်ရတာ သူမက အလျင်စလိုကျင့်ကြံပြီးတော့ အုတ်မြစ် မခိုင်မာခဲ့တဲ့ပုံပဲ …
ရှစ်ရှိ့လန်က သူမ၏ရုပ်ခန္ဓာကို အသက်သွင်းဖို့ ကြိုးစားဖို့ အချိန်ယူခဲ့သင့်သည်။ ထိုအရာက ရှားပါးသော်လည်း ဧကရာဇ်ရုပ်ခန္ဓာသည် ဒုတိယအကြိမ်နှင့် တတိယအကြိမ် နိုးထလာသည့် မှတ်တမ်းများရှိခဲ့ဖူးပြီး ကောင်းကင်တာအိုက ပိုင်ရှင်အား ကောင်းကင်အလိုဆန္ဒဧကရာဇ် ဖြစ်လာဖို့ မလိုဘဲ ကောင်းကင်အလိုဆန္ဒများ အသုံးပြုဖို့ ပေးအပ်လာနိုင်သည်။ ကံဆိုးစွာဖြင့် ရှစ်ရို့လန်က အလျင်လိုနေသည့်အတွက် သေဆုံးမှုကို ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးသော သတင်းအနေဖြင့် ဝမ်ဝေ့က သူ့ဂိုဏ်းမှ သတင်းကို လက်ခံရရှိလိုက်သည်။ သူ ခေါ်ဆောင်လာသည့် လူကိုးယောက်အနက် လေးယောက် သေဆုံးသွားပြီး ငါးယောက်သာ အသက်ရှင်ခဲ့လေသည်။ ထိုသူများထဲတွင် စံပြဖြစ်လာသည့် ယန်းကျဲလည်းအပါအဝင် ဖြစ်၏။
“၁၀ယောက်မှာ ၆ယောက် ကျန်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ အကယ်၍ သူ့ကိုယ်သူ ထည့်သွင်းစဉ်းစားပါက သူ၏နောက်ဆုံးသော အနေအထားသည် ၁၁ ယောက်အနက် ၇ ယောက် ကျန်ရှိလေသည်။ ဝမ်ဝေ့က အရေးပါသည့်သတင်းကို အာရုံစိုက်လိုက်၏။
“ဟမ် ... ထူးကဲသာလွန်မှုအင်အားစုတွေက ဟို့ဖုန်းဟွမ်၊ အောင်းရှန်၊ ကျန်းပိယုနဲ့ ကျန့်ဝူရွှမ်းတို့ကို ဖမ်းဆီးသွားတာလား”
“ဟုတ်ပါတယ်။ အဲ့ဒီအင်အားစုတွေက တခြားပုံမှန်ကျင့်ကြံသူတွေကို စိတ်မဝင်စားဘဲနဲ့ နောက်ခံမြင့်မားတဲ့သူတွေကို ပစ်မှတ်ထားခဲ့တာပါ။ တချို့ကတော့ အောင်အောင်မြင်မြင် လွတ်မြောက်သွားခဲ့ပေမယ့် သူတို့ကတော့ ကံမကောင်းခဲ့ကြဘူး” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲ့ဒီလူတွေက အရင်က တိတ်ဆိတ်နေခဲ့တာ။ အခု စပြီးလှုပ်ရှားလာပြီဆိုတော့ ငါ့ရဲ့ သုံးသပ်ချက်က မှန်ကန်နေတဲ့ပုံပဲ။ သူတို့က လှုပ်ရှားကြတော့မယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူက နောက်မေးခွန်းကို မမေးခင် စဉ်းစားလိုက်၏။
“ဒီသတင်းနဲ့ ဧကရာဇ်ခုံရဲ့ နာမည်ကို ဘာလို့အတူတူထားထားတာလဲ”
“သူက ကယ်ဆယ်ရေးတာဝန်အတွက် တခြားမျိုးနွယ်တွေကို ဆက်သွယ်နေခဲ့တာပါ” အနီရောင်မျက်နှာဖုံးက ရှင်းပြလိုက်သည်။
“ငါ သိတယ်” ဝမ်ဝေ့က ပြောလိုက်ပြီး သူမအား ဆက်လက်ပြောဖို့ အချက်ပြလိုက်သည်။
“သူ့အပြုအမူတွေက ထူးဆန်းနေလို့ပါ” အနီရောင်မျက်နှာဖုံးက ထပ်ပြောလိုက်၏။
“သူက ငါ့ကို မဆက်သွယ်လို့လား”
“ဟုတ်ပါတယ်။ သူ့အကြံအစည်အရဆိုရင် ဒီလိုအခြေအနေမျိုးမှာ ခေါင်းဆောင်ကို အရင်ဆုံး ဆက်သွယ်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ သူကလှုပ်ရှားပြီးတော့ အတော်လေးကို တက်ကြွနေခဲ့တာ” သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အခု သူက စံပြတစ်ယောက်ဆိုတော့ သူ့အတွက် ပိုမိုယုံကြည်ချက် ရှိလာပြီးတော့ ငါ့ကို သတိနဲ့ဆက်ဆံတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေကတော့ သတိထားဖို့ ထိုက်တန်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ကျွန်မ သူ့ကို သေချာစောင့်ကြည့်ထားရမလား” အနီရောင်မျက်နှာဖုံးက မေးလိုက်သည်။
“အခုတော့ မလိုသေးဘူး။ ဒါနဲ့ အဲ့ဒီပြန်ပေးဆွဲခံရတဲ့ အဖွဲ့ဝင်တွေကကော ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“သူတို့တွေ အဲ့လူတွေရဲ့ လက်ထဲကို ကျလို့မဖြစ်ဘူး။ ငါတို့တွေ သူတို့ကို နှုတ်ပိတ်ရမယ်ဆိုရင်တောင် ဒီလိုလုပ်ခွင့်ပေးလို့မရဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ ထူးကဲသာလွန်မှု အင်အားစုများအနေဖြင့် သူတို့သည် ကောင်းကင်တာအို၏သမိုင်းကြောင်းသော့ခလောက်ကို ချိုးဖောက်ဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ ထိုပြန်ပေးဆွဲခံရသည့် အဖွဲ့ဝင်များက ကမ္ဘာ၏ လျှို့ဝှက်ချက်များစွာကို သိထားကြလေသည်။ ပို၍အရေးကြီးသည်က သူ့အကြောင်းကို သိထားကြလေ၏။
“မင်းက ခုံ့ကို သူ့ကယ်ဆယ်ရေးထဲ ကူညီပေးလိုက်။ ဒါပေမဲ့ သတိမထားမိအောင် လုပ်ဦး”
“ဟုတ်ကဲ့ အမိန့်အတိုင်းပါ။ ဒါပေမဲ့ သူ ကျရှုံးသွားရင် ကျွန်မတို့ဘာလုပ်ရမလဲ”
“အဲ့ဆိုရင် ငါ ကိုယ်တိုင် ဝင်ကယ်တင်ရမှာလား မဟုတ်ဘူးဆိုရင် သုတ်သင်ရမှာလားဆိုတာကို ငါ ကိုယ်တိုင်ဆုံးဖြတ်မယ်”
အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။
ဝမ်ဝေ့က ဆက်လက် ဖတ်ရှုနေ၏။ အဆိပ်နတ်ဆိုးမ၊ ကျားဖျင်နှင့် မီးတောက်ပန်းပဲဆရာတို့ကလည်း စံပြအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းသွားကြလေသည်။ သူ နောက်ဆုံးအနေနဲ့ သတိထားရမည့်အချက်က ပြိုင်ပွဲ၏ နောက်ဆုံးရလဒ်ဖြစ်၏။
ထျန်းရွှမ်နှင့် ဧကရာဇ်ခုံက စတုတ္ထကောင်းကင်ဘုံအဆင့်မှာ နှစ်နေရာ ရယူထားကြပြီး လင်းဖန်၊ ဝမ်ဖူရွှမ်းတို့က တတိယကောင်းကင်ဘုံအဆင့်မှာ တစ်နေရာစီ ယူထားကြလေသည်။ ရှုကျင်းယောင်ကမူ ဒုတိယကောင်းကင်ဘုံအဆင့်မှာ တစ်နေရာကို သိမ်းပိုက်ထားလေ၏။ နောက်ထပ်သူ့အသိအကျွမ်းတချို့က ဖြည်းဖြည်းချင်း လုပ်ဆောင်ကာ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ လုပ်ဆောင်နေကြသည်။ ထူးကဲသာလွန်မှုအများစုမှ လူများက ထိုစာရင်းတွင် ပေါ်ထွက်လာခြင်း မရှိပေ။
“ကိစ္စတွေက ဖြည်းဖြည်းချင်းနဲ့ ပြင်းထန်လာပြီပဲ” ဝမ်ဝေ့က ရေရွတ်ပြီး အဆောင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အနီရောင်မျက်နှာဖုံးကို ကြည့်လိုက်၏။
“မင်းရဲ့ ကျူးကျော်မှုကကော ဘယ်အခြေအနေရှိလဲ”
“ကျွန်မ ကျင့်ကြံသူတွေကို ရွေးချယ်ထားပြီးတော့ သူတို့ကို နယ်ခြားဟွင်သွမ်းကမ္ဘာထဲမှာ ကျူးကျော်ဖို့အတွက် ကြားခံအနေနဲ့ သုံးဖို့ စီစဉ်ထားပါတယ်”
“မင်းရဲ့ နည်းလမ်းက သူတို့ဘက်က အာရုံခံလို့မရဘူးဆိုတာကို ယုံကြည်ချက်ရှိလား” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မ ကောင်းကင်လှည့်ဖျားရေးအစီအရင်ကိုပါ ထည့်ပေါင်းထားတာပါ။ ပြီးတော့ ထူးကဲသာလွန်မှုအင်အားစုတွေကိုတော့ စမ်းသပ်ပြီးသွားပြီ။ သူတို့တွေက ဒီလောက်အထိတော့ သတိမထားမိကြသေးဘူး”
“ကောင်းပြီလေ။ ဒါပေမဲ့ မင်း သိပ်ပြီးတော့ စိတ်ကြီးမဝင်သင့်ဘူး”
“ကျွန်မ အဲ့လိုနိမ့်ကျတဲ့ အမှားအယွင်းမျိုးမလုပ်ပါဘူး”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ အစီအစဉ် အသေးစိတ်ကိုပြော”
“ကျွန်မ အဲ့ဒီကျင့်ကြံသူတွေထဲမှာ ကျွန်မတို့ရဲ့ ကံကြမ္မာတပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်နိုင်တဲ့ မျိုးစေ့ကို စိုက်ပျိုးပေးထားပါတယ်။ သူတို့တွေ ဆက်သွယ်ရေးအခြေစိုက်စခန်းတစ်ခုကို တည်ထောင်ပြီးတော့ ခေါင်းဆောင်ရဲ့ ဝိညာဉ်ကွန်ယက်ကို ဖြန့်ကျက်ဖို့အတွက်ပါ။ အဲ့လိုဆိုရင် ဘာမှအာရုံခံမိခြင်း မရှိဘဲနဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
သူ့ဝိညာဉ်ကွန်ယက်က သူ့အတွက် ထိုကမ္ဘာများကို စောင့်ကြည့်ပြီး သူ့အားရောက်ရှိလာမည့် ကပ်ဘေးအတွက် သတင်းအချက်အလက်များကို သိနေစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ ထိုအခြေစိုက်စခန်းများဖြင့် သူသည် တစ်ကမ္ဘာမှ တစ်ကမ္ဘာ ဆက်သွယ်ရန် ယွမ်ခေတ်ကာလများစွာ သုံးဖို့ မလိုအပ်တော့ပေ။
“အဲ့ဒီထူးကဲသာလွန်မှု အင်အားစုတွေရဲ့ ဟွင်သွမ်းကမ္ဘာကကော ဘယ်လိုလဲ”
“သူတို့တွေက အနည်းငယ်စစ်ဆေးမှုနဲ့ အာရုံထွေပြားနေတုန်းမှာ ကျွန်မတို့ရဲ့အကောင်းဆုံး သူလျှိုတွေကို စေလွှတ်ပြီးတော့ ကောင်းကင်လှည့်ဖျားရေးအစီအရင်နဲ့ အခြေစိုက်စခန်းတွေကို တည်ဆောက်ဖို့ စေလွှတ်ထားပါတယ်”
“မဟုတ်သေးဘူး။ ငါ ဒီတာဝန်ကို တခြားသူတွေကို မယုံကြည်နိုင်သေးဘူး။ မင်းကိုယ်တိုင် လုပ်လိုက်”
“ဒါပေမဲ့ အရှင် ကျွန်မ သွားနေရင် အရှင့်ကို ဘယ်သူခစားမှာလဲ”
“ရှဲ့မျိုးနွယ်က မင်း မရှိတုန်းက ခစားလိမ့်မယ်။ ပြီးတော့ ငါက မင်းကိုစေလွှတ်ရတာ နောက်ထပ်အစီအစဉ်တစ်ခုလည်း ရှိသေးတယ်”
“ကျွန်မ နားလည်ပါပြီ”
“အဲ့ဆိုတော့ ဒါက မင်း သိဖို့လိုအပ်တဲ့အချက်နဲ့ မင်းရဲ့တာဝန်တွေပဲ” ဝမ်ဝေ့က သူမ၏နဖူးကို လက်ညှိုးထိုးကာ သတင်းအချက်အလက်များအား စိတ်ထဲ တိုက်ရိုက်ပို့ဆောင်ပေးလိုက်သည်။ အနီရောင်မျက်နှာဖုံးက ဦးညွှတ်ပြီးသည့်နောက်တွင် အရိပ်များကြား ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က နောက်အစီအစဉ်ကို စဉ်းစားနေစဉ် စစ်ဆေးမှုအပြီး အနာဂတ်အတွက် ပြင်ဆင်မှုများကို စီစဉ်ထားသည်။
ထို့နောက် သူက လူနှစ်ဦးကို ဆင့်ခေါ်ခဲ့သည်။
“အရှင်” အဆိပ်နတ်ဆိုးမနှင့် မီးတောက်ပန်းပဲဆရာတို့က ဦးညွှတ်လိုက်သည်။ ထိုနှစ်ယောက်က လေလွင့်ကျင့်ကြံသူများနှင့် ရောက်ရှိလာကြသည့်အတွက် စစ်ဆေးမှုစတင်ကတည်းက သူတို့၏ ပထမဆုံး တွေ့ဆုံမှုဖြစ်ပေသည်။
“မင်းက ငါ့ကို စိတ်မပျက်စေဘူးပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
“ခေါင်းဆောင်ရဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်” နတ်ဆိုးမက အလေးအနက် ပြောလိုက်စဉ် မီးတောက်ပန်းပဲဆရာက လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်မှုနှင့် လေးစားမှုကို ပြသလိုက်သည်။
“ငါက မင်းတို့ကို အခွင့်အရေးပဲ ပေးလိုက်တာပဲ။ မင်းတို့ရဲ့ ပါရမီနဲ့ စွမ်းရည်ကြောင့် ဒါကို ရရှိခဲ့တာ။ ကဲ ဒါတွေထားလိုက်တော့။ မင်းတို့တွေ ငါ့အတွက် တစ်ခု လုပ်ပေးဖို့လိုတယ်” ဝမ်ဝေ့က ပုံမှန်အတိုင်းပြန်ပြောလိုက်ပြီး ပုံစံများ ရေးဆွဲထားသည့် အဆောင်တစ်ခုကို ပေးလိုက်သည်။
“အဲဒါ မင်းတို့လုပ်နိုင်လား”
“သာမန်အခြေအနေအောက်မှာဆိုရင်တော့ဒါက ကျုပ်ရဲ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေတယ်” မီးတောက်ပန်းပဲဆရာက သုံးသပ်လိုက်သည်။
“ဒါပေမဲ့ ခေါင်းဆောင်အကြံပြုတဲ့အတိုင်း ဒီစစ်ဆေးမှုရဲ့ ထူးကဲတဲ့အစွမ်းနဲ့ဆိုရင်တော့ ကျုပ် အောင်မြင်လောက်တယ်”
“ကျွန်မအတွက်လည်း တူတူလောက်ပဲ” အဆိပ်နတ်ဆိုးမက အကြည့်များ တောက်ပလာကာ ပြောလိုက်သည်။ အဆိပ်သခင်တစ်ယောက်အနေဖြင့် သူမက အားကောင်းသည့် အဆိပ်ကို ဖန်တီးခြင်းအပြင် သဘောကျသည့်အရာ မရှိပေ။ သူမက ဤအဆိပ်ကို ဖန်တီးနိုင်သရွေ့ ဤသည်က သူမ၏ အပြောင်မြောက်ဆုံးလက်ရာ ဖြစ်လာလိမ့်မည်။
“မင်း လိုအပ်တာတွေကို ပြောလေ” ဝမ်ဝေ့က မေးလိုက်သည်။
“အခု အသစ်ပြုပြင်မွမ်းမံရေးမျှော်နန်းဆောင်မှာ ပစ္စည်းတွေ လဲလှယ်လို့ရတယ်လို့ ကြားတယ်။ အဲ့ဆိုတော့ ကျုပ် အမှတ်တချို့ လိုအပ်တယ်” မီးတောက်ပန်းပဲဆရာက တုန့်ဆိုင်းခြင်း မရှိဘဲ ပြောလိုက်သည်။
“ကျွန်မလည်း အဆိပ်ကို အဲ့ဒီအနေအထားထိ ရောက်အောင် မလုပ်နိုင်ခင် စမ်းသပ်ဖို့လိုသေးတာကြောင့် အမှတ်တွေ လိုပါသေးတယ်” နတ်ဆိုးမက ထပ်ပြောလိုက်သည်။
“ငါ အားလုံးကို ပြင်ဆင်ပေးမယ်” ဝမ်ဝေ့က သူတို့အား သူ့တွင် ရှိနေသည့်အရာများကို ပထမဆုံးရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပေးလိုက်သည်။ ထို့နောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူတို့ ထွက်ခွာသွားသည်ကို ကြည့်လိုက်၏။
သူတို့နှစ်ယောက်နဲ့ဆိုရင် အတားအဆီးကို ရှင်းထုတ်နိုင်မဲ့ အစီအစဉ်က ပိုပြီးနီးစပ်လာပြီ …
ဝမ်ဝေ့က သူ့တောင်မှ ထွက်လာပြီး ပြုပြင်မွမ်းမံရေးမျှော်နန်းဆောင်ကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ထျန်းရွှမ်က သူ့ကို သတင်းစကားချန်ထားလေ၏။ ထိုသူက စိတ်မရှည်တော့သည့်အတွက် ဝမ်ဝေ့က သူ့လူနှစ်ယောက်အား ငွေကြေးထောက်ပံ့ပေးဖို့ အမှတ်များကို အရှက်မဲ့စွာ တောင်းဆိုလိုက်သည်။ သူက သတင်းစကားချန်ထားပြီးသည့်နောက်တွင် အမဲလိုက်ရာသို့ ပြန်လာခဲ့လိုက်၏။