← Chapters

အရေးကြီးသည့်ပစ်မှတ်

Vol. 105 Ch. 1461

အရေးကြီးသည့်ပစ်မှတ်

Vol. 105 Ch. 1461

စုတန်တန်၊ ရှဲ့ရှောင်လဲ့နှင့် ကျန်ရှိနေသည့်အသက်ရှင်သူများက ထန်လန်ဟွားအား တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး ရှေးဦးမျိုးစေ့အား ဒေါသထွက်စေအောင် သူမ မည်သည့်အရာပြုလုပ်ခဲ့တာလဲဟု စဉ်းစားနေကြလေ၏။ သူတို့က ဤကဲ့သို့ ရက်စက်သည့်အပြစ်ပေးမှုက လိုအပ်သည်လား မေးချင်ကြလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့အပြုအမူများကို ရှင်းပြခြင်း မရှိပေ။

ထို့နောက် ထန်လန်ဟွားက မိနစ်ပိုင်းခန့် အော်ဟစ်ပြီးသည့်နောက်တွင် သူမ၏ ပါးစပ်ကို ဟကာ အနက်ရောင် အခိုးအငွေ့တစ်ခုကို ထုတ်လွှတ်လာလေ၏။ ဝမ်ဝေ့က အဆင်သင့်အနေအထားဖြင့် ထိုအရာကို ကုဗတုံးအတားအဆီးထဲ ထည့်သွင်းကာ ပိတ်ဆို့လိုက်သည်။ သူက ထိုအခိုးအငွေ့သည် ဖြည်းဖြည်းချင်းဖြင့် အနက်နှင့်အပြာရောင် ကင်းခြေများအသွင်ပြောင်းလဲသွားသည်ကို ကြည့်နေလိုက်သည်။

“ဒါက အရင်းအမြစ်အိမ်မက်လိပ်ပြာရဲ့ ပထမအဆင့် မဟုတ်ဘူးလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။ အရင်းအမြစ်အိမ်မက်လိပ်ပြာဆိုသည်က အိမ်မက်စွမ်းအားမှ မွေးဖွားလာသည့် စိတ်ဝိညာဉ်သက်ရှိ ဖြစ်ပေသည်။ ထိုအရာက အိမ်မက်နှင့် အိမ်မက်ဆိုး တာအိုကျင့်ကြံသူများအတွက် အကောင်းဆုံးလက်တွဲဖော်ဟု မှတ်ယူ၍ ရပေသည်။ ထိုအရာက သူတို့၏ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးပြီးတိုက်ပွဲ၌ပင် အကူအညီပေးနိုင်လေ၏။

“မဟုတ်ဘူး။ ဒါက သာမန်အရင်းအမြစ်အိမ်မက်လိပ်ပြာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ဆင့်ကဲပြောင်းလဲပြီးတော့ ကပ်ပါးအဖြစ် ပြောင်းလဲထားတာ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ဘာလို့လဲ။ သူတို့က ကျွန်မတို့ဂိုဏ်းကို ကျူးကျော်ချင်တာလား” စုတန်တန်က မေးလိုက်သည်။

ဝမ်ဝေ့က သူမအား ပြန်မဖြေပေ။ သူမ၏ သုံးသပ်မှုက အပေါ်ယံမျှသာ ဖြစ်နေလေ၏။ ထိုလိပ်ပြာက ကမ္ဘာ့သမိုင်းကြောင်းသော့ခလောက်အတွက် တုန့်ပြန်မှုတစ်ခု ဖြစ်ပေသည်။ သော့ခလောက်က နယ်ခြားများအား သတင်းအချက်အလက် မသိစေအောင် တားဆီးထားလေသည်။

လိပ်ပြာ၏ ရည်ရွယ်ချက်က ထန်လန်ဟွားအား ကျင့်ကြံဖို့ရာ ကူညီပေးသည်ဟူသော အယောင်ပြအောက်တွင် သူမ၏တည်ရှိမှုကို ဖြည်းဖြည်းချင်း လေ့လာသုံးသပ်ဖို့ရာ ဖြစ်၏။ လိပ်ပြာက လုံလုံလောက်လောက် နားလည်သွားသည်နှင့် သူကိုယ်တိုင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ နယ်ခံအဖြစ် သတ်မှတ်ခံရအောင် လုပ်ကာ ထန်လန်ဟွားအား မသိစေဘဲ သတင်းအချက်လက်များကို ရယူနိုင်လိမ့်မည်။

အဲ့ဒီအင်အားစုတွေက သော့ခလောက်ကို ချိုးဖောက်ဖို့ နည်းလမ်းရှိတယ်ဆိုတာကို သိထားပေမဲ့ သူတို့တွေက မြန်မြန်ဆန်ဆန် နည်းလမ်း ထုတ်ဖော်လာလိမ့်မယ်လို့တော့ ထင်မထားမိဘူး …

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုအခြေအနေက သူ ထင်ထားသည်ထက် ပိုမိုမြန်ဆန်နေလေ၏။ သူ့အနေနှင့် ထိုအင်အားစုများက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အခြေအနေကို သိဖို့ရာ အချိန်တစ်ခုမျှသာ ကြာမြင့်တော့မည်ဖြစ်ကြောင်း သိထားပေသည်။

ဝမ်ဝေ့က သူ့ဂိုဏ်းမှ လူများကို ကြည့်လိုက်ပြီး သူတို့၏ တည်ရှိမှုများကို စစ်‌ဆေးကြည့်လိုက်လေ၏။ ကံကောင်းစွာဖြင့် ထန်လန်ဟွားကသာ ပစ်မှတ်ခံထားရဟန်ပေါ်သည်။

“နားထောင်ကြ … အခုကစပြီး မင်းတို့တွေ တွေ့တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို မယုံနဲ့။ မင်းတို့ဆီမှာ တစ်စုံတစ်ခုဖြစ်ခဲ့တယ်ဆိုရင် ဂိုဏ်းကို အကြောင်းကြားကြ။ နားလည်လား” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

အားလုံးက အချင်းချင်း ကြည့်လိုက်ပြီး ထိုအရာက လိုအပ်သည်လားဟု သူတို့၏ အကြည့်များက မေးနေဟန်ပေါ်သည်။

“ထားလိုက်တော့။ ငါ ပြန်ရောက်ပြီးရင် အားလုံးကို စစ်ဆေးမယ်။ မင်းတို့ရဲ့ ကံအပြောင်းအလဲတွေ အကြောင်းလည်း တင်ပြရမဲ့ စည်းမျဉ်းအသစ်တွေ ရှိလာလိမ့်မယ်”

အခြေအနေက ပြောင်းလဲတော့မည်ဖြစ်ပြီး သတိလက်လွတ်နေဖို့ အချိန်မရှိတော့ပေ။ ထို့ကြောင့် ဝမ်ဝေ့က ပြဿနာကို ဇစ်မြစ်အထိ ပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်လေသည်။

“ဂိုဏ်းရဲ့ စည်းမျဉ်းတွေက လူတစ်ယောက်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေက အဲ့ဒီလူပိုင်ဆိုင်မှုလို့ အမြဲတမ်း ပြောခဲ့တာလေ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“မင်းတို့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ပေးဖို့ ဘယ်သူကမှ တောင်းနေတာမဟုတ်ဘူး။ ဂိုဏ်းက မင်းတို့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးတော့ ဘယ်သူကမှ မင်းတို့ကို နယ်ရုပ်အဖြစ် သတ်မှတ်ထားတာ မရှိအောင် စစ်ဆေးရုံပဲ”

ဝမ်ဝေ့က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ သူက ဂိုဏ်းကို ပေးဖို့ ဒုတိယအသုံးဆောင်ပစ္စည်းကို သန့်စင်ဖို့ လိုအပ်နေကြောင်း နားလည်သွားသည်။ မဟုတ်ပါက သူသည် ထိုလုံခြုံရေးနည်းလမ်းများအတွက် အချိန်များစွာ ကုန်ဆုံးနေရမည်။

“ဒါပေမဲ့ ...”

“ငါတို့ရဲ့ ဂိုဏ်းက ကပ်ဘေးခံရတော့မှာကို ဒီလိုသတိထားမှုမျိုးနဲ့ လုံခြုံမှုမျိုးက လိုအပ်တယ်။ မင်းတို့တွေက စိတ်သဘောထားကို ပြောင်းလဲပြီးတော့ ယေဘုယျအခြေအနေကို တွေးသင့်တယ်” စုတန်တန်က ဝင်ဖြတ်ပြောလိုက်သည်။ ထိုလူတချို့က သူတို့၏ စိတ်သဘောထားကို မပြောင်းလဲနိုင်ကြသေးပေ။ ယခုသူတို့က စံပြဖြစ်လာပြီဖြစ်သည့်အတွက် ဂိုဏ်း၏ မဟာအကြီးအကဲများ ဖြစ်လာမည် ဖြစ်ရာ သူတို့၏တွေးခေါ်ပုံကို ပြောင်းလဲဖို့ရန် လိုအပ်လှသည်။

“ကောင်းပြီလေ။ မင်းတို့တွေ နေသားကျအောင်လုပ်ဖို့ အချိန်အများကြီးရှိသေးတယ်။ ငါက မင်းတို့ကို တခြားတစ်ခုအတွက် ခေါ်လိုက်တာ။ အခု မင်းတို့တွေ ထွက်သွားရမဲ့အချိန်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အခုလား ချက်ချင်းလား” ယန်းကျဲက မေးလိုက်သည်။

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက သူတို့ထဲမှတချို့သည် ကိုယ်ပိုင်သုံးသပ်ကာ အကြောင်းအရင်းကို နားလည်ကြောင်း ချက်ချင်း သဘောပေါက်လိုက်မိသည်။

လူတချို့က ခန္ဓာကိုယ်လေ့ကျင့်သူများဖြစ်ပြီး ထိုအခွင့်အရေးအား အခွင့်ကောင်းယူကာ မကောင်းဆိုးရွားနတ်ဘုရား ပဉ္စမအဆင့်ထိရောက်အောင် ကြိုးစားကြည့်လိုကြသည်။

“ဒီစစ်ဆေးမှုက ဘေးမကင်းဘူး။ ဆိုလိုတာက မင်းတို့တွေ ထွက်သွားရမဲ့အချိန်ပဲ” တာအိုအခွင့်အလမ်းဂိုဏ်း၏ ပြိုင်ပွဲဝင်များက သူသည် ခေါင်းဆောင်ဖြစ်သည့်အတွက် မည်သူကမှ ငြင်းခုန်မနေကြပေ။ လူတချို့က စံပြဖြစ်လာပြီးသည့်နောက်တွင် မောက်မာလာကြသော်လည်း သူတို့က သူတို့ရင်ဆိုင်နေရသည့် လူက မည်သို့သော မကောင်းဆိုးဝါးမှန်း ကောင်းကောင်းသိထားကြလေ၏။

နောက်အဆင့်ကတော့ ကျန်ရှိနေသေးတဲ့ အသက်ရှင်သူတွေကို စစ်ဆေးကြည့်ရမှာပဲ ...

ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့ဝိညာဉ်ကွန်ယက်ကို အသုံးပြုကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကျန်ရှိနေသေးသည့် အသက်ရှင်သူများနှင့် တွေ့ဆုံလိုက်သည်။ ထိုအစည်းအဝေးက သူတို့အား စောစီးစွာ ထွက်သွားရန် သတိပေးဖို့ရာ ဖြစ်၏။ သို့သော်လည်း သူ့တကယ့်ရည်ရွယ်ချက်ကမူ တည်ရှိမှုတိတ်တဆိတ် လှုံ့ဆောင်ခံထားရသူများကို ရှာဖွေဖို့ရာ ဖြစ်သည်။ ထင်ထားသည့်အတိုင်း သူက လူခုနစ်ယောက်နှင့်အထက် ရှာဖွေတွေ့ရှိခဲ့သည်။

ဝမ်ဝေ့က ထိုသူများကို ချက်ချင်း မဖြေရှင်းသေးပေ။ ထိုအစား သူက သူတို့၏ ခန္ဓာကိုယ်အပေါ် သူ့ဆုံမှတ်နည်းစနစ်ဖြင့် အမှတ်အသား တိတ်တဆိတ် ထားရှိကာ သူတို့တွေ အိမ်ပြန်မရောက်ခင်အထိ အသက်ဝင်လာမှုကို နှောင့်နှေးထားလိုက်သည်။ သူက မြန်ဆန်သည့် တုန့်ပြန်မှုမျိုးဖြင့် သူလျှိုများကို ဖယ်ရှားခြင်းဖြင့် ရန်သူကို အလန့်တကြားဖြစ်အောင် အသိမပေးစေလိုပေ။

‌ကောင်းပြီလေ .. အခုတော့ ငါ့ကိစ္စလုပ်ရမဲ့အချိန်ပဲ …

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ဘေးကင်းဇုန် တစ်နေရာရှိ ဘုံကျောင်းဆီ ပြန်လာလိုက်သည်။ ထိုဘုံကျောင်းက လူဦးရေအထူထပ်ဆုံးနှင့် အဝေးကွာဆုံးနေရာတွင် တည်ရှိပြီး လူအများစုအား လျစ်လျစ်ရှုထားစေနိုင်သည့် အစီအရင်စွမ်းအားမျိုး ထုတ်လွင့်နေလေသည်။ ထိုဗိမာန်က မီးခိုရောင်စကျင်ကျောက်များဖြင့်‌ ဆောက်လုပ်ထားခြင်း ဖြစ်၏။

ဝမ်ဝေ့က သတိထားမိသည့် ပထမဦးဆုံးအရာက ကံကြမ္မာမြစ်ကြောင်း သို့မဟုတ် ထိုအရာကို ကိုးကွယ်နေသည့် လူများ ပါဝင်နေသည့်ပုံများ ရေးထွင်းထားခြင်း ဖြစ်၏။ ဗိမာန်၏အ‌ပေါ်တွင် ကန်းနေသည့် မျက်လုံးတစ်လုံး ရှိနေပြီး အလုံးစုံသိမြင်ပကတိဘုံကျောင်း၏ ပြယုဂ်ကို ကိုယ်စားပြုလေသည်။

ဝမ်ဝေ့က သူ့အသိစိတ်ပင်လယ်အတွင်းရှိ ကောင်းကင်လှည့်ဖျားရေးအစီအရင်ကို ကန့်သတ်ချက်အထိ ရောက်အောင် အသက်သွင်းလိုက်၏။ ထို့နောက် သူက ဗိမာန်အတွင်း ဝင်ရောက်သွားလေသည်။ အစီအရင်အားလုံးနှင့် ခုခံမှုအားလုံးက လှည့်ဖျားခံလိုက်ရပြီး သူ မတည်ရှိသကဲ့သို့ဖြစ်နေလေ၏။ ထို့ကြောင့် ဝမ်ဝေ့က ဗိမာန်အတွင်း လျှောက်သွားကာ သက်ရှိကို အာရုံခံမိသည့်အခန်းအတွင်း ဦးတည်ခဲ့သည်။

“အဲ့ဒီအဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ကောင်စုတ်တွေ” အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ရေရွတ်လိုက်သည်။ ဝမ်ဝေ့က ထိုအမျိုးသမီးကြီးသည် အရူးသဖွယ် ဆေးလုံးများကို သောက်သုံးရင်း ကြေးမုံကို အံကြိတ်ကြည့်နေကြောင်း မြင်လိုက်ရသည်။ ဤအခန်းအတွင်း နေထိုင်သည့် အငွေ့အသက်အရ သူမသည် အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာအကြောင်းသတင်းအချက်အလက်ကို ကောက်ချက်ချဖို့ ကြိုးစားကြည့်ရင်း ကျရှုံးသွားကာ ဖြစ်စဉ်အတွင်း တန်ပြန်သက်ရောက်မှုတချို့ကို ခံစားလိုက်ရလေသည်။

“ငါ မင်းရဲ့ နည်းလမ်းကို မဖောက်ထွင်းနိုင်ဘူးလို့ မယုံဘူး” အသက်ကြီးကြီးအမျိုးသမီးက အံကြိတ်ကာ တွေးလိုက်သည်။ ထို့နောက် သူမ၏ နဖူးအထက် တတိယမျက်လုံး ပေါ်ထွက်လာပြီး သူမက လက်ကိုဖောက်ကာ ရွှေရောင်သွေးစက် ငါးစက်ကို ထုတ်လွှတ်လိုက်သည်။

“ခင်ဗျားက သေလို့လဲ မဖြစ်ဘူး။ အားနည်းသွားလို့လဲ မဖြစ်သေးဘူး”

“ဘယ်သူလဲ” အသက်ကြီးကြီးအမျိုးသမီးက ခြေငါးလှမ်းနောက်ဆုတ်ကာ လှည့်ကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည့်အရာက ဗလာနတ္ထိပြယုဂ်သာ ဖြစ်၏။ ဝမ်ဝေ့က သူမအနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာကာ အတွေးတစ်ချက်ဖြင့် ထိုရွှေရောင်သွေးစက်များက သူမ၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်သွားသည်။ ထို့နောက် သူက ယခင်ဖန်တီးထားသည့် မျိုးစေ့အသုံးအဆောင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းလိုက်၏။

“ပြီးသွားပြီ”

သူက ရေရွတ်ပြီးသည့်နောက်တွင် မျိုးစေ့က သူမနှင့် အခြေခံအနေအထား ပေါင်းစည်းသွားသည်ကို ကြည့်နေလိုက်၏။ ဝမ်ဝေ့က အလုံးစုံကံကြမ္မာကပ်ဘေး နိမိတ်အကြောင်း စိုးရိမ်နေခဲ့ပြီး သူ့အကြောင်း ရှာဖွေတွေ့ရှိသွားခြင်း မရှိအောင် မြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ခုကို စီစဉ်နေခဲ့သည်။

သူက အစီအစဉ်များစွာ ဖန်တီးထားခဲ့ပြီး ကောင်းကင်လှည့်ဖျားရေးအစီအရင်ဖြင့် သူသည် ကံကြမ္မာတာအိုကို ဆုံးရှုံးလိုက်ရသည်ဟူသော ဟန်ဆောင်မှုမျိုးကို ပြုလုပ်ဖို့ရာပင် တွေးခဲ့လေသည်။ သူက ဝိရောဓိအခမ်းအနားကို အသုံးပြုပြီး လူအများအား သူ့အကြောင်းသိထားသမျှကို ပြောင်းလဲဖို့ စီစဉ်ထားခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် ထိုအစီအစဉ်များက ရှုပ်ထွေးလွန်းလှပြီး သူ့အပေါ် သံသယလျော့ကျစေမည့်အစား တိုးမြှင့်သွားနိုင်ချေရှိကြောင်း သဘောပေါက်မိသွားသည်။

ထို့နောက် သူက နောက်ဆုံးတွင် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။ သူ့အဓိက ပြဿနာဇစ်မြစ်က နိမိတ်မှ ဖြစ်ပေါ်လာသည့်အတွက် ထိုနေရာမှစတင်ဖို့ ဆုံးဖြတ်လိုက်လေ၏။ သူက သူ့ကိုယ်ပိုင်နိမိတ်အား သူကိုယ်တိုင် ရေးထည့်ပြီး လူများအား လမ်းမှားရောက်စေဖို့ ထည့်ပေါင်းလိုက်သည်။

“အလုံးစုံပကတိသိမြင်ဘုံကျောင်းက ဘာလဲဆိုတာ ကြည့်ရအောင်”

ဝမ်ဝေ့က ရေရွတ်ခြင်းဖြင့် ထိုအသက်ကြီးကြီးအမျိုးသမီးဆီမှ ရယူထားသည့် သတင်းအချက်အလက်များကို ပြန်လည်သုံးသပ်လိုက်၏။ ပထမဦးစွာ သူမ၏ နာမည်က အဖွားကျူဖြစ်ပြီး စံပြတစ်ယောက် ဖြစ်ပေသည်။ ဗိမာန်အတွင်း သူမ၏အဆင့်အတန်းက ဒုတိယတန်းစားမှ ပထမတန်းစားအဖြစ် သတ်မှတ်နိုင်လေသည်။ အကယ်၍ သူမသာ ထိပ်တန်းစံပြတစ်ယောက် ဖြစ်လာပါက သူမသည် အထွတ်အထိပ်အမျိုးအစား နိမိတ်ဖတ်သူ ဖြစ်သွားပြီး ထိုအထက်တွင် ရှေးဦးနိမိတ်ဖတ်သူ ရှိလေသည်။ သို့သော်လည်း ဘုံဗိမာန်အတွင်း ရှေးဦးနိမိတ်ဖတ်သူ တစ်ဦးသာ ရှိလေ၏။ သူမက အလုံးစုံကောင်းကင်ကံကြမ္မာကပ်ဘေးကို ပြုလုပ်ခဲ့သူ ဖြစ်ပေသည်။

“ကြည့်ရတာ ငါ သူမကို ရှေးဦးစံပြတစ်ယောက်အဖြစ် မြှင့်တင်ပေးဖို့ လိုအပ်နေတဲ့ပုံပဲ” ဝမ်ဝေ့က ငြီးတွားလိုက်သည်။ အဖွားကျူ၏ ကျင့်ကြံဆင့်က ၉၁% သာ ရှိသည့်အတွက် ရှေ့ဆက်ရမည့် လမ်းအရှည်ကြီး ရှိနေလေသည်။ သတင်းကောင်းကမူ ယခု သူမက ဝမ်ဝေ့နှင့် အသုံးအဆောင်ပစ္စည်းမှတဆင့် ဆက်နွယ်သွားသည့်အတွက် သူမအား သူ ရောက်စေလိုသည့်အဆင့်ကို ရောက်စေဖို့ ကြိုးကိုင်ရာ၌ ပြဿနာရှိတော့မည် မဟုတ်ပေ။

နိမိတ်အကြောင်းကို  မြန်မြန် သတင်းထုတ်လွှတ်ချင်ပေမဲ့ ရှေးဦးနိမိတ်ဖတ်သူကို တိတ်တဆိတ်မရှင်းထုတ်နိုင်သရွေ့ ဒီကိစ္စက မဖြစ်နိုင်ဘူးပဲ …

ဝမ်ဝေ့က ခေါင်းအသာယမ်းရင်း တွေးလိုက်သည်။

All Chapters