တစ်စုံတစ်ဦးက စတင်လှုပ်ရှားလာလေပြီ
Vol. 105 Ch. 1462
ဝမ်ဝေ့သည် အဖွားကျူ၏ ဝိညာဉ်ဆီမှ ရရှိသော အသိပညာ သို့မဟုတ် သတင်းအချက်အလက်များကို ဆက်လက်သုံးသပ်နေသည်။ များစွာသော အချက်အလက်များတွင် ကန့်သတ်ချက်များ ရှိနေပြီး သူ့အနေနှင့် ထိုအရာများကို ဖယ်ရှားနိုင်သော်လည်း မတော်တဆမှုများ မဖြစ်ပွားစေရန် ဖြည်းဖြည်းချင်း လုပ်ဆောင်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
အလုံးစုံပကတိသိမြင်ဘုံကျောင်းသည် အချိန်အတော်ကြာ တည်ရှိခဲ့ပြီး သူတို့၏ ဩဇာကား ဟွင်သွမ်းစကြဝဠာအများစုတွင် လူသိများ၏။ သူတို့ ရရှိထားသည့် အချက်အလက်ပမာဏမှာ စိတ်ကူးမယဉ်နိုင်အောင် များပြားလှသည်။
ဒီလူတွေက နောက်ထပ် သတင်းအချက်အလက် အရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မယ် …
ဝမ်ဝေ့က ဆက်လက် တွေးတောသည်။
ဒီကောင်တွေက သောက်ရမ်း ချမ်းသာလွန်းတယ် …
ဘုံကျောင်းသည် အလွန်မြင့်မားသော ဈေးနှုန်းများ တောင်းခံခြင်းကြောင့် နာမည်ကျော်ပြီး သူတို့၏ ရှည်လျားသော သက်တမ်းတစ်လျှောက် ကြီးမားသော စည်းစိမ်ဥစ္စာများကို စုဆောင်းနိုင်ခဲ့သည်။
ဘာလို့ သူတို့ကို ဘယ်သူမှ မရှင်းထုတ်ပစ်ရတာလဲ …
သူတို့ ဘုံကျောင်းတွင် ရှေးဦးစံပြတစ်ဦးသာ ရှိသော်လည်း သူတို့၏ စည်းစိမ်ဥစ္စာ သို့မဟုတ် အချက်အလက်များကို အဘယ်ကြောင့် မည်သူကမှ စိတ်မဝင်စားကြသနည်း။
အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင်တုန်းကတော့ နာမည်ဂုဏ်သတင်းက သူတို့ကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ အခုတော့ ...
ဘုံကျောင်းသည် လူများစွာကို ကူညီခဲ့ဖူးသည်။ ထို့ကြောင့် အန္တရာယ်ကြုံလာသောအခါ အကူအညီတောင်းခံနိုင်ပြီး၊ ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းများစွာသည် သူတို့၏ ကံကြွေးကို ပြန်ဆပ်ရန် စေတနာထားပြီး ကူညီကြရမည်သာ ဖြစ်၏။
သို့သော် အကြွင်းမဲ့တားမြစ်ချက် ဖြစ်ပွားပြီးသည့်နောက်တွင် အခြေအနေများ ပြောင်းလဲသွားပြီး ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စည်းမျဉ်းများကို လျစ်လျူရှုနိုင်သော သက်ရှိများ ပေါ်ပေါက်လာသည်။
ဝမ်ဝေ့သည် ထိုသူ၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်ရာ တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအရာသည် လျှို့ဝှက်ချက်ပင် မဟုတ်ပေ။
အလုံးစုံပကတိသိမြင်ဘုံကျောင်းသည် ထိုအရာကို တားဆီးရန် ကမ္ဘာထံ သတင်းထုတ်ပြန်ထားသည်။ သူတို့၏ ဘုံကျောင်းတွင် ကံကြမ္မာ အပြစ်ပေးလက်စွပ်ဟု ခေါ်သော အရာတစ်ခု ရှိနေသည်။ သူတို့၏ အစောပိုင်းကာလများတွင် တည်ထောင်သူက ဟွင်သွမ်းစကြဝဠာတစ်ဝှမ်းမှ အကြားအမြင်ဆရာသခင်များ သို့မဟုတ် နိမိတ်ဖတ်သူများအတွက် ဂိုဏ်းတစ်ခု တည်ဆောက်လိုကြောင်း သိခဲ့သည်။
တည်ထောင်သူသည် စံပြအဆင့် အကြားအမြင်ဆရာသခင်များပင်လျှင် အချို့သော နိမိတ်ဟောခြင်းများအတွက် ကြီးမားသော အဖိုးအခ ပေးဆပ်ရမည်ကို သိသောကြောင့် များပြားလှသော ဆိုးကျိုးများကို လက်ခံနိုင်ရန် ဤ ကံကြမ္မာလက်စွပ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဤနှစ်များတစ်လျှောက် ကံကြမ္မာလက်စွပ်သည် အကြားအမြင်ဆရာသခင်မြောက်မြားစွာ၏ ဆိုးကျိုးများကို စုပ်ယူခဲ့ပြီး အလွန်အားကောင်းသော ကံကြမ္မာလက်နက်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုအရာက ထူးကဲသာလွန်မှုအဆင့် ပုဂ္ဂိုလ်များပင် သတိထားရမည့် အရာဖြစ်လာခဲ့သည်။
ကံကြမ္မာရဲ့ အပြစ်ဒဏ် …
ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့အနေနှင့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များသည် ထိုကံကြမ္မာလက်စွပ်၏ စွမ်းအားကို အလွန်ကြောက်ရွံ့ကြသည် မဟုတ်ဘဲ ထိုအရာ၏ သက်ရောက်မှုကို ပို၍ ကြောက်ရွံ့ကြသည်ဟု မှတ်ယူမိ၏။
ထိုလက်စွပ်၏ တိုက်ခိုက်ခြင်းကို ခံရပါက အသက်ရှင်နိုင်သော်လည်း ထိုအရာက သူတို့အပေါ် အမှတ်အသားတစ်ခု ချန်ထားခဲ့မည် ဖြစ်သည်။ ထိုအမှတ်အသားကို ကံကြမ္မာမြစ်ကြောင်းက သူတို့အား ထိန်းချုပ်ရန် သို့မဟုတ် ဒုက္ခပေးရန် အသုံးပြုလာလိမ့်မည်။
ဤကံကြမ္မာလက်စွပ်သည် သေမျိုးအဆင့် ကျင့်ကြံရေးတွင် အကုသိုလ် သို့မဟုတ် ကံဝဋ်ကြွေးများ၏ လုပ်ဆောင်ခဲ့ပုံနှင့် ဆင်တူလေသည်။ ပိုမိုမြင့်မားသည့်အဆင့်ကမူ ချွင်းချက် ဖြစ်၏။
ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များသည် ဟွင်သွမ်းစကြဝဠာ၏ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များမှ ကင်းလွတ်နေကြသူများဖြစ်သည့်အတွက် ကံကြမ္မာမြစ်ကြောင်း၏ အမျက်ဒေါသကို ခံရခြင်းသည် သူတို့မလိုချင်ဆုံးအရာ ဖြစ်ပေသည်။
ပြီးတော့ ကံကြမ္မာမြစ်ကြောင်းတစ်ခုတည်း မဟုတ်ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။
ကံကြမ္မာကာဒီနယ်လည်း ရှိသေးတယ် …
အလုံးစုံပကတိသိမြင်ဘုံကျောင်း၏ သမိုင်းတွင် ထူးကဲသာလွန်မှုအဆင့် တစ်ဦးသည် တစ်ခုခု ကြိုးစားခဲ့ပြီး ကံကြမ္မာကာဒီနယ်က ထိုအရာကို ဆင်ခြေအဖြစ် အသုံးပြုကာ သူတို့အား စစ်တုရင်ရုပ်အဖြစ် ပြောင်းလဲခဲ့လျှင်ပင် သူ အံ့သြမိမည် မဟုတ်ပေ။
ဒါပေမဲ့ ဒီလက်စွပ်က ငါ့အတွက် သတင်းကောင်းပဲ …
ဝမ်ဝေ့က အကြည့်များ တောက်ပလာကာ တွေးလိုက်မိသည်။ ဤဆိုးကျိုးသည် အခြားသူများအတွက် အပြစ်ဒဏ်ဖြစ်သော်လည်း၊ သူ့လိုလူအတွက် အကောင်းဆုံးသော အာဟာရ ဖြစ်သည်။ အထူးသဖြင့် သူ ပြင်ဆင်ထားနိုင်သည့်အခါ ပို၍ ကောင်းသည်။
ဒါပေမဲ့ ငါတစ်ယောက်တည်း မဟုတ်ဘူး …
ဝမ်ဝေ့သည် ဤကံကြမ္မာဆိုးကျိုးကို လျစ်လျူရှုနိုင်သူ အခြားသူအချို့ကို စဉ်းစားလိုက်၏။ ထိုသူများထဲတွင် အခြားသော ကံကြမ္မာမျိုးစေ့များလည်း ပါဝင်သည်။ သို့သော် သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ကံကြမ္မာ မဟာတာအို ရာထူး ဆုပ်ကိုင်ထားသူ ဖြစ်သည်။
မေးစရာတစ်ခုက ဘာလို့ အဲဒီလူတွေက မလှုပ်ရှားသေးတာလဲ …
ဘုံကျောင်း၏ သတင်းအချက်အလက်ကွန်ရက် သို့မဟုတ် သူတို့၏ စည်းစိမ်ဥစ္စာများကို သူတစ်ယောက်တည်းသာ တောင့်တလိုချင်နေလိမ့်မည်ဟု သူ မယုံပေ။
ငါ သတိထားရမယ် …
ဝမ်ဝေ့ ဆုံးဖြတ်လိုက်သည်။
သူက သူမ၏ မှတ်ဉာဏ်များကို လေ့လာပြီးသည့်နောက် ဘုံကျောင်းအတွင်း အဖွားကျူ၏ ရာထူးတိုးတက်မှုကို သံသယမဝင်စေဘဲ မည်ကဲ့သို့ အကွက်ချပုံဖော်ရမည်ကို ရှေ့ပြေးအစီအစဉ်တစ်ခု ရေးဆွဲခဲ့သည်။ သူမတွင် အထွတ်အထိပ် နိမိတ်ဖတ်သူ ဖြစ်သည့် ဆရာတစ်ဦးရှိနေသည့်အတွက် သူမသည် စမ်းသပ်မှုတွင် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
သို့သော် ဘုံကျောင်းသည် အခြားသော ဂိုဏ်းများကဲ့သို့ပင် လူများစွာ ရှိနေသောကြောင့် ပြိုင်ဆိုင်မှုနှင့် ပဋိပက္ခများ ပေါများလှသည်။ အဖွားကျူ၏ တာဝန် ကျရှုံးသည့်အခါ သူမက အပြစ်ပေးခံရနိုင်၍ ဝမ်ဝေ့၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲစေသည်။
ဒီစစ်ဆေးမှုမှာ အချက်အလက်အနေနဲ့ အသုံးပြုဖို့ တန်ဖိုးရှိတဲ့ တစ်ခုခု ဖြစ်လာရမယ်။ တာဝန်ကျရှုံးတာကို ဖုံးကွယ်ဖို့ အဲဒါကို အသုံးချမယ် ….
သူ တွေးလိုက်သည်။
ဝမ်ဝေ့သည် အဖွားကျူကို နောက်ဆုံးအကြိမ် ကြည့်ရှုပြီး အသုံးအဆောင်ပစ္စည်းနှင့် ပေါင်းစပ်မှုတို့တွင် ပြဿနာ ရှိ၊ မရှိ စစ်ဆေးလိုက်သည်။ သူတို့ ဆက်သွယ်နိုင်သည့် နည်းလမ်းဖြစ်သည့် အသုံးအဆောင်ပစ္စည်းဝိညာဉ်နှင့် သူ၏ ဆက်သွယ်မှုကို စစ်ဆေးခဲ့သည်။
အားလုံး အဆင်သင့် ဖြစ်ပုံပဲ …
သူက ရေရွတ်လိုက်ပြီး ဘုံကျောင်းမှ ပျောက်ကွယ်သွားလေသည်။ အဖွားကျူသည် နိမိတ်ဟောရန် မိမိကိုယ်ကို အားနည်းစေသည့် လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်ပြီးနောက် မိမိကိုယ်ကို ကယ်တင်ရန် ရှင်သန်ခြင်းမျှော်စင်သို့ အလျင်စလို သွားလိုက်သည်။
တစ်ချိန်တည်းတွင် ဝမ်ဝေ့သည် ဒုတိယမြောက် တည်ရှိမှုလေ့လာရေး အသုံးအဆောင်ပစ္စည်းကို ဖန်တီးရန် ပြုပြင်မွန်းမံရေးမျှော်စင်သို့ ပြန်လာခဲ့လေသည်။ နှစ်ပေါင်း ၁၅၀၀ ကုန်လွန်သွားခဲ့ပြီး ထိုလက်နက်ပစ္စည်းကို သန့်စင်မွမ်းမံ၍ ပြီးစီးခဲ့လေသည်။
ဝမ်ဝေ့သည် သူ၏ အရည်အချင်းကို မြှင့်တင်ရန် တာအိုမျှော်စင်နှင့် တိုက်ပွဲမျှော်စင်ကို အသုံးပြုနေလိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ တစ်စုံတစ်ခုကို ခံစားမိသဖြင့် ရပ်တန့်လိုက်၏။ သူသည် သူ၏ ကိုယ်ပွားကို မဆိုင်းမတွ စုပ်ယူပြီး မျှော်စင်မှ ထွက်ခွာလာခဲ့သည်။
ပါဝင်ယှဉ်ပြိုင်သူများစွာ ရှိနေဆဲဖြစ်ပြီး စစ်ဆေးမှု တရားဝင်မပြီးဆုံးမီ နောက်ထပ် နှစ် ၁၅၀၀ ကျန်ရှိနေသေးသည်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ပါဝင်ယှဉ်ပြိုင်သူ အများစုသည် ဝမ်ဝေ့၏ သတိပေးချက်ကို ကြားပြီးသည့်နောက် ထွက်ခွာသွားခဲ့ကြသော်လည်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်နေခဲ့ကြသည်။ ဝမ်ဝေ့သည် ဧကရာဇ်ခုံ၏ နေအိမ်ဖြစ်သည့် စာလိပ်စာကြည့်တိုက်ကို လှမ်းကြည့်လိုက်မိ၏။
သူ အဆင်သင့် ဖြစ်နေပုံပဲ …
ဝမ်ဝေ့က တွေးတောပြီးနောက် အာရုံကို စုစည်းလိုက်သည်။
တစ်လကြာပြီးသည့်နောက် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လေသည်။ တစ်စုံတစ်ဦးသည် ကောင်းကင်ယံတွင် ပေါ်လာပြီး ကြယ်များဖြင့် တောက်ပနေပြီး နက်နဲသော စွမ်းအားရှိသည့် အနက်ရောင်ဘုံမြင့်မျှော်နန်း(စေတီ)ကို ဖော်ထုတ်လိုက်သည်။ ထိုဘုံမြင့်မျှော်နန်းမှ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ဝမ်ဝေ့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။
ပါဝင်ယှဉ်ပြိုင်သူများစွာတို့သည် မိမိတို့၏ ရွယ်တူများရှေ့တွင် မျက်နှာပူစွာ မြေပြင်ပေါ် ဖိချခံလိုက်ရ၏။
ဒီ အရှိန်အဝါ …
ဝမ်ဝေ့က တွေးတောကာ ယခင်က သူ မည်သည့်နေရာတွင် ခံစားဖူးသည်ကို မှတ်မိရန် ကြိုးစားလိုက်သည်။ သူ၏ မှတ်ဉာဏ်နှင့် အစွမ်းထက်သော ဝိညာဉ်ကြောင့် ထိုအရာသည် လွယ်ကူသော အလုပ်ဖြစ်သင့်သော်လည်း သူ ပြန်မှတ်မိဖို့ရာ စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။
ကြယ်တာရာကြည့် မျှော်နန်းက အဖိုးကြီး ထျန်းကျိက စတင် လှုပ်ရှားလိုက်ပြီပဲ …
(note : ကြယ်တာရာစူးစိုက် မျှော်နန်းကို ပြင်ရေးထားပါတယ်)
ဝမ်ဝေ့သည် ဘုံမြင့်မျှော်နန်း တည်ရှိရာ အလယ်ဗဟိုချက်နေရာမှ ဖြည်းဖြည်းချင်း ကူးသန်းပြောင်းရွေ့ပြီး ထွက်ခွာလာခဲ့လိုက်သည်။ ထို့နောက် ကြီးမားလှသော အသုံးအဆောင်ပစ္စည်းသည် ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးမှုအပေါ် ကျရောက်လာသည်ကို သူ ကြည့်ရှုနေလိုက်၏။ သို့သော် သူ မျှော်လင့်ထားသည့် ဖျက်ဆီးမှု ဖြစ်မလာခဲ့ပေ။
ထို့အစား ကောင်းကင်ယံတွင် ရွှေရောင် အရံအတားတစ်ခု ပေါ်လာပြီး ဘုံမြင့်မျှော်နန်းကို ပိတ်ဆို့လိုက်သည်။
ဒီဘုံမြင့်မျှော်နန်းက စစ်မှန်တဲ့ ထူးကဲသာလွန်မှုအဆင့် အသုံးအဆောင်ပဲ … ဒါပေမဲ့ ဒီလို အလွယ်တကူ ပိတ်ဆို့ခံလိုက်ရတယ် …
ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး သုံးသပ်သည်။ သူ စကားတစ်ခွန်းမှ မပြောဘဲ သို့မဟုတ် မလှုပ်မယှက်ဘဲ ဆက်လက် စောင့်ကြည့်နေခဲ့သည်။ ထင်ထားသည့်အတိုင်း နောက်ထပ် လူများစွာက စတင် လှုပ်ရှားလာပြီး နောက်ထပ် အသုံးအဆောင်ပစ္စည်း သုံးခု ကောင်းကင်ယံတွင် ပေါ်လာကာ စစ်ဆေးမှုအပေါ် ဖိအား ပို၍ ပေးလာသည်။
ထို့နောက် လူကြီးမင်းလု ပေါ်လာခဲ့သည်။
"ချစ်ခင်ရပါသော ပါဝင်ယှဉ်ပြိုင်သူများ စစ်ဆေးမှုမှာ ချို့ယွင်းချက် အနည်းငယ်ရှိလာတဲ့အတွက် စစ်ဆေးမှုကို တိုတိုတုတ်တုတ် ပိတ်သိမ်းပါတော့မယ်"
စိတ်ဝိညာဉ်က ပြုံးကာ ပြောလာသည်။ သူသည် စကားလုံးများဖြင့်ပင် ဖော်ပြ၍မရသော လက်နက်ကြီးလေးခုက သူတို့ကို ဖျက်ဆီးရန် ကြိုးစားနေသည့်တိုင် တည်ငြိမ်ပုံရသည်။
"နောက်ဆုံး အနိုင်ရရှိသူတွေကို ခင်ဗျားတို့ သိထားပြီးသားဆိုတော့ ဆုလက်ဆောင်ကိုပဲ ပေးလိုက်ရအောင်"
လူကြီးမင်းလုက ဆက်ပြောလိုက်ပြီး သူ့လက်အဝေ့တွင် အလင်းရောင် အစုအဝေးများစွာက အရပ်လေးမျက်နှာသို့ ပျံသန်းသွားလေသည်။
ဝမ်ဝေ့သည် သူ၏ လက်ထဲရှိ အမှတ်အသားပြားငါးခုကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ စစ်ဆေးမှု ဖျက်ဆီးခံရပါက ဤအရာများသည် အသုံးမဝင်တော့ပေ။
"ကဲ … အနီးဆုံး မုခ်ပေါက်တွေဆီကို သွားလိုက်ကြပါ"
လူကြီးမင်းလုက ဆက်ပြောလေရာ စစ်ဆေးမှု နယ်မြေအသီးသီးတွင် မုခ်ပေါက်များ ပေါ်လာခဲ့သည်။ လူအမြောက်အများမှာ မုခ်ပေါက်များဆီသို့ အသက်ရှင်ဖို့အတွက် ပြေးလွှားနေကြသလို ပျံသန်းသွားကြလေ၏။
ထိုလက်နက်ပစ္စည်းများထဲမှ တစ်ခု၏ အရှိန်အဝါသည်ပင် သူတို့အများစုအတွက် အလွန်ဖိအားများပြားသောကြောင့် ရလဒ်ကို စောင့်ကြည့်ရန် မနေလိုကြပေ။
ဝမ်ဝေ့က မထွက်သွားခဲ့ပေ။ သို့သော် သူတစ်ယောက်တည်း မဟုတ်ပေ။ လူအများအပြားသည် ရလဒ်ကို စောင့်ကြည့်ရန် နေခဲ့ကြပြီး ဤအခွင့်အရေးကို မိမိတို့အတွက် အသုံးပြုနိုင်မည်ဟု တွေးထားကြသည်။ ပါဝင်ယှဉ်ပြိုင်သူအများစု ထွက်ခွာသွားသည်နှင့် စစ်ဆေးမှုတွင် အက်ကွဲကြောင်းများ နေရာအနှံ့ ပေါ်လာခဲ့သည်။
ဒါဆို သူတို့ ဆက်ပြီး မထိန်းထားနိုင်တော့ဘူးလား …
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ စစ်ဆေးမှုသည် ဤထက် ပိုကြာလိမ့်မည်ဟု သူ တွေးထားသည်။
ပြောဖို့က စောလွန်းသေးတယ် …
သူသည် အရှေ့ဘက်သို့ လှည့်ကြည့်လိုက်မိ၏။
ထျန်းရွှမ် ထွက်သွားပြီ …
အိမ်ပြန်ရန် မုခ်ပေါက်များကို အသုံးပြုသော အခြားသူများနှင့်မတူဘဲ ထျန်းရွှမ်သည် ပြည်နှင်ဒဏ်ကုန်းမြေသို့ ဦးတည်ရန် အချိန်မြစ်ကြောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူ အောင်မြင်ဖို့ မျှော်လင့်ပါတယ် …
ဝမ်ဝေ့က တွေးလိုက်သည်။ ထျန်းရွှမ်၏ အစီအစဉ်သည် သူ၏ အနာဂတ်ကိုယ်ပေါ်တွင် မူတည်နေကာ သူ့အတွက် အချိန်ပို ရရှိရန် ဖြစ်ပြီး မဟာတာအိုက သူ၏ သစ္စာဖောက်မှုကို အပြစ်မပေးသေး၍ ဤအစီအစဉ် အောင်မြင်မှုကို ပြသနေသည်။ သို့သော် အရေးပါသည့် အစိတ်အပိုင်းမှာ မဟာတာအိုထိန်းချုပ်မှု ကင်းမဲ့သော ထိုတားမြစ်နယ်မြေသို့ အောင်အောင်မြင်မြင် လွတ်မြောက်ခြင်း ဖြစ်သည်။
ဒုန်း ….
စစ်ဆေးမှု၏ ရွှေရောင် အရံအတားမှ အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး ပိုမိုများပြားသော လေဟာနယ်အက်ကြောင်းများ ပေါ်လာသည်။
သူတို့ မထိန်းထားနိုင်တော့ဘူးလား …
ဝမ်ဝေ့သည် သူ၏ ခန့်မှန်းချက်မှာ စောလွန်းနေသည်ဟု မှတ်ယူလိုက်သည်။ ထိုအရံအတားသည် သူ့ဟာသူ ပြန်လည် ကုစားလိုက်သည်။
ထို့နောက် နောက်ထပ် ပါဝင်ယှဉ်ပြိုင်သူတစ်ဦးမှ စတင်လှုပ်ရှားလာသည်။ ဤတစ်ကြိမ်တွင် ထိပ်၌ ရောင်စုံထောင်ပေါင်းများစွာ ပန်းချီကားများ ပါရှိသည့် ကြီးမားသော ထီးတစ်လက် ဖြစ်နေသည်။
နှလုံးသားဆန္ဒ နန်းတော်က စတင်လှုပ်ရှားပြီ …
ဝမ်ဝေ့ တွေးလိုက်သည်။ ဤထီးသည် အရေးပါသော ကစားသမားကြီးများ စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ပြသသည်။
ရှေးဦးခန္ဓာစံအိမ်ကရော ဘယ်လိုလဲ …
ဝမ်ဝေ့သည် ပိလုံရှန့်ကို ကြည့်လိုက်ရာ သူကဲ့သို့ပင် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်သည်။
သူ့အမူအရာအရ သူ လှုပ်ရှားမှာ မဟုတ်ဘူးဆိုတာ ပြနေတယ် …
ပိလုံရှန့်ကို ကြည့်သူတိုင်း သူသည် ဤဖြစ်ရပ် ဖြစ်ပျက်နေသည်ကို ကြည့်ပြီး ပျော်ရွှင်နေသည်ဟု ပြောနိုင်ကြသည်။
သူက တကယ်ပဲ ကြည့်ရှုသူ သက်သက်လား ဒါမှမဟုတ် ဒီလူတွေကို ဟာသလို့ ထင်ပြီး သူတို့ရဲ့ အားထုတ်မှုတွေကို ဖြုန်းတီးစေပြီးမှ သူက ဝင်ရောက်ပြီး အားလုံးကို သိမ်းယူဖို့ စောင့်နေတာများလား …
ဝမ်ဝေ့ မပြောနိုင်သေးသောကြောင့် ဆက်လက်စောင့်ကြည့် လေ့လာနေခဲ့သည်။