← Chapters

ရှောင်ရှားမရသည့် ကံကြမ္မာ

Vol. 105 Ch. 1465

ရှောင်ရှားမရသည့် ကံကြမ္မာ

Vol. 105 Ch. 1465

ဝမ်ဝေ့က ထိုအခြေအနေအတွက် အစီအစဉ်တစ်ခုကို တွေးမိပြီး အကောင်အထည်ဖော်လိုက်သည်။ သူက တာအိုသက်သေပြပစ္စည်းကို ကြာပွတ်အသွင်ပြောင်းလိုက်ပြီး တစ်ဖက်သူရှေ့ ရောက်လာကာ ရိုက်နှက်လိုက်သည်။

ငြိမ်းချမ်းရေးတစ္ဆေ၏ မျက်နှာက နာကျင်စွာရှုံ့မဲ့သွားလေသည်။ ထိုကြာပွတ်က သူ့အား ဘာမှမတွေ့ကြုံဖူးသည့် နည်းလမ်းဖြင့် သက်ရောက်စေခဲ့သည်။

“မင်း ဘာလုပ်လိုက်တာလဲ”

ဝမ်ဝေ့က သေချာလေ့လာရင်း မျက်မှောင်ကြုတ်လိုက်သည်။ သက်ရောက်မှုက သူ လိုချင်သည့်အတိုင်း အားမကောင်းပေ။

ငြိမ်းချမ်းရေးတစ္ဆေက ပြန်လည်ဒဏ်ခတ်ခြင်း မီးတောက်မုန်တိုင်းကို ထုတ်လွင့်လာသော်လည်း ဝမ်ဝေ့၏ ခုခံမှုတို့က ထိုတိုက်ကွက်အား အသုံးမဝင်အောင် တားဆီးထားလေသည်။ ထိုအစား သူသည် ရန်သူအား လွတ်လပ်ခွင့်ကြာပွတ်ဖြင့် ထပ်မံ ရိုက်နှက်နေလေ၏။ သူ့ရည်ရွယ်ချက်က သုံ့အန်းအား သူ့အစွဲအလမ်းမှ လွတ်မြောက်စေပြီး သူ့ခန္ဓာကိုယ်မှ ကပ်ညှိနေသော ထိုဝိညာဉ်များ သို့မဟုတ် စိတ်ဝိညာဉ်များအား ကွဲထွက်စေရန် ဖြစ်သည်။

သူ့အတွက် ကံဆိုးသွားသည်က ဤဟွင်သွမ်းစကြဝဠာထဲတွင် အစွဲအလမ်းသည်ကား သာမန်ယေဘူယျ အခြေအနေအားလုံးကို လွန်ဆန်သည့်စွမ်းအားတစ်ခု ဖြစ်နေခဲ့သည်။ သန့်စင်ရေး နည်းလမ်းအများစုက သူတို့အတွက် အသုံးမဝင်ပေ။

ဝမ်ဝေ့က ရလဒ်မကောင်းသော်လည်း မရပ်တန့်ခဲ့ပေ။ ဤသည်က ထိုစွမ်းအားကို နားလည်ပြီး အချက်အလက်အားလုံးကို စုဆောင်းဖို့ရာအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။

ငြိမ်းချမ်းရေးတစ္ဆေက နာကျင်စွာ အော်ဟစ်ပြီး တိုက်ခိုက်လာလေသည်။

သေမျိုးဒဏ်ခတ်ခြင်း

ငြိမ်းချမ်းရေးတစ္ဆေ၏ မျက်ဝန်းက ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်ဝေ့ မတိုက်ခိုက်ခင် သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို လက်ခံရရှိလိုက်သည်။

ဝမ်ဝေ့က သူသည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ခြိမ်းခြောက်နိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်ရှေ့တွင် ရပ်နေကြောင်း သတိထားမိသွား၏။ ထိုပုဂ္ဂိုလ်က သူ့အား ကြည့်လာလေသည်။

“မင်း ဘာကို အသနားခံတောင်းဆိုမှာလဲ”

“ဘာအတွက် အသနားခံရမှာလဲ”

“မင်း ကျူးလွန်ခဲ့တဲ့ အပြစ်ကြွေးတွေအားလုံး အတွက်ပေါ့” ထိုပုဂ္ဂိုလ်က ဝမ်ဝေ့ ကျူးလွန်ခဲ့သည့် အပြစ်ကြွေးအားလုံးကို ထုတ်ပြပြီး ပြောလာသည်။

“ဒါက ဟာသလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဒီလိုအလေးအနက်ကိစ္စမျိုးကို စနောက်မယ်များ ထင်နေလား”

“ကျုပ်ရဲ့ အပြုအမူအတွက် ရန်ငြိုးမရှိတော့အောင် ပြောပြခဲ့ပြီးပြီလို့ ထင်နေတာ” ဝမ်ဝေ့က မေးလိုက်သည်။

“အဲ့ဆိုတော့ မင်းက ကျင့်ဝတ်မရှိတဲ့လူမျိုးဆိုတာ ဝန်ခံလိုက်တာလား”

“အဲ့တာက ရှင်းလင်းနေပြီ မဟုတ်လား” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။ လွတ်လပ်ခွင့်အတွက် သူ့အလိုဆန္ဒက အကြွင်းမဲ့ဖြစ်သည့်အတွက် သူသည် အရာအားလုံးကို ကျော်လွန်ဖို့ရာ လိုချင်နေကြောင်း ဆိုလိုနေသည်။ တခြားနည်းဖြင့်ပြောရလျှင် သူနှင့်လူမှုအသိုင်းအဝိုင်းကြားက အဆိုးဆုံးအနေအထားသည် သူ့စိတ်ကူးအတွေးမျှသာ ဖြစ်လေ၏။ သူသည် သူ့ကျင့်ဝတ်အတွက် နတ်ဘုရားများထံ ယုံကြည်မှု မရှိသလို လူမှုအသိုင်းအဝိုင်းစည်းမျဉ်းများကိုလည်း ဂရုမစိုက်ဘဲ သူ့စာနာစိတ်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ ဆိုလိုသည်မှာ သူ့အကျင့်သိက္ခာက သူ့စိတ်ခံစားချက်ထက် ပိုမိုအကျိုးကြောင်း သင့်လေ၏။

“မင်းက လူ့အမှိုက်ပဲ” အကဲဖြတ်သူနှင့်တူသည့် ပုဂ္ဂိုလ်က မျက်စိစူးမတတ် အလင်းရောင်အသွင်ပြောင်းပြီး ဝမ်ဝေ့ရှေ့ ရောက်လာသည်။ သို့သော်လည်း ကိစ္စများက အသုံးမဝင်ခဲ့ပေ။ သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ဆီ ပြန်လည်ရောက်ရှိသွား၏။ သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ငြိမ်းချမ်းရေးတစ္ဆေက သူ့လက်သီးအား ပြန်လည်ကုစားနေသည်ကို တွေ့ရှိလိုက်ရပြီး အကြောင်းကို နားလည်သွားသည်။

ထိုသူက သူ့စိတ်ဝိညာဉ်အာရုံများနေစဉ် သူ့ကို တိုက်ခိုက်လာ၏။ ကံဆိုးစွာဖြင့် ထိုသူက ဝမ်ဝေ့၏အရေပြားစွမ်းရည်ပေါ် မူတည်ပြီး ဖန်တီးထားသည့် ပထမအလွှာခုခံမှုကို ကျူးကျော်နိုင်စွမ်း မရှိပေ။ ပင်ကိုယ်သံလိုက်စက်ကွင်းတစ်ခုက သူ့အရေပြားကို ကာကွယ်ပေးထားလေသည်။ ဝမ်ဝေ့က ထိုအရာကို ပင်ကိုဗလာနတ္ထိဒိုင်းကာဖြင့် ပြန်လည်ဖန်တီးထားခြင်း ဖြစ်၏။ သူ့ကို တိုက်ခိုက်သည့်သူတိုင်းက ထိုကာကွယ်ရေးအလွှာကို ဖျက်ဆီးပစ်ရုံသာမကဘဲ ဗလာနတ္ထိစွမ်းအားကိုလည်း ရင်ဆိုင်ရလိမ့်မည်။

 ငြိမ်းချမ်းရေးတစ္ဆေက သူ့ကို လက်သီးဖြင့် ထိုးချလာသည့်အခါ သူသည် ခုခံကာကွယ်မှုကို အားစိုက်ထုတ်စရာ မလိုဘဲ ထိုသူက လက်သီးကို ဆုံးရှုံးရခြင်း ဖြစ်၏။

အချုပ်အခြယ်ကင်း စိတ်ကူးဉာဏ်

ဝမ်ဝေ့က လက်ကို ဝေ့ယမ်းလိုက်ပြီး ငြိမ်းချမ်းရေးတစ္ဆေကို လွှမ်းခြုံသွားစေမည့် အလင်းတိုင်လုံးကို ဆင့်ခေါ်လိုက်သည်။ ထိုသူက အော်ဟစ်လိုက်ရ၏။ စွမ်းအားတစ်ခုက သူ့ရန်ငြိုးအားလုံးကို စွန့်ပယ်ဖို့ ဖိအားပေး ကြိုးစားနေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အစွဲအလမ်းက ထိုရလဒ်ကို လက်မခံနိုင်ပေ။

ငြိမ်းချမ်းရေးတစ္ဆေက သူ့ကိုယ်ပိုင်နည်းစနစ်တစ်ခုဖြစ်သည့် ပြန်လည်ဒဏ်ခတ်ခြင်းဖြင့် တုန့်ပြန်ခဲ့၏။ ကျင့်ကြံသူများက သူတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းရှိသလို သေမျိုးများနှင့် အဓိက ကွာဟချက်က သူတို့သည် တခြားသူများကို ထည့်မတွက်ကြခြင်း ဖြစ်သည်။ သူတို့ကို စစ်ဆေးကြည့်ဖို့က ကောင်းကင်တာအို၏ တာဝန် ဖြစ်သည်။ ထို့ကြောင့် ထိုနည်းစနစ်ဖြင့် ငြိမ်းချမ်းရေးတစ္ဆေသည် ဝမ်ဝေ့ကို အပြစ်ပေးဖို့ စည်းမျဉ်းစွမ်းအားကို ဆင့်ခေါ်ခဲ့၏။

နတ်ဘုရားအပြစ်ဒဏ်ပဲ …

ဝမ်ဝေ့က အပေါ်ယံတွင် ရှိနေသည့်တိမ်မည်းများကို ကြည့်ရင်း တွေးနေသည်။

ငါ ဒီအခွင့်အရေးကို သုံးပြီးတော့ ငါ့ရဲ့ကံကြမ္မာမျိုးစေ့ အဆင့်အတန်းကို ဖယ်ရှားလိုက်ရမလား ...

သို့သော်လည်း သူက ထိုမိုးကြိုးသည် မလုံလောက်သည့်အတွက် ထိုအတွေးကို စွန့်ပယ်လိုက်သည်။ ထို့အပြင် ဤသည်က ထိုကိစ္စကို လုပ်ဖို့ရာ အချိန်အခါမဟုတ်ပေ။

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ သူသည် ထိုတိုက်ကွက်ကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိပြီး အလွယ်ကူဆုံးက သူ့လွတ်လပ်ခွင့်တာအိုကို အသုံးပြုကာ သူ့အပေါ်ထားရှိသည့် အပြစ်ဒဏ် သို့မဟုတ် စည်းမျဉ်းအားလုံးမှ ကင်းလွတ်စေဖို့ ဖြစ်၏။ သို့သော်လည်း သူက ပိုမိုကောင်းမွန်သည့် အစီအစဉ်တစ်ခု ရှိနေသည်။

ဝုန်း

မိုးကြိုးလျှပ်စီးများက ကောင်းကင်ယံမှ ဆင်းသက်လာပြီး ဝမ်ဝေ့ကို တိုက်ခိုက်လိုက်လေသည်။ သူက နာကျင်စွာ အော်ဟစ်ပြီး မိုးကြိုးက သူ့ခန္ဓာနှင့် ဝိညာဉ်ကို လောင်ကျွမ်းသွားကာ သူ့ကိုလည်း ထုံထိုင်းသွားစေသည်။ ထို့နောက် ဧရာမယင်ယန်သင်္ကေတက ကောင်းကင်ယံထက် ပေါ်ထွက်လာကာ သူ့ကို ကာကွယ်လိုက်သည်။ ထိုအရာက အသုံးမဝင်ခဲ့ပေ။ ဝမ်ဝေ့၏ အော်ဟစ်မှုက မိုးမြေကြား ပဲ့တင်ထပ်သွားလေသည်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ဒီလိုလှပတဲ့ အော်သံမျိုးကို ငါ စောင့်ဆိုင်းနေတာ ကြာလှပြီ” ငြိမ်းချမ်းရေးတစ္ဆေက အော်လိုက်ပြီး လက်ကိုဝေ့ယမ်းကာ နာကျင်မှုအပြစ်ဒဏ်ကို ထည့်သွင်းလိုက်သည်။

ဝမ်ဝေ့က ရှုံ့မဲ့သွားသည်။ သူ့ဘဝတလျှောက် သူကသာ တစ်ဖက်သူ၏ နာကျင်မှုကို တိုးမြှင့်ခဲ့သည့်သူ ဖြစ်ခဲ့ပြီး တစ်ဖက်သူက သူ့အပေါ် ထိုသို့မလုပ်ခဲ့ဖူးပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဟန်ဆောင်နေသည့်အတွက် ယုံကြည်အောင် လုပ်ဆောင်ရမည်သာ ဖြစ်၏။ ထို့အတွက် သူ့အသံသည် ပိုမိုစူးရှလာပြီး သူ့ခန္ဓာကိုယ်က တွန့်လိမ်လာလေသည်။

ငြိမ်းချမ်းရေးတစ္ဆေက မပြီးဆုံးသေးဘဲ ဝမ်ဝေ့ထံ အပြစ်ဒဏ်များကို ထပ်မံထည့်သွင်းနေပြီး သူ့နာကျင်မှုအား အဆုံးစွန်ထိရောက်အောင် တွန်းပို့လိုက်သည်။ သူ ရပ်တန့်လိုက်သည့်အချိန် ဝမ်ဝေ့က ဟန်ဆောင်နေခြင်းမကတော့ဘဲ သူ ရရှိသည့်နာကျင်မှုက သူ့စိတ်စွမ်းအား၏တောင့်ခံမှုကို ကျော်လွန်သွားလေသည်။

“မင်းက စည်းမျဉ်းတွေက မင်းကို အကဲမဖြတ်နိုင်ဘူးလို့ ထင်နေတဲ့ အမှိုက်စုတ်တစ်ခုပဲ။ ဒါပေမဲ့ မင်း မှားသွားပြီ” ငြိမ်းချမ်းရေးတစ္ဆေက ချဉ်းကပ်လာပြီး ပြောလိုက်သည်။

“ကမ္ဘာကြီးထဲမှာ တရားမျှတမှုဆိုတာ ရှိတယ်။ မင်းလိုလူတွေအတွက် ပြန်လည်ဒဏ်ခတ်ခံရမှာပဲ”

ဝမ်ဝေ့က ဒူးထောက်လိုက်ပြီး သူ့အဖြူရောင်နှင့်အနက်ရောင်ဝတ်ရုံက စုတ်ပြဲနေပြီး ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေ၏။ သူက သူ့ရန်သူအား၊ ဒေါသနှင့် နောင်တတရားတို့ဖြင့် ကြည့်လိုက်သည်။

“ငါ ခံစားမိလိုက်တာ နောင်တလား ဘာလဲ။ မင်း လုပ်ခဲ့တာအတွက် နောင်တရနေတာလား”

“ငါ … မင်းတို့အားလုံးကို … မသတ်ခဲ့မိတာ နောင်တရမိတာ” ဝမ်ဝေ့က အံကြိတ်ကာ ရေရွတ်လိုက်သည်။

“ကောင်းပြီလေ။ ငါက မင်းက ငကြောက်တစ်ကောင်လိုမျိုး သက်ညှာပေးဖို့ တောင်းဆိုမှာကို စိုးရိမ်နေတာ။ အဲ့လိုဆိုရင် အရမ်းစိတ်ပျက်ဖို့ကောင်းသွားလိမ့်မယ်” ငြိမ်းချမ်းရေးတစ္ဆေက ရေရွတ်လိုက်သည်။

ငြိမ်းချမ်းရေးတစ္ဆေက ဝမ်ဝေ့အား လည်ပင်းမှ ကိုင်ဆွဲရင်း ပြုံးလိုက်၏။ ထို့နောက် သူက နတ်ဘုရားဒဏ်ခတ်ခြင်း အသက်စုပ်ယူသည့် နည်းစနစ်ကို သုံးလိုက်သည်။

ဝမ်ဝေ့၏ခန္ဓာကိုယ်ထဲမှ စွမ်းအားအားလုံးက သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ သူ့အားကောင်းသည့် ခန္ဓာကိုယ်က အရိုးနှင့်အရေသာ ကျန်ခဲ့လေသည်။

“ငါ ဒီစစ်ဆေးမှုကို ရောက်လာလို့ တော်‌သေးတယ်။ မဟုတ်ရင် မင်းကို သတ်ဖို့ ခက်ခဲနေဦးမှာ” ငြိမ်းချမ်းရေးတစ္ဆေက ပြောလာ၏။ ဤစစ်ဆေးမှု၏ စည်းမျဉ်းများက သူတို့အပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်သည့်အတွက် ဤနေရာတွင် သေဆုံးခြင်းက ထာဝရသေဆုံးခြင်း ဖြစ်နေလိမ့်မည်။ သူ့ဘဝ၌ ဤသည်က ငြိမ်းချမ်းရေးတစ္ဆေသည် စံပြတစ်ယောက်ဖြစ်လာသည့် ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် သူ့အချိန်စိတ်ဝိညာဉ် တိုက်ခိုက်ရေးအရည်အချင်းကို မလေ့ကျင့်ခဲ့ဖူးပေ။

“ကံကြမ္မာကလည်း မင်းရဲ့ ပျက်သုဉ်းမှုကို စောင့်ဆိုင်းနေတဲ့ပုံပဲ။ အခုတော့ စကားပြောတာ တော်သင့်ပြီ” ငြိမ်းချမ်းရေးတစ္ဆေက ညင်ညင်သာသာပြုံးရင်း ပြောနေသည်။ ထို့နောက် သူက ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို ခြေမွလိုက်သည်။ သူက အကြွင်းအကျန်အား အမှုန့်အဖြစ် ပြောင်းလဲကာ လေဟာနယ်ထဲ လွှင့်သွားသည်ကို ကြည့်နေရင်း သုံ့အန်း၏ ညာဖက်မျက်ဝန်းမှ မျက်ရည်တစ်စက် ကျဆင်းလာသည်။

“နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ” သူက ရေရွတ်လိုက်လေ၏။

“အဖေ၊ ဖုန်းအာ …  အားလုံး ကျွန်တော် နောက်ဆုံးတော့ အားလုံးနဲ့ ဆုံလို့ရပြီ”

သုံ့အန်း၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်အရှိန်အဝါတစ်ခု ထုတ်လွှတ်လာကာ အသင်္ချေမျက်နှာများစွာ ပေါ်ထွက်လာသည်။

“နောက်ဆုံးတော့ ပြီးသွားပြီလား”

“အဲ့လိုဖြစ်တဲ့ပုံပဲ”

“အဲ့ဆိုတော့ ငါတို့က လွတ်မြောက်သွားပြီလား”

“ဟုတ်တယ်”

“တခုခုမှားနေသလို ခံစားမိကြလား”

“ဘာကိုပြောတာတုန်း”

“ဒါက အရမ်းကို လွယ်ကူလွန်းနေသလိုပဲ။ ဒါမှမဟုတ် ငါတို့တွေ တစုံတစ်ခု လွဲချော်နေတာဖြစ်နိုင်တယ်”

“မင်းက သူ့သေဆုံးမှုကို အ‌ယောင်ဆောင်တယ်လို့ ထင်နေတာလား”

“ငါ စစ်ဆေးကြည့်ပြီးပြီ။ သူ့ရဲ့ တာအိုအမှတ်အသားက တကယ်မရှိတော့ဘူး”

“သူ့ရဲ့ကံကြိုးမျှင်တွေ အားလုံးကလည်း မရှိတော့ဘူး”

“သေရေးရှင်ရေးစာအုပ်မှာလည်း သူ့ကို အာရုံခံလို့ မရတော့ဘူး”

“သူ့ကံကြမ္မာကလည်း ပြတ်တောက်သွားပြီ”

“မင်းက အရမ်းကိုစိုးရိမ်လွန်းနေတာပဲ။ သူ သေဆုံးသွားပြီဆိုတာ သိသာပါတယ်”

“မင်းတို့တွေ ပြောတာမှန်ပါတယ်။ ငါ စိုးရိမ်နေလွန်းတဲ့ပုံပါပဲ”

“မင်းက အမြဲအဲ့အတိုင်းပဲလေ”

“ကောင်လေးသုံ့အန်း … မင်း ဒီလိုလုပ်ချင်တာ သေချာရဲ့လား”

“ကျွန်တော့်ကို ဖျောင်းဖျနေလို့ အကျိုးမထူးတော့ဘူး။ ဒါက ဒီလိုပဲအစီအစဉ်ချထားတာပဲလေ” သုံ့အန်းက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ အဲ့ဒီကောင်စုတ်လေး ပြောတာတော့ဟုတ်တယ်။ မင်းက အားလုံးကို ထပ်ပြီးတော့ မြင်တွေ့နိုင်တာပဲလေ”

“ဟုတ်တယ် ငါတို့တွေ ပြီးဆုံးသွားတယ်ဆိုပေမယ့် မင်းအတွက်တော့ မတူဘူး”

သုံ့အန်းက ခေါင်းရမ်းလိုက်သည်။ သူက ထိုနေ့တွင် သေဆုံးခဲ့ပြီး သူ့လက်ရှိကိုယ်က အခွံသက်သက်မျှသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအစွဲအလမ်းများကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်သည်။

“ဒီတစ်လျှောက်လုံးမှာ ကျွန်တော့်ကို အဖော်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီခရီးစဉ်မှာ ကျွန်တော့်ကို အထီးမကျန်အောင် ခင်ဗျားတို့က အဖော်ပြုပေးခဲ့တာပါ” သုံ့အန်းက ပထမဆုံးအနေဖြင့် အစစ်အမှန် ပြုံးလိုက်သည်။ သူ့ပထမသေဆုံးမှုနှင့်မတူဘဲ ဤတစ်ကြိမ်က ငြိမ်းအေးလှသည်။ သုံ့အန်းက အပြုံးဖြင့် သေဆုံးသွားသည်။

“ငါတို့တွေ တစ်ခုခု အမှားအယွင်းလုပ်မိတယ်လို့ ထင်လား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“မဟုတ်ပါဘူး ငါတို့တွေ မလုပ်ပါဘူး။ ငါတို့က အကြောင်းအရင်းတစ်ခုကြောင့် မွေးဖွားလာတာလေ။ ငါတို့တွေ ရည်ရွယ်ချက်က ပြီးမြောက်သွားပြီလေ”

“ကောင်းပြီ”

“အခု ဒီတည်ရှိမှုကို အဆုံးသတ်ရမဲ့ အချိန်ပဲ”

အစွဲအလမ်းအားလုံးပျောက်ကွယ်သွားသည့်အခါ မြေစွမ်းအားတစ်ခုက သူတို့အား တစ်နေရာသို့ ဆွဲယူသွားလေသည်။ ထို့နောက် ဝမ်ဝေ့၏ လက်ထဲ သတ္တုလုံးအသွင်ဖြင့် ပြောင်းလဲသွားသည်။

“ဟူး တကယ့်ကို ပင်ပန်းစရာပဲ” သူက သေဆုံးမှုကို အယောင်ဆောင်ဖို့ လုပ်ဆောင်ခဲ့ရသည်။

ပထမဦးစွာ သူသည် သုံ့အန်း၏ ဝိညာဉ်မှဟာကွက်ကို ရှာဖွေခဲ့ပြီး သူ့ကိုယ်သူကောင်းကင်အစီအရင်အောင် မပုန်းအောင်းခင် ပုံရိပ်ယောင်တစ်ခုအောက်  ထည့်သွင်းခဲ့ရသည်။ ထို့နောက် သူသည် တာအိုအမှတ်အသားအား ဖယ်ရှားကာ တူညီသည့် အစီအရင်အောက်တွင် ဝှက်ထားခဲ့ရ၏။ သူက ကံကြမ္မာတာအိုကို အသုံးပြုကာ သူ့ကံကြမ္မာအား သေဆုံးသွားသလို ပြောင်းလဲခဲ့ရပြီး သူ့ကံဝဋ်ကြွေးကြိုးမျှင်အားလုံးကိုလည်း ဝှက်ထားခဲ့ရသည်။ ထို့အပြင် သူ့မရဏတာအိုဖြင့်  ပိုမိုယုံကြည်ဖွယ်ကောင်းအောင် လုပ်ဆောင်ခဲ့ရ၏။

ဂိုဏ်းကတော့ ပြာယာခတ်နေလောက်ပြီ …

ဝမ်ဝေ့က တွေးလိုက်သည်။

ဤလှည့်ဖျားမှုအတွင်း သူ့ဝိညာဉ်မီးအိမ်က ငြိမ်းသွားမည် ဖြစ်၏။ ပို၍ဆိုးရွားသည်က သူနှင့်ဆက်နွယ်မှုရှိသည့်သူတိုင်းသည် သူသေဆုံးသွားသည်ကို ခံစားမိလိမ့်မည်။ အလင်းမဲ့အမှန်တရားတွင် ပိတ်မိနေသည့် သူ့အနာဂတ်ဇနီး‌လောင်းအပါအဝင် ဖြစ်၏။

အမှန်တရားသိသွားပြီးတဲ့နောက်မှာ သူမ ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ရမှာပဲ …

ဝမ်ဝေ့က ပြုံးလိုက်သည်။ သူက ဤကဲ့သို့လွန်ကဲသည့်အနေအထားသို့ ရောက်ရှိထားသော်လည်း အကျိုးအမြတ်အနေဖြင့် ထိုက်တန်သည်။ သူက သတ္တုလုံးကို ကြည့်ကာ ရေရွတ်လိုက်၏။

မင်းတို့ရဲ့ အစွဲအလမ်းက ငါ့ကို သတ်ဖို့ပဲ။ ဒါပေမဲ့ အဲဒီအစွဲအလမ်းကို ငါ့ကိုအသက်ရှင်နေအောင် ထားနိုင်တဲ့ အစွဲအလမ်းအဖြစ်ပြောင်းလဲလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ …

သုံ့အန်း၏ မသေနိုင်စွမ်းက စမ်းသပ်ကြည့်ဖို့ ထိုက်တန်သည့်အရာတစ်ခု ဖြစ်ပေသည်။ ဝမ်ဝေ့က သူသည် အောင်မြင်နိုင်ပါ့မလား မသိသော်လည်း ကြိုးစားကြည့်ဖို့ ထိုက်တန်ပေ၏။

“ငါ နောက်ကျနေပြီ။ မြန်မြန်သွားရမယ်”

သူက ဤသက်ရှိ၏ တည်ရှိမှုကို စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း ဝမ်ဝေ့က စိတ်ရှုပ်ထွေးသွားလေသည်။ ပုံကြမ်းက အဓိပ္ပါယ်မရှိသည့်အရာနှင့် တူသည့်အတွက် ပုံမှန်အားဖြင့် လူများကို စစ်ဆေးကြည့်ဖို့ သူ့ ခန္ဓာကိုယ်ကို နမူနာအနေဖြင့် အသုံးပြုခဲ့ရသည်။ သို့သော်လည်း သူက ဤကဏ္ဍသည် အသုံးမဝင်ဖြစ်မည်မှန်း သဘောပေါက်သွားလေ၏။

ဒါက နှစ်ဖက်မြင်သက်ရှိက သုံးဖက်မြင်သက်ရှိကိုလေ့လာဖို့ ကြိုးစားနေသလို ဖြစ်နေပြီ …

ဝမ်ဝေ့က ငြီးတွားလိုက်၏။ ယခုထိတိုင်အောင် သူသည် ထိုအရာကို နောက်ပိုင်းအသုံးပြုဖို့အတွက် မှတ်သားထားနိုင်ရုံသာ တတ်နိုင်လေသည်။ အဓိကအရာအတွက်ကိုမူ သူက နောက်ထပ်ချဉ်းကပ်မှုတစ်မျိုးကို ကြိုးစားကြည့်ရမည်။

သူက အတွင်းရှိ စိတ်ဝိညာဉ်အမှုန်ကို အသုံးပြုကာ ဤနေရာ၏ အတွင်းဒိုင်မေးရှင်းနှင့် ကိုက်ညီသည့် ပုံစံရှိ နေရာကို ရှာဖွေလိုက်သည်။ ကံကောင်းစွာဖြင့် သူ့အာကာပြင်တာအိုက မြင့်မားနေသည့်အတွက် သူလိုချင်သည့်အရာကို ရှာဖွေတွေ့ရှိသွားလေသည်။ ဝမ်ဝေ့က သူ့တကယ့်ခန္ဓာကိုယ်ဖြင့် မဝင်ရောက်ဘဲ စိတ်ဝိညာဉ်အမှုန်ဖြင့် ထိန်းချုပ်ထားသည့် ရုပ်သေးရုပ်တစ်ခုကို စေလွှတ်လိုက်လေသည်။

“ငါ နောက်မကျဖို့ဘဲ မျှော်လင့်ပါတယ်လေ”

All Chapters