လုပ်ကြံသူများ
Vol. 3 Ch. 204
“ရပ်လိုက်”
မိန်းကလေး တစ်ဦးသည် လုပ်ကြံသူများကို သေနတ်ဖြင့်ချိန်ရင်း အော်လိုက်သည်။ သူမ၏ လှုပ်ရှားမှုသည် လျင်မြန်သွက်လက် သော်လည်း လုပ်ကြံသူများ၏ ဖျတ်လတ်မှုကို မမီပေ။
“ဒိန်း ...”
သူမသည် လုပ်ကြံသူ များကို သေနတ်ဖြင့် ပစ်လိုက်သည်။ အပြင်ဘက်တွင် ဆူညံနေသောကြောင့် သဲသဲကွဲကွဲ မကြားနိုင်သော်လည်း လူအများက ထိုသေနတ်သံကို သတိပြု မိလိုက်ကြသည်။
“ငါတို့ သွားကြစို့”
ချန်းဖန်သည် ယွင်ချန်ချန်ကို အပြင်သို့ ဦးဆောင် ခေါ်သွားလိုက်သည်။ မိန်းကလေးသည် လူဆိုးတစ်ယောက်ကို သေနတ်ဖြင့် ပစ်ရင်း နောက်သို့ တစ်လှမ်းချင်း ဆုတ်လာသည်။
အချို့ သိုင်းပညာရှင် များသည် သိုင်းပညာတွင် သတ်မှတ်အဆင့် တစ်ခုသို့ ရောက်ပါက သေနတ် ကျည်ဆန်ကို ရှောင်ရှားနိုင်ကြသည်။ သေနတ် ချိန်ထားသည်ကို ကြည့်ပြီး ကျည်ဆန်၏ လမ်းကြောင်းကို ခန့်မှန်းနိုင်သည်။
“ဒိန်း ... ဒိန်း ... ဒိန်း ...”
ထိုလူကြီးသည် သေနတ်ကျည်ဆန် များကို လျင်မြန်စွာ ရှောင်လိုက်သည်။ နောက်ဆုံး ကျည်ဆန်သည် သူ့နားရွက်ဘေးမှ ဖြတ်သွားပြီး သူ၏ဦးခေါင်း ကိုပင် ဖောက်လုမတတ် ဖြစ်သွားသည်။ ထိုလူကြီးသည် မိန်းကလေး ထိုကဲ့သို့ လက်ဖြောင့်လိမ့်မည်ဟု မထင်ပေ။
“အား … သူတို့မှာ သေနတ်တွေ ရှိတယ်”
ယွင်ချန်ချန်သည် ထိတ်လန့်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ ငိုတော့သည်။
“အစ်မယွင်၊ မြန်မြန်ဒီကိုလာ …”
မိန်းကလေးသည် ယွင်ချန်ချန်ကို သူမ၏ နောက်ဘက်သို့ လာခိုင်းလိုက်သည်။
လူဆိုးသည် ထိုမိန်းကလေး၏ နောက်တွင် ရပ်နေသော ချန်းဖန်နှင့် ယွင်ချန်ချန်ကို သတိပြု မိသွားသည်။
“ဟက် …”
ချန်းဖန်သည် ထိုလူကြီး ယွင်ချန်ချန် ကိုသာ စိုက်ကြည့် နေသည်ကို သတိပြု မိလိုက်သည်။
“ဒါဆို သူတို့က ငါ့အတွက်နဲ့ လာတာ မဟုတ်ဘူးလား။ သူတို့ရဲ့ အဓိက ဦးတည်ချက်က ယွင်ချန်ချန်လား”
ချန်းဖန် စိတ်ရှုပ်သွားပြီး မတွေးတတ်တော့ပေ။
သူတို့ထဲမှာ တစ်ယောက်ကို ဖမ်းပြီး တိုက်ရိုက်သာ မေးတော့မည်ဟု စဉ်းစားလိုက်သည်။
“မင်း ဘယ်သူလဲ” ယွင်ချန်ချန်သည် ထိုမိန်းကလေးကို မေးလိုက်သည်။ ယွင်ချန်ချန်သည် သိုင်းပညာရှင် မဟုတ်၊ သာမန် မိန်းကလေး တစ်ဦးသာ ဖြစ်သည့်အတွက် အလွန်ပင် ထိတ်လန့်နေပြီ ဖြစ်သည်။ ချန်းဖန်ကဲ့သို့ အစွမ်းထက်သည့် သူသာ ဘေးမှာ မရှိပါက အထိတ်တလန့် အော်ဟစ်ကာ ထွက်ပြေးသွားပြီ ဖြစ်သည်။
“အစ်မယွင်၊ ကျွန်မက အထူးတပ်သွား အဖွဲ့ကပါ။ ရှင့်ကို ကာကွယ်ပေးဖို့ လွှတ်လိုက်တာပါ။ အဲမှာ ရပ်နေတဲ့လူက ကင်းမြီးပေါက်လို့ ခေါ်တဲ့ လုပ်ကြံသမားပါ။ သူ့ကြောင့် လူပေါင်းများစွာ သေခဲ့ရပြီးပြီ“ ထိုလူကြီးကို သေနတ်ဖြင့် ချိန်ရင်း ပြန်ဖြေလိုက်သည်။
ထိုစဉ် ထိုကြီးသည် သူ၏ အတွင်းအားကို ခြေထောက်တွင် စုစည်းလိုက်ပြီး ယွင်ချန်ချန် ဆီသို့ တစ်ရှိန်ထိုး ပြေးဝင်သွားသည်။ သူ၏ လှုပ်ရှားမှုမှာ မထင်မှတ် ထားသဖြင့် သေနတ် ကိုင်ထားသည့် မိန်းကလေးပင် ထိတ်လန့်သွားကာ …
“သတိထား မိန်းကလေးယွင်”
သူမသည်လည်း မြေကြီးပေါ်သို့ လဲကျသွားပြီး လက်ထဲတွင် ကိုင်ထားသော သေနတ်သည်လည်း မြေကြီးပေါ်သို့ လွတ်ကျသွားသည်။ သူမသည် ကင်းမြီးကောက်ကို တစ်ယောက်တည်း လာခဲ့သည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူထင်ထားသည်မှာ မှားယွင်းနေကြောင်း ကင်းမြီးကောက်၏ နောက်တွင် ရပ်နေသော အခြား လူသုံးယောက်ကို မြင်မှ သိလိုက်သည်။ သူမသည် မည်သည့်အရာမျှ မလုပ်နိုင်ပဲ ယွင်ချန်ချန် အသတ်ခံ ရတော့မည် ဟုသာ တွေးနေမိတော့သည်။
ထိုအချိန်မှာပဲ ယွင်ချန်ချန်၏ ဘေးတွင် ရပ်နေသော ဆယ်ကျော်သက် လူငယ်လေးသည် လက်ကို ဝှေ့ယမ်းပြီး ထိုလူကြီး၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ထိုလူကြီးသည် ချန်းဖန် ထိုသို့ ပြန်လည်တိုက်ခိုက် လာလိမ့်မည်ဟု မထင်မှတ် ထားသဖြင့် ကြောင်အသွားကာ မြေပေါ်သို့ လွင့်စဉ်သွားသည်။
ရုတ်တရက် ဖြစ်သွားရသော ဖြစ်ရပ်များကြောင့် လူတိုင်း အံ့ဩသွားသည်။
ကင်းမြီးကောက် နှင့်အတူ ပါလာသော အခြား လူသုံးယောက် သည်လည်း သူတို့အုပ်စု ထဲတွင် အတော်ဆုံး ဖြစ်သည့် ကင်းမြီးကောက်ကို တစ်ချက်တည်းဖြင့် အလဲထိုးလိုက်သည့် လူငယ်လေးကို ကြည့်ပြီး ထိတ်လန့် သွားကြသည်။
“မင်းက ဘယ်သူလဲ။ ဘာလို့ငါတို့ ကောင်းကင်လုပ်ကြံရေး အဖွဲ့ရဲ့ ကိစ္စကို ဝင်ရှုပ်တာလဲ” သူတို့သုံးယောက် ထဲမှ ခေါင်းဆောင်ဖြစ်ဟန် တူသည့် မျက်နှာ ပြောင်ချောချောနှင့် လူက မေးလိုက်သည်။
“ကောင်းကင် လုပ်ကြံရေးအဖွဲ့ ဟုတ်လား။ ငါတစ်ခါမျှ မကြားဖူးဘူး”
ထိုအချိန်မှာပဲ ချန်းဖန်သည် သူတို့ လေးယောက်ထက် ပို၍ အစွမ်းထက်သည့် လူတစ်ဦး ပုန်းနေသည်ကို တွေ့လိုက်သည်။ ထိုပုန်းနေသည့် လူသည် ချန်းဖန်၏ ရှေ့တွင်ရှိသော လူများကဲ့သို့ မဟုတ်ဘဲ စဦးအဆင့် အောင်မြင်ပြီးသား မဟုတ်ဘဲ အထွတ်အထိပ် အဆင့် အောင်မြင်ပြီးသူ ဖြစ်ကြောင်း သိလိုက်သည်။ ချန်းဖန်သည် အစက ထိုငါးယောက်ကို အုပ်စု တစ်ခုတည်းဟု ထင်ထားခဲ့သော်လည်း ယခုအချိန်တွင် သူတို့က အုပ်စု မတူသည်ကို သတိထား မိလိုက်သည်။
“ဒီနောက်ဆုံးလူက ငါ့အတွက်နဲ့ လာတာများလား”
"နင်က ကောင်းကင် လုပ်ကြံရေး အဖွဲ့ကလား”
လဲကျနေသော မိန်းကလေးသည် သူ၏သေနတ်ကို မြေကြီးပေါ်မှ ကောက်ယူရင်း ချန်းဖန်ဆီသို့ လျှောက်လာကာ မေးလိုက်သည်။ ထို အဖွဲ့အစည်း၏ အမည်ကို ကြားလိုက် ရသောအခါ တုန်လှုပ်သွားဟန် တူသည်။
“အစ်မ ကောင်းကင်လုပ်ကြံရေး အဖွဲ့ဆိုတာ ဘာလဲ” ယွင်ချန်ချန် မေးလိုက်သည်။
“သူတို့က တရုတ်ပြည်မှာ ရှိတဲ့ လျှို့ဝှက်တဲ့ လုပ်ကြံ အဖွဲ့အစည်းပဲ။ သူတို့က လူပေါင်းများစွာကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအရ အချက်အလက် တွေလည်း ငါတို့ဆီမှာ နည်းနည်းပဲ ရှိတယ်။ သူတို့တွေကိုလည်း မဖမ်းနိုင်သေးဘူး။ ကင်းမြီးကောက် တောင်မှ သူတို့အဖွဲ့ ကမှန်း ငါအခုမှ သိတာ”
သူမ၏ အသံထဲတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။
သူမသည် အစိုးရ အထူးတပ်ဖွဲ့မှ လက်ရွေးစင် ဖြစ်သော်လည်း ထိုကောင်းကင် လုပ်ကြံရေး အဖွဲ့မှ လုပ်ကြံသူများကို ထိတ်လန့်နေဆဲ ဖြစ်သည်။
ချန်းဖန်ကဲ့သို့ အစွမ်းထက်သည့်လူ ဘေးတွင် မရှိပါက သူမသည် ယွင်ချန်ချန်နှင့် ထွက်ပြေးသွားပြီ ဖြစ်သည်။
“မင်းငါတို့အကြောင်း တော်တော် သိထားတာပဲ ကောင်မလေး။ မင်း ငါတို့နောက်ကို လိုက်နေတာ တော်တော်ကြာပြီ မလား။ မင်းတို့ မိသားစုဆီကို တစ်ရက်ရက်ကျရင် ငါတို့အလည် လာခဲ့ရမလား …” မျက်နှာပေါ်တွင် အနာရွတ်ရှိသော လူကြီးသည် စပ်ဖြဲဖြဲနှင့် ပြောလိုက်သည်။
“မင်းတို့ဘာသာ ကောင်းကင် လုပ်ကြံရေးဖြစ်ဖြစ် မြေကြီး လုပ်ကြံရေး ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းတို့ကို ဘယ်သူလွှတ်လိုက်လဲ ဆိုတာပြောရင် မင်းတို့ကို မြန်မြန်သေခွင့် ပေးလိုက်မယ်”
ချန်းဖန်သည် ပျင်းရိစွာ ပြောလိုက်သည်။
ချန်းဖန်သည် ပုန်းကွယ်နေသည့် လူကို သေချာစွာ စောင့်ကြည့်နေသည်။ ထိုလူ၏ ပုန်းကွယ်နိုင်စွမ်းသည် အလွန်မြင့်မားသည်။ ချန်းဖန်သည်ပင် အလွန် အဆင့်မြင့်သော အာရုံခံစွမ်းရည် ရှိသည့်အတွက်သာ ထိုသူကို အာရုံခံနိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက မည်သူမှ ထိုသူ ရှိနေခြင်းကို သတိထားမိမည် မဟုတ်ချေ။
“ငါဒီကမ္ဘာပေါ်မှာ သူ့လိုမျိုး အသက်မရှူဘဲ နေနိုင်တဲ့လူ မတွေ့ဖူးဘူး။ သူက တခြားသူ တွေထက် ပိုအစွမ်း ထက်တာပဲ။ သူက တော်တော်ကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားပဲ ဖြစ်မယ်”
“သခင်လေး၊ မင်းက အရမ်းတော်တဲ့ သိုင်းပညာရှင် တစ်ယောက်ဆိုတာ ကိုတော့ ငါတို့သိတယ်။ ဒါပေမဲ့ ငါတို့အဖွဲ့က တရုတ်ပြည်မှာ အကြီးဆုံအဖွဲ့ပဲ။ မင်းငါတို့ အဖွဲ့ရဲ့ ကိစ္စတွေကို ဝင်ရှုပ်တာ အကျိုးဆက်ကို မင်းသိရဲ့လား”
မျက်နှာပြောင်ချော နေသော လူကြီးက အေးစက်စက် အသံနှင့် ပြောလိုက်သည်။
“အိုး ... မင်းတို့ ကောင်းကင်လုပ်ကြံရေး အဖွဲ့မှာ အထွတ်အထိပ် အဆင့် ပါရမီရှင်တွေ ရှိလား”
“အထွတ်အထိပ် အဆင့် ဟုတ်လား။ မင်းငါတို့ကို လာလှောင်နေတာလား၊ အထွတ်အထိပ် အဆင့်ပညာရှင် ရှိလို့ကတော့ ငါတို့အခုလို နေ့တိုင်း တထိတ်တလန့်နဲ့ ခိုးကြောင်ခိုးဝှက် လုပ်နေပါ့မလား“
“ဒါပေမဲ့ ငါတို့ခေါင်းဆောင်က မင်းနဲ့အဆင့် တူတူပဲ။ မင်းသာအခု ငါတို့ကိစ္စကို ဝင်မရှုပ်ပဲ လှည့်ပြန်သွားရင် ငါတို့တစ်ခါမှ မဆုံခဲ့ဘူးလို့ သဘောထား ပေးမယ်”
“မင်းတို့ဆီမှာ အထွတ်အထိပ် အဆင့်တောင် မရှိဘဲနဲ့ ငါ့ကိုဒီလို စကားတွေ ပြောရဲတယ်ပေါ့။ ယဲ့နန်ထန်းနဲ့ ချန်းဂျူရန် တောင်မှ ငါ့ကိုဒီလို စကားမျိုး မပြောရဲဘူး” ချန်းဖန် လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“ယဲ့နန်ထန်းနဲ့ ချန်းဂျူရန်“ သူတို့သုံးယောက်လုံး အထိတ်တလန့်နှင့် နောက်ဆုတ်သွားကြသည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
“ငါချန်ပေ့ရွှမ်းပဲ။ မင်းတို့ ငါ့နာမည် ကြားဖူးမယ် ထင်တယ်”
“ချန်ပေ့ရွှမ်း …” သူတို့အားလုံး နာမည်ကို ကြားပြီးနောက် မျက်လုံးပြူး သွားကြသည်။
အနောက်ရေကန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် သူတို့အားလုံး ချန်းဖန်၏ အမည်ကို ရင်းနှီးနေပြီ ဖြစ်သည်။ ချန်းဖန်သည် အင်မော်တယ် အဆင့်အထိ ရောက်ရှိခဲ့သည်ဟု သတင်းထွက် ခဲ့သဖြင့် ချန်းဖန်၏ နာမည်ကို သိလိုက် ရသောအခါ သူတို့အားလုံး ထိတ်လန့် သွားကြသည်။
ထိုတိုက်ပွဲ ဖြစ်ပွားပြီးနောက် ချန်းဖန်သည် တရုတ်ပြည်တွင် ရှိသော သိုင်းပညာရှင်များ အားလုံးတွင် အတော်ဆုံး အထွတ်အထိပ် အဆင့်ဖြစ်ကြောင်း အားလုံးက သတ်မှတ် ခဲ့ကြသည်။
သူတို့ လေးယောက်လုံး မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ပြီး ခေါင်းကိုမြေကြီးနှင့် ထိမတတ် ငုံ့လိုက်ကြ၏။ သူတို့အားလုံး ကြောက်ရွံ့ တုန်လှုပ် နေကြသဖြင့် စကားတစ်လုံးမျှ မပြောနိုင်ကြချေ။
ချန်းဖန်ကဲ့သို့ အစွမ်းထက်သည့် အထွတ်အထိပ် တစ်ဦးသည် သူတို့အားလုံးကို လက်သီးတစ်ချက် တည်းဖြင့်ပင် အသေသတ်ပစ် နိုင်သည်။
“ဘယ်လို”
ယွင်ချန်ချန်နှင့် သေနတ်ကိုင်ထားသော မိန်းကလေးသည် အံ့ဩသွားကာ စကားတစ်လုံးမျှ မထွက်လာတော့ပေ။
***