စစ်ဆေးမှု၏ နောက်ဆက်တွဲ
Vol. 105 Ch. 1469
အနီရောင်မြူတားမြစ်နယ်မြေ
ကောင်းကင်စာအုပ်က မျက်လုံးကိုဖွင့်ကာ သူ့စာရွက်များကို ချက်ချင်း လှန်လှောကြည့်လိုက်သည်။ စာရွက်များက တစ်ရွက်ပြီးတစ်ရွက် စာသားများ ပြည့်နှက်လာပြီး ကောင်းကင်စာအုပ်က စကားလုံးတိုင်းကို အာရုံစိုက်ထားလိုက်လေသည်။ ထို့နောက် သူက ရယ်မောလိုက်၏။
“အဲ့ဆိုတော့ သူက နယ်ရုပ်တစ်ရုပ်အဖြစ်ခံမဲ့အစား ချစ်ခြင်းမေတ္တာကို ရွေးချယ်သွားတာပေါ့။ ဒါက ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ အဲ့လိုရှိလိမ့်မယ်လို့တော့ ထင်မထားမိဘူး”
ကောင်းကင်စာအုပ်က ထျန်းရွှမ်အကြောင်း သတင်းအချက်အလက် အားလုံးရှိမထားသော်လည်း သူ ကောက်ချက်ချထားသည့် သဲလွန်စများမှတဆင့် ထိုသူသည် နိမ့်ကျနေသည့် အသိကြောင့် ဝမ်ဝေ့နှင့် ယှဉ်ပြိုင်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ ထိုသူက ဝမ်ဝေ့ထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြလိမ့်မည်ဟု ယုံကြည်ထားခဲ့၏။ ထို့အပြင် သူ့စိတ်ထဲ၌ သူသည် လုံလုံလောက်လောက် မကောင်းကြောင်း ဆက်တိုက်ပြောပြနေသည့် အသံတစ်သံ ရှိနေသေးသည်။
ငါ ဝင်ရောက်မစွက်ဖက်တာ မှန်ကန်သွားတယ် …
ကောင်းကင်စာအုပ်က တွေးလိုက်မိ၏။ ထျန်းရွှမ် ထွက်ပြေးသွားပြီးသည့်နောက်တွင် မဟာတာအိုက သူ့အပေါ် ပိုမိုမှီခိုလာမည် ဖြစ်၏။ တခြားနည်းဖြင့် ပြောရလျှင် မဟာတာအို၏ အမြင်၌ သူ့တန်ဖိုးက မြင့်တက်သွားလိမ့်မည်။ ကောင်းကင်စာအုပ်က မဟာတာအိုသည် သူ့အား ဝင်ရောက်စွက်ဖက်ဖို့ ဖိအားပေးနေသည့် အကြောင်းရင်းကို နားလည်သွားလေ၏။ ထိုသူက ထျန်းရွှမ်အကြောင်း တစ်စုံတစ်ခုခံစားမိကာ အာမခံချက် လိုချင်ခဲ့ခြင်းသာ ဖြစ်၏။
စာအုပ်၏ အဆင့်မြှင့်တင်မှုက မကြာခင်အဆုံးသတ်သွားကာ ကောင်းကင်စာအုပ်က နောက်ဆုံးသော သတင်းအချက်အလက်များကို သုံးသပ်လိုက်သည်။
အဓိက အရေးကြီးဆုံးသတင်းက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက မကြာခင် ဝင်ရောက်လို့ရတော့မယ်။ ငါက အန္တိမသဟဇာတနဲ့ အပေးအယူကို ဖြည့်ဆည်းဖို့ မလိုလောက်တော့ဘူး။ ဒါပေမဲ့ အဲဒါကို လိုအပ်လာတဲ့အခါမှ ဝှက်ဖဲအနေနဲ့ သုံးလို့ရတယ် ....
ကောင်းကင်စာအုပ်က မတ်တတ်ရပ်လာ၏။ အန္တိမသဟဇာတနှင့်အခြေအနေက သိပ်အကောင်းကြီးမဟုတ်ဘဲ ယခု အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဝင်ရောက်ဖို့ တခြားနည်းလမ်းများရှိလာသည့်အတွက် ကောင်းကင်စာအုပ်က ကြိုတင်ပြင်ဆင်ထားလိုသည်။
အခု သူက ဒုက္ခတွေ့နေတာဆိုတော့ စိတ်ပျက်ပြီးတော့ ငါ့ကို ဆက်သွယ်ဖို့ကြိုးစားလာတာမျိုး ဒါမှမဟုတ်ဘူးဆို တိုက်ခိုက်ဖို့ ကြိုးစားလာတာမျိုး လုပ်လာနိုင်တယ်။ အဲ့ဆိုတော့ ငါ လှုပ်ရှားတဲ့အခါမှာ သတိကြီးကြီးထားဖို့ လိုသေးတယ် …
သူက ဒေါသတာအိုကမ္ဘာဟု ခေါ်ဆိုသည့် ဟွင်သွမ်းကမ္ဘာထံ မုခ်ပေါက်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ ထိုနေရာ၌ ဝမ်းနည်းမှုနှင့်စိတ်ပျက်မှုတို့လွှမ်းခြုံထားသည့် အမျိုးသားတစ်ယောက် ရှိနေသည်။ ထိုအမျိုးသားက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်လက်သည်းများ ဆိုးထားလေသည်။ ထိုသူ၏နာမည်က လင်းလီ ဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး လျစ်လျူရှုထားခံရဖို့ ကျိန်စာတိုက်ခံထားရလေသည်။ သူ မွေးဖွားလာသည်နှင့် သူ့မိဘများက သူ့တည်ရှိမှုကို မေ့လျော့သွားကြလေ၏။ သူ့ကိုမည်သူကမှ မမြင်နိုင်သလို မည်သူကမှ မထိတွေ့နိုင်ပေ။ သူကလည်း သူများကို မထိတွေ့နိုင်သလို မမြင်နိုင်ပေ။
လင်းလီက ဘဝများစွာ နေထိုင်ခဲ့သော်လည်း ဘဝတိုင်းအတူတူသာ ဖြစ်နေ၏။ သူ့ကို မမြင်နိုင်သလို ထိတွေ့၍ မရပေ။ ထိုဖြစ်စဉ်က သေမျိုးများသာမက ကျင့်ကြံသူများအတွက်လည်း အတူတူသာ ဖြစ်၏။ ပြောရမည်ဆိုလျှင် သူ့ကျိန်စာက ထို့ထက်ပင် ပိုမိုဆိုးရွားနေသည်။
လင်းလီက သူ့ကျိန်စာကို ကျိန်ဆဲလိုမိ၏။ သူက ထိပ်သီးစံပြအဆင့်အထိရောက်အောင် ကျင့်ကြံခဲ့ပြီး အဖြေကို ရှာဖွေခဲ့သည်။ ထို့နောက် သူက မမြင်နိုင်သည့်အနေအထား ပြောရမည်ဆိုလျှင် လျစ်လျူရှုခံထားရသည့် အနေအထားအထိဖြစ်နေကြောင်း သဘောပေါက်သွားလေသည်။ ရှင်သန်ခြင်းစာအုပ်က သူ့နာမည်ကို မေ့လျော့သွားသည့်အတွက် သူသည် ကမ္ဘာကြီးထဲတွင် အဆင့်အတန်း မရှိရုံသာမကဘဲ မသေပင် မသေနိုင်တော့ပေ။ ကံကြမ္မာက သူ့အတွက် ကြိုးမျှင်မရှိသည့်အတွက် သူ့ကံကြမ္မာက သူကိုယ်တိုင် ဆုံးဖြတ်ခြင်းသာ ဖြစ်သင့်၏။ သို့သော် ထိုသို့မဟုတ်ပေ။ အချိန်က သူ့ငယ်ရွယ်မှု သို့မဟုတ် အသက်ရှင်နေမှုကိုလည်း မဆေးကြောနိုင်ပေ။
ကမ္ဘာထဲတွင် ရှိနေသည့်အရာအားလုံးက လင်းလီကို လျစ်လျူရှုထားကြဟန်တူ၏။ ခြွင်းချက်က မဟာတာအို အရင်းအမြစ် ဖြစ်ပေသည်။ ထိုအရာနှင့် သူ့ဆက်နွယ်မှုတို့က ဤစကြဝဠာထဲ သူ၏ ဖြေလျော့မှုတစ်ခုတည်းသော အရင်းအမြစ် ဖြစ်နေ၏။ သို့သော် လင်းလီက ထိုအမှန်တရားသည် ဖြည်းဖြည်းချင်း ပြောင်းလဲလာနေကြောင်း တွေ့ရှိသွားလေသည်။ ထိုအရာက နှေးကွေးသော်လည်း မဟာတာအိုက သူ့ကိုမစွန့်ပယ်ခင် အချိန်တခုမျှသာ ကြာမြင့်မည်ဖြစ်ကြောင်း သိထားလေ၏။
ကောင်းကင်စာအုပ်က လင်းလီအထက် ပေါ်ထွက်လာကာ လက်တစ်ချက်အဝေ့ဖြင့် ထိုစိတ်ပျက်နေသည့် လူငယ်လေးက အနက်ရောင်ဝတ်ရုံ အသွင်ပြောင်းလဲသွားလေသည်။
“ဒီပစ္စည်းက ကျရှုံးမှုအဖြစ် မှတ်ယူရမှာလား” ကောင်းကင်စာအုပ်က မဟာတာအို၏ ကာကွယ်မှုကို ရှောင်ရှားဖို့ ထိုအသုံးအဆောင်ပစ္စည်းကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ သူက ထိုအရာကိုကောင်းကင်လျစ်လျူရှုရေး ဝတ်ရုံဟု ခေါ်ဆိုထားပြီး သူ့အစီအစဉ်အတွက် အတော်လေး အရေးပါလှသည်။
ဒါက ရှုပ်ထွေးမှု ဖြစ်မလာခင် သိသာတဲ့ အားဖြည့်မှုတချို့တော့ လိုလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီထူးကဲသာလွန်မှုအဆင့်တွေရှေ့မှာတော့ ဖုံးကွယ်ဖို့လုံ လောက်ပါတယ် …
သူက ဝတ်ရုံကို ပခုံးအထက်လွှမ်းခြုံရင်း တွေးလိုက်သည်။ ကောင်းကင်စာအုပ်က တည်ရှိမှုထဲတွင် ရှိသည့် အရာအားလုံးက သူ့တည်ရှိမှုကို အလိုအလျောက် လျစ်လျူရှုနိုင်သည့် အနေအထားသို့ ဝင်ရောက်သွားသည်။
လှုပ်ရှားလိုက်ရအောင် …
....
အလုံးစုံပကတိသိမြင်ဘုံကျောင်းက ကမ္ဘာဦးဟွင်သွမ်းအတွင်း မျောလွင့်နေသည့် မြစ်ကြောင်းအလယ်တွင် ခဲဖြူရောင်ဘုံဗိမာန်နှင့်တူသည့် အဆောက်အဦးတစ်ခု ဖြစ်ပေသည်။ ယနေ့ ကံကြမ္မာခုံရုံးဖြစ်သည့် ရှေးဦးနိမိတ်ဖတ်သူ၊ အထွတ်အထိပ်နိမိတ်ဖတ်သူနှင့် ပထမတန်းစားနိမိတ်ဖတ်သူတို့က အဖွားကျူ၏ ပြန်လည်ရောက်ရှိလာမှုအတွက် အစည်းအဝေး ကျင်းပနေကြသည်။ ထိုအစည်းအဝေးက ထူးဆန်းသည့် အငွေ့အသက် တစ်ခု ရှိနေပေ၏။ အထူးသဖြင့် အပြင်ဖက်လူနေရာမှ ကြည့်သည့်အခါတွင် ဖြစ်သည်။
ရှေးဦးမျိုးစေ့က ခဲဖြူရောင်ဆံပင်ရှိထားပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးဖြစ်ကာ ထိုင်ခုံပေါ်တွင် ထိုင်နေလေ၏။ သူမ၏ ညာဖက်နှင့်ဘယ်ဖက်တွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငါးယောက်ရှိပြီး ထိုလူများအနားတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် နောက်ထပ် အုပ်စုတစ်ခု ရှိနေလေသည်။ အားလုံးက ဘယ်နှင့်ညာ စီတန်းရပ်နေကြသော်လည်း အနက်ရောင်နှင့် မီးခိုးရောင်ဝတ်ရုံအဖွဲ့ကြားတွင် အနည်းငယ် ကွာဟချက်တချို့ရှိနေ၏။
ထိုစဉ် အဖွားကျူက အဆုံး၌ ရှိနေကာ ရှေးဦးနိမိတ်ဖတ်သူနှင့် မီတာ၂၀အကွာ အလယ်တွင် ဒူးထောက်ကာ ဝပ်တွားနေလေ၏။
“အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ဒီလောက်ပြင်ဆင်ထားလိမ့်မယ်လို့ ထင်မထားမိဘူး” ရှေးဦးနိမိတ်ဖတ်သူက ရေရွတ်လိုက်သည်။
“ဘုံဗိမာန်သခင် ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်” အဖွားကျူက ပြောလိုက်သည်။
“ငါ သိပါတယ်။ မင်းက မင်းရဲ့ တာဝန်ကို ကျရှုံးသွားတယ်ဆိုပေမဲ့ မင်းက အဖိုးတန်တဲ့ သတင်းအချက်အလက်ကို ယူလာတယ်။ အဲ့ဒီဆုလာဘ်က မင်းရဲ့ တာဝန်ကျရှုံးမှုကို ချေလို့ရတယ်” ရှေးဦးနိမိတ်ဖတ်သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဘုံဗိမာန်အရှင်ကို ကျေးဇူးတင်ပါတယ်” အဖွားကျူက အလျင်အမြန် ပြောလိုက်သည်။ ရှေးဦးနိမိတ်ဖတ်သူက သူမ ဘေးတွင်ရှိနေသည့် မီးခိုးရောင်ဝတ်ရုံနှင့် လူလတ်အရွယ်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“မင်း ဘာမှပြောနေဖို့မလိုတော့ဘူး။ ငါတို့ဘုံဗိမာန်မှာ ပထမတန်းစားနိမိတ်ဖတ်သူရှိလာတာ ကောင်းတဲ့ ကိစ္စတစ်ခုပဲလေ”
လူလတ်အရွယ်အမျိုးသားက အံကြိတ်ကာ ခေါင်းညိတ်လိုက်လေ၏။ ရှေးဦးနိမိတ်ဖတ်သူက ညာဖက်တွင် ရှိနေသည့် မီးခိုးရောင်ဝတ်ရုံအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ဘုံဗိမာန်အတွက် ဒီလိုမျိုး နိမိတ်ဖတ်သူတစ်ဦးကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ မင်းရဲ့ ဆုလာဘ်ကို ဘယ်မှာထုတ်ယူရတယ်ဆိုတာကို သိတယ်မလား”
“ဒါက ကျွန်မရဲ့တာဝန်ပါပဲ” အမျိုးသမီးက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်လေသည်။
ရှေးဦးနိမိတ်ဖတ်သူက အားလုံးကို ကြည့်လိုက်၏။
“ဟွင်သွမ်းစကြဝဠာတစ်ခုလုံးက ငါတို့ကိုစောင့်ကြည့်နေပြီးတော့ အလုံးစုံကောင်းကင်ကံကြမ္မာ ကပ်ဘေးအကြောင်း စောင့်ဆိုင်းနေကြတာ။ တကယ်လို့ ငါတို့က သတင်းကို ထပ်ပြီး မထုတ်ပေးနိုင်ရင် လူတချို့က စတင်လှုပ်ရှားလာကြလိမ့်မယ်။ အချိန်က မရှိတော့ဘူးဆိုတော့ ငါတို့တွေ အကောင်းဆုံး ကြိုးစားသင့်တယ်”
“အရှင့်ရဲ့ အမိန့်အတိုင်းပါ” အားလုံးက ပြိုင်တူပြောလိုက်သည်။
....
ပိလုံရှန့်က အိမ်ပြန်ရောက်လာလေ၏။ သူ့ကို စောင့်ကြိုနေသည့်အရာက ဟွင်သွမ်းစကြဝဠာကြီးထဲမှ အကောင်းဆုံးအရာများ စုစည်းထားသည့် နေရာတစ်ခု မဟုတ်ပေ။ သူ့ရှေ့တွင်ရှိနေသည့်အရာက ရက်စက်ကာ ကပ်ဘေးဆန်ဆန် ကမ္ဘာတစ်ခု ဖြစ်၏။ ပိလုံရှန့်က အထက်မှ နေရာအနှံ့ပြန့်ကျဲနေသည့် အပြိုအပျက်များအား ကြည့်လိုက်လေသည်။
ဤနေရာတွင် မီးတောက်များ၊ ကောင်းကင်မီးတောက်နယ်မြေများ၊ လေမုန်တိုင်းကြမ်းတမ်းသည့် နယ်မြေ၊ အကြွင်းမဲ့သုညအောက် ရောက်ရှိနေသည့် ရေခဲနယ်မြေ၊ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်နေသည့် မြေဆွဲအားဇုံ၊ ဟွင်သွမ်းစကြဝဠာကြီး၏ ကမ္ဘာအသီးသီးမှ အညစ်အကြေးများ ကိန်းအောင်းနေသည့် အဆိပ်ကမ္ဘာများ၊ ယင်ချီလှိုဏ်ဂူ၊ အပြိုအပျက်ကြယ်တာရာ/တွင်းနက်ကြီးများ ဒိုင်မေးရှင်း၊ ဖရိုဖရဲဖြစ်နေသည့် ကာလံအချိန်နေရာများ၊ ဟွင်သွမ်းအပိုင်းအစများ၊ ဗလာနတ္ထိပုံသဏ္ဌာန်ပြခြင်းကုန်းမြေ အစရှိသည်တို့ ရှိနေသည်။ ဤနေရာက အရာအားလုံးရှိသည့်အတွက် ထိုနေရာများတွင် ခန္ဓာကိုယ်လေ့ကျင့်သူများက ထိုအရာများကို အသုံးပြုပြီး သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်၏။
ပိလုံရှန့်က ထိုအရာကို ကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီး ပတ်ဝန်းကျင်မှ စွမ်းအားကို စုပ်ယူလိုက်သည်။ ထိုအရာများက တာအိုချီ မဟုတ်ဘဲ အသန့်စင်ဆုံးအဆီအနှစ်ချီ ဖြစ်၏။ ဤပတ်ဝန်းကျင်တွင် နေထိုင်သည့် သေမျိုးများက ဘာမှလေ့ကျင့်ခန်းမလုပ်ဘဲ တန်ဒါဇင်ချီကို အလွယ်တကူ မ ယူနိုင်လိမ့်မည်။
ပိလုံရှန့်က ဖရိုဖရဲဖြစ်နေသည့် ကမ္ဘာအလယ်တွင် ရှိနေသည့် နန်းဆောင်ကို လှမ်းကြည့်လိုက်လေ၏။ ထိုနန်းဆောင်က အနက်ရောင်ဖြစ်ပြီး သာမန်နှင့် တူနေလေသည်။ ထိုအရာက ကြီးကျယ်ခမ်းနားခြင်းလား သို့မဟုတ် မည်သည့်အမျိုးအစားဖြင့် ပြုလုပ်ထားကြောင်း ပြောပြရန် ခက်ခဲလေ၏။
ပိလုံရှန့်က နန်းဆောင်ဆီ ပြန်ရောက်လာကာ တာဝန်ခန်းမဆီ ချက်ချင်း ဦးတည်လိုက်သည်။
အပေါ်ပိုင်းခန္ဓာကိုယ်ဗလာကျင်းနေသည့် အမျိုးသားတစ်ဦးက ကြမ်းပြင်ပေါ်တွင် ထိုင်နေလေ၏။ သူ့ကြွက်သားများက မီးတောက်နှင့်အတူ လှုပ်ရှားနေလေသည်။
“ဦးလေး နဂါးမြစ်” ပိလုံရှန့်က ဦးညွှတ်လိုက်၏။
“သတင်းတင်ပြ” နဂါးမြစ်က တိုက်ရိုက် ပြောလိုက်သည်။ ပိလုံရှန့်က ဝမ်ဝေ့နှင့် တွေ့ဆုံစဉ်အခါက အပြုအမူအပါအဝင် အရာအားလုံးကို ပြောပြလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ကံကြမ္မာက ချီယွမ် ပြီးတဲ့နောက်မှာ ပျက်သုဉ်းသွားလိမ့်မယ် ဒါမှမဟုတ်ဘူးဆိုရင် ယခင်နဲ့ မတူလောက်အောင် ကြွယ်ဝလာမယ်လို့ ခန့်မှန်းထားကြတာ။ နောက်တစ်ခု ဖြစ်နေတဲ့ပုံပဲ” နဂါးမြစ်က ရေရွတ်လိုက်သည်။
“ကျွန်တော်တို့တွေ ဝမ်ဝေ့ကို ဘယ်လိုလုပ်ကြမလဲ”
“ကိစ္စမရှိဘူး။ သူ့ရဲ့ ပါရမီက ထူးကဲတယ်ဆိုပေမဲ့ သူ့လိုလူမျိုးနဲ့ တွေ့ရတာ ငါတို့အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ဘူး။ ဒါက နောက်ဆုံးအကြိမ်လည်း ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ သူက တစ်စုံတစ်ယောက်က သူ့အပေါ်မှာ သတိပေးအမှတ်အသား ထားရလောက်အောင် အရေးကြီးတယ်ဆိုတော့ သူ ထိုက်တန်တာထက်ပိုပြီးတော့ ပိုပြီးတော့ အန္တရာယ်များနိုင်တယ်” နဂါးမြစ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော် သိပါပြီ”
“မင်းက စံအိမ်သခင် ဒါမှမဟုတ် မျိုးနွယ်ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် မင်းအနေနဲ့ မင်းအနားမှာရှိတဲ့လူတွေအားလုံးကို ဆွဲဆောင်နိုင်မဲ့ စွမ်းရည်ရှိရမယ်။ အင်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ မင်းရဲ့ ဩဇာတိက္ကမနဲ့ ခေါင်းဆောင်နိုင်စွမ်းကိုလည်း ပြသနိုင်ရမယ်”
“ကျွန်တော် နားလည်ပါပြီ”
နဂါးမြစ်က ခေါင်းညိတ်လိုက်၏။
“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါက မင်းရဲ့ ဆုလာဘ်”
ပိလုံရှန့်က စကားဝိုင်း အဆုံးသတ်သွားသည်ကို သိသည့်အတွက် ဦးညွတ်ပြီးသည့်နောက်တွင် ထွက်ခွာလာလိုက်သည်။ သူ့အရိပ်က သက်ရှိတစ်ယောက် အသွင်ပြောင်းလဲသွားကာ အခန်းအတွင်း နေခဲ့ပြီး နဂါးမြစ်နှင့် ဆက်သွယ်နေခဲ့၏။
....
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ
ဝမ်ဝေ့က အိမ်သို့ပြန်လာစဉ် သတိကြီးကြီးထားလိုက်ပြီး တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံနိုင်သည်ဟု ထင်လိုက်သည်။ သို့သော်လည်း သူ ဘာမှသတိမထားမိပြီးသည့်နောက်တွင် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ အိမ်သို့ ပြန်လာခဲ့၏။
သူက သာလွန်ကံကြမ္မာတောင်ထိပ်ဆီ ရောက်ရှိလာပြီးသည့်နောက်တွင် သူ့မျက်နှာထက် အပြုံးတစ်ပွင့် ပေါ်လာသည်။ သို့သော်လည်း သူ့ငြိမ်းချမ်းမှုက မကြာလိုက်ဘဲ ချက်ချင်းဆိုသလိုပင် ဝမ်ချီနှင့်ယွီချိုက်တို့ ရောက်ရှိလာလေ၏။