← Chapters

ချင်းဟန်ရောက်ရှိလာမှု

Vol. 3 Ch. 206

ချင်းဟန်ရောက်ရှိလာမှု

Vol. 3 Ch. 206

ချန်းဖန် ခန်းမသို့ ပြန်ရောက်သောအခါ ဖျော်ဖြေပွဲသည် ပြီးလုနီးပါး ဖြစ်နေပြီ။ ယွင်ချန်ချန်သည် သူမ၏ အလှည့်ဖြစ်သဖြင့် ပရိသတ်များကို သီဆိုဖျော်ဖြေ နေသည်။ သူမသည် သီဆိုဖျော်ဖြေ နေသောအခါ ခုနကကဲ့သို့ ကြောက်ရွံ့ မနေတော့ပဲ ပျော်ရွှင်နေသည်။ သူမသည် အပြုံးတစ်ခုကို ပန်ဆင်ရင်း သီချင်းကို ပိုင်နိုင်စွာ သီဆိုကာ ပရိသတ်များကို ဖျော်ဖြေနေသည်။

“သေချာတယ် … သူ သူ့ သူငယ်ချင်းနဲ့ ပြဿနာ ဖြစ်ထားတာ နေမှာ …”

ကောင်းကင်လုပ်ကြံရေး အဖွဲ့မှပြောသည့် လုပ်ကြံရန် စေခိုင်းသူ၏ အမည်ကို ချန်းဖန် ရင်းနှီးနေသည်။ ထိုသူမှာ အခြားသူ မဟုတ်။ ယွင်ချန်ချန်နှင့် ကုမ္ပဏီတစ်ခု ထဲတွင် အလုပ်အတူ လုပ်ကိုင်သည့် သူဖြစ်သည်။ သူတို့နှစ်ဦးသည် ပရိသတ် ရှေ့တွင်သာ တစ်ဦးနှင့်တစ်ဦး မြှောက်ပင့် ပြောဆိုကြပြီး ကွယ်ရာတွင် တစ်ဦးနှင့်တစ်ဦး သေစေချင်သည် အထိ ရန်ငြိုး ကြီးကြသူများ ဖြစ်သည်။

“ငါမှတ်မိပြီ။ ဗုဒ္ဓလက်ကောက် ထဲမှာ ပေါ်လာတာ သူမပဲ”

“ရှောင်ရွယ်ရေ၊ ငါတို့ ပြန်ကြစို့”

ချန်းဖန်သည် သေနတ်ကိုင် မိန်းကလေးနှင့် လုပ်ကြံသူ သုံးဦးကို မတွေ့တော့ သဖြင့် သူတို့အားလုံး ရဲစခန်းသို့ သွားလိုက်ကြပြီဟု သတ်မှတ်လိုက်သည်။

ထို့နောက် သူလည်း လုယန်ရွယ်ကို ခေါ်ကာ ပြန်လာခဲ့တော့သည်။

နောက်တစ်နေ့ မနက်ခင်းတွင် အစိုးရ အထူးတပ်ဖွဲ့မှ လူများသည် ချန်းဖန်၏ အခန်းရှေ့တွင် စောင့်နေကြသည်။

“မင်္ဂလာပါ သခင်လေးချန်း၊ ထပ်တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မက အစိုးရ အထူးတပ်ဖွဲ့က လက်ထောက် အုပ်ချုပ်ရေးမှူး ချင်းဟန်ပါ”

ချန်းဖန်သည် သူမနေ့က တွေ့ခဲ့သည့် မိန်းကလေးကို တွေ့လိုက်သည်။

သူမသည် အသက် (၃၀) ကျော်ပြီး ရုပ်ရည် မချောမောသော်လည်း သူမ ဝတ်ဆင်ထားသည့် စစ်ဝတ်စုံနှင့် လိုက်ဖက်ကာ ကြည့်ကောင်းနေသည်။ နေလောင်ထားသဖြင့် ညိုညစ်နေသော်လည်း သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်း များနှင့် ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်သည်။ သူမသည် ပြည်သူလူထုကို ကာကွယ်ရန်အတွက် အမြဲအဆင်သင့် ဖြစ်နေ သကဲ့သို့ပင်။

“ကောင်းပြီ”

ချန်းဖန်သည် ခေါင်းငုံ့ အသိအမှတ် ပြုလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူမ၏ နောက်တွင် လုယန်ရွယ်က မတ်တတ်ရပ် နေသည်။

အထူးတပ်ဖွဲ့မှ ပါဝင်သော လူငယ်များသည် လုယန်ရွယ်၏ အလှတွင် နစ်မြောသွားကြသည်။ ထို့နောက် လုယန်ဝူသည် ချန်းဖန်ကို ရေနွေးကြမ်း လာရောက် ထည့်ပေးသည်။ လုယန်ဝူ ကဲ့သို့ မိန်းမလှလေးကို ထပ်တွေ့လိုက် ရသောအခါတွင် ထိုလူငယ်အားလုံး ပင့်သက်ရှိုက် သွားကြသည်။

ထို မိန်းကလေးသည် အခြားသူ မဟုတ်။ လင်းမြို့၏ အဓိက စီးပွားရေးများ ဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေ၊ ဟိုတယ်နှင့် အာမခံ လုပ်ငန်းများကို ပိုင်ဆိုင်သည့် လူအုပ်စု၏ ဥက္ကဋ္ဌဖြစ်သည်။

ဘာကြောင့်များ ထို သန်းထောင်ချီ တန်သည့် ကုမ္ပဏီ၏ ဥက္ကဋ္ဌက ထိုကောင်လေးကို ရေနွေးငှဲ့ ပေးရသည်ကို အထူးတပ်ဖွဲ့မှ လူငယ်များ မခန့်မှန်း နိုင်တော့ချေ။

ချင်းဟန်သည် မည်သည့်စကားမျှ မပြောသေးဘဲ ထိုင်ခုံတွင်သာ တိတ်ဆိတ်စွာ ထိုင်နေသည်။ သိုသော် ထိုသို့ ထိုင်နေခြင်းသည် ချန်းဖန်ကို မေးစရာ မရှိသောကြောင့် မဟုတ်ပေ။ သူမ၏ အမြင်ထဲတွင် ချန်းဖန်သည် မနေ့ကနှင့် မတူဘဲ ပိုချောနေသည်ဟု ထင်သည်။

“အခန်းရဲ့ အလင်းရောင်ကြောင့် နေမှာပါ။ မနေ့က နေရာက မှောင်တယ်လေ …” သူမ မိမိကိုယ်ကို တွေးတော နေမိသည်။

ထို့နောက် ချင်းဟန်သည် သူမ၏ အတွေးများကို ဖျောက်လိုက်ပြီး ချန်းဖန်ကို …

“သခင်လေးချန်၊ ရှင့်အသက်က အန္တရာယ်ထဲ ကျရောက်နေတာ ရှင်သိလား”

“အာ ...  ဟုတ်လား” ချန်းဖန်က ပေါ့ပေါ့ပြက်ပြက်နှင့် ပြန်မေးလိုက်သည်။

ချင်းဟန် စိတ်တိုသွားကာ ပြောသည် ...  “ရှင်လည်း မနေ့က ရှင့်ကို လုပ်ကြံတဲ့လူကို တွေ့သားပဲ မဟုတ်လား”

ချင်းဟန်သည် ကွန်ပျူတာကို ဖွင့်ပြရင်း ချန်းဖန်ကို ဓာတ်ပုံတစ်ပုံ ပြကာ မေးသည် ...  “ဒါရှင်နေ့က တွေ့ခဲ့တဲ့ လူသတ်သမား မလား”

ဓာတ်ပုံထဲတွင် အရပ်ရှည်ရှည် အသားဖြူဖြူ နှာခေါင်းချွန်ချွန်နှင့် မျက်တွင်းနက်သည့် လူသတ်သမားကို တွေ့လိုက်သည်။

“ဟုတ်တယ် …  သူပဲ ...”

“သူ့နာမည် အထီးကျန် ဝံပုလွေတဲ့။ သွေးလအုပ်စုက အတော်ဆုံး လက်ရွေးစင် လုပ်ကြံသမားပဲ။ သူက အရှေ့ အလယ်ပိုင်းက တော်ဝင် မိသားစုနဲ့ သူဌေး တော်တော်များများကို သတ်ခဲ့တယ် “

“သူက နိုင်ငံတကာက အလိုရှိနေတဲ့ လုပ်ကြံရေးသမားပဲ။ သူက အာရှနိုင်ငံ တစ်ခုရဲ့ သမ္မတကိုလည်း လုပ်ကြံခဲ့တယ်။ သူက သူ့ခန္ဓာကိုယ်ကို ပုံပြောင်းနိုင်စွမ်း ရှိတယ်တဲ့။ သူ့ကို သမ္မတရဲ့ ကိုယ်ရံတော် တွေက သေနတ်နဲ့ ဝိုင်းပစ်ကြတာတောင် အံ့ဩဖို့ ကောင်းလောက်အောင် ရှောင်နိုင်တယ်တဲ့။ ကြားရတာကတော့ အိန္ဒိယက ယောဂဆရာ တစ်ယောက် ဆီကနေ ဒီပညာကို သင်ခဲ့တာတဲ့”

“ရှေးဟောင်း ယောဂပညာ ဟုတ်လား” ချန်းဖန် နဖူးတွန့်ချိုး လိုက်သည်။

“သူအတွင်းအား မသုံးတာ မဆန်းပါဘူး။ သူ့မှာ ပုံပြောင်းနိုင်စွမ်း ရှိမှတော့ သူ့အတွက် အတွင်းအား သုံးရဖို့ မလိုပါဘူး။ ကြည့်ရတာ တရုတ်ပြည်တွင်းက သိုင်းပညာရှင် တွေက အတွင်းအားကို အဓိက လေ့ကျင့်ပြီး ပြည်ပက ပညာရှင်တွေက ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ အဓိက လေ့ကျင့်ကြတာနဲ့ တူတယ်” ချန်းဖန် တွေးနေမိသည်။

“သခင်လေးချန်း၊ ရှင်မနေ့က သူ့ကို ဖမ်းမိလိုက်သေးလား”

“မမိဘူး၊ ငါခြောက်လွှတ်လိုက်တာ ...”

“ရှင် ခြောက်လွှတ်လိုက်တာ ဟုတ်လား”

အထူးတပ်ဖွဲ့မှ လူငယ်များသည် ချန်းဖန်၏ မနေ့က စွမ်းရည်ကို သူတို့ မတွေ့လိုက် ရသောကြောင့် ချန်းဖန် ပြောသည်ကို မယုံကြည် နိုင်ကြပေ။

လုပ်ကြံသူသည် နိုင်ငံများစွာမှ သမ္မတ များနှင့် အစိုးရ အဖွဲ့များပင် ကြောက်ရသူ ဖြစ်သည်။ ထိုကဲ့သို့သော လုပ်ကြံသူကို ခြောက်လွှတ်လိုက်သည်ဟု ပြောသည့် ချန်းဖန်၏ စကားကို မည်သူမျှ မယုံကြည်ကြချေ။

သို့သော်လည်း မည်သူမျှ သူတို့၏ အတွေးကို ထုတ်မပြောကြပေ။

“ချန်းဖန်၊ ကျွန်မ လောင်းရဲတယ်။ အထီးကျန် ဝံပုလွေက လက်လျှော့မှာ မဟုတ်ဘူး။ ရှင့်ဆီ ပြန်လာမှာပဲ။ ရှင်က သူ့ကို ခြောက်လန့်လိုက်တာ မဟုတ်ဘူး။ သူ့ကိုပြင်ဆင်ဖို့ အချိန် ပေးလိုက်တာပဲ”

“ကိစ္စ မရှိပါဘူး။ သူငါ့ဆီကို ပြန်လာမှာ မဟုတ်ပါဘူး” ချန်းဖန် ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်သည်။

ချန်းဖန်သည် လုပ်ကြံသူကို ပြာဘဝသို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ ထို့အတွက် သူသည် ချန်းဖန်ဆီသို့ ပြန်လာနိုင်မည် မဟုတ်ပေ။

ချန်းဖန်၏ ဂရုမစိုက်သည့် အမူအရာကို တွေ့လိုက်သောအခါ ချင်းဟန်၏ ရင်ထဲတွင် ဒေါသထွက် သွားသည်။

“သူတို့လို သူဌေးသား တွေက အဲအတိုင်းပဲ။ ဘာမှကို ဂရုမစိုက်တဲ့ ပုံစံနဲ့။ ကြည့်နေ ဒုက္ခရောက်တဲ့ အချိန်ကြမှ မိန်းကလေးလို ငိုနေမှာ မြင်ယောင်သေးတယ်”

ချင်းဟန် ဒေါသကို မျိုသိပ်လိုက်ပြီး ချန်းဖန်ကို စူးစိုက် ကြည့်လိုက်သည်။

“သခင်လေးချန်။ ရှင့်ရဲ့ ဒုက္ခတွေက အထီးကျန် ဝံပုလွေ တစ်ယောက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူး”

“ရှင့်ကို သတ်နိုင်တဲ့လူကို သန်းတစ်ရာ ပေးမယ်လို့ ဆုကြေး ထုတ်ထားတာ ကျွန်မတို့ သတင်းရထားတယ်”

“သန်းတစ်ရာတောင်”

အခန်းထဲတွင် ရှိသောလူ များသည် အံ့ဩသွားကြသည်။

ထိုလူငယ်များသည် ထိုကဲ့သို့ များပြားလှတဲ့ ငွေကြေးပဓာနနှင့် ပြစ်မှုကို အတွေ့အကြုံ မရှိပေ။ ယွမ်သန်း အနည်းငယ် ဆုကြေး ထုတ်ခံရသည့် လူသတ်မှုများ ကိုသာ ကိုင်တွယ် ခဲ့ဖူးသည်။ ထို့နောက် ထိုလူငယ် များသည် ချန်းဖန် အပေါ်ထားရှိသော အမြင်များ ပြောင်းသွားကြသည်။

“သူက ဘယ်လိုလူမို့လို့ သူ့ကို ဒေါ်လာ သန်းတစ်ရာတောင် ဆုကြေး ထုတ်ရတာလဲ”

လုယန်ရွယ်သည် ထိုသတင်းကို အခုချိန်မှာ ကြားသိရသဖြင့် အံ့ဩသွားကာ ချန်းဖန်ကို ကြည့်လိုက်သည်။ သို့သော် လူယန်းဝူ မှာမူ လုယန်းစူးကဲ့သို့ မဟုတ်ဘဲ တည်ငြိမ် နေသည်။ လဲ့ချန်းကျွယ်ကို သတ်နိုင်သော ချန်းဖန်သည် ထိုကဲ့သို့ ကြုံတွေ့ ရလိမ့်မည်ကို သူမ တွေးထားပြီး ဖြစ်သည်။

“အာ ... တကယ်လား”

ချန်းဖန်သည် ရေနွေးကြမ်းကို နည်းနည်းချင်း သောက်ရင်း ဂရုမစိုက် သလို ပြန်မေးလိုက်သည်။

“သခင်လေးချန်း၊ ရှင်ကျွန်မ ပြောနေတာကို အလေးထားပေးပါ”

“သံသယ ရှိစရာ ကောင်းတဲ့ နိုင်ငံခြားသား အဖွဲ့ (၁၇) ဖွဲ့ တရုတ်ပြည်ထဲကို ဝင်လာတယ်လို့ နယ်စပ်တပ်ဖွဲ့က သတင်းပို့ထားတယ်။ တရုတ်ပြည်ထဲကို ရောက်တာနဲ့ သူတို့ကို ခြေရာခံလို့ မရတော့ဘူးတဲ့။ သေချာတာ တစ်ခုကတော့ သူတို့အားလုံး လင်းမြို့ကို လာနေကြတာပဲ”

“သွေးခေါင်းအဖွဲ့က အတော်ဆုံး လုပ်ကြံရေးသမား မဟူရာမြွေ ကလည်း တရုတ်ပြည် ထဲကို ရောက်နေပြီလို့ သတင်းကြားတယ်”

“မဟူရာမြွေက နိုင်ငံတကာက အလိုရှိနေတဲ့ ရာဇဝတ်သား တစ်ယောက်ပဲ။ သူကအရမ်းကို အန္တရာယ် များတယ်။ သူ့ကို ဖမ်းနိုင်ဖို့ ဆိုရင် ကျွန်မတို့ရဲ့ လက်နက်ကိုင် တစ်ဖွဲ့လုံးရဲ့ စွမ်းအားကို သုံးရလိမ့်မယ်။

သူတရုတ်ပြည်ထဲ ရောက်နေပြီလို့ အသေအချာ မသိရသေးပေမဲ့ ရှင့် လုံခြုံရေးအတွက် ရှင်ကျွန်မတို့နဲ့ ပူးပေါင်းသင့်တယ်။ ကျွန်မတို့ ရှင့်ရဲ့ လုံခြုံရေး အတွက် ကျွန်မတို့ အစောင့်တွေ လွှတ်ပေးလိုက်ပါ့မယ်”

“ငါ့ရဲ့ လုံခြုံရေးအတွက် ဟုတ်လား ...”

ချန်းဖန်သည် ချင်းဟန်နှင့် တခြားလူငယ် များကိုကြည့်ရင်း ခေါင်းခါလိုက်သည်။

“မလိုပါဘူး။ အဲတာတွေက ကောလာဟလ သက်သက်ပဲလေ”

“သခင်လေးချန်း”

ချန်းဖန်သည် ခေါင်းခါလိုက်ပြီး “ယန်ဝူ၊ ဧည့်သည်တွေကို ပြန်ပို့လိုက်တော့”

လုယန်ဝူသည် ပြုံးရင်း “သခင်လေးချန်း အနားယူတော့မယ်၊ ကျွန်မနောက် လိုက်ခဲ့ပေးကြပါ”

“သခင်လေးချန်း ရှင်က အရမ်းတော်တဲ့လူ တစ်ယောက်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ လုံခြုံရေး အတွက် မပေါ့ဆပါနဲ့။ ကျွန်မတို့ လူတွေက ရှင့်ကို ကာကွယ်ပေး နိုင်ပါတယ်”

ယင်းချန်သည် ဆက်တိုက် အော်ပြောနေသော်လည်း ချန်းဖန်သည် မကြားဟန်ဆောင်ကာ အခန်းထဲမှ ထွက်သွားပြီ ဖြစ်သည်။

“ဘယ်လိုကောင်ပါလိမ့်”

လူငယ်တစ်ယောက်သည် ချန်းဖန် ထွက်သွားသည့်လမ်းကို ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။

“စောင့်ကြည့်နေလိုက် တစ်နေ့ကျရင် မင်း နောင်တရလိမ့်မယ်”

ချင်းဟန်သည် မည်သည့် စကားကိုမျှ မဆိုဘဲ တိတ်ဆိတ်စွာ ထိုင်နေလေသည်။

ရက်အနည်းငယ် ကြာပြီးနောက် ချန်းဖန်သည် လုပ်ကြံသူများ မရှိ သကဲ့သို့ပင် လုယန်ရွယ်နှင့် မြို့ထဲသို့ လျှောက်လည်ကြသည်။ ထုံရှမ်းနှင့် နတ်ဆေးတောင်ကြားမှ လူများ လင်းမြို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ချန်းဖန်သည် လင်းမြို့မှ မထွက်သွားသေးဘဲ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ထားသည်။

သုံးရက်ခန့် ကြာပြီးသောအခါ ချန်းဖန်သည် လူအိမ်တော်၏ အမိုးပေါ်မှ မတ်တတ်ရပ်ကာ လင်းမြို့ကြီးကို ငေးကြည့်နေသည်။

“အချိန်ကျပြီ”

ချန်းဖန်သည် မျက်လုံးကို မှိတ်လိုက်ပြီး သူ့၏ စိတ်စွမ်းအင်ကို ပျံ့လွင့်လိုက်သည်

***

All Chapters