ရက်စက်သည့် လုပ်ကြံသူများ
Vol. 3 Ch. 207
ချန်းဖန် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ တစ်မြို့လုံးကို လွှမ်းခြုံလိုက်သည်။ နတ်ဘုရား စိတ်အာရုံမှာ ပင်လယ် လှိုင်းလုံးများ ကဲ့သို့ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး လင်းမြို့တော် အတွင်းရှိ အိမ်၊ လမ်း၊ စျေးဆိုင်၊ သစ်ပင်နှင့် မြက်ပင်ပါ မကျန် ဖြတ်သန်းသွားသည်။ နတ်ဘုရား စိတ်အာရုံ၏ လွှမ်းမိုးမှု အောက်တွင် အမျိုးမျိုးသော မြင်ကွင်းများနှင့် အသံများက ချန်းဖန်၏ ဦးနှောက်ထဲသို့ အစီအရီ ဝင်ရောက် လာခဲ့သည်။ ချန်းဖန် အာရုံစူးစိုက် လိုက်ကာ သူလိုအပ်သည့် သတင်း အချက်အလက်များကို ကြည့်ရှုလိုက်သည်။
လမိုက်ည၏ အမှောင်ရိပ်ကို အားကိုး၍ လုပ်ကြံသူ များစွာမှာ ပုန်းအောင်း နေကြသော်လည်း ချန်းဖန် အားလုံးကို ရှင်းလင်းစွာ တွေ့မြင် နေရသည်။ နတ်ဘုရား စိတ်အာရုံအောက်မှ ဖုံးကွယ်နိုင်မည့် အရာ ဤနေရာတွင် ရှိမည် မဟုတ်ပေ။ အိပ်မပျော် သဖြင့် ခုတင်ပေါ်တွင် လူးလိမ့်နေသော လုယန်ရွယ်နှင့် စာအုပ်ပုံ ထဲတွင် ခေါင်းနှစ်ကာ အလုပ် ရှုပ်နေသည့် လုယန်ဝူ တို့ကိုလည်း တွေ့လိုက်သည်။ ခြံစောင့် အပေါင်းအသင်း များနှင့်အတူ လေပေါနေသည့် လုတရုန်နှင့် မျက်မှောင်ကြုတ် ထားသည့် ချင်းဟန်တို့ ကိုလည်း ချန်းဖန် မြင်လိုက်နေ ရသည်။
လုမိသားစု အတွင်း၌ လှုပ်ရှား သွားလာနေ ကြသည့် လူများစွာကို တွေ့မြင်နေရ သော်လည်း ထိုလူများကား သူရှာဖွေ နေသည့် လူမဟုတ်ပေ။ ချန်းဖန်သည် သူ၏ စိတ်ကို ပြန်လည် စူးစိုက်လိုက်သည်။ သူ၏အာရုံတွင် တစ်မြို့လုံး မည်းမှောင်သွားပြီး အချို့ နေရာများတွင် ဖရောင်းတိုင် မီးတောက်ကဲ့သို့ လင်းနေသည့် အလင်းရောင်ငယ် များစွာကို မြင်တွေ့လာသည်။
ထိုအလင်းရောင် တိုင်းကား အသက် ရှင်နေသည့် လူတစ်ဦးစီကို ကိုယ်စားပြုသည်။ ငယ်ရွယ်သော သူများ၏ အလင်းရောင်သည် အသက် ကြီးသူများထက် ပို၍ တောက်ပသည်။ မီးပုံကဲ့သို့ ကြီးမားသည့် အလင်းရောင် များမှာမူ သိုင်းပညာရှင်များကို ကိုယ်စား ပြုသည်။
“လင်းမြို့တော် ထဲမှာ သိုင်းပညာရှင်တွေ အများကြီး ရှိနေတာပဲ ...” နတ်ဘုရား စိတ်အာရုံ၏ လွှမ်းမိုးမှု အောက်၌ ဒါဇင်ခန့် ရှိသော သိုင်းပညာရှင်များကို ချန်းဖန် တွေ့မြင် နေရသည်။
“မင်းတို့ကို တွေ့ပြီ ...”
ချန်ဖန်သည် အထီးကျန် ဝံပုလွေ ကဲ့သို့ အေးစက်သည့် အငွေ့အသက်များ ဖြာထွက်နေသော သိုင်းပညာရှင် အချို့ကိုလည်း တွေ့မြင်နေ ရသည်။ အထီးကျန် ဝံပုလွေ ကဲ့သို့ပင် ထိုလူများလည်း လုပ်ကြံသူများ ဖြစ်ကြသည်။ ချန်းဖန်သည် အခြား နေရာသို့ မထွက်ခွာပဲ လင်းမြို့တော်တွင် နေနေခြင်းသည် ထိုကဲ့သို့ လုပ်ကြံသူများကို မျှားခေါ်ရန် အတွက်ပင် ဖြစ်သည်။
သူနှင့် အနီးကပ်ဆုံး လုပ်ကြံသူမှာ လုမိသားစု ခြံဝင်းနှင့် မီတာ တစ်ရာခန့်တွင် ရှိသည့် ချုံထဲတွင် ပုန်းခိုနေခဲ့သည်။
ဘန်း …
ချန်းဖန်သည် ဆယ့်ခုနစ်ထပ် အမြင့်ရှိသည့် လုအိမ်တော်၏ အမိုးကို ခြေထောက် တစ်ဖက်ဖြင့် ခြေကန်နင်းရင်း ကောင်းကင်ပေါ်သို့ ကြယ်တစ်စင်းနှယ် ပျံတက်ကာ လုမိသားစု ခြံဝင်း၏ အပြင်ဘက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
“ဘာကြီးလည်းဟ ...”
ခြံထဲတွင် ပုန်းခိုနေပြီး လုမိသားစု ခြံဝင်းကို မှန်ပြောင်းဖြင့် ကြည့်နေသည့် လုပ်ကြံသူသည် ရုတ်တရက် ပေါ်လာသည့် အလင်းတန်းကို တွေ့လိုက်ပြီး အံ့ဩစွာ လိုက်ကြည့်နေသည်။ သူမှတ်မိသည့် တစ်ခုတည်းသော အရာကား ကောင်းကင်ကို ဖြတ်ကာ သူ့ထံ ဝင်လာသည့် အရိပ် တစ်ခုပင်။
မည်သည့်အရာ ဖြစ်ပျက် သွားသည်ကို မသိခင်ပင် ချန်းဖန်သည် လုပ်ကြံသူ၏ ဦးခေါင်းပေါ်သို့ ရောက်ရှိနေကာ လုပ်ကြံသူကို ခြေထောက်ဖြင့် နင်းခြေပစ်ပြီ ဖြစ်သည်။
“တစ်ယောက်တော့ ပြီးပြီ ...”
ချန်းဖန်သည် လုပ်ကြံသူကို ဂရုပင်မစိုက်ပဲ မြေကြီးကို ခြေကန်နင်းကာ ကောင်းကင်ပေါ်သို့ ပြန်တက် သွားပြန်သည်။ ချန်းဖန်သည် မီတာတစ်ရာခန့် ပျံတက်သွားပြီး လေထဲ၌ ကိုယ်ကိုတစ်ပတ် ပတ်လိုက်သည်။ သွေးကြောထဲသို့ စွမ်းအင် ဖြတ်စီးသွားသည့် အချိန်တိုင်း သူ၏ ခန္ဓာကိုယ် ထဲတွင်ရှိသော ဆဲလ်တိုင်းက ပတ်ဝန်းကျင်တွင် ရှိသော ချီစွမ်းအင်များကို စုပ်ယူနေသည်။ ကောင်းကင်နှင့် မြေကြီးမှ ရရှိသည့် ချီစွမ်းအင် များသည် သူ့ကို အကန့်အသတ်မဲ့ စွမ်းအင်များ ပေးပြီး လေထဲတွင် ပျံနိုင်သော စွမ်းရည်ကိုလည်း ရရှိစေသည်။
ချန်းဖန်သည် ပင့်ကူလူသား ကဲ့သို့ပင် မြို့ထဲတွင် လျင်မြန်စွာ ရွေ့လျားနေသည်။ သူသည် အဆောက်အဦ၏ ပြတင်းပေါက်မှ ခုန်ဝင်ကာ အခြား ပြတင်းပေါက် ဘက်မှ ခုန်ထွက်ပြီး နောက်အဆောက်အဦ တစ်ခုသို့ အရှိန်ယူကာ ခုန်ကူး နေခဲ့သည်။ သူကား ညအမှောင်၏ အကူအညီဖြင့် လုပ်ကြံသူများ မသိအောင် လျင်မြန်စွာ လှုပ်ရှား နေခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ကြယ်လေးပွင့် ဟိုတယ် အတွင်းတွင် ပိန်ပိန်ပါးပါး လူတစ်ဦးသည် ဗီဒီယိုတစ်ခုကို ကြည့်ရင်း နာမည် တစ်ခုကို ထပ်ကာထပ်ကာ ရေရွတ်နေသည်။ ထိုဗီဒီယိုသည် လျှို့ဝှက် ကင်မရာဖြင့် ခိုးရိုက်ထားသည့် မှုန်ဝါးဝါး ဗီဒီယိုတစ်ခု ဖြစ်သည်။
“ချန်းပေ့ရွှမ်း”
ဗီဒီယိုထဲတွင် လူနှစ်ဦးသည် ရေကန်ဘေးတွင် တိုက်ခိုက် နေကြသည်။ ဗီဒီယိုသည် မှုန်ဝါးလွန်း သဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။ တိုက်ပွဲဖြစ်သည့် နေ့တွင် မိုးသည်းထန်စွာ ရွာနေပြီး ထိုမိုးကြောင့် ဘေးတွင် ရပ်ကြည့် နေကြသည့် လူများပင် တိုက်ပွဲကို သဲကွဲစွာ မမြင်ရပေ။ ထို့ပြင် လုမိသားစုက အနောက်ရေကန် တစ်ခုလုံးကို ပိတ်ဆို့ကာ လျှို့ဝှက် ကင်မရာများကိုလည်း တားမြစ် ထားသေးသည်။ အလွန် သေးငယ်သော ကင်မရာမျှသာ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်နိုင်ပြီး တိုက်ပွဲကို မှတ်တမ်း တင်နိုင်လိမ့်မည်။ သို့သော်လည်း ထိုမှတ်တမ်းသည် မှုန်ဝါးနေသဖြင့် တိူက်ခိုက်သူ နှစ်ဦးကို သဲကွဲစွာ မမြင်ရပေ။
“သေချာတာ တစ်ခုက သူက ရေပေါ်မှာတောင် အမြန် ပြေးနိုင်တာပဲ။ စနိုက်ပါ သေနတ်က လွဲလို့ ကျန်တဲ့ လက်နက်တွေက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ...”
ထိုလူကြီးသည်ကား ကိုရီးယားနိုင်ငံမှ ကင်ဂျင်ဟောင် အမည်ရှိ လုပ်ကြံသူ ဖြစ်သည်။ ထိုလူသည် မည်သည့် အဖွဲ့အစည်း လက်အောက်တွင် အလုပ်မလုပ်ဘဲ တစ်ယောက်တည်း သီးသန့် လုပ်ဆောင်သူ ဖြစ်သည်။ ဟောင်ဂိုဏ်းမှ ပေးမည့် ဒေါ်လာ သန်းတစ်ရာသည် လွန်စွာ များပြားသည့် ပမာဏ ဖြစ်သည်။ ထိုကိစ္စ ပြီးမြောက်ပါက သူသည် ကျွန်းတစ်ကျွန်းပေါ်တွင် အခြေချကာ တစ်သက်လုံး အေးအေးချမ်းချမ်း နေတော့မည်ဟု ဆုံးဖြတ်ထားသည်။
ထိုစဉ် အရိပ်မည်း တစ်ခုက ရုတ်တရက် ပြတင်းပေါက်မှန်ကို ဖြတ်ကာ အခန်းထဲသို့ အရှိန်ပြင်းစွာ ကျဆင်းလာသည်။
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ ငါနေနေတာ (၂၇)ထပ် မြောက်မှာလေ ...” ကင်ဂျင်ဟောင်သည် ခါးပတ်တွင် ရှိသည့် သေနတ်ကို ယူပြီး ပစ်ရန်ဟန်ပြင် လိုက်သော်လည်း တစ်ခန်းလုံး အမှောင်ကျ သွားသည်။ သူနောက်ဆုံး ကြားလိုက်ရသည့် အရာကား …
“ဒါခြောက်ယောက်မြောက်ပဲ ...”
***
အလားတူ ဖြစ်ရပ်များသည် လင်းမြို့တော်အနှံ့ ဖြစ်ပျက်သွားသည်။ သေဆုံးသူ အများစုသည် အာရှနိုင်ငံများမှ နိုင်ငံခြားသားများ ဖြစ်သည်။ လူဖြူ အချို့လည်း ပါဝင်သည်။ ထိုလူများသည် ထိတ်လန့်စွာ သေဆုံး နေကြသည်။ အချို့သည် လက်ကောက်ဝတ်တွင် ဓားနှင့်ဖြတ် ခံထားရပြီး အချို့သည် ခေါင်းဖြတ် ခံထားရသည်။ အချို့ လူများသည် အပိုင်းပိုင်း ဖြတ်ခံထား ရပြီး အချို့ လူများသည် မီးလောင်ခံ ရပြီး သေဆုံး နေကြသည်။
အံ့အားသင့်စရာ အချက်မှာ ထိုလူများ အားလုံးမှာ နာရီဝက်ခန့် အချိန်အတွင်းတွင် အသတ်ခံ လိုက်ရခြင်း ဖြစ်သည်။ မည်သည့် နေရာတွင် ပုန်းခိုနေသည့် လူသတ်သမား ဖြစ်ပါစေ ချန်းဖန်၏ လက်မှ မလွတ်နိုင်ပေ။
“(၂၃)ယောက်မြောက် ...”
ဘားတစ်ခုတွင် ပုန်းအောင်းနေသည့် လုပ်ကြံသူ တစ်ဦးကို သတ်ဖြတ်ပြီးနောက် ချန်းဖန်သည် ဘားအတွင်းမှ ထွက်ခွာ လာခဲ့သည်။
“နာရီဝက် အတွင်း (၃၉)အုပ်စုထဲက (၂၃)အုပ်စုကို ငါရှင်းလိုက်ပြီ ...” ချင်းဟန် ပြောခဲ့သည်မှာ (၁၇)အုပ်စုသာ ဖြစ်သော်လည်း လုပ်ကြံသူ အရေအတွက်မှာ ချင်းဟန် ပြောထားခဲ့ သည်ထက် အများကြီး ပိုနေခဲ့သည်။
ချန်းဖန် ထွက်လာပြီးနောက် သေဆုံးနေသည့် လူကိုတွေ့ရှိ သွားသည့်အတွက် အထိတ်တလန့်နှင့် အော်ဟစ် နေကြသည့် အသံများကို ကြားလိုက်သည်။ ချန်းဖန်သည် သေဆုံးသူ၏ ခန္ဓာကိုယ်များကို လက်စ မဖျောက်ခဲ့သည့် အတွက် လူတိုင်းက အာရုံစိုက်မိကာ ထိုဖြစ်ရပ်ကို အာရုံစိုက် လာကြလိမ့်မည်။
“သူတို့က နိုင်ငံတကာက လုပ်ကြံရေး သမားတွေပဲ။ သူတို့တွေ သေသွားပြီ ဆိုတော့ တခြား သူတွေလည်း သင်ခန်းစာ ရသွားလိမ့်မယ် ...”
ထိုလူများသည် သူတို့ အဖွဲ့အစည်း၏ အတော်ဆုံးလူများ ဖြစ်ကြသည်။ သူတို့၏ သေဆုံးမှုသည် သူတို့၏ အဖွဲ့အစည်းကို ကြီးမားစွာ ဆုံးရှုံးမှု ဖြစ်စေနိုင်သည်။
“ဒါအကုန် မဟုတ်သေးဘူး။ ငါအရမ်းတော်တဲ့ လူကို မတွေ့သေးဘူး။ ငါသာသူ့ကို သတ်လိုက်မယ် ဆိုရင် တခြား သူတွေလည်း ငါ့အကြောင်းကို သိသွားလိမ့်မယ်။ ငါ့ကို အနှောင့်အယှက် လာပေးတဲ့ လူတွေအကုန် ထိုက်တန်တဲ့ အပြစ်ကို ခံစားရလိမ့်မယ် ...”
ကောင်းကင်ကို ကြည့်ရင်း ချန်းဖန် တီးတိုး ရေရွတ်လိုက်သည်။
“မဟူရာမြွေ၊ မင်းဘယ်မှာလဲ ...”
ချန်ဖန် သူ၏နတ်ဘုရား စိတ်အာရုံကို အသုံးပြုကာ တစ်မြို့လုံးကို ထပ်မံ စစ်ဆေးလိုက်သည်။ ယခု တစ်ကြိမ်တွင်မူ စွမ်းအားကြီးသည့် မီးတောက်များကို တွေ့မြင်လိုက် ရသည်။ ထိုလူများ သည်လည်း ချန်းဖန်၏ အာရုံခံ စွမ်းအားကို ခံစားမိ လိုက်သည့် အတွက် တုန်လှုပ်သွားကာ ပုန်းအောင်းရန် အလျင်အမြန် ကြိုးစားလိုက်သည်။
"တွေ့ပြီ ...”
ချန်ဖန် သူ၏ ပတ်ဝန်းကျင် မီတာ အနည်းငယ်ခန့်ကို စိတ်စွမ်းအားဖြင့် လွှမ်းခြုံရင်း လုပ်ကြံသူ ရှိရာသို့ လျင်မြန်စွာ ခုန်ဝင် လိုက်တော့သည်။
***