မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်
Vol. 01 Ch. 28
ထန်ရှုသည် ကြယ်တာရာမြို့တော်အထက်တန်းကျောင်း၏အခန်းထဲရှိ သူ၏ထိုင်ခုံတွင် ပုံမှန်မဟုတ်သည့် စိတ်ပျက်လက်ပျက်အမူအရာဖြင့် မလှုပ်မယှက် ထိုင်နေသည်။ တစ်ညလုံး ကြိုးစားအားထုတ်မှုဖြင့် တစ်ဒါဇင်ခန့်သော ရှားပါးအဖိုးတန် ဆေးပင်များအား ရှာတွေ့ခဲ့သော်လည်း ရှားပါးသားရဲမျိုး၏ အမြုတေ၊ သွေးအဆီအနှစ်အား မဆိုထားဘိ ထိုသားရဲမျိုးတို့၏သဲလွန်စကိုပင် ရှာမတွေ့နိုင်ခဲ့ချေ။
“သည်ကမ္ဘာကြီး၏စိတ်ဝိညာဉ်ရင်းမြစ်သည် အလွန်နည်းပါးတာကြောင့် သားရဲတွေ သေဆုံးလျောနည်းတာ ဖြစ်နိုင်သလို မမွေးဖွားနိုင်တော့တာလည်း ဖြစ်နိုင်တယ်။” သည်ဖြစ်နိုင်ချေအား စဉ်းစားမိလိုက်သောအခါ ထန်ရှု၏မျက်နှာသည် သွေးဆုတ်သွားသကဲ့သို့ ဖြူလျော့သွားလေသည်။ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်ဆေးရည်အား ရှားပါးသားရဲမျိုး၏ အမြုတေ၊ သွေးအဆီအနှစ်ထည့်ဝင်ခြင်းမရှိဘဲ ဖော်စပ်ကောင်း ဖော်စပ်နိုင်မည်ဖြစ်သော်လည်း ထိုဆေးရည်၏ အကျိုးသက်ရောက်မှုသည် လျော့နည်းသွားမည့်အပြင် ထန်ရှု ကျင့်ကြံသည့်အခါ တွေ့ကြုံရမည့် ဘေးဥပါဒ်ကိုလည်း ဆပွားဖြစ်စေနိုင်သည်။
ရှားပါးသားရဲမျိုးအား ရှာမတွေ့သည့်အခြေအနေတွင် တစ်နေ့၌ ရှားပါးအဖိုးတန် ဆေးပင်များလည်း လျော့နည်းသွားနိုင်ပေသည်။ ကောင်းကင်စကြာဝဠာပညာရပ်ကြီးအား ထန်ရှုအနေဖြင့် ပြည့်စုံစွာ လုံးဝကျင့်ကြံနိုင်တော့မည်မဟုတ် ဆိုလိုနေခြင်းပင် မဟုတ်လား။
“ဒီဟာ အလုပ်မဖြစ်ရင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်ဆေးရည်ကို အစားထိုးဖို့ လုပ်ရင်လုပ် ဒါမှမဟုတ် ဖော်စပ်ရာမှာသုံးမည့်အရာတွေကို အစားထိုးဖို့ လုပ်ရင်လုပ်ပဲ။ အင်မော်တယ်လောကမှာ ကောင်းကျိုးတွေ ရှိသလို ဒီကမ္ဘာကြီးမှာလည်း သူ့နဲ့သက်ဆိုင်တဲ့ကောင်းကျိုးတွေ ရှိမှာပဲ။ နောက်ပြီး ဒီကမ္ဘာကြီးက အရမ်းဖွံ့ဖြိုးတိုးတက်နေတာ ဒီပြသနာကို မဖြေရှင်းနိုင်ဘူးဆိုတာ ငါမယုံဘူး။”
ထန်ရှု၏မျက်ဝန်းများ အရောင်လက်လာပြီး သူ၏အမူအရာသည်လည်း သက်တောင့်သက်သာဖြစ်လာကာ ယုံကြည်ချက်ရှိစွာဖြင့် ပြုံးလိုက်သည်။
“ထန်ရှု… ဆရာမဟန်က နင့်ကို ရုံးခန်းမထဲ လာခဲ့ပါဦးတဲ့။” ထန်ရှု နက်နက်နဲနဲ တွေးနေစဉ်မှာပင် စူးရှသော အသံတစ်သံအား နား နားကပ်ကာ ကြားလိုက်ရသည်။ ထန်ရှု မော့ကြည့်လိုက်သောအခါ ချန်းယန်နန်သည် သူ၏ထိုင်ခုံအနားတွင် ရပ်နေပြီး စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ရှိနေသည်။
“လာပြောပေးတာ ကျေးဇူးပါ။ ငါ သွားလိုက်ပါမယ်။” ထန်ရှုသည် မည်သည့်ပြသနာဖြစ်လိမ့်မည်ဟု သိရှိပြီးသားဖြစ်နေသောကြောင့် ချန်းယန်နန်အား ခေါင်းညိတ်ပြကာ ထွက်သွားလိုက်တော့သည်။
ထန်ရှု၏ပိန်ပါးသော ကျောပြင်အား နောက်မှ ကြည့်လျက် ချန်းယန်နန်သည် တစ်စုံတစ်ခုကို ပြောချင်သည့်အလား နှုတ်တရွရွ ဖြစ်နေသော်လည်း ချီတုံချတုံ ဖြစ်နေသည်။ ချန်းယန်နန်သည် အခုလေးတင်မှ ရုံးခန်းမမှ ပြန်လာခဲ့သောကြောင့် ဆရာမဟန် ထန်ရှုအား မည်သည့်အတွက်ကြောင့် ခေါ်သည်ကို သိရှိသည်။
“နင့်အမှတ်က အမြဲတမ်းလိုလို အောက်ဆုံးမှာမို့ လူတွေက ကဲ့ရဲ့လှောင်ပြောင်နေကျပဲလေ။ ဘာမှ ထပ်ပြီး ဆုံးရှုံးသွားတာ မရှိပါဘူး။ အဲ့ဒါကို ဘာလို့ ခိုးချဖို့ ရွေးချယ်ခဲ့တာလဲ။” ထန်ရှု ပုံရိပ်ပျောက်ကွယ်သွားသည့်တိုင်အောင် ချန်းယန်နန်သည် နူးညံ့သောလေသံလေးဖြင့် ခပ်တိုးတိုး ရေရွတ်နေမိသည်။ ချန်းယန်နန် မြင်ခဲ့၇သော မြင်ကွင်းသည် သူမအား ထိတ်လန့်စေခဲ့သည်။ တတိယနှစ်ဆရာများ ရုံးခန်းထဲတွင် စုဝေးနေသည်သာမက ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်ချုပ်ရေးမှ လူများစွာသည် ထန်ရှုအနေဖြင့် လပတ်စာမေးပွဲတွင် အမှန်တကယ် ခိုးချသည်၊ မခိုးချသည်ကို ရှင်းလင်းရန်အတွက် စုရုံးရောက်ရှိနေပြီဖြစ်သည်။
ရုံးခန်းထဲရှိ ဆရာအများစုသည် ထန်ရှု၏အမှတ်များ အလွန်အမင်း ကောင်းမွန်နေသောကြောင့် ခိုးချခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အမှတ်စုစုပေါင်း ၇၅၀မှတ်တွင် ထန်ရှု၏အမှတ်သည် ၇၁၂မှတ် ရရှိနေသဖြင့် လပတ်စာမေးပွဲတွင် အောင်အောင်မြင်မြင် မြို့တော်၏နံပါတ်တစ် ပထမရသူဖြစ်လာသည်။ ထိုသူသည် တတိယနှစ်တစ်နှစ်လုံးနီးပါး အောက်ဆုံးအဆင့်တွင် ရှိနေခဲ့သော ထန်ရှုဖြစ်သည်။ တန်းခွဲ-၁၀၏ အတန်းပိုင်ဆရာဖြစ်သူ ဆရာမဟန်တစ်ယောက်တည်းသာလျှင် ထန်ရှု ခိုးမချကြောင်း ယုံကြည်သူဖြစ်ပြီး ဟူကျူရှင်း ဦးဆောင်သည့် သူမအား ဒေါသထွက်စေသော ဆရာများနှင့်လည်း ရန်ဖြစ်ရန် ဝန်မလေးခဲ့ပေ။
“ထန်ရှု…ထန်ရှု.. နင် ခိုးချတာက အရေးမကြီးဘူး။ ဒါပေမယ့် နင်က ဆရာမဟန်ကိုပါ သနားစရာဖြစ်အောင် ဆွဲချနေတာပဲ။” ချန်းယန်နန်သည် နှုတ်ခမ်းတစ်ချက် တွန့်လိုက်ပြီး ထန်ရှုအား အကြီးအကျယ် စိတ်ပျက်သွားတော့သည်။ သို့သော်လည်း တန်းခွဲ-၁၀တွင် တစ်လသာရှိသေးပြီး တစ်လလုံးနီးပါး ငေးကြောင်ကြောင် ထိုင်နေခဲ့သည့် ထန်ရှု၏သွင်ပြင်နှင့် သူ့အကြောင်းပြောကြသည့်ကောလဟလများအား ပြန်တွေးမိသောအခါ ကြင်နာတတ်သောနှလုံးသားရှိသူ ချန်းယန်နန်သည် ထန်ရှုအား အပြစ်လည်းမတင် စောဒကလည်း မတက်တော့ချေ။
“ငါ ကျိန်ဆိုရဲတယ်။ ထန်ရှုက သေချာပေါက် ဒီလပတ်စာမေးပွဲမှာ ခိုးချတာဖြစ်ရမယ်။ သူ မခိုးချခဲ့ဘူးဆိုရင် ငါ ချက်ချင်း အလုပ်ထွက်မယ်။” ထန်ရှုသည် ရုံးခန်းအဝသို့ ခြေချမိရုံရှိသေးသည်။ဟူကျူရှင်း၏ ဟိန်းဟောက်နေသောအသံအား ကြားလိုက်ရတော့သည်။
သည်ဟာသည် ဟူကျူရှင်း၏ ခြောက်လှန့်သော စကားများ ဖြစ်စေကာမူ ရုံးခန်းတစ်ခုလုံး ခြောက်ခြားစရာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အမြဲလိုလို သူနှင့် အပြင်းအထန် ငြင်းခုံနေခဲ့သည့် ဟန်ကျင်းဝူပင်လျှင် ထိတ်လန့်သွားခဲ့ရပြီး မည်သည့်စကားမျှ မဆိုတော့ပေ။
“ဟေး.. ကျားကြီးဟူ.. ကျွန်တော်သာ မခိုးချဘူးဆိုတာ သက်သေပြနိုင်ခဲ့ရင် ခင်ဗျား တကယ်အလုပ်ထွက်မှာလား။” ဟူကျူရှင်းသည် နောက်ဆုံးတွင် သူသာ အောင်နိုင်သူတစ်ယောက်ဖြစ်သူဟု တွေးနေစဉ် ပေါ့ပါးကြည်လင်သော အသံသည် ဝင်ရောက်လာပြီး ထန်ရှု တံခါးဖွင့်ကာ ရုံးခန်းအတွင်းသို့ ဝင်ရောက်လာသည်။
“ မင်း..မင်း.. အရိုင်းအစိုင်းပဲ။ အကြီးတွေနဲ့ စီနီယာတွေကို လေးစားမှုမရှိဘူး။ ဆရာတွေနဲ့ သူတို့ရဲ့သင်ကြားခြင်းတွေကို လေးစားမှုမရှိဘူး။ အဲ့လို လုူမျိုးက ဘယ်လိုလုပ် အမှတ်အများဆုံး ရနိုင်မှာလဲ။”
ထန်ရှု၏ “ကျားကြီးဟူ” ဟုသော အခေါ်သည် ဟူကျူရှင်းအား ထိုင်ခုံမှ ခုန်ထကာ ထန်ရှုအား လက်ညိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲမိသည့်အထိပင် ဖြစ်သွားသည်။ “မင်းသာ ဒီစာမေးပွဲမှာ မခိးုချဘူးလို့ သက်သေပြနိုင်ခဲ့ရင် ငါ့ မျိုးရိုးနာမည်ကို ငါ ပြောင်းပစ်မယ်။”
“ကျားကြီးဟူ… ကျွန်တော် စိတ်မကောင်းပါဘူး။ ခင်ဗျားရဲ့တောင်းဆိုချက်ကို သဘောတူဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။ ခင်ဗျား ကျွန်တော်တို့မျိုးရိုးနာမည် ပြောင်းရတော့မယ်။” ဟူကျူရှင်း၏ စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်လှုပ်ရှားနေသောပုံကို ကြည့်ပြီး ထန်ရှု အလွန် ပျော်ရွှင်နေသည်။ ထန်ရှုတွင် အခြားသူများနှင့်ဆက်ဆံသည့် ဆောင်ပုဒ်ရှိသည်။ “သူ့အား လေးစားမှုတစ်ခါပေးလျှင် သူက ၁၀ဆပြန်ပေးမည်။ သူ၏တစ်အောင်စအား ဖျက်ဆီးလျှင် သူများ၏၃ပုံးအား သူပြန်လုလိမ့်မည်။” ဟုပင်။
ဟုကျူရှင်းသည် သူနှင့်မိခင်ကြီးအား ထပ်ကာထပ်ကာ အနိုင်ကျင့်သည့်အပြင် သူ့အား ကျောင်းထွက်ရန်အတွက်ပင် ကြိုးစားခဲ့သောကြောင့် ဟူကျူရှင်းနှင့်သူ၏အကြားရှိ ဆရာတပည့်ဆက်ဆံရေးသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဟူကျူရှင်းအား နည်းနည်းမျှပင် လေးစားလိုစိတ်မရှိတော့ဘဲ ရိုင်းစိုင်းကာ လေးစားမှုမှရှိသော စကားလုံးများဖြင့် ပြန်ပြောခြင်းပင်ဖြစ်သည်။
ထန်ရှု၏စကားကြောင့် ရုံးခန်းအတွင်းရှိ လူအများ ပြုံးလုလုဖြစ်သွားသော်လည်း ဟူကျူရှင်း၏မီးဝင်းဝင်းတောက်နေသော မျက်လုံးအစုံအား တွေ့လိုက်ရသည်တွင် ရယ်ချင်စိတ်အား ခက်ခက်ခဲခဲ မျိုသိပ်လိုက်ကြရသည်။
“ထန်ရှု.. ပါးစပ် ပိတ်ထားစမ်း။ ငါတို့ နင့်ကို ဒီရုံးခန်းကို ခေါ်တာ နင့်ရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့ အခွင့်အရေး ပေးချင်လို့။ နင် ဒီလို စကားတွေ အများကြီး လျှောက်ပြောနေရင် ငါ နင့်ကို မောင်းထုတ်မိလိမ့်မယ်။” ဟူကျူရှင်း၏ ဒေါသပေါက်ကွဲလာမည့်ပုံကို မြင်သောကြောင့် ဟန်ကျင်းဝူသည် ထန်ရှုအား ဟန့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ဆရာမဟန်… ကျွန်တော် တောင်းပန်ပါတယ်။ နည်းနည်းရိုင်းသလို ဖြစ်သွားတယ်။” ဟန်ကျင်းဝူ၏ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသော်လည်း ထန်ရှုသည် နည်းနည်းလေးမှ စိတ်မကျေမနပ်မှု မဖြစ်ဘဲ ဟန်ကျင်းဝူအား လေးစားစွာ အရိုအသေပြုလိုက်သည်။
မူလပထမက ထန်ရှု၏ရိုင်းစိုင်းပြီး မလေးစားသောအပြုအမူအား မြင်လိုက်ရသော ရုံးခန်းအတွင်းရှိလူတိုင်းသည် အေးခဲသွားပြီး သူတို့၏စိတ်ခံစားမှုသည် ထန်ရှုအပေါ်တွင် မကောင်းတော့ချေ။ သို့သော် ဟန်ကျင်းဝူအား ဦးညွတ်လျက် လေးစားမှုပြသော ထန်ရှုအား မြင်လိုက်ရသောအခါ ထိုသူများ၏စိတ်ခံစားမှုသည် တွေးစရာအခြေအနေသို့ ရောက်ခဲ့ဲပြီး ထန်ရှုအား ပြန်လည်အကဲဖြတ်ရန် ဝန်မလေးတော့ချေ။ ထန်ရှုသည် အဖြူရောင် အဝတ်အစားကို ဝတ်ထားသော်လည်း သူ၏ဝတ်စုံများသည် အလွန် သန့်ရှင်း သပ်ရပ်နေသည်ကို လူတိုင်းတွေ့မြင်ကြသည်။ သူ၏သပ်ရပ်လှသော ဆံပင်နက်နက်တိုတိုသည် အဆင့်အတန်းမြင့်မားသကဲ့သို့ ဖော်ပြနေသည်။ တောက်ပစူးရှသော မျက်ဝန်းအစုံ၊ မြင့်မားသောနှာတံနှင့် နှုတ်ခမ်းပါး၊ သူ၏ရှည်လျားဖြောင့်တန်းသောအရပ်အမောင်းတို့သည် သူ့အား ကြည့်ကောင်းအောင် ပံ့ပိုးပေးနေသော အရာများဖြစ်သည်။ သူ့ဆီမှ ခံစားနိုင်သောကိုယ်ရောင်ကိုယ်ဝါနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော သွင်ပြင်အား လူတိုင်းသည် ဟူကျူရှင်း၏စရိုက်ဝသီ အမူအကျင့်နှင့်ချိတ်ဆက်မိသောအခါ ထန်ရှု၏ရိုင်းစိုင်းမှုအား ခွင့်လွှတ်လိုက်ကြပြီး မည်သူမျှ အပြစ်မတင်တော့ချေ။
ဝေ့ကျန်တိုက်သည် ထန်ရှုအား အတန်ကြာအောင် ကြည့်လိုက်ပြီး လေးလေးနက်နက ပြောလိုက်သည်။
“ထန်ရှု.. မင်းရဲ့လပတ်ရလဒ်က မယုံနိုင်လောက်စရာ ကောင်းနေတဲ့အတွက် ကျောင်းက မင်းရဲ့ရလဒ်တွေကို ဘယ်လိုဆောင်ရွက်ရမလဲမသိဘူး။ ဒါပေမယ့် ဆရာမဟန်က မင်းရဲ့ရလဒ်က မှန်ကန်စိတ်ချရတယ်လို့ သေချာယုံကြည်တယ်။ ဒါကို သက်သေပြဖို့ အခွင့်အရေးပေးဖို့ ဆရာတို့ကို တောင်းဆိုခဲ့တယ်။ ဆရာလည်းပဲ မင်းကို ဒီအခွင့်အရေး ပေးချင်တယ်။”
“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး။ ကျွန်တော် င်္ဒီအခွင့်အရေးကို တန်ဖိုးထားပါမယ်။” ထန်ှရှုသည် အခံရခက်သော ဝင့်ကြွားသောပုံစံများတစ်ခုမျှ မဖြစ်ဘဲ အေးဆေးစွာ တုံ့ပြန်ခဲ့သည်။
“ထန်ရှု… အခုချိန် မင်း ခိုးချတယ်လို့ ဝန်ခံရင် ဆရာတို့ ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် စာမေးပွဲ ပြန်ဖြေပြီး မင်း သက်သေမပြနိုင်ရင်တော့ ဒီအမှန်တရားတစ်ခုလုံးက ဖုံးဖိလို့မရဘဲ ပေါ်လိမ့်မယ်။ အဲ့ဒီအခါကျရင် မင်းကိုယ်မင်း နာမည်ပျက်ဖြစ်စေရုံတင်မကဘူး ဆရာမဟန်ကိုပါ ခံစားရစေဖို့ ဆွဲချသလိုဖြစ်လိမ့်မယ်။”
“ထန်ရှု.. အမှားကို ဝန်ခံဖို့ တွန့်ဆုတ်နေစရာမလိုပါဘူး။ ဒီတစ်နှစ်ခွဲလုံးမှာ မင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး ငါတို့ မရှင်းလင်းသေးတာပဲနေမယ်။ မင်း သေချာစဉ်းစားပြီး သင့်တော်တာပဲ လုပ်စမ်းပါ။ မင်းအမှတ်တွေက အမှတ်ပြည့်လုနီးပါး ဖြစ်နေပြီ။ ငါတို့ကိုငတုံးတွေလို့များ ထင်နေတာလား။”
“ထန်ရှု.. ရိုးသားလိုက်စမ်းပါ။ မင်း ခိုးချခဲ့ရင်တောင်မှ လူတိုင်းက မင်းရဲ့ခံစားချက်ကို နားလည်နိုင်ပါတယ်။ မင်းက ခိုးချခဲ့ပြီး ဝန်မခံရဲဘူးဆိုတာ လူတွေသိသွားမှသာ မင်းရဲ့အကျင့်စရိုက်မှာ ပြသနာ ဖြစ်နေတော့မှာ။”
ထန်ရှု ငြိမ်သက်သွားသည်နှင့် များစွာသောဆရာများသည် တစ်ချိန်တည်းတွင် ထန်ရှုအား တစ်ယောက်တစ်ပေါက်ဖြင့် အကြံပေးကြသည်။ အများစုမှာ ထန်ရှုတို့ တတိယနှစ်၏ဆရာများဖြစ်ပြီး သူတု့ိသည် ထန်ရှုအား ခိုးချသည်ဟု တထစ်ချထင်မြင်သောကြောင့် အကြံပေးရာ၌ပင် သတိပေးချက်များ ပါဝင်နေပေသည်။
ဟူကျူရှင်းသည် သူ့အား စကားမပြောသော်လည်း အေးစက်စက် နှာတစ်ချက်မှုတ်ကာ လက်ပိုက်လျက် ထန်ရှုအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လျက်ရှိသည်။
“ကျောင်းအုပ်ကြီးဝေ့… ဆရာ စလို့ရပြီလားခင်ဗျာ။” ထန်ရှုသည် အခြားဆရာများအား အာရုံမထားတော့ဘဲ ကျောင်းအုပ်ကြီးအား တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။
“ထန်ရှုက အဆင်သင့် ဖြစ်နေပြီဆိုတော့ တစ်ယောက်ယောက်က သူဖြေရမည့်မေးခွန်းစာရွက်တွေ ယူလာခဲ့ပေးပါ။” ထန်ရှုသည် သူ၏အကြည့်အား မျက်နှာမလွှဲဘဲ တည်ငြိမ်အေးဆေးစွာ စကားပြောသည်ကို ဝေ့ကျန်တိုက် ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဝေ့ကျန်တိုက်၏အမိန့်ကြောင့် တတိယနှစ်ဆရာများ၏ခေါင်းဆောင် ရှမင်ကျီသည် ပြင်ဆင်ထားသော စာရွက်၄ရွက်အား ထန်ရှုအား ထုတ်ပေးလိုက်သည်။
“ထန်ရှု.. ဒီစာမေးပွဲမေးခွန်းတွေကို ၄နာရီအတွင်း အပြီးဖြေနိုင်ခဲ့ပြီး မင်းရဲ့ရမှတ်က အနည်းဆုံးရမှတ်ကို မီခဲ့ရင် မင်းရဲ့လပတ်စာမေးပွဲရလဒ်တွေက မှန်ကန်သေချာတယ်လို့ ကျောင်းက အတည်ပြုမယ်။” ထန်ရှု၏စူးစမ်းသောအကြည့်အား ရှမင်ကျီက ကြည်လင်သောအသံဖြင့် ရှင်းပြလိုက်သည်။
“ကျွန်တော်က ဒီမေးခွန်းလွှာတွေကို သတ်မှတ်ထားတဲ့အချိန်မှာ ပြီးပြီး အမှတ်ကောင်းရပေမယ့် တချို့သူတွေက ခိုးချတယ်ပဲ ထင်နေသေးရင် ဘယ်လိုလုပ်မှာလဲ။” ထန်ရှုသည် စာရွက်များကို ယူပြီးသော်လည်း ချက်ချင်းမဖြေသေးဘဲ ဟူကျူရှင်းဆီမှ အကြည့်ရုတ်သိမ်းပြီး မေးလိုက်ရာ ထိုမေးခွန်းသည် ဟူကျူရှင်းအား ရည်ရွယ်သကဲ့သို့ပင်ဖြစ်သည်။
ထန်ရှု၏စကားကြောင့် ဟူကျူရှင်း၏မျက်နှာ နီရဲသွားပြီး ရှကျီမင်သည်ပင် ချောင်းဆိုးမိသွားရသည်။
“ငါက ဒီမေးခွန်းလွှာတွေကို အထက်တန်းကျောင်းနဲ့ပတ်သက်တဲ့ ဆင်ဟွာတက ္ကသိုလ်က ဆရာတွေဆီက တန်ဖိုးကြီးကြီးပေးပြီး မှာထားရတာ။ မင်းမရောက်ခင် ၁၀မိနစ်အလိုကမှ ဒီစာရွက်တွေရောက်တာ။ ဆင်ဟွာတက္ကသိုလ်က ဆရာတွေကလွဲရင် ဒီမေးခွန်းတွေကို ဘယ်သူမှ မမြင်ဖူးဘူး။”
“ပထမတော့ ငါတို့က ဒီဟာကို နောက်လရဲ့ လပတ်စာမေးပွဲမှာ သုံးဖို့ ရည်ရွယ်ထားတာ။ မင်းကို စမ်းသပ်ဖို့ ယာယီ အသုံးပြုလိုက်တာ။ ဆရာမဟန်ရဲ့ အခက်အခဲနှင့် တောင်းဆိုမှုတွေအရ ငါ မင်းကို မြင်ခွင့်ပြုလိုက်တာ။ ကျောင်းသားထန်ရှု… ငါတို့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်။”
ထန်ရှုနှင့်ဟူကျူရှင်းကြားထဲမှ မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်နေသော မြင်ကွင်းအား ကြည့်ရင်း ဝေ့ကျန်တိုက် စိတ်ထဲမှ ခါးသက်စွာရယ်မောလိုက်ကာ နောက်ထပ်ငြင်းခုံမှု မဖြစ်ပေါ်စေရန်အတွက် မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။