သွေးသစ်ဖွဲ့စည်းခြင်း အစီအရင်
Vol. 9 Ch. 121
“ထျန်းယွမ်ကုန်းမြေက ငါ့တို့ သွေးမျိုးနွယ်ကို အနိုင်ကျင့်ရဲတယ်”
အက်ရှရှနှင့် အသံနက်ကြီးသည် ကြောက်မက်ဖွယ်ပေါ်ထွက်လာသည်။
ရှင်းဝေ့ကျန်းသည် မျက်မှောင်ကြုတ်ကာ အသံလာရာသို့ကြည့်လိုက်ချိန်တွင် ထိုအသံပိုင်ရှင်သည် ထျန်းလုံဖြစ်နေ၏။ သူသည် ဇဝေဇဝါဖြစ်သွားရသည်။ ထျန်းလုံ၏ မျက်လုံးများသည် နက်မှောင်နေပြီး စွမ်းအင်များအတင်းအကြပ်သုံးခဲ့သောကြောင့် မျက်နှာထက်တွင်လည် အက်ကြောင်းများနှင့်ပြည့်နှက်နေ၏။ သူ၏အသွင်သည် အတော်ပင်ဆိုးရွားကြီးကြောက်စရာကောင်းနေသည်။ ထို့နောက် အက်ရှနေသည့် ကြောက်မက်ဖွယ် အသံနှင့် ရှင်းဝေ့ကျန်းကိုကြည့်ကာမေးလိုက်၏။
“မင်းကရှင်းဝူဟန်ရဲ့ မျိုးဆက်လား”
“မင်းက ဘယ်သူလဲ ငါ့ရဲ့ဘိုးဘေးနာမည်ကို ဘယ်လိုသိနေတာလဲ”
ရှင်းဝေ့ကျန်းသည် သူ၏ ဘိုးဘေးနာမည်ကို တိုက်ရိုက်ခေါ်ဝေါ်လိုက်သောကြောင့် တုန်လှုပ်သွား၏။ သူ၏ ဘိုးဘေးသည် တစ်ချိန်က အလွန်ပင် အစွမ်းထက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် မည်သူမျှပင် နာမည်တိုက်ရိုက်မခေါ်ရဲကြချေ။
“ဟမ့်.. မင်းတို့ရဲ့ လုပ်ရက်တွေအတွက် ပြန်ပြီး ပေးဆပ်ဖို့ပြင်ထား”
အက်ရှရှအသံနှင့် ထျန်းလုံသည် ရုတ်ချည်း လက်သင်္ကေတ တစ်ခုပြုလုပ်လိုက်၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်အောက်ခြေမှ အနီရောင်စက်ဝန်းတစ်ခုပေါ်ထွက်လာသည်။ ထို့နောက်တွင် ဆက်တိုက်ဆိုသလို ရင်ပြင်တစ်ခုလုံး၏ အောက်ခြေတစ်ခုလုံးကို ကျယ်ပြန့်သွားစေ၏။
“ဒါဘာလုပ်တာလဲ ခင်ဗျားဘယ်သူလဲ”
ရှင်းဝေ့ကျန်းသည် ထိတ်လန့်သွား၏။ ထိုစက်ဝန်းသည် မည်သည့်အရာမှန်း မသိသော်လည်း မကောင်းသည့် အငွေ့အသက်များနှင့် ဖုံးလွှမ်းနေ၏။ ကျန်သည့် နတ်အင်ပါယာသုံးဦးသည်လည်း မနေနိုင်တော့ချေ။ ရှင်းဝေ့ကျန်း အနီးအလျှင်အမြန်ရောက်လာကြသည်။
ထို့နောက်တွင် ထျန်းလုံသည် သူ၏လက်နှစ်ဖက်ကို စုစည်းလိုက်၏။ ထိုအချိန်တွင် ရင်ပြင်တစ်ခုလုံး၏ အောက်ခြေရှိ အနီရောင်စက်ဝန်းသည် အလွှာနှစ်ခုအဖြစ် ဖြစ်တည်သွားသည်။ ထို့နောက် ဖြစ်တည်လာသည့် အပေါ်အလွှာသည် တဖြည်းဖြည်း မြင့်တက်လာကာ ရင်ပြင်တစ်ခုလုံးဖုံးလွှမ်းသွား၏။
“မဟုတ်သေးဘူး..သူ့ကိုတား..”
ရှင်းဝေ့ကျန်းသည် ထိုအရာက အစီအရင်တစ်ခုဖြစ်သည်မှန်းနားလည်သွား၏။ သူသည် ချက်ချင်း သတိပေးလိုက်သော်လည်း နောက်ကျသွားခဲ့သည်။
“ဝုန်း..”
ထျန်းလုံ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရုတ်ရင်းကြမ်းတမ်းသည့် စွမ်းအင်စက်ဝန်းများလည့်ပတ်လာသောကြောင့် နတ်အင်ပါယာများပင် ရှေ့ဆက်မတိုးနိုင်တော့ပေ။
ထို့အပြင် အနီရောင်စက်ဝန်းနှစ်ခုသည် ရင်ပြင်၏ အထက်နှင့်အောက်ခြေကို ပိတ်ဆို့ထားသည့်အလားဖြစ်တည်သွား၏။ ထို့အပြင် ပတ်ပတ်လည်တွင် အနီရောင်အလင်းလွှာကြီးဖြစ်တည်လာကာ ထွက်ပေါက်များအားလုံးကို ပိတ်ဆို့သွား၏။ ရင်ပြင်အတွင်းရှိ လူအားလုံးသည် ပိတ်လှောင်ခံလိုက်ရသည်။
“ငါ့နာမည် ရွှယ်လင်းကျွင်း၊ လင်းယွင်ဂိုဏ်းရဲ့ တည်ထောင်သူ”
အက်ရှရှအသံနှင့် ထျန်းလုံသည် ရယ်မောကာ ပြောလိုက်၏။
“ခင်ဗျားက သေဆုံးသွားပြီမဟုတ်ဘူးလား”
ရှင်းဝေ့ကျန်းသည် ထိတ်လန့်နေမှုကို ဖုံးကွယ်ကာ မေးလိုက်၏။ လင်းယွင်ဂိုဏ်းတည်ထောင်သူသည် သူ၏ဘိုးဘေးဖြစ်သူနှင့်ပင်မျိုးဆက်တူသည်။ ထို့ကြောင့် သူ၏ ဘိုးဘေးအား တိုက်ရိုက်ခေါ်ရဲသည်ကို နားလည်သွား၏။ သို့သော် ရွှယ်လင်းကျွင်းသေဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ အဘယ့်ကြောင့် ပေါ်ထွက်လာရသနည်း။
“မှန်တယ်၊ ငါကသေဆုံးသွားပြီ၊ ဒါပေမဲ့ ငါက နတ်ဆိုးမျိုးနွယ်ရဲ့ မျိုးနွယ်ခွဲဖြစ်တဲ့ သွေးမျိုးနွယ်က လူတစ်ယောက်မို့ ငါ့ရဲ့ဝိညာဉ်ကို ထိန်းသိမ်းထားလို့ရတဲ့ နည်းလမ်းတွေရှိတယ်”
ရွှယ်လင်းကျွင်းသည် သူသေဆုံးတော့မည့်အချိန်တွင် သူ၏ဝိညာဉ်ကို ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ရှင်းဝေ့ကျန်း၏ မျက်နှာထက်တွင် သံသယဝင်နေသည့် အမူအရာပေါ်လာကာ ထပ်မံမေးလိုက်၏။
“ဒါပေမဲ့ ဒီနေ့မတိုင်ခင်အထိ ခင်ဗျားက သွေးစွမ်းအင်သုံးတယ်ဆိုတာကို မကြားဖူးဘူး”
“ငါတို့ သွေးမျိုးနွယ်က လူသားတွေနဲ့ ပဋိပခပေါင်းများစွာရှိတယ်”
ထျန်းလုံ၏ ခန္ဓာကိုယ်နှင့် ရွှယ်လင်းကျွင်းသည် ဖြေလိုက်၏။ သူသည် တိုက်ပွဲတစ်ခုကြောင့် ဒဏ်ရာပေါင်းများစွာနှင့် ထွက်ပြေးလာခဲ့ရချိန်တွင် ထျန်းယွမ်ကုန်းမြေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်က သူသည် သွေးမျိုးနွယ်က ဖြစ်သည်မှန်း သိရှိသွားမည်စိုးသောကြောင့် သွေးစွမ်းအင်ကို ဖုံးကွယ်ကာ သာမန်ဝိညာဉ်စွမ်းအင်သာ သုံး၍တိုက်ခိုက်ရသည့် နည်းစနစ်များသာ အသုံးပြုခဲ့သည်။ ထို့နောက်တွင် သူ၏ ဒဏ်ရာရနေသည့် စွမ်းရည်နှင့်ပင် ထျန်းယွမ်ကုန်းမြေကြီး၏ အထွတ်ထိပ်တည်ရှိမှုဖြစ်နေသည်ကို သိလိုက်ရ၏။
ထို့ကြောင့် သူသည် ဂိုဏ်းတစ်ခုတည်ထောင်ခဲ့ကာ သူ၏ အထောက်အထားကိုဖုံးကွယ်ခဲ့သည်။ ထို့နောက်တွင် သူ၏ရရှိထားသည့် ဒဏ်ရာများကြောင့်ပင် ခန္ဓာကိုယ်ပျက်စီးကာ သေဆုံးရမလိုအထိဖြစ်လာခဲ့၏။
ထို့ကြောင့် သူ၏သွေးစွမ်းအင်များကို ထုတ်ကာ လင်းယွင်ဂိုဏ်း၏ ဆက်ခံသူတိုင်းတွင် ထည့်သွင်းခဲ့သည်။ သူ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုလည်း ချိတ်ပိတ်ခဲ့သည်။ လင်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဆက်ဆက်တွင် သူလိုချင်သည့် ပါရမီနှင့် ခန္ဓာကိုယ်ကို မတွေ့ရှိခဲ့ပေ။
လွန်ခဲ့သည့် လေးနှစ်တွင် ရွှယ်လင်းကျို့ထံမှတဆင့် ထျန်းလုံ၏ ပါရမီကိုတွေ့ရှိခဲ့ပြီး ချက်ချင်းတပည့်အဖြစ်လက်ခံခဲ့သည်။ ထို့နောက်တွင် ရွှယ်လင်းကျို့ထံထည့်သွင်းထားသည့် သွေးစွမ်းအင်များနှင့် သူ၏ဝိညာဉ်ကို တဖြည်းဖြည်းချင်း ထျန်းလုံထံ ပြောင်းစေခဲ့သည်။ သို့သော် သူသည် ထျန်းလုံ၏ ခန္ဓာကိုယ်အတွင်း ရောက်ရှိနေသည်ကို ထျန်းလုံ ကိုယ်တိုင်ပင် မသိရှိချေ။ အကြောင်းမှာ ရွှယ်လင်းကျို့ပေးအပ်သည့် သွေးနည်းစနစ်ကြောင့်ပင်။
ထျန်းလုံ၏ ခန္ဓာကိုယ်တွင် ကပ်ညှိပြီးနောက်တွင် ရွှယ်လင်းကျွင်းသည် နည်းစနစ်အတွင်းမှ ပေါ်ထွက်လာကာ သင်ပြပေးသည့် ပုံရောင်ယောင်အလား ပြုမှုခဲ့သည်။ ထို့အပြင် ထျန်းလုံ၏ စိတ်ဝိညာဉ်သည် သန်မာသောကြောင့် ခန္ဓာကိုယ်ကို ညွှန်ကြားမှုပေးယုံမှ လွဲ၍ မစွက်ဖက်နိုင်သေးခဲ့ချေ။
သူသည် နောက်ပိုင်းတွင် ထျန်းလုံအား သွေးစွမ်းအင်များ စုပ်ယူရန်ညွှန်ကြားခဲ့သည်။ သို့သော် ထိုအချိန်က လူသားများထံမှ သွေးစွမ်းအင်များ စုပ်ယူနိုင်သည်အထိ ထျန်းလုံသည် မသန်မာသေးချေ။ ထို့ကြောင့် သားရဲများ၏ သွေးစွမ်းအင်များကို စုပ်ယူစေခဲ့သည်။ ထို့နောက်တွင် သားရဲပေါများသည့် မိစ္ဆာနယ်မြေကို သွားရောက်ကာ ရှာဖွေစုဆောင်းခဲ့သည်။
ထို့နောက်တွင် စုပ်ယူခံရသည့် သားရဲများသည် များပြားလွန်းသောကြောင့် နတ်အင်ပါယာများသည် သတိထားမိသွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သေဆုံးသွားသည့် သားရဲများကို ထိန်းချုပ်ကာ သားရဲများရူးသွပ်သွားသည်ဟုထင်စေခဲ့သည်။
ထို့ကြောင့် လူသားများနှင့် မိစ္ဆာမျိုးနွယ်များကိုယ်တိုင် တိုက်ခိုက်ဖျက်စီးကြသောကြောင့် သားရဲများအား ဖျတ်စီးပြီးသား ဖြစ်သွားစေ၏။
ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်သည် ရှာဖွေခဲ့စဉ်က သူသည် မိစ္ဆာနယ်မြေတွင် မရှိတော့ပေ။ ထို့အပြင် သူသည် သူတော်စင်အဆင့်ပင်ရောက်ရှိနေသောကြောင့် ဝေးကွာလှသည့် နေရာမှပင် သွေးစွမ်းအင်ကို ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။
ထို့နောက်တွင် လော့ရွှယ်နင်ရောက်ရှိလာပြီး မိစ္ဆာနယ်မြေရှိ သားရဲများအားလုံးကို ဖျတ်စီးသွားခဲ့၏။ ထို့အပြင် လော့ရွှယ်နင်၏ စွမ်းအားကြောင့် စိတ်မအေးဖြစ်ခဲ့ရသော်လည်း သူမသည် ဤကုန်းမြေတွင် ကြာကြာမနေခဲ့ချေ။ ထို့ကြောင့် သူသည် စိတ်ပူရန် မလိုအပ်တော့ချေ။
နောက်ပိုင်းတွင် ထျန်းလုံအား အချိန်တံခါးအတွင်းဝင်ရောက်ခွင့်ရရန်သာ အားစိုက်စေခဲ့သည်။ ထို့အပြင် ထျန်းလုံ၏ စွမ်းအားကိုလည်း သိရှိနေခဲ့သောကြောင့် စိတ်မပူခဲ့ချေ။
သို့သော် မထင်မှတ်ထားသည့် ကိစ္စဖြစ်လာခဲ့လေသည်။ လုရှင်းယန်ကို ရှုံးနှိမ့်ခဲ့ပြီးနောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရ၏။ သို့သော် ရွှယ်လင်းကျွင်းအတွက် အခွင့်အရေးဖြစ်ခဲ့သည်။ ထျန်းလုံ၏ စိတ်ဝိညာဉ်အားနည်းသွားချိန်တွင် သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ခြင်းဖြစ်၏။ သူ၏ လောကအတွင်း ပြန်လည်ခြေချနိုင်မည့်လမ်းစ ဖြစ်လေသည်။
“ဒါက ..”
နတ်အင်ပါယာလေးပါးသည် ကျက်သီးများပင်ထလာပြီး ခန္ဓာကိုယ်များလည်းတုန်ယင်သွား၏။ ရွှယ်လင်းကျွင်းသည် ပြန်လည်ရှင်သန်နိုင်ရန် အစီစဉ်များကို နှစ်ပေါင်းသောင်းချီစီစဉ်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် မနည်းပင် လိုက်မှီနားလည်ရန်ကြိုးစားနေရ၏။
“ဒါကို သွေးသစ်ဖွဲ့စည်းခြင်း အစီအရင်လို့ခေါ်တယ်၊ ဒီအစီအရင်ထဲရှိတဲ့ လူအားလုံးရဲ့ သွေးစွမ်းအင်နဲ့ ငါ့ရဲ့ အဆင့်ကို ပြန်ပြီးမြှင့်တင်နိုင်တော့မယ်”
ရွှယ်လင်းကျွင်းသည် ရယ်မောကာပြောလိုက်၏။ သို့သော်သူ၏ရယ်သံသည် မကောင်းဆိုးဝါးတစ်ကောင်အလားပင်။
“နတ်အင်ပါယာတို့ ဒီလူ့ကို အစွမ်းကုန်တားစီးကြ”
ရှင်းဝေ့ကျန်းသည် အခြားနတ်အင်ပါယာများကို အမိန့်ပေးလိုက်၏။ ထိုက်ဟုန်ကျွင်းတို့သည် အရှိန်အဝါများကို ထုတ်ဖော်ကာ ထျန်းလုံခန္ဓာကိုယ်ပတ်ရှိ စွမ်းအင် စက်ဝန်းများကို ဖျတ်ဆီးရန် ကြံရွယ်လိုက်သည်။