← Chapters

လောက၏နိယာမ

Vol. 9 Ch. 122

လောက၏နိယာမ

Vol. 9 Ch. 122

“နောက်ကျသွားပြီ..”

ရွယ်လင်းကျွင်းသည် အသံနက်ကြီးနှင့်ရယ်မောလိုက်ကာ လက်ပုံစံကို ထပ်မံပြောင်းလဲလိုက်၏။

ထိုအချိန်တွင် ရင်ပြင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အစီအရင်ကြီးသည် အနီရောင်အလင်းတန်းများတောက်ပလာကာ ကောင်းကင်ယံတစ်ခုလုံး သွေးများနှင့်ဖုံးအုပ်သွားသည့်အလား နီးဆွေးသွားသည်။

နတ်အင်ပါယာလေးဦးသည် ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်ကာ ထျန်းလုံ၏ခန္ဓာကိုယ်အား ကာကွယ်ထားသည့် စက်ဝန်းကို ဖျတ်စီးနေကြသည်။

‘တဝုန်းဝုန်း’ နှင့်စွမ်းအင်ပေါက်ကွဲသံများထွက်ပေါ်နေသော်လည်း ထိုစက်ဝန်းသည် ခြစ်ရာမျှပင်မထင်ချေ။ သူတို့၏ စွမ်းအင်များသည် ထိုစက်ဝန်းကို ထိမှန်သော်လည်း သူတို့၏ စွမ်းအင်များသာ တန်ပြန်သက်ရောက်မှုဒဏ်ခံလိုက်ရသည်။

“နတ်အင်ပါယာရှင်း ကျုပ်တို့လေးဦးပေါင်းအင်အားနဲ့တောင် ဒီစက်ဝန်းကို မဖျတ်စီးနိုင်ဘူး”

ဟေးချုံးသည် ထိတ်လန့်စွာဆိုလိုက်၏။ ထိုကဲ့သို့မာကြောသည့် အကာကွယ်မျိုး မကြုံဖူးချေ။

“ဒီလူအသက်ရှင်ခဲ့တုန်းက ကျုပ်ရဲ့ဘိုးဘေးထက်တောင် စွမ်းအား ကြီးခဲ့တယ်လို့ကြားဖူးတယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာကတည်းက သူ့ရဲ့စွမ်းအား ယုတ်လျော့နေတာလို့မထင်ခဲ့မိဘူး၊ အခု သူသေဆုံးခဲ့တာ အချိန်ကြာလွန်းနေတာကြောင့် စွမ်းအားတွေ အပြည့်အဝရမှာ မဟုတ်သေးဘူး၊ ကျုပ်တို့ ဒီအကာအကွယ်ကို ဖျတ်စီးပြီး ရအောင်တားရလိမ့်မယ်၊ မဟုတ်ရင် ထျန်းယွမ်ကုန်းမြေအတွက်ပါ အန္တရာယ်ရှိနေပြီ”

ရှင်းဝေ့ကျန်းကိုယ်တိုင်လည်း ထိတ်လန့်နေ၏။ ရွှယ်လင်းကျွင်းသည် စွမ်းအားအပြည့်အဝရရှိသွားပါက ထျန်းယွမ်ကုန်းမြေသည် ကပ်ဘေးတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထိုအပြင် ရွှယ်လင်းကျွင်းသည် ဤသို့အခြေအနေထိရောက်အောင် စိတ်ရှည်ရှည်နှင့် အစီစဉ်ဆွဲထားခဲ့ခြင်းဖြစ်သည်။

“မင်းတို့ရဲ့ ကြိုးစားမှုက အချီးအနှီးပဲ”

ရွှယ်လင်းကျွင်းသည် နောက်ထပ် လက်ပုံစံတစ်ခုထပ်မံပြောင်းလဲလိုက်၏။ ထိုအချိန်တွင် အစီအရင်အတွင်းရှိ အဆင့်နိမ့်ကျင့်ကြံသူများသည် ချက်ချင်းပင်လဲကျကုန်၏။ ထို့နောက်တွင် သူတို့၏ သွေးများသည် စုပ်ယူခံလိုက်ရသည့်အလား ထျန်းလုံ၏ ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုး စီးဝင်လာသည်။

“တပည့်တွေကို ကာကွယ်”

ရှင်းဝေ့ကျန်းသည် အလွန်အမင်းတုန်လှုပ်သွား၏။ ထိုက်ဟုန်ကျွင်းသည် ချက်ချင်းပင် တပည့်များရှိရာနေရာသို့ အလျင်အမြန်ရောက်ရှိသွားပြီး အကာကွယ်တံတိုင်းများ ထုတ်ဖော်လိုက်သည်။ ချီမင်ယောင်နှင့် ဟေးချုံးလည်း ထို့အတူပင်။ သို့သော် ဤရင်ပြင်အတွင်းရှိနေသူများသည် များပြားလွန်းသဖြင့် အားလုံးကို မကာကွယ်နိုင်ချေ။

ကြယ်တာယာနန်းတော်သခင် လီချင်းဟုန်၊ မြို့တော်အုပ်ချုပ်သူ ယဲ့ချန်းရန်နှင့် အကြီးအကဲလင်းရှောင်ကဲ့သို့သော နတ်ဘုရင်များသည်လည်း သူတို့ လက်လှမ်းမိသလောက် ကာကွယ်ပေးလိုက်ကြ၏။ သို့သော် အစီအရင်အတွင်းရှိနေသောကြောင့် သူတို့၏ သွေးစွမ်းအင်များလျော့နည်းလာမှုကို ခံစားလိုက်ရသည်။ သူတော်စင်အဆင့်နှင့်အောက် ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦးလဲကျကုန်၏။

“ခင်ဗျား..လင်းယွင်ဂိုဏ်းတည်ထောင်သူမလား၊ ဘယ်လိုလုပ်ကျုပ်ရဲ့ ဝိညာဉ်ပင်လယ်ထဲ ရောက်နေတာလဲ”

ထျန်လုံ၏ ဝိညာဉ်သည် သူ၏ဝိညာဉ်ပင်လယ်အတွင်းတွင် သတိရလာပြီး ရွှယ်လင်းကျွင်းကိုတွေ့လိုက်သောကြောင့် တုန်လှုပ်သွား၏။ သူသည် သွေးနည်းစနစ်ကို သင်ပေးခဲ့စဉ်က တွေ့ဖူးခဲ့သည်။ ထိုအချိန်က ပုံရိပ်ယောင်ချန်ထားခဲ့ခြင်း ဖြစ်သည်ဟုပင် ပြောခဲ့၏။ သို့သော် ယခုတွင် သူ၏ခန္ဓာကိုယ်ကိုပင် ထိန်းချုပ်နေ၏။

“မင်းကိုသင်ကြားပေးခဲ့တာတွေအတွက် ပြန်လည်ပေးဆက်မှုလုပ်တယ်လို့တွေးလိုက်”

ရွှယ်လင်းကျွင်းသည် ရှည်ရှည်ဝေးဝေး မပြောနေတော့ချေ။ ထျန်းလုံအတွက် ဖြေရှင်းချက်ပေးရန်ပင်မလိုအပ်ချေ။ ထို့ကြောင့် ရုတ်ချည်း လက်ပုံစံတစ်ခုလုပ်လိုက်၏။

“အား...ရပ်လိုက်”

ထိုအချိန်တွင် ထျန်းလုံ၏ ဝိညာဉ်သည် ဆိုးဆိုးရွားရွား နာကျင်မှုများနှင့် ပြည့်နှက်လာသည်။ ရုတ်ချည်းပင်သူ၏ဝိညာဉ်သည် ကြေမွသွားကာ အပိုင်းအစများစွာအဖြစ်ပြောင်းလဲသွားသည်။ ရွှယ်လင်းကျွင်း၏ ဝိညာဉ်သည် ထိုအပိုင်းအစများကို စုစည်းကာ စုပ်ယူလိုက်သည်။ ထို့နောက်တွင် ရွှယ်လင်းကျွင်း၏ ဝိညာဉ်သည် အားကောင်းလာခဲ့သည်။

ထျန်းလုံသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် မည်သည့် လက်စားချေမှုများပင် မပြုလုပ်နိုင်ခဲ့ချေ။ သူသည် အသည်းအသန် ကြိုးစားခဲ့ရသော်လည်း ရွှယ်လင်းကျွင်း၏ အကြံအစည်အောက်တွင် သူ၏ ရည်မှန်းချက်များ အဆုံးသတ်ခဲ့ရသည်။

ထိုအချိန်တွင် ထျန်းလုံ၏ အနက်ရောင်မျက်လုံးများသည် သွေးနီရောင်မျက်လုံးများအဖြစ်သို့ပြောင်းလဲလာသည်။ ထို့အပြင် မျက်နှာရှိအက်ကြောင်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ရင်ဘက်ရှိ လှံဖြင့် ထိုးစိုက်ခံထားရသည့် ဒဏ်ရာသည်လည်း တစ်စထက်တစ်စ ပျောက်ကွယ်သွားသည်။ ရွှယ်လင်းကျွင်းသည် ထျန်းလုံ၏ဝိညာဉ်ကို အပြီးတိုင် ဝါးမြိုကာ ထျန်းလုံ၏ ခန္ဓာကိုယ်ကိုအပိုင်သိမ်းလိုက်ပြီးဖြစ်သည်။

“အရင်ကလို ဒဏ်ရာတွေရနေတဲ့ ခန္ဓာကိုယ်မဟုတ်တော့ဘူး၊ ငါ့ရဲ့ ခန္ဓာကိုယ်အသစ်နဲ့ မူလအဆင့်ပြန်ရောက်တဲ့အထိ အားလုံးကို ဝါးမြိုပစ်မယ်”

ရွှယ်လင်းကျွင်းသည် နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးနောက် သူ၏ စိတ်ကြိုက် ခန္ဓာကိုယ်တစ်ခုရရှိခဲ့ပြီဖြစ်သည်။ သူ၏ အရှိန်အဝါသည် အရူးအမူးထိုးတက်လာကာ ရင်ပြင်တစ်ခုလုံးကို ဖိနှိပ်လိုက်၏။ ထို့အပြင် သူ၏ခန္ဓာကိုယ်အား ကာကွယ်ထားသည့် စက်ဝန်းကိုလည်း သိမ်းဆည်းလိုက်သည်။ ထို့နောက် တစ်လှမ်းချင်းလျှောက်လှမ်းကာ လဲကျနေသည့် ရွှယ်လင်းကျို့ကို သူ၏လည်တိုင်မှကိုင်မြှောက်လိုက်သည်။

“ဘိုးဘေး ဘာလို့လဲ”

ရွှယ်လင်းကျို့သည် သူ၏လည်ပင်းအား ဖျစ်ညှစ် ခံထားရသောကြောင့် ခက်ခဲစွာ စကားသံ ထုတ်ဖော်လိုက်ရသည်။

“လင်းယွင်ဂိုဏ်းတည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်က ငါ့အတွက် သွေးစွမ်းအင်တွေကို စုဆောင်းစေဖို့ပဲ၊ အဲ့ဒီအတွက် မင်းတိုအားလုံးကောင်းမွန်စွာ နေထိုင်ခဲ့ရတယ်၊ အခုပြန်ပေးဆပ်ဖို့ အလှည့်ရောက်ပြီ”

ထို့နောက်တွင် ရွှယ်လင်းကျို့၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များကို ချက်ချင်းစုပ်ယူလိုက်၏။ ရွှယ်လင်းကျို့သည် နာကျင်စွာ ဟစ်အော်နေရင်း ရွှယ်လင်းကျွင်းလက်မှ ရုန်းကန်နေရသည်။ သို့သော် သူ၏အသံသည် တဖြည်းဖြည်း တိုးလျလာ၏။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် ရွှယ်လင်းကျို့၏ ရုန်းကန်မှုများ ရပ်တန့်သွားတော့သည်။

“ဘုန်း..”

ရွှယ်လင်းကျွင်းသည် ခြောက်ကပ်နေသည့် ရွှယ်လင်းကျို့၏ခန္ဓာကိုယ် လွှတ်ချလိုက်၏။ ရွှယ်လင်းကျွင်း အရှိန်အဝါ၏ ရုတ်ရင်းကြမ်းတမ်းမှုသည် ပြင်းထန်လာသည်။

“ဝုန်း..”

ရှင်းဝေ့ကျန်းသည့် သူ၏ဓားနှင့် ရွှယ်လင်းကျွင်းကို ခုတ်ပိုင်းလိုက်၏။ သို့သော် ရွှယ်လင်းကျွင်းသည် သူ၏လက်နှင့် အသာယာပင်ဖမ်းဆုပ်လိုက်သည်။

‘ဒီလူ ဘယ်လိုအဆင့်ထိ ရောက်သွားခဲ့တာလဲ’

ရှင်းဝေ့ကျန်းသည် မျက်နှာပျက်သွား၏။ ရွှယ်လင်းကျွင်း၏ အခြားလက်တစ်ဖက်သည် သူ့အား ထိုးနှက်လိုက်သောကြောင့်ပင်။ ထိုအချင်းအရာကြောင့် ရှင်းဝေ့ကျန်းပင် လွင့်စင်သွားရ၏။ ရွှယ်လင်းကျွင်း၏ စွမ်းအားသည် ရှင်းဝေ့ကျန်းပင် တားဆီးနိုင်စွမ်းမရှိခဲ့ချေ။

“မင်းတို့ နှစ်ယောက် နတ်အင်ပါယာရှင်းကို သွားကူချေ”

တပည့်များရှိသည့် စင်မြင့်ထက်တွင် ဟေးချုံးသည် ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်ကိုပြောလိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်များကို အပြင်းအထန် လောင်ကျွမ်းပစ်ကာ ကြီးမားသည့် အကာအကွယ်စက်ဝန်းကြီးကို ထုတ်ဖော်လိုက်၏။ နတ်ဘုရင်များသည်လည်း သူတို့၏ ဝိညာဉ်စွမ်းအင်များကို ဟေးချုံး၏ အကာအကွယ်အတွင်း ကူညီအားဖြည့်လိုက်ကြသည်။

သူတို့သည် ရင်ပြင်တစ်ခုလုံးရှိ ကျင့်ကြံသူပေါင်းများစွာကို မကယ်တင်နိုင်သော်လည်း သူတို့နှင့်လက်လှမ်းမှီသည့်နေရာတွင်ရှိနေသော သူများကိုကာကွယ်ပေးထားသည်။

ဟေးချုံး၏ စွမ်းအားနှင့် ရင်ပြင်တစ်ခုလုံး ကာကွယ်နိုင်သော်လည်း တစ်ခဏအတွင်း ဝိညာဉ်စွမ်းအင်များကုန်ဆုံးသွားစေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အချိန်အနည်းငယ်ကြာသည်အထိ တောင့်ခံနိုင်ရင် ကျင့်ကြံသူအနည်းငယ်ကိုသာ ကာကွယ်ရန်ဆုံးဖြတ်ခဲ့သည်။

ရွေးချယ်ရခက်ခဲသည့် လမ်းများတွင် ကိုယ်တက်နိုင်သည့် အရာကိုသာ ပြတ်ပြတ်သားသား တာဝန်ယူလိုက်ခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်ပေမည်။ မနိုင်သည့်တာဝန်ကို ယူလိုက်ပါက ဆန်းကြယ်သည့် ကိစ္စရပ်များ ဖြစ်မလာခဲ့လျှင် ကျင့်ကြံသူများစွာကိုလည်းကယ်နိုင်မည်မဟုတ်သည့်အပြင် ကိုယ်တိုင်လည်း ပျက်စီးဆုံးရှုံးမှုများကြုံတွေရပေလိမ့်မည်။

ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်သည် ဟေးချုံး၏ အကာအကွယ်ကြောင့် ရွှယ်လင်းကျွင်းကို တားဆီးရန် အလျင်အမြန်ထွက်ခွာလိုက်၏။

အကာအကွယ်အတွင်းရှိ ရှင်းဝမ်ကျဲသည် စင်မြင့်တစ်ခုသို့ လှမ်းကြည့်လိုက်ပြီးနောက် ထိုနေရာသို့ သွားရန် အကာကွယ်အတွင်းမှ တိတ်တဆိတ်ထွက်ခွာသွားသည်။

“စီနီယာအစ်ကို သူတို့ကို ကူညီပေးပါလား”

ချုးယွီဟွာသည် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်လဲကျကာ သေဆုံးသွားသည့်အပေါ်တွင် အလွန်စိတ်မကောင်းဖြစ်မိနေ၏။ သူတို့သည်လည်းဟွမ်း၏ ကာကွယ်ပေးထားမှုကြောင့်သာ သက်သာရာရနေခြင်းဖြစ်သည်။

ဟွမ်းသည် ထိုသေဆုံးမှုများသည် သူနှင့် မသက်ဆိုင်ချေ။ ဂရုစိုက်ရန်လည်း မလိုပေ။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ နိယာမတရားဖြစ်၏။ ကျင့်ကြံခြင်းလောကကြီးတွင် ခွန်အားသည်သာ အဓိကကျပေသည်။

သို့သော်လည်း ခေါင်းအသာ ညိတ်ကာလက်ခံလိုက်သည်။

“ကောင်းပြီ”

All Chapters