← Chapters

စိတ်ပျက်အားငယ်မှု

Vol. 9 Ch. 123

စိတ်ပျက်အားငယ်မှု

Vol. 9 Ch. 123

ရင်ပြင်တစ်ခုလုံးတွင် အနီရောင်အငွေ့သက်များနှင့်ဖုံးလွှမ်းနေပြီး နာကျင်မှုများကြောင့် ကျင့်ကြံသူများ၏ အော်ဟစ်ငိုကြွေးသံများ၊ တိုက်ခိုက်သံများနှင့် ရှုပ်ထွေးနေပြီး ငရဲလောကတစ်ခုအလားပင်။

ရှင်းဝေ့ကျန်းတို့သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ရွှယ်လင်းကျွင်းသည် အေးဆေးစွာပင် ပြန်လည်ခုခံနေ၏။ နတ်အင်ပါယာသုံးဦး၏ စွမ်းရည်များသည် အင်းနည်းနေခြင်းမဟုတ်ပေ။ ရွှယ်လင်းကျွင်းကိုယ်တိုင်က အင်အားကြီးမားနေခြင်းဖြစ်သည်။

သူသည် ကျင့်ကြံသူများစွာ၏ သွေးစွမ်းအင်များအပြင် ရွှယ်လင်းကျို့၏ သက်တမ်းတစ်လျောက်စုဆောင်းလာခဲ့သည့် စွမ်းအင်များ၊ သန်မာသည့် ထျန်းလုံ၏ ခန္ဓာကိုယ်တို့ကြောင့် သူ၏ ခွန်အားသည် အဆမတန် မြင့်မားနေခြင်းဖြစ်သည်။

“စီနီယာ..၊ ကျုပ်ရဲ့ ဆရာကို ကူညီပေးပါ”

ရှင်းဝမ်ကျဲသည် ဟွမ်း၏ ရှေ့တွင် ဒူးထောက်ကာ တောင်းဆိုလိုက်၏။ သို့သော် သူ၏ အသံသည် အလွန်ပင် အားနည်းနေဟန်ရှိသည်။ အရင်က ဟွမ်းအပေါ်တွင် အမြင်ကြည်လင်ခြင်းမရှိခဲ့သော်လည်း ယခုတွင် ဟွမ်းသည် အားလုံးကို ကယ်တင်ပေးနိုင်သည်ဟု ထင်နေသောကြောင့် လာရောက်အကူညီတောင်းခံခြင်းဖြစ်၏။ ထျန်းလုံသည် သူ့၏အိမ်မက်တွင်း မြင်တွေ့ခဲ့ရသည့် ပုံစံအတိုင်းဖြစ်တည်လာသည်။ ထို့ကြောင့် သူ၏ဆရာ သေဆုံးသွားမည်ကို လက်မခံနိုင်ချေ။ ထို့အပြင်သူ့တွင်လည်း ကယ်တင်နိုင်သည့် စွမ်းရည်မရှိချေ။

သူသည် ဟေးချုံး၏ အကာအကွယ်အောက်မှ ထွက်လာခဲ့သောကြောင့် မည်သည့် အကာအကွယ်မှုမျှ မရှိတော့ချေ။ ထို့ကဲ့သို့ သွေးစွမ်းအင်များ တိုက်စားမှုကို အံတုကာ  လာရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် စွမ်းအင်ကုန်ခမ်းမှုကြောင့် မနည်းပင် အသက်ရှုသွင်းနေရ၏။

“ငါ ကူညီပေးလိုက်ရင် ငါ့အတွက် ဘာပြန်ရမှာလဲ”

ဟွမ်းသည် မည်သည့်အမူအယာမှ ထုတ်ဖော်ပြသခြင်းမရှိပဲ မေးလိုက်၏။

“ကျုပ်ကို စီနီယာရဲ့ ကျွန်တစ်ယောက်အဖြစ် စေခိုင်းလို့ရပါတယ်”

ရှင်းဝမ်ကျဲသည် အားနည်းနေသော်လည်း ပြတ်သားသည့် လေသံနှင့်ပြောလိုက်၏။ ရှင်းဝေ့ကျန်းသည် သေလုမြောပါးပင်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့ဆရာအားကယ်တင်နိုင်ရန်အတွက် ဒူးထောက်ရုံမျှမက သူ့ဘဝ၏ လွပ်လပ်ခွင့်နှင့်ပင်လဲလှယ်နိုင်သည်။ သူ၏မျက်ဝန်းများတွင်လည်း နောင်တရမည့် အရိပ်အယောင်မရှိချေ။

ဟွမ်းသည် ပြန်မဖြေတော့ချေ။ ရှင်းဝမ်ကျဲအား သက်ရောက်နေသည့် စွမ်းအင်များကို တားစီးပေးလိုက်သည်။ ရှင်းဝမ်ကျဲ၏ ပြတ်သားသည့် အကြည့်နှင့် စကားများက သူ့အား အနည်းငယ် သဘောကျမိစေသည်။

တစ်ဖက်တွင် ရွှယ်လင်းကျွင်းသည် စွမ်းအင်ရိုက်ချက်တစ်ခု ဖော်ထုတ်လိုက်သောကြောင့် ရှင်းဝေ့ကျန်းသည် နောက်ဆုတ်သွားရ၏။ ထိုအချိန်တွင် ရွှယ်လင်းကျွင်းသည် သွေးစွမ်းအင်များကို စုစည်းကာ ဓားတစ်ချောင်းအသွင်ပြုလုပ်လိုက်သည်။ ထို့နောက် ချက်ချင်း ချီမင်ယောင်ထံ ပစ်လွှတ်လိုက်၏။

ချီမင်ယောင်သည် ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲထားရသည့်အပြင် အစီအရင်အတွင်း ရှိနေသောကြောင့် စွမ်းအင်များ ယုတ်လျော့နေပြီး ထိုသွေးစွမ်းအင်ဓားကို ရှောင်တိမ်းရန် မစွမ်းသာတော့ပေ။ သူမသည် ထိုဓားကိုသာ လှုပ်ရှားရန်ပင် မေ့လျော့နေသည့်အလား မမှိတ်မသုန်ကြည့်နေမ်ိတော့သည်။ ထိုအချိန်တွင် အမျိုးသားတစ်ဦး၏ ခန့်ငြားထည်ဝါသည့် နောက်ကျောပြင်သည် သူမ မျက်စိရှေ့တွင် ရုတ်ချည်းပေါ်လာခဲ့သည်။

“ဟုန်ကျွင်း..ရှင် အမြန်ရှောင်လိုက်”

ယခုအချိန်မှ သူမသည် ထိတ်လန့်တကြားအော်လိုက်မိ၏။ သူမသည် လက်ရှိအခြေအနေအရ ထိုသွေးစွမ်းအင်ဓားကို ရှောင်တိမ်းရန် မလွယ်ကူသော်လည်း ထိုက်ဟုန်ကျွင်းသည် ရှောင်တိမ်းနိုင်စွမ်းရှ်ိသေးသည်။ သို့သော် ထိုက်ဟုန်ကျွင်းသည် ချီမင်ယောင်ကို ကာကွယ်ရန်သာ ရွေးချယ်လိုက်၏။ ထိုက်ဟုန်ကျွင်းသည် သူ၏ ရှိသမျှ စွမ်းအင်များကို စုစည်းကာ စွမ်းအင်တံတိုင်းတစ်ခု ဖော်ထုတ်လိုက်သည်။

“ဝုန်း..”

သွေးစွမ်းအင်ဓားသည် ထိုက်ဟုန်ကျွင်း၏ အကာအကွယ်တံတိုင်းကို အသာယာပင်ပြိုခွဲသွား၏။ ထိုဓားသည် ထိုက်ဟုန်ကျွင်းကို ထိမှန်သွားပြီးနောက် ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်တို့နှစ်ဦးသည် ပြင်းထန်သည့် အရှိန်ဟုန်နှင့် လွင့်စင်ကုန်သည်။

“ဟုန်ကျွင်း..”

ချီမင်ယောင်သည် သူမကိုယ်တိုင်ပင် ဒဏ်ရာရရှိထားသော်လည်း စိုးရိမ်စိတ်အပြည့်နှင့် ထိုက်ဟုန်ကျွင်းရှိရာ သို့အစောတလျင်သွားလိုက်၏။ ထိုက်ဟုန်ကျွင်းသည် ထိုသွေးဓားကို တိုက်ရိုက်ခံယူလိုက်ရသည့်အလား ဖြစ်သွားခဲ့ခြင်းကြောင့် သူ၏ ဒဏ်ရာသည် အလွန်ပြင်းထန်သည်။ ချီမင်ယောင်ကမူ စွမ်းအင်သက်ရောက်မှုဒဏ်ခံစား ခဲ့ရသော်လည်း ထိုက်ဟုန်ကျွင်းသည် ကာကွယ်ပေးခဲ့သောကြောင့် မဆိုးရွားချေ။

“ရှင် အရူးလား..”

အင်ပါယာတစ်ပါး ဖြစ်သည့် ချီမင်ယောင်သည် မိန်းမငယ်လေးတစ်ဦးအလားပင် မျက်ရည်များပင် စီးကျလာခဲ့သည်။ ထိုက်ဟုန်ကျွင်းသည် သွေးများ ဆက်တိုက်အန်နေပြီး ရင်ဘက်တွင်လည်း သွေးစွမ်းအင်ဓားဖောက်ထွင်းသွားသည့် ဒဏ်ရာနက်ကြီး တည်ရှိနေ၏။ သူသည် လက်တစ်ဖက်မြှောက်ယူရန်ပင် အားအင်မရှိတော့ချေ။

ရှင်းဝေ့ကျန်းသည် အသည်းသန်ပင် ရွှယ်လင်းကျွင်းကို တိုက်ခိုက်လိုက်၏။ သို့သော် ရွှယ်လင်းကျွင်းသည် အသာအယာပင် ခုခံလိုက်သည်။ သူ၏ တိုက်ခိုက်မှုများသည် အရာမထင်ချေ။ သူသည် မနိုင်သည်ကို သိသော်လည်း ရှောင်ပြေးနေ၍မရချေ။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။

“မင်းရဲ့ ဘိုးဘေးရှိစဉ်ကတောင် ငါ့ကို ဒီလိုမတိုက်ခိုက်ရဲဘူး”

ရွှယ်လင်းကျွင်းသည် အပျင်းပြေကစားနေသည့်အလားပင်။ ရှင်းဝေ့ကျန်းသည် ဝိညာဉ်စွမ်းအင်များစွာ စုစည်းပြီးနောက် ကြီးမားသည့် ဓားချက်တစ်ခု ထုတ်ဖော်လိုက်သည်။ ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ရွှယ်လင်းကျွင်းကို အသည်းအသန် ဖျတ်စီးရန် လျှင်မြန်သည့် အရှိန်ဟုန်ဖြင့် ဦးတည်သွား၏။

“ဟမ့်.. မဖြစ်စလောက်စွမ်းရည်လေးနဲ့ ငါ့ကို တိုက်ခိုက်ဖို့ကြိုးစားရဲတယ်”

ရွှယ်လင်းကျွင်းသည် နှာမှုတ်လိုက်၏။ ထို့နောက် ထိုစွမ်းအင်လှိုင်းများကို အသာယာပင် ပြန်လည်ရိုက်ထုတ်ရင်း တားစီးလိုက်သည်။

“မဖြစ်နိုင်တာ..”

ရှင်းဝေ့ကျန်းသည် မျက်နှာပျက်သွားသည်။ အကြောင်းမှာ ရုတ်ချည်းပင် ရွှယ်လင်းကျွင်းသည် သူရှေ့တွင် ရောက်ရှိနေပြီး သူ၏ဝမ်းဗိုက်အား ပြင်းပြင်းထန်ထန် ထိုးချလိုက်၏။

“မင်းတို့တွေ ထျန်းယွမ်ကုန်းမြေမှာ နတ်အင်ပါယာဆိုပြီးဂုဏ်မောက်နေပေမဲ့ အားနည်းလွန်းတယ်”

“ဘုန်း..”

ရှင်းဝေ့ကျန်းသည် ကြမ်းကြမ်းတမ်းတမ်းပင် မြေပြင်ပေါ်သို့ ကျဆင်းသွား၏။ သွေးများလည်း ဆက်တိုက်ပင် အန်ကျလာသည်။ ရွှယ်လင်းကျွင်းသည် သူရင်ဆိုင်နိုင်သည့် အဆင့်တွင်ရှိမနေချေ။

တစ်ဖက်ရှိ ဟေးချုံးသည်လည်း အခြေအနေဆိုးရွားလာ၏။ သူအကာအကွယ်အောက်ရှိကျင့်ကြံသူများသည် အဆင်ပြေနေသော်လည်း သူသည် စွမ်းအင်ကုန်ခမ်းမှုကို ရင်ဆိုင်နေရသည်။ သို့သော်လည်း မတွန့်ဆုတ်သွားပေ။ ရှိသမျှအားကုန်သုံးကာ အစွမ်းကုန်ကာကွယ်ပေးနေ၏။

“နတ်အင်ပါယာဟေးချုံးက ဒီတိုင်းဆို ဆက်ပြီးတောင့်ခံနိုင်မှာမဟုတ်တော့ဘူး”

ယဲ့ချန်းရန်သည် ဟေးချုံး၏ အမူအယာကိုကြည့်ကာ စိုးထိတ်သွား၏။ နတ်အင်ပါယာဟေးချုံပင် ခံနိုင်ရည်မရှိတော့လျှင် သူတို့လည်း ဆက်ပြီးကာကွယ်ပေးရန်မှာ အတော်ခက်ခဲသွားပြီဖြစ်သည်။

“နတ်အဆင့် ကျင့်ကြံသူတွေ ခင်ဗျားတို့ရဲ့ ဝိညာဉ်စွမ်းအားကို နတ်အင်ပါယာဟေးချုံးရဲ့ အကာအကွယ်ထဲ ဖြည့်သွင်းလိုက်”

လီချင်းဟုန်သည် သူတော်စင်အဆင့်အထက် ကျင့်ကြံသူများကို အမိန့်ပေးလိုက်၏။ ဗဟိုမြို့တော်အတွင်းရှိ အိမ်တော်ကြီးများ၏နတ်အဆင့်ကျင့်ကြံသူများသည် ချက်ချင်းပင် ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်ကြ၏။ သို့သော်လည်း အချိန်ကြာကြာတောင်ခံနိုင်ကြမည်မဟုတ်တော့ပေ။

“တော်တော်လေး အဆင်ပြေတဲ့ ခန္ဓာကိုယ်ပဲ”

ရွှယ်လင်းကျွင်းသည် ထျန်းလုံ၏ ခန္ဓာကိုယ်ကို အပြည့်အဝ သဘောကျနေသည်။ နှစ်ပေါင်းသောင်းချီစောင့်ခဲ့ရကျိုးနပ်သည်ဟုပင်တွေးလိုက်မိ၏။ သူသည် ထျန်းလုံကိုင်ဆောင်ခဲ့သည့် သွေးနီရောင်ဓားကြီးကို ဆွဲကိုင်လိုက်ကာ ရှင်းဝေ့ကျန်းလဲကျရာ နေရာသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာ၏။

“လူသားမျိုးနွယ်ကို လက်စားချေမဲ့ ကိစ္စမှာ မင်းတို့ ထျန်းယွမ်ကုန်းမြေကနေစတင်မယ်”

ရှင်းဝေ့ကျန်းသည် သူ၏လက်ကျန်စွမ်းအင်များကို လည်ပတ်စေကာ မတ်တပ်ရပ်ရန်ပြင်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်ကိုပင် မမြှောက်နိုင်တော့ချေ။ သူ၏ စွမ်းအင်များသည် သွေးသစ်ဖွဲ့စည်းခြင်း အစီအရင်ကြောင့် အားနည်းသည်ထက်နည်းလာခဲ့သည်။

“ထျန်းယွမ်ကုန်းမြေကို ဖျတ်စီးခွင့်မပြုဘူး”

ရှင်းဝေ့ကျန်းသည် သူထံ မည်သည့်စွမ်းအင်မျှ မရှိတော့သော်လည်း တိုးလျသည့် အသံနှင့် ပြောလိုက်၏။

“မင်းတို့က အဲ့လိုစကားပြောဖို့အရည်အချင်းမရှိဘူး”

ရွှယ်လင်းကျွင်းသည် သူ၏သွေးဓားကြီးနှင့် ရှင်းဝေ့ကျန်းကို အဆုံးသတ်ရန်ကြံရွယ်လိုက်၏။

‘ငါ ထျန်းယွမ်ကုန်းမြေကို မကာကွယ်နိုင်တော့ဘူးလား’

ရှင်းဝေ့ကျန်းသည် သူ၏အားနည်းမှုကို စိတ်ပျက်သွား၏။ ထိုဓားကြီးအား ရှောင်တိမ်းရန်၊ ခုခံရင် မည်သည့်အင်အားမျှ ရှိမနေတော့ချေ။

ရွှယ်လင်းကျွင်းသည် နောက်ဆုံးစကားဆိုက ရှင်းဝေ့ကျန်း၏ ရင်ဘက်ကို ထိုးစိုက်လိုက်၏။

“ဒီကုန်းမြေကြီးကို ငါတို့နတ်ဆိုးမျိုးနွယ်က ကျေးဇူးတင်နေမှာပါ”

“အဆင့်နိမ့် သွေးစုပ်တဲ့ကောင်က ကိုယ့်ကိုယ်ကို နတ်ဆိုးမျိုးနွယ်လို့ပြောရဲတယ်၊ တကယ်အရှက်မဲ့တာပဲ”

All Chapters