ညင်သာသည့်ခြေလှမ်း
Vol. 9 Ch. 124
ရွှယ်လင်းကျို့သည် သွေးဓားကြီးနှင့် ရှင်းဝေ့ကျန်းအား ထိုးစိုက်လုနီးနီးတွင် ခပ်တိုးတိုး လေသံတစ်ခုကိုကြားလိုက်ရ၏။ ထိုအသံသည် အနိမ့်အမြင့် အတက်အကျမရှိပဲ စကားလုံးတစ်လုံးစီတိုင်း ရှင်းလင်းပြတ်သားနေသည်။
သို့သော် ရွှယ်လင်းကျွင်း၏ နားအတွင်း မုန်တိုင်းထန်သွားသည့်အလား ကြားလိုက်ရ၏။ ခန္ဓာကိုယ်ပင် အနည်းငယ်တုန်ယင်သွားသည်။ ကိုယ်တွင်းသွေးများပင် မငြိမ်မသက်ဖြစ်သွားရ၏။ သူ၏ ဓားကြီးသည်လည်း ရှေ့ဆက်မတိုးတော့ပဲ ရပ်တန့်သွားသည်။ ရွှယ်လင်းကျွင်းသည် မျက်မှောင်ကြုတ်သွားသည်။
ရင်ပြင်တစ်ခုလုံးရှိ ရှုပ်ထွေးနေသည့် ဆူညံသံများသည် ရုတ်ချည်း အပ်ကျသံပင်ကြားရလောက်သည် အထိတိတ်ဆိတ်သွား၏။
ရွှယ်လင်းကျွင်းသည် အလွန်ဒေါသထွက်လာပြီးနောက် အသံလာရာသို့ကြည့်လိုက်၏။ သာမန်လူကဲ့သို့ပင် မည်သည့်စွမ်းအင်မျှ ပေါ်ထွက်မနေသည့် အဖြူရောင်ဝတ်ဆုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ လေများတိုက်ခက်မှုမရှိသော်လည်း ထိုလူငယ်၏ အနက်ရောင်ဆံနွယ်ရှည်များသည် မြောလွင့်နေ၏။
“မင်း ဘယ်သူလဲ..”
သို့သော် ဟွမ်းသည် ပြန်မဖြေချေ။ ဟွမ်းသည် မြေပြင်ကို ခြေတစ်လှမ်း လှမ်းလိုက်သည့်အသွင်နှင့် အသာယာနင်းလိုက်၏။
“ခရက်..”
ဟွမ်း ခြေလှမ်းလှမ်းလိုက်သည်နှင့် ရွှယ်လင်းကျွင်း၏ အစီအရင်သည် တစ်ခဏအတွင်း အက်ကြောင်းများစွာ ဖြစ်တည်လာ၏။ အက်ကြောင်းများသည် ရင်ပြင်တစ်ခုလုံးဖုံးလွှမ်းထားသည့် အစီအရင်ကြီး၏ နေရာလပ် မကျန်အောင်ပင် ပြည့်နှက်လာသည်။
“ခလွမ်း..”
အက်ကြောင်းများသည် တစ်စထက်တစ်စ ကြီးမားလာပြီးနောက် လုံးဝကွဲကြေသွားသည်။ ရွှယ်လင်းကျွင်း၏ အစီအရင်သည် လုံးဝပျောက်ကွယ်သွား၏။ ထို့ကြောင့် ရင်ပြင်တစ်ခုလုံးအား ဖုံးလွှမ်းထားသည့် သွေးနီရောင်စွမ်းအင်များမရှိတော့ပေ။ ရင်ပြင်အတွင်း မူလလေထုသည် အစားထိုးဝင်ရောက်လာပြီး အလင်းရောင်ပြန်လည်ရရှိလာသည်။ ထို့ကြောင့် ရင်ပြင်အတွင်းရှိ ကျင့်ကြံသူအားလုံးအသက်ရှုချောင်သွားခဲ့ရ၏။
အသက်ရှင်ကျန်ရစ်သည့် ကျင့်ကြံသူများသည်လည်း သက်သာရာရသွား၏။ သို့သော် သွေးစွမ်းအင်များ အဆမတန်စုပ်ယူခံထားရခြင်းကြောင့် သတိလစ်ကုန်ကြသည်။
‘ဒီလူဝင်မပါလောက်ဘူးလို့ ထင်ထားခဲ့တာ’
ဟေးချုံးသည် ဟွမ်း ဝင်ရောက်လာသောကြောင့် ပျော်ရွှင်မှုကိုခံစားလိုက်ရကာ သူ၏စွမ်းအင်များကို ရုတ်သိမ်းလိုက်၏။ သူ၏ မျက်နှာထက်တွင်လည်း ပင်ပန်းနွမ်းနွယ်မှုများ ပြည့်နက်နေပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
“ရောင်းရင်းဟွမ်း..”
ရှင်းဝေ့ကျန်းသည် တိုးလျစွာရေရွတ်လိုက်၏။ သူသည် ကယ်တင်ခြင်းခံလိုက်ရပြီမို့ စိတ်သက်သာရာရသွားခဲ့သည်။
“အဟွတ်..”
ရွှယ်လင်းကျို့၏ အစီအရင် အတင်းအကြပ် ဖျတ်ဆီးခံရသည့်အလား ပျက်စီးသွားသောကြောင့် သူသည် သွေးအန်လိုက်ရ၏။ သွေးစွမ်းအင်များ စုပ်ယူမှုသည် အပြည့်အဝ မပြီးစီးသေးချေ။ အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဟွမ်းကို မေးခွန်းထုတ်လိုက်၏။
“မင်း နတ်ဆိုးမျိုးနွယ်အကြောင်းကို သိနေတာလား”
“အားနည်းလိုက်တာ..နတ်ဆိုးမျိုးနွယ်မှာ မင်းလို အမှိုက်တွေမရှိဘူး”
ဟွမ်းသည် ဂရုမစိုက်သည့်လေသံနှင့်သာပြောလိုက်၏။ သူသည် ရွှယ်လင်းကျွင်းကို ရိုက်နှက်ရမှာ ပျင်းရိနေသယောင်ပင်။
“မင်း.. ဒီကုန်းမြေက မဟုတ်ဘူးမလား”
ရွှယ်လင်းကျွင်းသည် အနည်းငယ် တုန်လှုပ်သွား၏။ အဆင့်နိမ့်ကုန်းမြေများသည် နတ်ဆိုးမျိုးနွယ်၏ တည်ရှိမှုအကြောင်းကို မသိရှိကြချေ။ နတ်ဆိုးမျိုးနွယ်များသည်လည်း ဤသို့ အဆင့်နှိမ့်ကုန်းမြေများသို့ လာရောက်ကြချင်းမရှိပေ။ ထို့အပြင် သူတို့သည် အင်အားမနည်းသော်လည်း လူသားမျိုးနွယ်နှင့်ယှဉ်လျှင် အနည်းငယ်နိမ့်ကျသောကြောင့် ပေါ်ပေါ်ထင်ထင်မနေကြချေ။
သို့သော် သွေးမျိုးနွယ်ကဲ့သို့ နတ်ဆိုးမျိုးနွယ်၏ အဆင့်နိမ့် မျိုးနွယ်ခွဲများသည် လူသားမျိုးနွယ်နှင့် များစွာသော ပဋိပခများရှိ၏။ ထို့အပြင် ယခင်က ထိုကဲ့သို့ မျိုးနွယ်များနှင့် မသက်ဆိုင်ကြောင်း နတ်ဆိုးမျိုးနွယ်သည် ကောင်းကင်နန်းတော်ကို တင်ပြထားသည်။
သွေးမျိုးနွယ်ကဲ့သို့ အဆင့်နိမ့်မျိုးနွယ်များသည် နတ်ဆိုးမျိုးနွယ်၏ နာမည်ကိုသုံးကာ လူသားမျိုးနွယ်များကို တိုက်ခိုက်တက်ကြ၏။ ကောင်းကင်နန်းတော်သည် ထိုမျိုးနွယ်များအား လိုက်လံသုတ်သင်သော်လည်း သူတို့ထံတွင် ရှင်သန်လွှတ်မြောက်နိုင်သည့် နည်းစနည်များစွာရှိနေသည်။
ရွှယ်လင်းကျို့တိုက်ခိုက်စဉ်က ရွှယ်လင်းကျွင်းသည် ထျန်းလုံ၏ ဝိညာဉ်နှင့် အချင်းများနေသောကြောင့် မော့ရွှယ်အာ၏ တည်ရှိမှုကို သတိမထားမိခဲ့ချေ။
“သွေးမျိုးနွယ်ကကောင် အချိန်မဖြုန်းနဲ့ မြန်မြန်သေလိုက်တော့”
ဟွမ်းသည် အမူအယာမပြောင်းလဲပဲဆိုလိုက်၏။
“ငါ့ကိုသတ်ချင်တာလား၊ အဲ့လောက်မလွယ်ဘူး”
ရွှယ်လင်းကျွင်းသည် ချက်ချင်းပင် သွေးစွမ်းအင်များ ထုတ်လွှတ်လိုက်၏။
သူ၏ ဘေးပတ်ပတ်လည်တွင် သွေးနီရောင်စွမ်းအင်များ လည်ပတ်လာသည်။ လေထုသည် သွေးညှီနံ့များ ပြည့်နှက်လာပြီး ထိုင်းမှိုင်းလာခဲ့သည်။ ထို့နောက် ထျန်းလုံကိုင်ခဲ့သည် သွေးဓားကြီးကို ကိုင်မြှောင်ကာ ဟွမ်းကို ဦးတည်ခုတ်ပိုင်းရန်ပြင်လိုက်၏။ ထိုအချိန်တွင် သူ၏နောက်တွင် ထျန်းလုံနှင့် အသွင်တူသည့် သွေးစွမ်းအင်ပုံရိပ်ကြီးထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်၏ လက်တွင်လည်း သွေးဓားကြီးကဲ့သို့ ကြီးမားသည့် ပုံရိပ်ယောင်ဓားကြီးအား ကိုင်ဆောင်ထား၏။
“သွေးနတ်ဆိုး၏သတ်ဖြတ်ခြင်း”
ရွှယ်လင်းကျို့သည် ခုတ်ပိုင်းဟန်ပြုလိုက်သည့်အခါ ထိုပုံရိပ်ယောင်ကြီးသည်လည်း အလားတူပြုလုပ်လိုက်သည်။ ၎င်း၏ဓားကြီးဖြတ်သန်းလာရာလမ်းကြောင်းတွင် လေဟာနယ်ပင် ပြိုလဲကုန်၏။ လမ်းကြောင်းတစ်လျှောက်တွင် ပေါက်ပြဲနေသည့် လေဟာနယ်များသည်ကျန်ခဲ့သည်။
ရွှယ်လင်းကျွင်းသည် မာန်ဖီလိုက်၏။
“မောက်မာတဲ့ကောင် သေလိုက်စမ်း”
ဟွမ်းသည် ထိုပုံရိပ်ကြီးသာ မလှုပ်မယှက်ပင် ကြည့်နေ၏။ ပုံရိပ်ယောင်ဓားကြီးသည် သူ့အား ထိစပ်လုဆဲဆဲတွင် သူ၏လက်ကို အသာမြှောက်ကာ ၎င်းဓားကြီးကို ဆုပ်ကိုင်လိုက်၏။
“အသုံးမဝင်တဲ့ ကြိုးစားမှုပဲ”
ဟွမ်း၏ ခေါင်းအသာခါယမ်းကာပြောလိုက်၏။ သူသည် ပုံယောင်ယောင်သွေးဓားကြီးကို ဆုပ်ကိုင်ထားလိုက်သည်။
ရွှယ်လင်းကျွင်းသည် မျက်လုံးများပင်ပြူးကျယ်သွား၏။ သူ၏ ပုံရိပ်ယောင်ဓားကြီးကြောင့် ထျန်းယွမ်ကုန်းမြေ၏ နတ်အင်ပါယာလေးဦးပင် တပြိုင်တည်း သေဆုံးသွားနိုင်၏။ သို့သော် ထိုလူငယ်သည် ဂရုမစိုက်သည့်အလား အသာယာပင် ဆုပ်ကိုင်ထားသည်။ ပုံရိပ်ယောင်ဓားကြီးသည် တစ်လက်မပင် ရွေ့တော့ချေ။
ရွှယ်လင်းကျွင်းသည် သူ၏ သွေးစွမ်းအင်များကို အပြင်းအထန် လောင်ကျွမ်းစေကာ အံကြိတ်၍ ဖိချလိုက်သည်။ သို့သော် အချည်းနှီးပေ။ ပုံရိပ်ယောင်ဓားကြီးသည် မည်သို့မျှပင် တုပ်တုပ်မလှုပ်တော့ချေ။ ရွှယ်လင်းကျွင်း၏ ရင်ထဲတွင် မကောင်းသည့် ခံစားချက်များထွက်ပေါ်လာသည်။
“ဟမ့်..”
ဟွမ်းသည် ဆုပ်ကိုင်ထားသည့် ထိုဓားကြီးအား ရုတ်ချည်း ချေမွလိုက်၏။
“ဝုန်း..”
ပုံရိပ်ယောင်ဓားကြီးသည် ချက်ချင်းကြေမွသွားကာ ရွှယ်လင်းကျွင်း၏ ခန္ဓာကိုယ်တွင်လည်း စွမ်းအင်ပေါက်ကွဲသံများထွက်ပေါ်လာ၏။ သို့သော် ထိုမျှမက ရင်ပြင်၏ တစ်ဖက်ရှိ စင်မြင့်အထိပါ လွင့်စင်သွားရသည်။
‘မဖြစ်နိုင်ဘူး..ဒီလူဘယ်သူလဲ’
လဲကျရာမှ ချက်ချင်း ပြန်ထကာ အတွေးများရောက်ယက်ခက်သွား၏။ သွေးများ ဆက်အန်လိုက်ရသည်။ သူသည် မည်မျှပင် အားနည်း နေပါစေ၊ ယခုလောက်ထိ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်စရာအကြောင်းမရှိပေ။ သို့သော် မည်သို့မျှ အားထုတ်ထားခြင်းမရှိသည့် ထိုလူငယ်ကို ထိအောင်မတိုက်ခိုက်နိုင်ပေ။ ထို့အပြင် တန်ပြန်သက်ရောက်မှုကြောင့်ပါ အပြင်းထန် ဒဏ်ရာရသွားခဲ့ရ၏။
‘ငါအသက်ရှင်ခဲ့စဥ်တုန်းကတောင် ဒီလိုစွမ်းအားမျိုး မတွေ့ဖူးဘူး’
ရွှယ်လင်းကျွင်းသည် သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်ဟုတွေးမိကာ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ ထပ်မံတိုက်ခိုက်ရန် မစဉ်းစားတော့ချေ။ သူ၏ စွမ်းအင်များသည်လည်း အပြည့်အဝ မရရှိသေးပေ။
“ဝုန်း..”
သို့သော် ထိုအချိန်မှာပဲ ပြင်းထန်သည့် ခွန်အားများနှင့် လက်သီးတစ်လုံးသည် သူ၏ ဝမ်းဗိုက်ထံ ဝင်ရောက်လာ၏။
“ဒီလောက်ခွန်အားလေးနဲ့ ကုန်းမြေတစ်ခုကို ဖျတ်စီးဖို့ စိတ်ကူးနေသေးတယ်”
ရွှယ်လင်းကျွင်းသည် မည်သည့် အရာမျှပင်စဉ်းစားနိုင်စွမ်းမရှိတော့ချေ။ သူ၏ဝမ်းဗိုက်တွင် အပြင်းထန်နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ အစီအရင် ပျက်စီးသွားသောကြောင့်လည်း များပြားသည့် သွေးစွမ်းအင်များကို ထပ်မံ မစုပ်ယူနိုင်တော့ချေ။
ဟွမ်းသည် သွေးများဆက်တိုက်ပင် အန်နေရသည့် ရွှယ်လင်းကျွင်းကို ကြည့်ကာပြောလိုက်၏။ ထို့နောက် သူသည် လဲကျနေသည့် ရွှယ်လင်းကျွင်းအနား တလှမ်းချင်း လျှောက်လှမ်းလာ၏။
ဟွမ်း၏ ခြေလှမ်းများသည်ငြင်သာသော်လည်း သူတစ်လှမ်း လှမ်းလိုက်တိုင်း ရွှယ်လင်းကျွင်း၏နှလုံးသားအား ဆုပ်ချေခံရသည့်အလား ရင်တွင်းခံစားချက်များ ကပြောင်းကပြန်ပင် ဖြစ်နေရသည်။ ထိုလူသည် သူ့အား အလွတ်ပေးမည့်ပုံမပေါ်ချေ။ ထို့ကြောင့် နောက်ဆုံး ရုန်းကန်မှုအနေနှင့် ခြိမ်းခြောက်လိုက်၏။
“ငါ့ကိုသတ်ရင် သွေးမျိုးနွယ်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူးကွ”