← Chapters

ဒီကောင်က တကယ့်နတ်ဆိုး

Vol. 9 Ch. 125

ဒီကောင်က တကယ့်နတ်ဆိုး

Vol. 9 Ch. 125

“မင်းကို သွေးမျိုးနွယ်က လိုက်လံသတ်ဖြတ်လိမ့်မယ်”

သွေးမျိုးနွယ်ဝင်တစ်ဦး သတ်ဖြတ်ခြင်းခံရပါက သူတို့၏ သွေးစွမ်းအင်သည် သတ်ဖြတ်သူ၏ ခန္ဓာကိုယ်တွင်း ပေါင်းစပ်သွားမည်ဖြစ်၏။ ထိုသို့ဖြစ်ပွားပြီးနောက် သွေးမျိုးနွယ်များနှင့် ဆုံတွေ့ချိန်တွင် ထိုလူ၏ သွေးစွမ်းအင်များကို ခံစားသိနိုင်မည်ဖြစ်သည်။ ထိုအချင်းရာကြောင့် သွေးမျိုးနွယ်သည် အဆုံးထိလိုက်လံ သတ်ဖြတ်ကြမည်ဖြစ်၏။

“သွေးမျိုးနွယ်ရဲ့ ပစ်မှတ်ဖြစ်လာမှာကိုတော့ စိတ်ဝင်စားတယ်”

ဟွမ်းသည် ဂရုမစိုက်သည့်အလား ရွှယ်လင်းကျွင်းအား သတ်ဖြတ်ရန် ခြေလှမ်းများ ဆက်လှမ်းလာ၏။

“ရောင်းရင်း ကျုပ်တို့ ညှိနှိုင်းကြမယ်၊ ကျုပ်အသက်ချမ်းသာပေးရင် ရောင်းရင်းပြောတဲ့အတိုင်းလုပ်ပေးဖို့ ဆန္ဒရှိပါတယ်”

ရွှယ်လင်းကျွင်းသည် ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးကာ လွတ်လမ်းရှာလိုက်၏။ သူ၏ပုံသည် အသနားခံနေသည့်အလားပင်။ သူ၏ ရုတ်ရင်းကြမ်းတမ်းသည့်အမူအယာသည်လည်း ပြေပြစ်နူးညံ့သွားသည်။

“အဆင့်နှစ်နတ်အင်ပါယာလောက်နဲ့ ငါနဲ့ညှိနှိုင်းလို့ရမယ်လို့ထင်နေတာလား၊ ငါ့ဆန္ဒအတိုင်းဆို မင်းသေလိုက်တော့”

ဟွမ်းသည် သတ်ဖြတ်ရန်သာဦးတည်လိုက်သည်။

“ညှိနှိုင်းလို့မရမှတော့ အားလုံးကို သေလမ်းခေါ်သွားမယ်ကွ”

ဟွမ်းသည် ရွှယ်လင်းကျွင်း အနားရောက်ခါနီးတွင် ရွှယ်လင်းကျွင်း၏ အမူအယာသည် ရုတ်ချည်း ခက်ထန်သွား၏။

သူ၏ဝိညာဉ်စွမ်းအင်များနှင့် သွေးစွမ်းအင်များကို ရောယှက်လိုက်ကာ ကြီးမားသည့် စွမ်းအင်လှိုင်းကြီး ပေါ်ထွက်လာသည်။ ထို့အပြင် သူ၏ကိုယ်တွင်းသွေးများပါ လောင်ကျွမ်းစေလိုက်ပြီး ရင်ပြင်တစ်ခုလုံးကို ဖျတ်စီးပစ်ရန်ရည်ရွယ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နီရဲလာပြီးနောက် အာခေါင်ခြစ်ကာအော်ဟစ်လိုက်၏။

“ဖောက်ခွဲစမ်း..”

“ဝုန်း...”

ကြီးမားသည့် စွမ်းအင်ရိုက်ခက်မှု လှိုင်းကြီး ထွက်ပေါ်လာကာ ရင်ပြင်တစ်ခုလုံး တုန်ခါသွား၏။

ဟွမ်းသည် မျက်မှောင်ကြုတ်သွားပြီးနောက် စွမ်းအင် လှိုင်းတစ်ခု ထုတ်ဖော်ကာ ထိုပေါက်ကွဲမှုကို တားဆီးလိုက်သည်။ ဟွမ်း အလျင်အမြန် ကာကွယ်မှု ပြုလုပ်ခဲ့သော်လည်း ရုတ်ချည်းပေါက်ကွဲမှုကြောင့် ရွှယ်လင်းကျွင်းရှိရာ စင့်မြင့်အဆောက်အဦး တစ်လျောက်သည် ပြိုကွဲပျက်စီးသွားရ၏။ ရင်ပြင်၏ တစ်ခြမ်းရှိ အဆောက်အဦးများသည် ဆက်တိုက်ပြိုကျနေပြီး ဗဟိုမြို့တော်တစ်ခုလုံးပင် လှုပ်ခါသွားသည်။ ဟွမ်း၏ ကာကွယ်ပေးမှုသာ မရှိခဲ့လျှင် ရင်ပြင်တစ်ခုလုံးပင် ပျောက်ကွယ်သွားနိုင်၏။

“ဒီလူ ကိုယ့်ကိုယ်ကိုဖောက်ခွဲသွားတာလား”

ရင်ပြင်ကြီးသည် အနည်းငယ် တည်ငြိမ်လာပြီးနောက် ရှင်းဝေ့ကျန်းသည် အားနည်းစွာ လျှောက်လှမ်းလာပြီး တုန်လှုပ်စွာနှင့်မေးလိုက်၏။

“ငါ့ရှေ့မှာ ဒီလိုလှည့်ကွက်နဲ့ ကစားဖို့ကြိုးစားနေတယ်”

ဟွမ်း ချက်ချင်းပျောက်ကွယ်သွား၏။ ရုတ်တရက် ဆန်သည့်အဖြစ်အပျက်ကြောင့် ရှင်းဝေ့ကျန်းသည် ဘာဖြစ်သွားမှန်း မသိလိုက်ချေ။

“ဆရာ..”

ရှင်းဝမ်ကျဲသည် အလျင်အမြန်ရောက်ရှိလာပြီး သူ၏ဆရာအား ပွေ့ဖက်လိုက်၏။ သူသည် ဟွမ်းအား ဒူးထောက်ကာ တောင်းဆိုခြင်းသည် မှန်ကန်စွာ ရွေးချယ်မှုဟု ယုံကြည်မိသွားသည်။

ရှင်းဝေ့ကျန်းသည် အံ့ဩသွားသော်လည်း အကြောင်းအရာအချို့ကို သတိရသွားသည်။

“ဝမ်ကျဲ ဆရာတို့ ဒီကပ်ဆိုးကြီးကို ရှောင်လွှဲနိုင်ပါပြီ”

သူ၏တပည့်အား နှစ်သိမ့်လိုက်၏။ ရှင်းဝေ့ကျန်းသည် အားနည်းနေသော်လည်း သူ၏မျက်နှာတွင် အပြုံးရိပ်များသန်းနေသည်။ ရှင်းဝမ်ကျဲ၏ အိမ်မက်အား တွန်းလှန်နိုင်ခဲ့ပြီဖြစ်၏။

လုရှင်းယန်တို့သည် ထိုက်ဟုန်ကျွင်းရှိရာသို့ ရောက်ရှိလာကာ ဆေးလုံးအချို့ တိုက်လိုက်သည်။

ထိုက်ဟုန်ကျွင်း၏ ဒဏ်ရာသည် မသက်သာသွားသော်လည်း သူ၏ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်ဝလာသည်။ ထို့ကြောင့် သူ၏ ဒဏ်ရာအား ထိန်းချုပ်နိုင်လိုက်၏။

“ဒုတိယအစ်ကို ကျုပ်တို့ အခြားအာနိသင်ရှိတဲ့ ဆေးဖော်နည်းနဲ့ ဆေးပင်တွေကို ရှာဖို့လိုပြီထင်တယ်”

လျှိုမင်ယွမ်သည် ဤအဖြစ်ပျက်ကို ကြည့်ကာ လုရှင်းယန်နှင့်တိုင်ပင်လိုက်၏။ သူတို့ထံတွင် ဆေးဖော်စပ်နည်းများ ရှိသော်လည်း ဆေးပင်များသည် အလွယ်တကူမရှိချေ။ တစ်ချို့ဆေးပင်များဆိုလျှင် ထျန်းယွမ်ကုန်းမြေတွင် ကြားပင်မကြားဖူးကြချေ။

“ဟုတ်တယ်၊ ငါတို့ဆေးလုံးတွေက ဒဏ်ရာတွေအတွက် မလုံလောက်ဘူး၊ ဆေးပင်တွေ စုဆောင်းမှရတော့မယ်”

လုရှင်းယန်သည် လက်ခံလိုက်သည်။ သူတို့၏ ဆေးလုံးများသည် ဝိညာဉ်စွမ်းအင်သာ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သည်။ သုံးယောက်ပေါင်းမှ ဆေးဖော်စပ်ဆရာဟု ခေါ်ဆိုနိုင်သည့် လူငယ်တစ်စုသည် အခြားဆေးနည်းများကို ပိုမိုလေ့လာကာ ဆေးပင်များကို စုဆောင်းရန်ဆုံးဖြတ်လိုက်ကြသည်။

ပိုင်ကျန့်ယွီသည် အပြုံးများနှင့် အခြားနတ်ဘုရင်များနှင့် နတ်အင်ပါယာများအတွက် ထိုဆေးလုံးများကို ပေးအပ်လိုက်၏။ နတ်ဘုရင်များနှင့် အခြားကျင့်ကြံသူများသည် ကျေးဇူးတင်သည့် အကြည့်များနှင့်ကြည့်လိုက်ကြ၏။

“ပြီးရင် ဆေးလုံးတန်ဖိုးအတိုင်း အစ်မယွီဟွာဆီမှာ ရှင်းလိုက်”

ပိုင်ကျန့်ယွီ၏ စကားကြောင့် ကျင့်ကြံသူများသည် ကြက်သေသေသွားကြ၏။ သူတို့၏ ကျေးဇူးတင်သည့် အကြည့်များပင် ပြန်ရုတ်သိမ်းသည့်အလားပင်။

‘ဒီကောင် ဒုက္ခရောက်နေတဲ့ လူတွေဆီက အမြတ်ထုတ်နေတဲ့ကောင်ပဲ’

ပိုင်ကျန့်ယွီသည် သူထံတွင် ထိုဆေးလုံးများသည် ပေါများသောကြောင့် ထိုလူများအား ပေးအပ်ရန်မှာ ပြသနာမရှိချေ။

သို့သော် အရာရာတိုင်းတွင် သူ့တန်ဖိုးနှင့်သူရှိ၏။ သူသည် ပေးနိုင်စွမ်းရှိတိုင်း ပေးအပ်လိုက်လျှင် ရယူသူတွေ၏ တန်ဖိုးထားစိတ်နှင့် အလေးထားစိတ်တို့ ပျောက်ကွယ်သွားနိုင်သည်။ ထို့ကြောင့် တန်ရာတန်ကြေးပေးအပ်ရန် လိုအပ်သည်။ သို့မှသာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေပြီး အပြန်အလှန် အကြွေးတင်တော့မည်မဟုတ်ပေ။

“စီနီယာ ဘယ်ရောက်သွားတားလဲ”

ထိုက်ဟုန်ကျွင်းသည် လှုပ်ရှားနိုင်လာပြီးနောက် လုရှင်းယန်ကို မေးလိုက်၏။

“ဟိုကလိန်ကကျစ်ကောင်ကို လက်စသတ်ဖို့ လိုက်သွားပြီ”

မော့ရွှယ်အာသည် ကြားဝင်ဖြေလိုက်၏။ ဟွမ်းရုတ်တရက်ပျောက်ကွယ်သွားသည့် အကြောင်းအရင်းကို သူမတစ်ယောက်သာ သတိထားမိလေသည်။

“တောက်..၊ ငါပြန်ရှင်သန်လာရတာတောင် တစ်နာရီမပြည့်သေးဘူး၊ ထပ်ပြီး သေဆုံးလုနီးပါးပဲ”

ရွှယ်လင်းကျွင်းသည် မြေလွှာ၏ အောက်တွင် ရောက်ရှိနေကာ အသည်းအသန် ထွက်ပြေးနေရ၏။ သူသည် အပြီးတိုင်မသေဆုံးသေးပေ။ ထျန်းလုံ၏ ခန္ဓာကိုယ်ကိုသာ ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲသွားစဉ်တွင် သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ အလျင်မြန်စွန့်ခွာခဲ့ပြီး မြေလွှာအောက်တွင် ပုန်းလျှိုးကာ ထွက်ပြေးခဲ့ရခြင်းဖြစ်၏။

လက်ရှိတွင် ဝိညာဉ်သဏ္ဌာန်ဖြင့် ဟွမ်းနှင့်ဝေးရာသို့ ထွက်ပြေးနေခြင်းဖြစ်သည်။ သူ၏ဝိညာဉ်သည် အတော်လေးအားနည်းနေပြီဖြစ်ပြီး အနည်းငယ် မှိန်လျနေသည်။

“ငါ့မူလစွမ်းအားတွေပြန်ရလာရင် မင်းကို ငါ ကျိန်းသေပေါက်လက်စားချေမယ်”

“ကြည့်ရတာ အဲ့လို မဖြစ်နိုင်တော့ဘူးထင်တယ်”

ရွှယ်လင်းကျွင်းသည် သူ၏ဝိညာဉ်ပျောက်ကွယ်လုမတက်ပင် ထိတ်လန့်သွား၏။ သူသည် ရင်းနှီးနေသည့် အသံကိုကြားလိုက်ရသောကြောင့်ပေ။ သူ၏ ဝိညာဉ်ကို အကန့်သတ်ရောက်သည်အထိန် အရှိန်ဟုန်မြင့်ကာ ဆက်ပြေးနေ၏။

“မင်း ဘယ်လိုရှာတွေ့တာလဲ၊ တွယ်ကပ်လွန်းတဲ့ကောင်”

သူမည်မျှပင် ပြေးနေပါစေ ဟွမ်းသည် သူ့အနီးနားတွင်သာရှိနေခဲ့၏။ ရွှယ်လင်းကျွင်းသည် ငိုချင်သော်လည်း ငိုစရာမျက်ရည်မရှိချေ။

“ပြေးတမ်းလိုက်တမ်းကစားတာ တော်လောက်ပြီ”

ဟွမ်းသည် သူ၏လက်နှင့် ရွှယ်လင်းကျွင်းကို ဆုပ်ကိုင်လိုက်၏။ ရွှယ်လင်းကျွင်း မည်မျှပင် ရုန်းကန်ပါစေ ဟွမ်းလက်မှ မလွတ်မြောက်နိုင်ပေ။ ဟွမ်းသည် ရွှယ်လင်းကျွင်းကို မိသွားပြီးနောက် မြေလွှာအတွင်းမှ အပေါ်သို့ တက်သွားသည်။

“ငါ့ကို မသတ်သေးတာ အကြောင်းရင်းရှိတယ်မလား”

ရွှယ်လင်းကျွင်းသည် ထိုသို့ အတွေးဝင်လာသောကြောင့် ထုတ်မေးလိုက်၏။ ဟွမ်း၏စွမ်းရည်အရ သူအား အလွယ်တကူပင် သတ်နိုင်သည်ဟု တွေးခဲ့မိသည်။ သို့သော် ချက်ချင်း မသတ်ပဲ လွှတ်ပေးခဲ့ပြီး ဆော့ကစားနေသည့်အလားပင်။

“ဉာဏ်ကောင်းတဲ့ကောင်တွေနဲ့ စကားပြောရတာလွယ်ကူတယ်၊ မင်းတို့မျိုးနွယ်ရဲ့ နည်းစနစ်ကို ထုတ်ပေးလိုက်”

ဟွမ်းသည် အသာပြုံးကာဆိုလိုက်၏။

“မြန်မြန်လေး ငါ့ကိုသတ်လိုက်တော့”

ရွှယ်လင်းကျွင်းသည် အလွန်ပင် စိတ်တိုသွား၏။

‘မျိုးနွယ်ရဲ့ နည်းစနစ်ကိုတောင်းရမ်းနေတာလား၊ ဘာလို့ သွေးမျိုးနွယ်ရဲ့ ဘိုးဘေးအုတ်ဂူတွေကို သွားပြီးမတူးဖော်လဲ၊ ဒီကောင်က ကျင့်ကြံခြင်းလောကဝတ်ကိုတောင် မသိဘူးလား’

ရွှယ်လင်းကျွင်း မသိသည်မှာ ဟွမ်းသည် အချို့မျိုးနွယ်များ၏ ဘိုးဘေးအုတ်ဂူများပါ တူးဖော်ခဲ့သည်ကိုပင်။ ရွှယ်လင်းကျွင်းသည် မျိုးနွယ်၏ သစ္စာဖောက် ဖြစ်မည့်အစား အသေခံရန်သာ ရွေးချယ်လိုက်၏။

“မလောနဲ့ဦး၊ မင်းက ဘယ်လိုပဲ ဖြစ်ဖြစ်သေရမှာပဲ၊ မသေခင် သွေးမျိုးနွယ်ရဲ့ နည်းစနစ်ကို ထုတ်ပေးခဲ့၊ မဟုတ်ရင်တော့ သေချင်ရင်တောင်သေလို့မရတော့ဘူး”

ဟွမ်းသည် ချိုသာစွာပြုံးပြကာခြိမ်းခြောက်လိုက်၏။ သို့သော် ထိုအပြုံးကြောင့် ရွှယ်လင်းကျွင်း သွေးပျက်လုနီးပါးဖြစ်သွားရ၏။

‘အပြုံးနဲ့ ခြိမ်းခြောက်နေတာ၊ ဘယ်လိုစိတ္တဇကောင်လဲ’

ရွှယ်လင်းကျွင်းသည် အစစ်မှန် နတ်ဆိုးတစ်ပါးနှင့် ရင်ဆိုင်နေရသည့်အလား တုန်ယင်နေ၏။

All Chapters