← Chapters

စိတ်ပျက်မှု

Vol. 9 Ch. 126

စိတ်ပျက်မှု

Vol. 9 Ch. 126

“အားလုံး အဆင်ပြေကြရဲ့လား”

ရှင်းဝေ့ကျန်းသည် အနည်းငယ်သက်သာလာသည့်နောက်တွင် နတ်အင်ပါယာများနှင့် အကြီးအကဲများကို မေးလိုက်၏။

“တိုက်ပွဲထဲမှာ ရောင်းရင်းဟွမ်းပြောစကားအရ၊ အဲ့ဒီလူက အဆင့်နှစ်နတ်အင်ပါယာတဲ့၊ ထျန်းယွမ်ကုန်းမြေကို ဖျတ်စီးလုနီးပါပဲ”

ဟေးချုံးသည် သက်ပြင်းချကာ ပြောလိုက်၏။ ထိုသွေးဘိုးဘေး စွမ်းအားကို အလွန်ပင်တုန်လှုပ်နေ၏။

“ဒါပေမဲ့ ရောင်းရင်းဟွမ်း ရှိနေခဲ့လို့ တော်သေးတယ်ပြောရမယ်၊ မဟုတ်ရင် ဒီနေ့မှာ ထျန်းယွမ်ကုန်းမြေက ပျက်စီးသွားပြီ”

ရှင်းဝေ့ကျန်းသည် ဟေးချုံးနည်းတူ သက်ပြင်းချကာ ဆိုလိုက်၏။

“စီနီယာရဲ့ သာမန်ရိုက်ချက်နဲ့တောင် ဒီလောက်ကြမ်းတမ်းတဲ့သူကို တုပ်တုပ်မလှုပ်နိုင်အောင်လုပ်ခဲ့တာ၊ စီနီယာသာ နည်းစနစ်တစ်ခုသုံးပြီးတိုက်ခိုက်ရင် ထျန်းယွမ်ကုန်းမြေကြီးတောင် ကျန်ပါ့မလားမသိဘူး”

ချီမင်ယောင်သည် စကားဝိုင်းအတွင်း ဝင်ရောက်ပြောဆိုလိုက်၏။ အခြားနှစ်ဦးသည်လည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ထို့နောက်ရှင်းဝေ့ကျန်းသည် အဝေးတစ်နေရာသို့ကြည့်ကာဆိုလိုက်၏။

“ဒီနေ့မှာ ထျန်းယွမ်ကုန်းမြေက ရောင်းရင်းဟွမ်းအပေါ် အကြွေးတင်သွားခဲ့ပြီ”

ထို့နောက်ရှင်းဝေ့ကျန်းသည် ဟွမ်း၏ တပည့်များကို ရှာကြည့်လိုက်ရာ ရင်ပြင်အတွင်းတွင် ရှိမနေတော့ပေ။ သူတို့သည် ဟွမ်းယွီအိမ်တော်သို့ ပြန်သွားကြပြီဖြစ်၏။

‘သွေးမျိုးနွယ်ရဲ့ နည်းစနစ်တွေက ရက်စက်လွန်းလို့ လူသားမျိုးနွယ်နဲ့တောင် အသေအကြေ တိုက်ခိုက်နေရတာလေ၊ မင်းကဘယ်လိုဖြစ်လို့ ဓားပြတိုက်နေရတာတုန်း၊ ဒီကောင်က လူသားမျိုးနွယ်ကိုများ မုန်းတီးနေတာလား’

ရွှယ်လင်းကျွင်းသည် သူ၏ အတွေးများ ရောက်ယက်ခက်နေ၏။ ထို့ကြောင့် ညှိနှိုင်းရန် ပြင်လိုက်သည်။

“ငါ့ကို မသတ်တော့ဘူးဆိုရင် နည်းစနစ်ပေးမယ်”

“ဘုန်း..”

ရွှယ်လင်းကျွင်း၏ ဝိညာဉ်ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရ၏။

“ငါ..”

“ဘုန်း..”

ဟွမ်းသည် စိတ်ကျေနပ်သွားမှ ရိုက်နှက်နေသည်ကို ရပ်တန့်လိုက်၏။ ထိုအကောင်၏ စကားများမှုကို စိတ်မရှည်တော့ချေ။

“ငါ ထုတ်ပေးမယ်၊ ထုတ်ပေးမယ်၊ ဒါပေမဲ့ ငါ့ကိုမသတ်...”

“ဘုန်း..”

အချက်ရေ တစ်ဒါဇင်လောက် ရိုက်နှက်ခံရပြီးနောက် ရွှယ်လင်းကျွင်းသည် ကြည်ကြည်ဖြူဖြူနှင့် ထုတ်ပေးလိုက်၏။ သူသည် လောကဓံ၏ ခါးသီးမှုကို ရင်ဆိုင်နေရသည့် မိန်းမပျိုလေးအလား ဟွမ်း၏ဘေးတွင် ရိုရိုကျိုးကျိုးရှိနေ၏။ သူ့တွင် ခန္ဓာကိုယ်ရှိပါက မျက်ရည်များကြောင့် ဆည်များပင် ပြည့်လျှံသွားနိုင်သည်။

“အစောကထုတ်ပေးလိုက်ရင် ငါမပင်ပန်းရတော့ဘူးပေါ့၊ ဟေးယန် သူ့ကိုဝါးမြိုလိုက်”

ဟွမ်းသည် သူ၏ လက်နှစ်ဖက်ကို ဖုန်ခါသည့်အလား ပြုလုပ်လိုက်ပြီးနောက် အနက်ရောင်မီးတောက်ကို အမိန့်ပေးလိုက်၏။ ဟွမ်းအမိန့်ရသည်နှင့်တပြိုင်နက် ဟွမ်း၏မျက်ခုံးနှစ်ခုကြားမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအနက်ရောင်မီးတောက်လေးသည် ကြီးမားလာပြီးနောက် ဘေးရှိ ရွှယ်လင်းကျွင်း၏ ဝိညာဉ်အား ဖုံးလွှမ်းသွား၏။

“မဟုတ်ဘူး..အား.. ငါ့ကို တစ်ခါလောက်သက်ညှာပေးပါ”

ရွှယ်လင်းကျွင်းသည် အာခေါင်ခြစ်အော်ဟစ်ကာ အသနားခံလိုက်၏။ သို့သော် ခဏအကြာတွင် သူ၏ ဝိညာဉ်သည် တမဟုတ်ချင်းလောင်ကျွမ်းသွားကာ ပျောက်ကွယ်သွားတော့သည်။

ထို့နောက်တွင် ဟေးယန်သည် ဟွမ်း၏ မျက်ခုံးနှစ်ခုကြားသို့ပြန်လည်ဝင်ရောက်သွား၏။ ထို့နောက် သူသည် ဟွမ်းယွီအိမ်တော်သို့ ပြန်ခဲ့သည်။

နောက်ရက်တွင် ဗဟိုမြို့တော်ကြီးသည် တိတ်ဆိတ်နေခဲ့၏။ အကြောင်းမှာ ကျင့်ကြံသူအများ အပြားသည် စွမ်းအင်များ ယုတ်လျော့နေကာ ပြန်လည်အနားယူရန်လိုအပ်နေသောကြောင့်ပင်။

ရှင်းဝေ့ကျန်းသည် အတန်သင့် သက်သာလာပြီးနောက်တွင် လင်းယွင်ဂိုဏ်းကို ဖျတ်သိမ်းရန်စီစဉ်ခဲ့၏။ လင်းယွင်ဂိုဏ်း၏ ဂိုဏ်းသားများတွင် သွေးမျိုးနွယ်၏နည်းစနစ်ကျင့်ကြံသူ ရှိမရှိကို စစ်ဆေးခဲ့သည်။ သို့သော် အကြီးအကဲများအပါအဝင် ဂိုဏ်းသားများသည် ထိုနည်းစနစ်အကြောင်းမသိရှိကြချေ။ အကြောင်းမှာ ရွှယ်လင်းကျွင်းသည် ဆက်ခံသူများသာ သင်ကြားပေးရန်ရည်ရွယ်ခဲ့သောကြောင့်ဖြစ်သည်။

ထို့နောက်တွင် အဆင့်နိမ့်ဂိုဏ်းသားများကို အသက်ရှင်သန်ခွင့်ပေးလိုက်၏။ သို့သော် အကြီးအကဲများအား ဗဟိုမြို့တော်တွင် အစောင့်များအဖြစ် စေခိုင်းလိုက်သည်။ ဖြစ်ရပ်များသည် သူတို့နှင့် မသက်ဆိုင်ခဲ့သော်လည်း အပြစ်ကင်းလွှတ်ခွင့်မပေးချေ။ သို့သော် ရှင်းဝေ့ကျန်းသည် သက်ညှာမှုပေးခဲ့ပြီး သတ်ဖြတ်မှုများ မလုပ်ဆောင်ခဲ့ပေ။

ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် လူငယ်များအတွက် လျှိုဝှက်ဆန်းကြယ်အချိန်တံခါးအတွင်း ဝင်ရောက်မည့်ရက်ကို အနည်းငယ်ရွေ့ဆိုင်းခဲ့ရသည်။

ရှင်းဝေ့ကျန်းသည် သူတို့အား ကြယ်တာယာ နန်းတော်သို့ ခေါ်ဆောင်သွားရန် မအားလပ်သေးပေ။ ဖြစ်ပျက်သွားသည့် ကိစ္စများအား ပြန်လည်တည်ငြိမ်စေရန် လိုအပ်သည်များကို သူကိုယ်တိုင်ပင် လုပ်ဆောင်နေ၏။ ထို့အပြင် အားလုံးသည်လည်း လုံလောက်သည့် အနားယူမှုများလိုအပ်နေသေးသည်။

ဟွမ်းသည် တိတ်တဆိတ်နှင့် သူယူဆောင်လာခဲ့သည် သွေးမျိုးနွယ်၏ နည်းစနစ်ကို ဖက်ရှုလေ့လာနေသည်။ သို့သော် ဆယ်ရက်ခန့် ကြာပြီးနောက်တွင် သူ၏ မျက်နှာထက်တွင် စိတ်ပျက်မှုများ အထင်းသားပေါ်ထွက်လာခဲ့၏။

‘ငါတကယ်ပဲ နည်းစနစ်တွေကို မလေ့လာနိုင်တာလား’

သူသည် ယခင်အချိန်များကတည်းက နည်းစနစ်များ လေ့လာခဲ့ဖူးသည်။ မျိုးနွယ်ကြီး များစွာထံမှလည်း သင်ယူလိုကြောင်း တောင်းဆိုခဲ့သည်။ ထိုမျိုးနွယ်ကြီးများသည်လည်း ဟွမ်းအား သူတို့၏ နည်းစနစ်များကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြ၏။ ထိုကဲ့သို့ မျိုးနွယ်များ၏ အခြေခံအုတ်မြစ်ဖြစ်သည့် နည်းစနစ်များကို လက်ဆောင်အဖြစ်ပေးရန် မည်သို့မည်ပုံတောင်းဆိုခဲ့သည်တော့ မပြောတက်ပေ။

‘ငါက ခွန်အားကလွဲရင် ကျန်တာ အသုံးမဝင်ဘူးလား’

ဟွမ်းသည် မည်သည့်နည်းစနစ်မျှ ထုတ်မသုံးနိုင်ချေ။ လက်ဆောင်အဖြစ်ရရှိထားသည့် မျိုးနွယ်စု အမျိုးမျိုး၏ နည်းစနစ်များကို လေ့လာခဲ့ရာတွင် ချက်ချင်းနားလည်ခဲ့သည်။ သို့သော် နည်းစနစ်ဖော်ထုတ်ကာ အသုံးမပြုနိုင်ချေ။ အခြားကျင့်ကြံသူများကဲ့သို့ စတိုင်ကျကျ လှလှပပ နည်းစနစ်များ အသုံးပြုချင်သော်လည်း လက်သီးနှင့်‌ထိုးလိုက်၊ ခြေထောက်နှင့် နင်းလိုက်သာ လုပ်ဆောင်နေရ၏။

ဟွမ်းသည် ယခင်က ထိုသို့ကိစ္စများကို ဂရုမစိုက်သော်လည်း ယခုတွင် တပည့်များရှိနေပြီဖြစ်သည်။ တပည့်များရှေ့တွင် နည်းစနစ်များထုတ်သုံးပြီး ရန်သူများကို တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်နေ၏။

“စီနီယာအစ်ကို ဘာဖြစ်လို့လဲ”

ချုးယွီဟွာသည် ယနေ့တွင်လည်း တည်ငြိမ်အေးချမ်းစွာ လှပနေမြဲပင်။ သူမသည် ဟွမ်း၏ စိတ်ရှုပ်ထွေးနေပုံကိုကြည့်ကာ ထိုသို့အမူအယာကို တွေ့ရခဲသောကြောင့် မေးလိုက်၏။

“နည်းစနစ်တွေကို ဘာကြောင့် မသုံးနိုင်မှန်း ခုထိစဉ်းစားလို့မရဘူး”

ဟွမ်းသည် သက်ပြင်းချကာ ပြောလိုက်၏။ သွေးမျိုးနွယ်၏ နည်းစနည်သည် သူနှင့် ကိုက်ညီလောက်မလား ဟူသည့် မျှော်လင့်ချက်နှင့် ယူလာခဲ့ခြင်းဖြစ်သည်။ နည်းစနစ်ကို နားလည်သွားခဲ့၏။ သို့သော် ထိုသို့ လုပ်ဆောင်ရန် ဝိညာဉ်စွမ်းအင်များကို လည်ပတ်လို့မရခဲ့ချေ။ သွေးမျိုးနွယ်၏ နည်းစနစ်ကို နားလည်ပြီးနောက်တွင် ဖျတ်စီးလိုက်၏။ အလွန်ပင် ဆိုးရွားညစ်ညမ်းသည် နည်းစနစ်ဖြစ်သောကြောင့်ပင်။

“ဒါက..”

ချုးယွီဟွာလည်း မည်သို့ အကြံပေးရမည်ကို မသိတော့ချေ။ သူမ၏ ကျင့်ကြံခြင်းအတွေ့အကြုံသည် ကလေးငယ်များထက် သာသည်ဆိုရုံလောက်ပင် ရှိသေး၏။

“နောက်ကျ နည်းလမ်းတစ်ခုရှာတွေ့မှာပါ”

ဟွမ်းသည် ချုးယွီဟွာကို အာရုံမစိုက်ရန်ပြောလိုက်၏။ ချုးယွီဟွာလည်း နားလည်ကြောင်း ခေါင်းညိတ်ပြကာ သူမ ရောက်လာခြင်းအကြောင်းရင်းကို ပြောလိုက်သည်။

“စီနီယာအစ်ကို နတ်အင်ပါယာလေးပါးက မနက်ဖြန်မှာ ဟွမ်းယွီအိမ်တော်ကို အလည်လာရောက်ချင်တဲ့အကြောင်း သတင်းပို့ထားတယ်”

“ကောင်းပြီ လက်ခံလိုက်”

ဟွမ်းသည် တွေ့ဆုံရန်လက်ခံလိုက်၏။ နတ်အင်ပါယာများအနေနှင့် ဟွမ်းယွီအိမ်တော်ကို အလောတကြီး မလာရောက်ရဲကြပေ။ ဟွမ်းအား လေးစားမှုပြကာ အရင်ခွင့်တောင်းလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဟွမ်းသည် နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်တည်ဆောက်ရန်အတွက် မော့ရွှယ်အာကို မတွေ့သောကြောင့်မေးလိုက်၏။

“မိန်းကလေးရွှယ်အာက ပြန်ရောက်ကတည်းက သူမရဲ့ စွမ်းအင်စက်လုံးကို စုပ်ယူနေပြီ”

ချုးယွီဟွာသည် ချက်ချင်းဖြေလိုက်၏။

“ဟုတ်လား..၊ သူမ ဆုံးဖြတ်လိုက်ပြီပဲ”

မော့ရွှယ်အာသည် ထိုစက်လုံးအား သူမအစ်ကိုကြီးများ၏ နောက်ဆုံး အငွေ့အသက်ဖြစ်သောကြောင့် မစုပ်ယူခဲ့ချေ။ ယခုတွင်တော့ စုပ်ယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ထိုအရာသာ မရှိတော့လျှင် သူမသည် နတ်ဆိုးမျိုးနွယ်၏ တစ်ဦးတည်းသော ရှင်သန်သူအဖြစ်သာရှိနေတော့မည်။

“ဂျိမ်း..”

ဗဟိုမြို့တော်၏ အပြင်ဘက်ရှိ ကောင်းကင်ထက်တွင် တိမ်အစုအဝေးများဖြစ်တည်လာပြီးနောက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။

“သူမ နတ်အင်ပါယာအဆင့်တက်တော့မှာလား၊ ဘာလို့မိုးကြိုးက အနီရောင်တွေဖြစ်နေတာလဲ”

ဟွမ်းသည် ထိုတိမ်အစုအဝေးကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။

(ဟေး = အနက်ရောင်

ယန် = မီးတောက်

ရှင်း က နှလုံးသား ကိုဆိုလိုပါတယ်

လုရှင်းယန် = နှလုံးသားမီးတောက် လို့ရည်ညွှန်းပါတယ်)

All Chapters