ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသား
Vol. 9 Ch. 127
ဗဟိုမြို့တော်၏ အပြင်ဘက်ရှိ တောင်တန်းတစ်ခုအပေါ်တွင် မော့ရွှယ်အာသည် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ စွမ်းအင်စက်လုံးများကို စုပ်ယူရန်ပြင်ဆင်လိုက်သည်။ ဤတောင်တန်းသည် တိတ်ဆိတ်ပြီး လူသူ အရောက်အပေါ်နည်းသောကြောင့် ကျင့်ကြံရန်ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သူမ၏ ပတ်ပတ်လည်တွင်လည်း အစီအရင်များစွာ ချထားခဲ့သည်။
ထို့နောက်တွင် သူမ၏ မျက်ဝန်းများကို မှိတ်လိုက်ကာ စွမ်းအင်စက်လုံးများအား စတင်စုပ်ယူလိုက်၏။ သူမသည် နတ်ဘုရင်အဆင့်၏ အထွတ်ထိပ်ပင်ရောက်ရှိနေသူဖြစ်သည်။ စွမ်းအင်များကို များစွာစုပ်ယူပေါင်းစည်းရန်မလိုအပ်ချေ။ သို့သော် အခြေခံခိုင်မာစေရန် စွမ်းအင်များကို လိုအပ်သည်ထက်ပိုကာ စုပ်ယူပြီး သိပ်သည်းကျစ်လစ်စေသည်။
အစိမ်းရောင်စွမ်းအင်စက်လုံးသည် ဆယ်ရက်ဝန်းကျင်ခန့်အထိ စုပ်ယူခဲ့ပြီးနောက် အရွှယ်အစားသေးငယ်သွားပြီး မူလစက်လုံး၏ တစ်ဝက်ခန့်သာရှိတော့၏။
မော့ရွှယ်အာ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး နတ်အင်ပါယာ အဆင့်သို့တက်ရောက်ရန် အသင့်ဖြစ်နေသည့်အလားပင်။ နတ်အင်ပါယာအဆင့်သို့ တက်လှမ်းရန် သူမ၏ စိတ်ဝိညာဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး သူမ၏ သွေးကြောများအတွင်း နတ်ဆိုးစွမ်းအင်များကို နတ်အမြူတေမှ တဆင့်စီးဆင်းစေလိုက်သည်။ စွမ်းအင်များနှင့် ပြည့်နှက်နေသောကြောင့် သူမ၏ ပတ်ပတ်လည်လေထုသည် အလွန်ထိုင်းမှိုင်းနေပြီး သူမ၏ အရှိန်အဝါသည်လည်း တဟုန်ထိုး မြင့်တက်နေ၏။
သူမ၏ နတ်ဆိုးစွမ်းအင်များသည် ခန္ဓာကိုယ်တွင်းမှ သွေးကြောများအား ချဲ့ထွင်ရန် လျင်လျင်မြန်မြန်ပင် စီးဆင်းနေ၏။ ထို့နောက်တွင် ကိုယ်တွင်းသွေးကြောများ၏ စွမ်းအင် ပေါက်ကွဲသံအချို့ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ သူမ မမြင်နိုင်သည့် စွမ်းအင်စက်လုံးသည် ထွက်ပေါ်လာပြီးနောက် သူမ၏ စိတ်ဝိညာဉ်အတွင်း စီးဝင်သွားသည်။
‘ဒါကဘာလဲ’
ထိုအချိန်တွင် သူမ၏ စိတ်ဝိညာဉ်အတွင်းတွင် ပုံရိပ်ယောင်များပေါ်ထွက်လာသည်။
မှောင်မိုက်သည့် အခန်းကြီး အတွင်းတွင် လူကြီးနှစ်ဦး အချေတင်ဆွေးနွေးမှုများလုပ်နေကြ၏။
“ဘိုးဘေး ကျုပ်က ရွှယ်အာကို အဲ့ဒီလိုမလုပ်နိုင်ဘူး”
မော့ကျန်းဖန်သည် ယတိပြတ်ငြင်းဆိုလိုက်၏။
“ဒါက နတ်ဆိုးမျိုးနွယ် ကောင်းစားရေးအတွက်ကွ၊ ရွှယ်အာမွေးဖွားလာတဲ့ ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားကို ငါ့ဆီလွှဲပြောင်း လိုက်ရင် ကောင်းကင်နန်းတော်ကိုတောင် ဂရုစိုက်စရာမလိုတော့ဘူးကွ၊ ငါတို့နတ်ဆိုးမျိုးနွယ်လဲ နတ်ဘုရားလောကမှာ လွပ်လွပ်လပ်လပ် နေထိုင်နိုင်ပြီ၊ ပြီးတော့ ဒီလောကထဲမှာ ပထမဆုံးပေါ်ပေါက်လာတဲ့ နတ်ဆိုးနှလုံးသားပဲ၊ ငါတို့ကောင်းကောင်းအသုံးချရမှာကွ”
နတ်ဆိုးဘိုးဘေးသည် ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်၏။
“ရွှယ်အာက ကျုပ်သမီး၊ ပြီးတော့ ကောင်းကင်နန်းတော်ကို ပုန်ကန်ဖို့ ရွှယ်အာကို စတေးရမှာမျိုး ကျုပ်လုပ်မှာမဟုတ်ဘူး၊ ဘယ်နည်းနဲ့မှ ရွယ်အာကို မစတေးနိုင်ဘူး”
မော့ကျန်းဖန်သည် ပြင်းပြင်းထန်ထန်ပင် ကန့်ကွက်လိုက်၏။ မော့ရွှယ်အာသည် ဖျတ်ခြင်းစီးနတ်ဆိုးနှလုံးသားနှင့် မွေးဖွားလာသူဖြစ်သည်။ နတ်ဆိုးဘိုးဘေးသည် ထိုအရာကို တပ်မက်နေ၏။ ထို့ကြောင့် မော့ကျန်းဖန်နှင့် ဆွေးနွေးခြင်းဖြစ်သည်။ သူသာ ထိုနှလုံးသားကို ရရှိပါက ကောင်းကင်ဧကရာဇ်ကိုပင် ယှဉ်ပြိုင်နိုင်မည့် တည်ရှိမှု ဖြစ်တည်လာပေမည်။
သို့သော် မော့ကျန်းဖန်သည် လက်မခံခဲ့ချေ။
“ငါတို့ နတ်ဆိုးမျိုးနွယ်က ရှေးဘိုးဘေးတွေ မရှိတော့တဲ့နောက်ပိုင်း ကောင်းကင်နန်းတော်ရဲ့ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရတာ၊ အခုအချိန်က ငါတို့နတ်ဆိုးမျိုးနွယ်အတွက် အခွင့်အရေးပဲ”
နတ်ဆိုးဘိုးဘေးသည် ထပ်မံပြောလိုက်၏။ မော့ကျန်းဖန်လည်း ပြန်လည်တုံပြန်လိုက်သည်။ ထို့နောက်နှစ်ဦးသားသည် အချေအတင်ပြောဆိုနေကြ၏။
“ကောင်းကင်နန်းတော်နဲ့ ကျုပ်တို့နတ်ဆိုးမျိုးနွယ်က ငြိမ်းချမ်းရေးတည်ဆောက်ပြီးသားလေ၊ ပြီးတော့ ကျုပ်တို့အပေါ် နိုင်ထက်စီးနင်း စော်ကားတာမျိုးလဲ မလုပ်ဘူးလေ၊ ကျုပ်တို့ရဲ့ နယ်မြေမှာ လွပ်လွပ်လပ်လပ်နေခွင့်ပေးထားတာပဲ”
“ရွှယ်အာ အရွယ်ရောက်လာတဲ့အချိန်ကျ နတ်ဆိုးနှလုံးသားကိုဖုံးကွယ်ထားလို့ရမယ်ထင်နေလား၊ အဲ့ဒါကို ရှာတွေ့တာနဲ့ ရှင်သန်ခွင့်ပေးမယ်များထင်နေလား၊ သူတို့က ဖျတ်စီးဖို့ကြိုးစားမှာပဲ၊ မင်းသေချာစဉ်းစားဖို့လိုတယ်”
“ရွှယ်အာကို အခုအချိန်ကတည်းက လမ်းမှား မရောက်ဖို့ သင်ပြသွားမှာ၊ ပြီးရင်ကျုပ်ကိုယ်တိုင် အာမခံချက်ပေးပြီး ကောင်းကင်နန်းတော်မှာ တရားဝင်ကြေညာချက်ထုတ်စေမယ်”
“ဟမ်..၊ ကောင်းကင်နန်းတော်ကို မင်းကြောက်နေတာပဲ”
“ကျုပ်က လောကကြီးရဲ့ ဟန်ချက်ကို မပျက်ယွင်းစေချင်လို့ပါ”
“ဘုန်း..”
နတ်ဆိုးလိုးဘေးသည် စားပွဲအား ဒေါသတကြီးရိုက်နှက်ကာ ထွက်သွားလိုက်၏။ ရက်အတန်ကြာပြီးနောက် နတ်ဆိုးဘိုးဘေးသည် စောင်ဆိုင်းရသည်ကို သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် အကြီးအကဲအချို့အား စည်းရုံး၍ မျိုးနွယ်တွင်း ပဋိပခကို ဖြစ်ပေါ်စေခဲ့သည်။ မည်သို့မျှ ဖြောင်းဖြ၍ မရသောကြောင့် မျိုးနွယ်အတွင်းတိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ တိုက်ပွဲသည်ပြင်းထန်းလွန်းပြီး နတ်ဆိုးမျိုးနွယ်ဝင်များစွာ သေဆုံးခဲ့ရ၏။
နတ်ဆိုးဘိုးဘေး၏ စွမ်းအားသည် မော့ကျန်းဖန်ထက် သာလွန်သောကြောင့် တိုက်ပွဲ တစ်ခုလုံးအားဖိနှိပ်ထားနိုင်သည်။ တိုက်ပွဲအတွင်းတွင် နတ်ဆိုးဘိုးဘေး၏ ခန္ဓာကိုယ်တွင် အနီရောင် အက်ကြောင်းများပေါ်ပေါက်နေသည်။ ထိုအရာကြောင့် မော့ကျန်းဖန်သည် မျက်မှောက်ကြုတ်သွားခဲ့၏။
သို့သော် တိုက်ပွဲအတွင်း အသာစီးရထားသည့် နတ်ဆိုးဘိုးဘေးသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားခဲ့သည်။ ထိုဖောက်ခွဲမှုကြောင့် နတ်ဆိုးမျိုးနွယ်ပင် အဆုံးသတ်သွားခဲ့ရ၏။ ထိုအရာက မော့ကျန်းဖန်ကို အတွေးကြပ်စေခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် နတ်ဆိုးမျိုးနွယ်သည် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြန်လည်ထူထောင်လာရန် မလွယ်ကူတော့ချေ။ သူကိုယ်တိုင်လည်း သေလုမြောပါးဖြစ်နေရ၏။ ဟွမ်း၏ ဖေးမထားမှုသာ မရှိပါက သူသည် ချက်ချင်းကြွေလွင့်သွားနိုင်သည်။
“ရွှယ်အာ ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားရဲ့ ထိန်းချုပ်မှုကို ကြံကြံခံရင်ဆိုင်သွားပါ၊ အဲ့ဒီအရာကို ထိန်းချုပ်နိုင်သွားတဲ့အချိန်ကျရင် သမီးအတွက် နေရာတစ်ခုပေးဖို့ အဖေက ကောင်းကင်နန်းတော်ကို တောင်းဆိုထားခဲ့မယ်၊ သမီးအသက်ရှင်သေးသ၍ နတ်ဆိုးမျိုးနွယ်က ပျက်စီးမသွားဘူး”
မော့ကျန်းဖန်၏ အတွေးစကားသည် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းပေါ်ပေါက်လာသည့် နောက်ဆုံးပုံရိပ်ယောင်သာ ဖြစ်တော့၏။ မော့ရွှယ်အာသည် ထိုပုံရိပ်ကိုကြည့်ရင်း သူမ၏ နှလုံးသား စူးနစ်သွားသည့်အလား ခံစားလိုက်၏။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း ထူးဆန်းသည့် အပြာရောင်စွမ်းအင်များသည် ရုတ်ရင်းကြမ်းတမ်းစွာလည်ပတ်နေသည်။
ရုတ်ချည်းဆိုသလို ကောင်းကင်ထက်တွင် တိမ်တိုက်များစတင်စုဝေးလာခဲ့သည်။ ထူးဆန်းစွာပင် ထိုတိမ်တိုက်များသည် နီညိုရောင်ဖြစ်နေ၏။ ၎င်းနီညိုရောင်တိမ်တိုက်များသည် မော့ရွှယ်အာရှိရာ တောင်တန်းကြီးအား အုပ်မိုးထားသည့်အလားပင်။ ထို့အပြင် ၎င်းအတွင်းမှ ‘တဂျိမ်းဂျိမ်း’ နှင့် မိုးခြိမ်းသံများပေါ်ထွက်နေသည်။ သူမ၏ စွမ်းအင်များသည် အထွတ်ထိပ်တွင် တည်ရှိနေပြီး နတ်အင်ပါယာ အဆင့်သို့ တက်လှမ်းရတော့မည်ဖြစ်၏။ ထို့ကြောင့် မိုးကြိုးကပ်ဘေး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မော့ရွှယ်အာ၏ စွဲမက်ဖွယ်ကောင်းသည့် မျက်နှာသည် အနည်းငယ် နီရဲလာပြီး ချွေးသီးချွေးပေါက်များစွာ ပေါ်ထွက်လာနေခဲ့၏။ ထို့အပြင် သူမ၏ မှိတ်ထားသည့် မျက်ဝန်းများမှ မျက်ရည်စများစီးကျလာသည်။ သူမ၏ လည်တိုင်ပေါ်သို့ စီးဆင်းနေသည်များက ချွေးစများလား၊ မျက်ရည်စများလားတော့ မသဲကွဲပေ။
“အဖေ..”
ထိုပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် သူမ၏ စိတ်အာရုံတွင် အတိတ်က နာကျင်မှုများ၊ ဆုံးရှုံးခဲ့မှုများ မြင်ယောင်လာပြီး ဖျက်ဆီးလိုစိတ်များ ပေါ်ပေါက်လာကာ သူမ၏ စိတ်ဝိညာဉ်ကို နှောက်ယှက်ခြင်းခံလိုက်ရ၏။ သူမသည် ထိုစိတ်ဝိညာဉ်သည် ထိုအတွေးအာရုံများနှင့် အချိန်အတန်ကြာသည်အထိ လွန်ဆွဲနေ၏။ သူမတို့၏ မျိုးနွယ်ပျက်စီးခြင်းသည် နတ်ဆိုးဘိုးဘေးအတ္တကြောင့် ဖြစ်ခဲ့ရသည်။ သူမသည် မည်သူများကိုမျှ အပြစ်တင်၍မရတော့ချေ။ စိတ်ပျက်အားငယ်မှုများကို ခံစားလိုက်ရ၏။
သူမအတွက် အဆုံးထိ ကာကွယ်ပေးခဲ့သည် သူမ၏ ဖခင်၊ သူမစွမ်းရည်များရရှိရန် စတေးပေးခဲ့သည် နတ်ဆိုးမျိုးနွယ်၏ အကြီးအကဲများဖြစ်သည့် သူမ၏အစ်ကိုကြီး နှစ်ဦးအား ဆုံးရှုံးလိုက်ရသည့် နာကျင်မှုများ၊ နတ်ဆိုးမျိုးနွယ်တွင် ကြာမြင့်စွာ မနေခဲ့ရသော်လည်း သူမမျိုးနွယ်၏ ဖျက်စီးခံလိုက်ရခြင်းအတွက် အကြောက်တရားများသည် သူမ၏ စိတ်အား မှောင်မိုက်သည့်အခြမ်းဘက်သို့ နစ်မြုပ်လာစေခဲ့သည်။
ထိုအချိန်တွင် မော့ရွှယ်အာ၏ မှိတ်ထားခဲ့သည် မျက်ဝန်းများသည် ပွင့်လာပြီးနောက် သူမ၏ အနီရောင်မျက်ဆံများတွင် အနက်ရောင် အရိပ်များ ဖုံးလွှမ်းလာ၏။ ထို့အပြင် သူမ၏ မျက်နှာလေးသည် အနက်ရောင် အက်ကြောင်းများထွက်ပေါ်လာသည်။
“အား..”
မော့ရွှယ်အာသည် နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်၏။ သူမ၏ ဝိညာဉ်သည် ဆူးများစိုက်ဝင်နေသည့်အလား ခံစားနေရ၏။ ချက်ချင်းပင် အနက်ရောင်တံစဉ်ကြီးအား ထုတ်ယူလိုက်ပြီးနောက် မြေလွှာကို ထိုးခွဲလိုက်သည်။
“ဝုန်း..”