ငါပဲ
Vol. 9 Ch. 129
မော့ရွှယ်အာ နှုတ်ခမ်းမှ စီးကျနေသည့် သွေးများကို သုတ်လိုက်ပြီးနောက် စွမ်းအင်များကို ချက်ချင်းစုစည်းလိုက်၏။ ထို့နောက် ကောင်းကင်ပေါ်သို့ ထပ်မံခုန်တက်သွားကာ ဒုတိယမိုးကြိုးလှိုင်းအား ခုခံရန်ကြံရွယ်လိုက်သည်။
ဒုတိယအကြိမ်ဆင်းသက်လာသည့် အနီရောင်မိုးကြိုးတန်းကြီးသည် ပထမအကြိမ်ထက်ပင် ငါးဆခန့် ပြင်းထန်းလွန်းပြီး ဖျတ်စီးနိုင်စွမ်းကြီးမားနေ၏။ ဒုတိယမိုးကြိုးကျဆင်းလာသည့်နှင့် ထျန်းယွမ်ကုန်းမြေ၏ လေဟာနယ်ပင် အက်ကွဲကုန်၏။
‘ဒါကြီးက..’
မော့ရွှယ်အာသည် ထိုမိုးကြိုးအား ကြည့်ရင်း စိုးထိတ်လာ၏။ သို့သော် တစ်ခဏအတွင်း စိုးထိတ်မှုသည် ကွယ်ပျောက်သွားပြီး တိုက်ရိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် မည်သည့်အကာကွယ်မျှ ထုတ်မသုံးတော့ပေ။ ထိုမိုးကြိုးအောက်တွင် အလဟသပင် ဖြစ်၏။ ထို့ကြောင့် သူမသည် တိုက်ရိုက်ခုခံရန်ရွေးချယ်လိုက်သည်။
“ဂျိမ်း..ဝုန်း..”
သူမ၏ တံစဉ်းကြီးနှင့် ခုခံထားသော်လည်း မိုးကြိုး၏ အရှိန်ဟုန်ကြောင့် ကောင်းကင်ထက်မှပင် ပြုတ်ကျလုမတက်ဖြစ်နေသည်။သူမသည် နတ်ဆိုးစွမ်းအင်များစွာကို တံစဥ်းအတွင်း စီးဆင်းစေကာ အားကုန် ခုခံနေသည်။ သို့သော် ထိုမိုးကြိုးသည် သူမအား ကောင်းကင်ထက်မှ ဖိချနေသည့်အလားပင်။ အသည်းအသန်ပင် သတ်ဖြတ်ရန်ကြိုးစားနေသော်လည်း သူမသည် အရှုံးမပေးပဲ အံကြိတ်ကာ ခုခံနေ၏။
‘ငါ ခံနိုင်သေးတယ်’
သူမ၏ စိတ်ကိုတင်ထားသော်လည်း မိုးကြိုး၏ ပြင်းထန်မှုကြောင့် ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး ထိုမိုးကြိုးသည် သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
“အား..”
သူမသည် နာကျင်စွာ ညည်းညူလိုက်ရပြီး တောင်တန်းပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားသည်။ သူမ၏ ဝိညာဉ်သည် အပြင်းထန်ထိခိုက်သွားကာ ခန္ဓာကိုယ်တွင်း မိုးကြိုးများသည် စီးဝင်နေပြီး သူမ၏ ကိုယ်တွင်းသွေးကြောများအား ဖျက်စီးနေသည့်အလားပင်။ အရိုးများပင် ကြေမွသွားမတတ် နာကျင်မှုကို ခံစားရ၏။ သို့သော် သူမသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် ထိုနာကျင်မှုများကို အံကြိတ်တွန်းလှန်နေ၏။ သူမ၏ နှုတ်ခမ်းမှ သွေးများသည် အဆက်မပြတ် ကျဆင်းနေပြီး အသက်ပင် မနည်းရှုသွင်းနေရသည်။ ဤမိုကြိုးသည် စိတ်ပိုင်းဆိုင်ရာ ဖျတ်စီးခြင်းမိုးကြိုးဖြစ်နေ၏။
ထိုမိုးကြိုးများသည် သူမ၏ စိတ်အာရုံနှင့် ဝိညာဉ်ပင်လယ်ကို ထိုးဖောက်ရန် ကြိုးစားသောကြောင့် သူမ၏ ခေါင်းသည် ပြင်းထန်စွာ ကိုက်ခဲလာပြီး၊ မှတ်ဉာဏ်များပင် ဖရိုဖရဲ ဖြစ်သွားမတတ် ခံစားနေရ၏။ သူမ၏ ဝိညာဉ်ပင်လယ်အတွင်း မြင်တွေ့ခဲ့ရသည် ပုံရိပ်ယောင်များကို ပြန်လည်မြင်ယောင်လာပြီး မျက်လုံးများသည် စတင်နက်မှောင်စပြုလာသည်။
“မဟုတ်ဘူး.. ငါဆိုးရွားတဲ့ ဘက်ခြမ်းကို ကူးပြောင်းခွင့်မပြုဘူး”
မော့ရွှယ်အာသည် သူမ၏ စိတ်ကို ရုန်းကန်နေရင်း ပုံမှန်အသိပြန်လည်ဝင်ရောက်လာသည်။ သူမသည် ဒုတိယကပ်ဘေးလှိုင်းကို ခုခံမှု ကျရှုံးသွားသည်ဟု မဆိုသာသော်လည်း ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်၏။
“မိန်းကလေးမော့ နောက်ဆုံးမိုးကြိုးကို တွန်းလှန်နိုင်ပါ့မလား”
“မိန်းကလေးမော့က ဘာလို့ ဒီလောက်ကြမ်းတမ်းပြီး ဆိုးရွားတဲ့ ကပ်ဘေးမျိုးကို ရင်ဆိုင်နေရတာလဲ”
နတ်အင်ပါယာများသည် တီးတိုးဆွေးနွေးနေကြသော်လည်း ချီမင်ယောင်သည် မော့ရွှယ်အာကို မမှိတ်မသုန်ကြည့်နေမိ၏။
မော့ရွှယ်အာ၏ ခြေထောက်များသည် ပျော့ခွေနေသည့်အလား ခံစားနေရသော်လည်း ထရပ်လိုက်ပြီး တည်ငြိမ်မှု ရရန် မနည်းကြိုးစားနေရသည်။ သူမ၏ အသက်ရှုနှုန်းသည်လည်း ဖရိုဖရဲဖြစ်နေ၏။ သို့သော် မိုးကြိုးကပ်ဘေးသည် သူမအား အသက်ရှုခွင့်ပင် မပေးတော့ချ။ နောက်ဆုံးမိုးကြိုးလှိုင်းကြီး ကျဆင်းလာသည်။
ထိုအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး သွေးများနှင့် ချယ်မှုန်းထားသည့်အလား နီမြန်းလာသည်။ နီညိုရောင် တိမ်တိုက်ကြီးသည်လဲ အနီရောင်အလင်းတန်းများနှင့် တောက်ပလာသည်။
“ရွှီး..”
အော်မြည်သံအရှည်ကြီးနှင့်အတူ ရှေ့ကမိုးကြိုးလှိုင်း ထက်ပင် ဆယ်ဆခန့် ကြီးမားသည့် မိုးကြိုးတန်း အရှည်ကြီး ကျဆင်းလာ၏။ အရှိန်ဟုန်သည်လည်း မြန်ဆန်လွန်းပြီး မော့ရွှယ်အာကို ခုခံခွင့်ပေးတော့ချေ။ တိုက်ရိုက်ဖျတ်ဆီးရန် ပစ်လွှတ်လိုက်သည့်အလားပင်။
နောက်ဆုံးမိုးကြိုးလှိုင်း ကျဆင်းလာသည်နှင့်တပြိုင်နက် ထျန်းယွမ်ကုန်မြေကြီးတစ်ခုလုံးစတင်လှုပ်ခါလာသည်။ ထိုမိုးကြိုးသည် မော့ရွှယ်အာကို ဦးတည်ရုံမျှမက ထျန်းယွမ်ကုန်းမြေကြီးပါ ဖျတ်စီးပစ်မည့်အလားပင်။
‘ဟွမ်း..ကျွန်မ ရှင်သန်နိုင်တော့မယ်မထင်ဘူး’
မော့ရွှယ်အာ၏ သေလုဆဲဆဲအချိန်တွင် ဟွမ်းကို ပထမဆုံး တွေးမိသွားသည်။ ဟွမ်းသည် သူမ အစ်ကိုကြီးနှစ်ဦးမရှိတော့သည့်နောက် နောက်ဆုံးမှီခိုအားထားရသည့် တည်ရှိမှုဖြစ်နေ၏။
ထိုမိုးကြိုးကိုကြည့်ကာ သူမသည် မည်သို့မျှ မခုခံနိုင်ဟု တွေးမိခဲ့သည်။ သူမ၏ အနေအထားသည် လွန်စွာနွမ်းလျနေပြီး ပြိုလဲကျမသွားရန်ပင် အနိုင်နိုင် ထိန်းထားရသည်။ သူမ၏ ဝိညာဉ်စွမ်းအင်များလည်း မလည်ပတ်စေနိုင်တော့ချေ။ ထို့ကြောင့် နောက်ဆုံးကျဆင်းလာသည့် မိုးကြိုးကပ်ဘေးအား မည်သို့မျှ ခုခံရန် မစွမ်းသာတော့ပေ။ သူမသည် သေဆုံးရန်အသင့်ဖြစ်နေသည့်အလား မျက်လုံးများမှိတ်လိုက်၏။
ဟေးချုံး “မိန်းကလေးမော့ ကျရှုံးတော့မှာလား၊ နှမြောစရာကောင်းလွန်းတယ်၊ ကောင်းကင်ကြီးရဲ့ ရက်စက်မှုက ကြောက်စရာကောင်းပါလား”
ထိုက်ဟုန်ကျွင်း “သူမက ဘယ်လိုအပြစ်မျိုးကျုးလွန်ထားလို့ ကောင်းကင်ကတောင် ကုန်းမြေတစ်ခုလုံး ဖျတ်စီးနိုင်တဲ့စွမ်းအားနဲ့ တိုက်ခိုက်နေရတာပါလိမ့်”
ချီမင်ယောင် “ဒီတစ်ခေါက်မှာရော စီနီယာက ကယ်နိုင်ပါ့မလား”
“မိုးကြိုးကပ်ဘေးကို အခြားသူဝင်ရောက်ပြီး ကူညီလို့မရဘူး၊ အဲ့ဒီလူကိုပါ သေတဲ့အထိ တိုက်ခိုက်သွားမှာ”
ရှင်းဝေ့ကျန်းသည် ဝမ်းနည်းဟန်နှင့် ဆိုလိုက်၏။ သို့သော် သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် လိပ်ပြာလွင့်လုမတက်ပင်ဖြစ်သွား၏။ အခြားနတ်အင်ပါယာများသည်လည်း အလားတူ မှင်သတ်နေကြ၏။
အကြောင်းမှာ ဟွမ်းသည် မော့ရွှယ်အာ၏ အထက်တွင် ရောက်ရှိနေပြီး ထိုမိုးကြိုးအား တိုက်ခိုက်ရန်ကြံရွယ်နေသောကြောင့်ပင်။
“ကလေးတစ်ယောက်ကို နိုင်ထက်စီးနင်း သတ်ဖြတ်ဖို့ကြိုးစားနေတာလား၊ ငါခွင့်မပြုဘူးကွ”
ဟွမ်းသည် ပြင်းထန်စွာလာနေသည့် မိုးကြိုးလှိုင်းကြီးအား ကြမ်းကြမ်းတမ်းတမ်းထိုးချလိုက်၏။ သူ၏ သည်းခံနိုင်စွမ်းကုန်ခမ်းကာ အလွန်ဒေါသထွက်နေပြီဖြစ်သည်။ ထိုမိုးကြိုးသည် မော့ရွှယ်အာ၏ ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားကြောင့် သတ်ဖြတ်ရန်ကြိုးစားနေ မှန်းသိလိုက်၏။
“ဝုန်း..”
ဟွမ်း၏ လက်သီးသည် လေဟာနယ်ကိုပင် ကွဲကြေသွားစေခဲ့သည်။ ထိုကဲ့သို့ စွမ်းအင်နှစ်ခု ထိပ်တိုက်ဆုံမှုကြောင့် ထျန်းယွမ်ကုန်းမြေကြီးတစ်ခုလုံး ယမ်းခါသွား၏။ ထိုစွမ်းအင်နှစ်ခုမှ ထွက်ပေါ်လာခဲ့သည် စွမ်းအင်လှိုင်းများကြောင့် အနည်းငယ်ကွာဝေးသည့်နေရာတွင်ရှိနေသည့် နတ်အင်ပါယာများပင် သွေးအန်လိုက်ရသည်။
‘ဘယ်လိုတောင်ကြောက်စရာကောင်းတာမျိုးလဲ’
သူတို့သည် ချက်ချင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာရတော့၏။
ချုးယွီဟွာတို့သည်တော့ အတော်ဝေးဝေးတွင် ရှိနေသောကြောင့် နတ်အင်ပါယာများကဲ့သို့ သက်ရောက်မှု မကြီးမားချေ။ သို့သော် သူတို့၏ ကိုယ်တွင်းသွေးများအား ရိုက်ခက်စေခဲ့သည်။
ဟွမ်း၏ ထိုးနှက်မှုကြောင့် ထိုမိုးကြိုးလှိုင်းကြီးသည် လာရာလမ်းအတိုင်း လွင့်စင်သွားခဲ့သည်။ ထိုမိုးကြိုးလှိုင်းကြီး၏ တန်ပြန်သက်ရောက်မှုကြောင့် ထျန်းယွမ်ကုန်းမြေကို ဖုံးအုပ်ထားသည့် အနီရောင်တိမ်တိုက်များသည် ပြိုကွဲသွား၏။ ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ‘တဂျိမ်းဂျိမ်း’နှင့် မရပ်တန့်တော့ပေ။ ခဏ အကြာတွင် ထျန်းယွမ်ကုန်းမြေ၏ အထက်ရှိ အနီရောင်ကောင်းကင်ကြီးသည်လည်း ပြန်လည်ကြည်လင်လာသည်။
“ဘယ်သူ လုပ်ရဲတာလဲ”
လောကနှင့် တစ်သားတည်း ဖြစ်နေသည့်အလား စူးရှသည့် အသံထွက်ပေါ်လာသည်။ ထိုလေသံတွင် ဒေါသများ ပါဝင်နေ၏။ ထိုအသံကို ထျန်းယွမ်ကုန်းမြေကြီးတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံး ကြားလိုက်ရသည်။ ထိုအသံကြောင့် အဆင့်နိမ့်ကျင့်ကြံသူများသည် မေ့မျောမှုများပင်ရှိလာ၏။
ထို့နောက်တွင် ကြည်လင်သွားသည့် ကောင်းကင်ထက်တွင် မျက်ဝန်း တစ်စုံ ပေါ်ထွက်လာသည်။ ထိုမျက်ဝန်းများသည် ကြီးမားလွန်းသောကြောင့် ကောင်းကင်အား ဖုံးလွှမ်းထားသည့်အလားပင်။ ထိုမျက်ဝန်းများသည် ထျန်းယွမ်ကုန်းမြေတစ်ခုလုံးအား ဝှေ့ကြည့်လိုက်ပြီးနောက် ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားရှိသည့် မော့ရွှယ်အာကို တွေ့ရှိသွားသည်။
ထို့နောက် သူမကို ကာကွယ်ပြီး ရပ်တည်နေသည့် ချောမောသည့် လူငယ်ကိုပါ တွေ့ရှိသွားခဲ့သည်။ ထိုလူငယ်သည် မျက်ဝန်းကြီးအား စိုက်ကြည့်နေသည့်အလားပင်။
“မင်းလား..”
ဤတစ်ကြိမ်တွင် ကောင်းကင်ထက်မှ အသံသည် ဟွမ်းကိုသာ ရည်ညွှန်း၍ ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
“ငါပဲ..”
ဟွမ်း၏ တိုတောင်းပြတ်သားသည့် လေသံကြောင့် ထိုမျက်ဝန်းသည် ဒေါသထွက်သွားဟန်ရှိပြီးနောက် ကောင်းကင်ထက်တွင် ရွှေရောင်စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။