ငကြောက်ကောင်
Vol. 9 Ch. 130
ကောင်းကင်ထက်တွင် ကြီးမားသည့်မျက်လုံးအစုံရှေ့တွင် ရွှေရောင်စက်ဝန်းတစ်ခုတည်ရှိနေ၏။ ထိုစက်ဝန်းအတွင်းတွင် ရုတ်ချည်းဆိုသလို အလွှာများ အထပ်ထပ်ပေါ်ထွက်လာသည်။ ထပ်မံ ပေါ်ထွက်လာသည် အလွှာများသည် တဖြည်းဖြည်း သေငယ်သွားပြီး များပြားလွန်းသောကြောင့် ဆူးချွန်သဏ္ဌာန် ဝဲကတော့ကြီးအလားဖြစ်တည်လာသည်။
ရွှေရောင်အလင်းများသည် မျက်စိစူးလောက်အောင် တောက်ပလာပြီး ကောင်းကင်တစ်ခုလုံးအား ရွှေအိုရောင်ခြယ်သထားသလိုပင် ဖြစ်နေ၏။ စက်ဝန်းကြီးအတွင်းရှိ ရွှေရောင်အလင်းတန်းများသည် စည်းချက်ညီညီ လှုပ်ရှားလာပြီး တောက်ပမှု ပိုမိုပြင်းထန်လာသည်။
ထိုအလင်းတန်းများကြားတွင် ရွှေရောင် စွမ်းအင်များ လှုပ်ရှားနေပုံသည် မိုးကြိုးများ ယိမ်းခါလည်ပတ်နေသည့်အလားပင်။ ထို့အပြင် စက်ဝန်းကြီး၏ ‘တဝှီးဝှီး’ လည်ပတ်သံများကြားတွင် မိုးခြိမ်းသံကဲ့ကို ‘တဂျိမ်းဂျိမ်း’ မြည်သံများပါ ပါဝင်နေသည်။
“မိုက်မဲတဲ့လူသား သေလိုက်တော့”
ကောင်းကင်ထက်မှ စကားသံ တစ်ခုပေါ်ထွက်လာပြီးနောက် စက်ဝန်းကြီးသည် ကောင်းကင်အောက်ရှိ ဟွမ်းထံကို တရွေ့ရွေ့ ဦးတည်လာသည်။ ထိုအချိန်တွင် ရွှေရောင်စက်ဝန်းကြီးမှ သေးငယ်သည့် ရွှေရောင်မိုးကြိုးငယ်များ ထွက်ပေါ်လာ၏။ သေးငယ်သည်ဟု ဆိုသော်လည်း ရွှေရောင်စက်ဝန်းထက် လျှင်မြန်သည့်အရှိန်နှင့် ထျန်းယွမ်ကုန်းမြေပေါ်သို့ကျဆင်းလာသည်။
ထိုမိုးကြိုးများသည် ရွှေရောင်စက်ဝန်းကြီး၏ အရှိန်ဝါကြောင့် ထွက်ပေါ်လာရသည့် သာမန်သက်ရောက်မှုမျိုးသာဖြစ်သည်။ သို့သော် ထိုသာမာန်သက်ရောက်မှုသည် ထျန်းယွမ်ကုန်းမြေနှင့် ထိခက်သွားတိုင်း ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ပေါ်လာ၏။ ထို့အပြင် ထိခက်မိသည့် မြေလွှာများ ပျက်စီးသွား၍ ချိုင့်ဝှမ်းများပင် ဖြစ်ကုန်၏။ တောင်တန်းများနှင့် ထိမိတိုင်းလည်း ပျက်စီးကာ တောင်တန်းများကွယ်ပျောက်သွားရသည်။
“ကြောက်စရာကောင်းလွန်းတယ်”
စပ်စုလိုစိတ်များနှင့် နတ်အင်ပါယာများအပြင် နတ်ဘုရင်များသည် ထိုဦးတည်ရာမဲ့ ထွက်ပေါ်နေသည် မိုးကြိုးများကို အသည်းအသန် ရှောင်တိမ်းကာကွယ်နေရသည်။ သူတို့၏ စွမ်းအားများနှင့်ပင် ထိုမိုးကြိုးငယ်များကို မထိန်းရဲချေ။
“ဒီမိုးကြိုးတွေထဲက တစ်ခုကို ထိမိတာနဲ့ ကျုပ်တို့ ပြာကျသွားမယ်လို့ အလိုလိုတွေးမိနေတယ်”
ထိုက်ဟုန်ကျွင်းသည် ထိတ်လန့်စွာပြောလိုက်၏။
ဟွမ်းသည် ထိုဝဲကတော့စက်ဝန်းအား မမှိတ်မသုန် ကြည့်နေ၏။ ထို့နောက် မြန်ဆန်သည့် အရှိန်နှုန်းနှင့် ထိုဝဲကတော့လာရာလမ်းကြောင်းကို ပိတ်ဆို့ရန် ကောင်းကင်ပေါ်သို့ တဟုန်တိုး တက်သွားသည်။ ထိုဝဲကတော့သာ ထျန်းယွမ်ကုန်းမြေသို့ ကျဆင်းသွားပါက သူတပည့်များအတွက် အန္တရာယ်ရှိနိုင်ပေသည်။ ထို့ကြောင့် သူသည် ထိုဝဲကတော့ ကျဆင်းလာမည့်အချိန်ကို မစောင့်တော့ချေ။ ဝေးကွာလွန်းသည့် ကောင်းကင်ထက်သို့ အရှိဟုန်ပြင်းပြင်းနှင့် တက်သွားခဲ့ခြင်းဖြစ်၏။
“မိုက်မဲတဲ့လူသား သေဖို့မစောင့်နိုင်တော့ဘူးလား”
ဟွမ်း ထိုဝဲကတော့ထံ အလျင်အမြန် တိုးဝင်လာချိန်တွင် ထိုအသံသည် ထပ်မံပေါ်ထွက်လာ၏။
“သေလိုက်စမ်း”
ဟွမ်းသည် ဟစ်ကြွေးလိုက်ကာ ထိုဝဲကတော့ကြီးအား ထိုးနှက်လိုက်၏။ ဟွမ်း၏ထိုးနှက်ချက်ကြောင့် ထိုဝဲကတော့သည် ကွဲကြေသွားခဲ့ပြီး ကောင်းကင်ကြီးပင် နှစ်ခြမ်းကွဲအက်သွားသည့်အလားဖြစ်ပေါ်သွားသည်။ ထိုဝဲကတော့မှ ထွက်ပေါ်နေသည့် မိုးကြိုးငယ်များသည်လည်း ပျောက်ပျက်သွားသည်။ ထိုအပြင် ထျန်းယွမ်ကုန်းမြေ၏ ဝေးကွာလွန်းသည့် ကောင်းကင်ထက်တွင် ဖြစ်ပွားခဲ့သောကြောင့် တော်သေးသည်ဟု ပြောရမည်။ မဟုတ်လျှင် ထျန်းယွမ်ကုန်းမြေသည် အစအနတောင် ကျန်ခဲ့မည်မဟုတ်ပေ။ လေဟာနယ်သည်လည်း ဆက်တိုက်ပြိုပျက်နေပြီး ကောင်းကင်ထက်ရှိ မျက်လုံးအစုံသည် အနည်းငယ် မှိန်လျှသွား၏။
ဝဲကတော့၏ ကြမ်းတမ်းသည့် စွမ်းအင်ကြောင့် ဟွမ်း၏ လက်ပင်တုန်ယင်သွားခဲ့သည်။ ဟွမ်း မျက်မှောင်ကြုတ်သွား၏။ ထိုအရာသည် ရပ်တန့်မည့်ပုံမပေါ်သေးချေ။
‘ကောင်းကင်ရဲ့ အလွန်မှာ အခြားတည်ရှိမှုတွေရှိသေးတာလား’
ဟွမ်းသည် နတ်ဘုရားလောကတွင် နှစ်ပေါင်းသိန်းချီအောင် နေထိုင်ခဲ့ပြီးဖြစ်သော်လည်း နတ်ဘုရားကုန်းမြေထက် အစွမ်းထက်သည့် တည်ရှိမှုများကို ရှာမတွေ့ဖူးချေ။ ထို့အပြင် သူ၏ စွမ်းအားနှင့်ပင် ဤကောင်းကင်ကြီးအား ကျော်လွန်၍ မသွားဖူးချေ။ သို့သော် ယနေ့တွင် နတ်ဘုရားကုန်းမြေထက်ပင် ကျော်လွန်နေသည့် တည်ရှိမှုကို တွေ့ရှိခဲ့သည်။ သူ၏ စိတ် အနည်းငယ်ရှုပ်ထွေးသွား၏။
‘နတ်ဘုရားလောကရဲ့ ကျင့်ကြံသူတွေကို ကောင်းကင်အထက်က ကောင်တွေက ထိန်းချုပ်နိုင်တာလား၊ ဒါပေမဲ့ နတ်ဘုရားလောကကြီးက ခန့်မှန်းလို့မရနိုင်လောက်အောင် ကျယ်ဝန်းနေတာလေ၊ အဲ့ဒီကောင်တွေက နတ်ဘုရားလောကကို ထိန်းချုပ်နိုင်တာလား’
“ဒီနေ့မှာ တစ်ချို့တည်ရှိမှုတွေက မင်းတို့အဆင့်နိမ့်လူသားတွေ စော်ကားဖို့ မတက်နိုင်ဘူး ဆိုတာကို ငါပြသပေးမယ်”
ကောင်းကင်ထက်ရှိအသံသည် အလွန်အမင်း ဒေါသထွက်သွားဟန်ရသည်။ မှိန်လျသွားသည့် မျက်ဝန်းနှစ်ခုသည် ရုတ်ချည်း ရွှေရောင်များ တောက်ပလာပြီး ထိုမျက်ဝန်းအတွင်းမှ မိုးကြိုးများ ‘တလှပ်လှပ်’ နှင့် ထွက်ပေါ်လာခဲ့သည်။
“ဟမ့် လူလုံးထွက်မပြရဲတဲ့ အမှိုက်က မောက်မာပြနေသေးတယ်၊ အောက်ဆင်းလာခဲ့လိုက် မင်းကို မနာမကျင်နဲ့ သေခွင့်ပေးမယ်”
ဟွမ်းသည် အလွန်ပင် ဒေါသထွက်နေ၏။ ထိုမျက်လုံးသာမြင်ရပြီး အသံကျယ်နေတဲ့ကောင်အား ပြာနှမ်းနေအောင် ရိုက်နှက်ချင်နေသည်။ သို့သော် သူမည်မျှပင် သွားပါစေ ထိုမျက်ဝန်းပိုင်ရှင်ထံ မရောက်နိုင်ဖြစ်နေ၏။ ထို့ကြောင့်ပင် ပို၍ ပေါက်ကွဲလာသည်။
“သေသင့်တဲ့ အဆင့်နိမ့်လူသား ငါ့ကို အမှိုက်လို့ခေါ်ရဲတယ်၊ သေလိုက်စမ်း”
အသံပိုင်ရှင်သည်လည်း အလွန်ဒေါသ ထွက်သွားဟန်ရသည်။ ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ပိုမိုပြင်းထန်လာ၏။ ထိုမိုးကြိုးများသည် ဟွမ်းကို သတ်ဖြတ်ရန် မစောင့်နိုင်တော့သည့်အလား ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားနေ၏။
သို့သော် ရှေ့ဆက်တိုးလာဟန်မရချေ။ တစ်စုံတစ်ခု၏ တားဆီးမှု ခံလိုက်ရသည့်အလားပင်။ အတန်ကြာပြီးနောက် ထိုမိုးကြိုးများသည် မျက်ဝန်းအတွင်း ပြန်လည်ဝင်ရောက်သွားပြီး ငြိမ်သက်သွား၏။ ရွှေရောင်များ တောက်ပနေသည့် မျက်ဝန်းသည် မှေးမှိန်သွားပြီး ကွယ်ပျောက်လုနီးပါးဖြစ်လာသည်။
“ဟမ့် နိမ့်ကျတဲ့ကောင် နောက်တစ်ကြိမ် ငါနဲ့ဆုံတွေ့ခဲ့ရင် အသေသတ်ပစ်မယ်”
ထိုအသံပိုင်ရှင်၏ နှာမှုတ်သံ ထွက်ပေါ်လာ၏။ သို့သော် မျက်ဝန်း များပျောက်ကွယ်လုဆဲဆဲတွင် ဟွမ်း၏ အသံ ထပ်မံထွက်ပေါ်လာသည်။
“ရပ်လိုက်စမ်း ငကြောက်ကောင်၊ ငါမင်းကို ထွက်သွားခွင့်ပေးလို့လား”
“နိမ့်ကျတဲ့ လူသား၊ အသက်ရှင်ခွင့်ပေးထားတာတောင် ကျေးဇူးတင်ရကောင်းမှန်းမသိဘူးလား”
မျက်ဝန်းပိုင်ရှင်သည် ချက်ချင်းပင် အောက်သို့ဆင်းကာ ရိုက်နှက်ချင်စိတ်များဖြစ်ပေါ်လာသည့်အထိ ဒေါသထွက်လာခဲ့သည်။ သို့သော် ဟွမ်း၏ အကြောင်းရင်းကို ကြားလိုက်ရ၏။
“ရွှယ်အာရဲ့ အဆင့်တက်ရောက်မှုကို မင်းနှောက်ယှက်ထားတာ၊ ဒီလောကရဲ့ ကျင့်ကြံခြင်းကို ထိန်းချုပ်ထားတာ မင်းတို့ဆိုရင် သူမကို အဆင့်တက်ခွင့်ပေးလိုက်”
“အဆင့်တွေကို ငါတို့ထိန်းချုပ်တာမဟုတ်ဘူး၊ မင်းတို့မှာ လုံလောက်တဲ့စွမ်းအားရှိရင် အဆင့်တက်နိုင်ပြီ၊ ငါတို့က ဒီလောကထဲမှာ မတည်ရှိသင့်တဲ့ တည်ရှိမှုတွေ ထွက်ပေါ်လာမှာစိုးလို့ ကပ်ဘေးဖန်တီးပြီး စစ်ဆေးယုံသပ်သပ်ပဲ”
မျက်ဝန်းပိုင်ရှင်သည် ဒေါသထွက်နေသော်လည်းစိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်၏။ ဟွမ်းသည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီးနောက် မျက်ဝန်းပိုင်ရှင်ကို ပြောလိုက်၏။
“သဘောပေါက်ပြီ၊ ထွက်သွားတော့”
“မင်း..”
မျက်ဝန်းပိုင်ရှင်၏ မျက်နှာသာတွေ့မြင်နိုင်ပါက ဒေါသကြောင့်ပင် သူ၏မျက်နှာသည် ပေါက်ကွဲလုနီးပါးဖြစ်နေသည့် မီးတောင်ကဲ့သို့ ရဲရဲနီနေမှာ ကျိန်းသေပင်။ သို့သော်လည်း ကောင်းကင်ထက်ရှိ မျက်ဝန်းအစုံသည် ကွယ်ပျောက်သွား၏။ ကွဲအက်နေသည့် ကောင်းကင်သည်လည်း မူလအတိုင်း ပြန်လည်ဖြစ်တည်သွားသည်။ မျက်ဝန်းပိုင်ရှင်သည် ထွက်ခွာသွားဟန်ရသည်။
ဟွမ်းသည် ထိုမျက်ဝန်းပိုင်ရှင်ကို ဂရုမစိုက်တော့ချေ။ မျက်ဝန်းပိုင်ရှင်အား သူရိုက်နှက်၍ မရသေးသောကြောင့်ပင်။ မော့ရွှယ်အာရှိရာ သို့အလျှင်မြန် ဆင်းလာခဲ့သည်။
မော့ရွှယ်အာသည် သတိလစ်ကာ လဲကျနေသော်လည်း သူမ၏ ခန္ဓာကိုယ်မှ အားကောင်းလွန်းသည် နတ်ဆိုးစွမ်းအင်များ လည်ပတ်စီးဆင်းနေသည်။ ထိုစွမ်းအင်များသည် သူမ၏ သွေးကြောများနှင့် တဖြည်းဖြည်းချင်း ပေါင်းစည်းနေ၏။
သူမ၏ မျက်လုံးများပွင့်ဟလာပြီးနောက်တွင် ဟွမ်းယွီအိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရ၏။ ထို့နောက် သူမ၏ အမြင်အာရုံတွင် ရင်းနှီးနေသည့် မျက်နှာများစွာကို တွေ့လိုက်ရသည်။
“အစ်မရွှယ်အာ နတ်အင်ပါယာအဆင့်ကိုရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”