← Chapters

ကြယ်တာယာနန်းတော်သို့

Vol. 9 Ch. 132

ကြယ်တာယာနန်းတော်သို့

Vol. 9 Ch. 132

“ဒါပေမဲ့ ကျွန်မ မိန်းကလေးမော့ရဲ့ အရှိန်ဝါနဲ့ ရင်းနှီးမှုကို ခံစားရတယ်”

ချီမင်ယောင်သည် အတည်ပြုချင်သည့်အလား ဆိုလိုက်၏။

“ကျွန်မကို ရှင့်သွေးတစ်စက်ပေးနိုင်မလား”

မော့ရွှယ်အာသည် ဆိုလိုက်၏။ ထိုမိန်းကလေးနှစ်ဦး၏ အပြန်အလှန် ပြောဆိုနေမှုများကို ဟွမ်းတို့သည် စိတ်ဝင်တစားကြည့်ရှုနေကြသည်။

ထို့နောက်တွင် ချီမင်ယောင်သည် သူမ၏ လက်ညိုးမှ သွေးတစ်စက်ကို ထုတ်လိုက်ကာ မော့ရွှယ်အာကို ပေးလိုက်သည်။ မော့ရွှယ်အာသည် ထိုသွေးစက်ကို စွမ်းအင်နှင့် ထိန်းသိမ်းထားကာ သူမ၏ သွေးစက်ကို အလားတူ ထုတ်ယူလိုက်၏။

ထို့နောက် သူမသည် ထိုသွေးစက်နှစ်ခုကို ပေါင်းစည်းကြည့်ရာ ထိုသွေးစက်များသည် အပြန်အလှန်တွန်းကန်နေသော်လည်း လုံးဝငြင်းဆန်နေပုံမရချေ။

“ဒါဆို ရှင်က နတ်ဆိုးမျိုးနွယ်နဲ့ သက်ဆိုင်နေတာလား”

မော့ရွှယ်အာနှင့် ချီမင်ယောင်သည် ထူးဆန်းသွား၏။ သို့သော် သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များသည် မတူညီကြချေ။ သူတို့ နှစ်ဦးသည် စိတ်ရှုပ်ထွေးဟန်ရှိနေသည်။

“ရှင်တို့ နတ်ဆိုးမျိုးနွယ်မှာ အတည်ပြုကြည့်လို့ရမလား”

ချီမင်ယောင်သည် ရှုပ်ထွေးနေမှုကို ဖြိုခွဲရန်ကြိုးစားလိုက်၏။ သို့သော် နတ်ဆိုးမျိုးနွယ်အကြောင်းကြားလိုက်ချိန်တွင် မော့ရွှယ်အာ၏ မျက်ဝန်းများသည် ဝန်းနည်းသွားဟန်ရပြီး တိုးလျစွာဖြေလိုက်သည်။

“ကျွန်မက နတ်ဆိုးမျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူပဲ”

“ကျွန်မ.. တောင်းပန်ပါတယ်”

ချီမင်ယောင်သည် အတော်လေး အားနာသွားဟန်ရပြီး တောင်းပန်စကားဆိုလိုက်၏။ သို့သော် မော့ရွှယ်အာသည် အဆင်ပြေကြောင်း အသာခေါင်းယမ်းပြလိုက်သည်။ ချက်ချင်းပင် လေထုသည် ခါးသက်သွား၏။

“တကယ်တော့ မင်းတို့မျိုးနွယ်နှစ်ခုအကြောင်း မေးမြန်းလို့ရနိုင်တဲ့ သူတွေရှိပါသေးတယ်”

ဟွမ်းသည် ထိုအဆင်မပြေဖြစ်သွားသည့် လေထုကို ဖြိုခွဲပေးလိုက်သည်။

“ဟွမ်း တကယ်ပြောတာလား”

မော့ရွှယ်အာ၏ မျက်ဝန်းများသည် တောက်ပလာသည်။ သူမသည် နတ်ဆိုးမျိုးနွယ်၏ နောက်ဆုံးကျန်ရစ်သူဖြစ်သောကြောင့် ချီမင်ယောင်အား နတ်ဆိုးမျိုးနွယ်မှ ဖြစ်ရန် လိုလားခဲ့သည်။ ချီမင်ယောင်လည်း စိတ်လှုပ်ရှားသွား၏။

“နတ်ဘုရားကုန်းမြေမှာ မင်းတို့မျိုးနွယ်အကြောင်း အတော်လေးသိတဲ့လူတစ်ချို့ရှိတယ်၊ အဲ့ဒီအချိန်ကျ အတည်ပြုကြည့်ပေါ့”

ဟွမ်းသည် ဖြေသိမ့်ပေးလိုက်သည်။ သူသည်လည်း နတ်ဆိုးမျိုးနွယ်အကြောင်းထည်းထည်းဝင်ဝင် မသိချေ။ သို့သော် သိသောသူများလည်း ရှိနေသေးသည်။ ထို့ကြောင့် လမ်းမဆုံးသေးချေ။

“စီနီယာ သွေးမျိုးနွယ်ကလဲ နတ်ဆိုးမျိုးနွယ်ခွဲ လို့ပြောခဲ့တယ်၊ ကျွန်မတို့လဲ နတ်ဆိုးမျိုးနွယ်ခွဲဖြစ်နိုင်လား”

ချီမင်ယောင်သည် ဟွမ်းကိုမေးလိုက်၏။ သို့သော် မော့ရွှယ်အာသည် ဦးစွာဝင်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး ထင်တယ်၊ အဲ့ဒီလူဆီက အရှိန်အဝါက ကျွန်မကို ဘာရင်းနှီးမှုမှ မဖြစ်ပေါ်စေဘူး၊ ရွံ့စရာတောင်ကောင်းသေးတယ်”

“သွေးမျိုးနွယ်ဆိုတာ ယုတ်မာတဲ့ အကြံအစည်တွေနဲ့ပဲ ပြည့်နှက်နေတဲ့ အမှိုက်မျိုးနွယ်ပဲ၊ သွေးမျိုးနွယ်က နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သတ်ဆက်နွယ်မှု မရှိကြောင်းကို အရင်က ကြေညာခဲ့ဖူးတယ်၊ ပြီးတော့ သွေးမျိုးနွယ်က နတ်ဘုရားကုန်းမြေမှာ မကောင်းဆိုးဝါးမျိုးနွယ်အဖြစ် သတ်မှတ်ခံထားရတယ်”

ဟွမ်းသည် သွေးမျိုးနွယ်အကြောင်းရှင်းပြလိုက်၏။ ထို့ကြောင့်ပင် ရွှယ်လင်းကျွင်းအား ရှင်သန်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်မ ဆုံးဖြတ်လိုက်ပြီ၊ အစ်မမင်ယောင်က နတ်ဆိုးမျိုးနွယ်ဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ ကျွန်မရဲ့ မျိုးနွယ်ဝင်လို့ သတ်မှတ်လိုက်မယ်”

မော့ရွှယ်အာသည် ပြတ်သားသည့် လေသံနှင့် ဆိုလိုက်၏။ ချီမင်ယောင်သည် အလွန်အံ့ဩသွားရသည်။ သဘောတူရန် အခက်တွေ့နေ၏။ အကယ်၍ သူမသာ နတ်ဆိုးမျိုးနွယ်ကမဟုတ်ခဲ့လျင် မိစ္ဆာမျိုးနွယ်၏ သစ္စာဖောက် ဖြစ်သွားပေလိမ့်မည်။ သို့သော် မော့ရွှယ်အာသည် စိတ်မပူစေရန်ပြောလိုက်၏။ သူမ၏ နတ်ဆိုး မျိုးနွယ်အတွင်းသို့ အတင်းကျပ်ဝင်ခိုင်းစေခြင်း မဟုတ်ပေ။ ယခုတွင် သွေးချင်းနီးစပ်နေသောကြောင့် ထိုသို့သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် ထိုကိစ္စများကို တိတိပပ သိရသည့်အခါမှ ဆုံးဖြတ်စေလိုက်သည်။ သို့မှ ချီမင်ယောင်လည်း လက်ခံလိုက်၏။ မော့ရွှယ်အာသည် လှပစွာပြုံးလိုက်လေသည်။ သူမ ပျော်ရွှင်နေမိ၏။

ထို့နောက်တွင် ချီမင်ယောင်နှင့် ထိုက်ဟုန်ကျွင်းသည် အတူတကွ ထွက်ခွာသွားကြ၏။

သို့သော် မော့ရွှယ်အာတို့ကို ကြည့်ရှုရင်း ယွဲ့ဝူယောင်သည် အနည်းငယ် ဝမ်းနည်းလာ၏။ မော့ရွှယ်အာသည် သူမနှင့် တူညီသည့် အဖြစ်ပျက်များ ရှိခဲ့သော်လည်း မော့ရွှယ်အာသည် သူမနှင့် သွေးချင်းနီးစပ်သသည့် မျိုးနွယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် မနာလိုဖြစ်ချင်းမဟုတ်ပဲ အားကျခြင်းသာဖြစ်သည်။

“ယောင်အာ၊ ခရမ်းလမျိုးနွယ်လည်း မရှိတော့ပေမဲ့၊ မင်းမှာ သွေးရင်း မဟုတ်ပေမဲ့ သွေးရင်လိုပဲ ချစ်ကြတဲ့ ဦးလေးနှစ်ယောက်နဲ့ အစ်ကို တစ်ယောက်ရှိသေးတယ်”

ဟွမ်းသည် ယွဲ့ဝူယောင်၏ အနေအထားကို သတိထားမိပြီး နှစ်သိမ့်စကားဆိုလိုက်၏။ ယွဲ့ဝူယောင်သည် အလွန်ပင်အံ့ဩသွားသည်။ ဟွမ်းသည် သူမ၏ဖခင်နှင့် သွေးသောက်ညီအစ်ကို ဖြစ်သည်မို့ ဦးလေးတော်စပ်သည်ဟု သိရှိထားပြီးဖြစ်သည်။

“နောက်ထပ် ဦးလေးတစ်ယောက်ရှိသေးတာလား၊ အစ်ကိုတစ်ယောက်ရောလား”

“နောက်ကျရင် တွေ့ဆုံရလိမ့်မယ်”

ဟွမ်းသည် ပြုံးပြကာဆိုလိုက်၏။ ထိုလူများသည် သူမ၏ သွေးရင်းများမဟုတ်သော်လည်း သူမအား သိမ်ငယ်စိတ် မဝင်စေချင်သောကြောင့် ပြောပြလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယွဲ့ဝူယောင်သည်လည်း ပြုံးလိုက်မိ၏။ သူမ၏ အပြုံးများသည် အေးစက်မနေချေ။ ဟွမ်းသည် သူမအား နှစ်သိမ့်ပေးသည်ကို သိနေသောကြောင့် သူမ၏ စိတ်ထဲ နွေးထွေးသွားခဲ့သည်။

“စီနီယာအစ်ကိုက ကောင်းကင်နန်းတော်နဲ့ သက်ဆိုင်မှု ရှိတယ်ဆိုတော့၊ အဖွဲ့အစည်းတည်ထောင်ဖို့ ခွင့်ပြုပါ့မလား”

ချုးယွီဟွာသည် ထိုအကြောင်း တွေးမိကာ မေးလိုက်၏။ ဤကုန်းမြေရှိ ထိပ်သီး အဖွဲ့အစည်းများပင် သူတို့၏ အဖွဲ့ဝင်ထိပ်သီးစွမ်းအားရှင်များအား သီးသန့် အဖွဲ့စည်းတစ်ခု တည်ထောင်ထားခြင်းမပြုပေ။ ထို့ကြောင့် လင်းမျိုးနွယ်၏ဘိုးဘေး လင်းရှောင်ပင် ကြယ်တာယာနန်းတော်တွင် အကြီးအကဲဖြစ်နေသောကြောင့် လင်းအိမ်တော်တွင် ခဏတာလည်ပတ်ရုံမှလွဲ၍ ကြာကြာမနေရချေ။ သူမသည် မလိုလားအပ်သည့် ပြသနာများ ဖြစ်လာမည်ကို စိုးရိမ်မိသွား၏။

“ကျုပ်က ကောင်းကင်နန်းတော်မှာ ရာထူးတစ်ခုယူထားတဲ့ သူမဟုတ်ဘူး၊ ကောင်းကင်နန်းတော်က လူတစ်ယောက်နဲ့ ဆက်ဆံရေးတစ်ချို့ရှိရုံသပ်သပ်ပဲ၊ ဒါ့ကြောင့် ပြသနာဖြစ်လာမှာကို စိုးရိမ်စရာမလိုဘူး၊ ပြသနာ လာရှာရဲတဲ့သူရှိရင်လဲ ကျုပ်က ပြာနှမ်းနေအောင် ရိုက်ပေးလိုက်မယ်”

ဟွမ်းသည် မည်သို့မျှ စိတ်ပူစရာမလိုကြောင်း ပြောလိုက်၏။ ချုးယွီဟွာသည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။ သူမသည် ကောင်းကင်နန်းတော်ရှိ ဟွမ်းနှင့် ဆက်ဆံရေးရှိသူသည် ယောက်ျားလား မိန်းမလားဟု ထပ်မံ မေးချင်သော်လည်း မမေးရန် ဆုံးဖြတ်လိုက်၏။

သုံးရက်သည် လျှင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် ရှင်းဝေ့ကျန်းသည် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးသို့ ဝင်ရောက်ခွင့်ရသည့် လူငယ်များကို ခေါ်ကာ ကြယ်တာယာနန်းတော်သို့ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

သူသည် ကြယ်တာယာနန်းတော်သို့ ကြီးမားသည့် စွမ်းအင်လှေနှင့် ခေါ်ဆောင်သွားရန်ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုလှေကြီးသည် ဟွမ်းယွီအိမ်တော်၏ ရှေ့တွင်ရပ်ကာ တကူးတကပင် လာခေါ်ခြင်းပြုခဲ့သည်။ ထိုသို့ရှင်းဝေ့ကျန်း၏ လုပ်ရပ်ကို မည်သူမျှ ကန့်ကွက် ရှုပ်ချခြင်းပြုလုပ်ကြသူမရှိပေ။ ဟွမ်းသည် ထိုသို့ ဖိတ်ခေါ်ရန်ထိုက်တန်သည့်သူဖြစ်၏။

“ဒီလှေက ထင်တာထက်ပိုပြီးကျယ်ဝန်းတာပဲ”

လုရှင်းယန်သည် လှေပေါ်ရောက်သည့်အချိန်တွင် သူ၏ ညီအစ်ကိုများအား တီးတိုး ပြောဆိုလိုက်သည်။ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်လည်း ထောက်ခံလိုက်၏။ ခမ်းနားသည့် အပြင်အဆင်များနှင့် လူပေါင်း ရာချီဆန့်သည့် လှေကြီးဖြစ်သည်။

နတ်အင်ပါယာသုံးဦးသည် လိုက်ပါလာခဲ့ကြသည်။ သူတို့၏ နယ်မြေများတွင် ကြီးမားသည့် ပြသနာ မရှိလျင် သူတို့အား မလိုအပ်ပေ။ သူတို့သည် အလုပ်လက်မဲ့ ဖြစ်နေသောကြောင့် ကြယ်တာယာနန်းတော်သို့ လိုက်ပါလာခဲ့ကြ၏။ ဟွမ်းတို့ လှေပေါ်ရောက်ပြီးနောက်တွင် ရှင်းဝေ့ကျန်းသည် ထွက်ခွာရန် အကြီးအကဲလင်းရှောင်အား စေခိုင်းလိုက်၏။

“ရောက်လာကြပြီလား”

ရှောင်ထျန်းသည် သူတို့အား ဆီးကြိုလိုက်၏။ သူ၏ နောက်တွင် မိစ္ဆာနယ်မြေ၏ ချီလင်းယီနှင့် မြောင်ပိုင်းနယ်မြေ၏ ကျီရှောင်းရှောင်းတို့သည်လည်း နှုတ်ဆက်လိုက်၏။ သူတို့နှစ်ဦးသည် သူတော်စင်အဆင့် အထွတ်ထိပ်သို့ရောက်ရှိနေ၏။ လုရှင်းယန်တို့သည် သူတို့နှင့်ယခုမှ မျက်နှာချင်းဆိုင် ဆုံတွေ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်ပြန်လည် နှုတ်ဆက်လိုက်၏။

“မိန်းကလေးယွဲ့..”

ရှင်းဝမ်ကျဲနှင့် လင်းယိုဟန်သည် ရောက်ရှိလာပြီး နှုတ်ဆက်လိုက်၏။ ယွဲ့ဝူယောင်သည်လည်း ခေါင်းအသာညိတ်ပြလိုက်သည်။ ထို့နောက် ရှင်းဝမ်ကျဲသည် လှေ၏ ထိပ်ဦးတွင် ငေးမောနေသည့် ဟွမ်းကို ကြည့်လိုက်၏။

Note - မော့က နတ်ဆိုးကို ကိုယ်စားပြုပြီး၊ ချီက မိစ္ဆာကို ကိုယ်စားပြုပါတယ်

မင် - တောက်ပမှု၊ လှပမှု

ယောင် - ဖြားယောင်းသွေးဆောင်ခြင်း

ယွဲ့ဝူယောင်ရဲ့ ယောင်နဲ့ မတူညီပါဘူး။

ယွဲ့ - လ

ဝူ - ကခုန်ခြင်း

ယောင် - သိမ်မွေ့စွာလှပမှု

လှပစွာကခုန်နေတဲ့လ လို့အဓိပ္ပါယ်ယူထားပါတယ်။

All Chapters