← Chapters

ချုးယွီဟွာ၏အတ္တ

Vol. 9 Ch. 133

ချုးယွီဟွာ၏အတ္တ

Vol. 9 Ch. 133

“ရောင်းရင်းဟွမ်း၊ ကြယ်တာယာနန်းတော်က ဗဟိုမြို့တော်နဲ့ သိပ်မဝေးလှဘူး၊ သုံးရက်လောက်ဆို ရောက်ပြီ”

လှေဦးထိပ်တွင် ရှင်းဝေ့ကျန်းသည် ဟွမ်း၏ နောက်တွင် ရပ်နေပြီး ပြောလိုက်သည်။ ထိုအချိန်တွင် ရှင်းဝမ်ကျဲသည် ရောက်ရှိလာပြီးနောက် မဝံ့မရဲ လေသံနှင့် စကားစလိုက်၏။

“စီနီယာ..ကျုပ်..”

“စိတ်ပူစရာမလိုဘူး၊ မင်းကြောင့် ဒီကုန်းမြေကို ကယ်တင်ခဲ့တာမဟုတ်လို့”

ရှင်းဝမ်ကျဲစကားကို ဟွမ်းသည် ဖြတ်ပြောလိုက်၏။ ရှင်းဝမ်ကျဲသည် အံ့ဩသွားသည်။ သူ့အနေနှင့် ကတိပေးထားခဲ့သည်မို့ ဟွမ်း၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည့်အကြောင်းပြောချင်ခဲ့သည်။ သို့သော် ပြောခွင့်မရတော့ချေ။

“ကျေးဇူးတင်ပါတယ်..စီနီယာ”

သူ့အနေနှင့် ဟွမ်း၏ အစေခံ ဖြစ်စရာမလိုတော့သောကြောင့် သူ၏ ကိုယ်ပိုင်လွပ်လပ်ခွင့်နှင့် နေနိုင်တော့မည်ဖြစ်သည်။ သို့သော် ပျော်ရွှင်မှုကို မခံစားရချေ။ သူသည် ဟွမ်း၏ အစေခံ ဖြစ်ရန်တောင့်တနေသည့်အလားပင်။

“မင်းက ကံကြမ္မာကြယ်မျိုးနွယ်က မဟုတ်တာသေချာလား”

ဟွမ်းသည် နောက်တစ်ကြိမ်ထပ်မံမေးမြန်းလိုက်၏။ လွန်ခဲ့သည့် ငါးနှစ်က အရှေ့ပိုင်းနယ်မြေတွင် ရှင်းဝမ်ကျဲကို ထိုသို့မေးခဲ့ဖူး၏။ ထိုစဉ်က ရှင်းဝမ်ကျဲသည် မောက်မာနေသောကြောင့် ရိုက်နှက်မှုပင် ဖြစ်ပွားခဲ့သေးသည်။ အနားတွင်ရှိသည့် ရှင်းဝေ့ကျန်းလည်း အံ့ဩသွား၏။ ရှင်းဝမ်ကျဲသည် နားမလည်သည့်အလား ဖြေလိုက်၏။ သို့သော် ယခုတွင် မည်သည့် မောက်မာမှုမျှမရှိတော့ချေ။

“ကျုပ်ကို ငယ်ငယ်ကတည်းက ဆရာက ကျွေးမွေးစောင့်ရှောက်ခဲ့တာ ဒါကြောင့် ကျုပ်ရဲ့ ဇာစ်မြစ်ကိုတော့ ကျုပ်လဲ မသိပါဘူး”

“ဟုတ်တယ်ရောင်းရင်းဟွမ်း၊ ဝမ်ကျဲ ကို ကျုပ် လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ကတွေ့ရှိခဲ့တာ၊ သာမန်ရွာလေးတစ်ရွာမှာ သူတစ်ယောက်တည်းဖြစ်နေပြီး မှတ်ဉာဏ်တွေတောင် ဖရိုဖရဲ ဖြစ်နေလို့ ကျုပ်ခေါ်လာခဲ့တာ၊ နောက်ပိုင်းမှာ သူရဲ့ပါရမီကထူးချွန်လွန်းတာနဲ့ တပည့်အဖြစ်သတ်မှတ်လိုက်တာ”

ရှင်းဝေ့ကျန်းသည် အတိကအကြောင်းရာတစ်ချို့မှတ်ဉာဏ်အတွင်း ဝင်ရောက်လာကာ ဖြေလိုက်၏။

“မင်းမှာ နောင်တစ်ချိန် ဖြစ်လာနိုင်တဲ့ အကြောင်းရာတစ်ချို့ကို မြင်ယောင်တာမျိုး၊ ခံစားသိရှိရတာမျိုး မရှိဘူးလား”

ဟွမ်း၏ စကားကြောင့် ရှင်းဝမ်ကျဲသာမက ရှင်းဝေ့ကျန်းပင် ကြက်သီးများပင် ထလာကာ မှင်သက်သွားရ၏။

“စီ..စီနီယာ အဲ့လို အကြောင်းရာတွေကို ဘယ်လိုသိတာလဲ”

ရှင်းဝမ်ကျဲ၏ စကားများပင် အထစ်ထစ် အငှော့ငှော့ ဖြစ်လာ၏။ ဟွမ်းပြောသည်နှင့် ဆင်တူသည် အကြောင်းရာမျိုးကို အိမ်မက်အဖြစ် မြင်မက်နေခဲ့ရခြင်းဖြစ်သည်။ ထိုအကြောင်းကို သူ၏ ဆရာဖြစ်သူကိုသာ ပြောပြဖူးခဲ့၏။ သို့သော် ဟွမ်းထုတ်ပြောလာသည့်အခါ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။

ရှင်းဝေ့ကျန်း လည်းတုန်လှုပ်မှုသည် မပြေလျော့သွားချေ။ ထို့နောက် သူသည် ရှင်းဝမ်ကျဲ၏ အိမ်မက်များမြင်မက်ဖူးပုံနှင့် ဖြစ်ဖူးခဲ့သည့် အရာများကို အသေးစိတ်ပြောပြလိုက်၏။

“ဒီလိုကိုး.. ဒါပေမဲ့ ကံကြမ္မာကြယ်မျိုးနွယ်ရဲ့ အနာဂတ်မြင်နိုင်စွမ်းက မှားယွင်းတာမျိုး ဖြစ်ဖူးပါဘူး”

ဟွမ်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် အတွေးများဝင်လာသည်။

‘ငါ့ကြောင့် ပြောင်းလဲသွားတာလား၊ ဒါပေမဲ့ အဓိပ္ပါယ်မရှိဘူး၊ ဖြစ်နိုင်တာက..’

“စီနီယာ ကံကြမ္မာကြယ်မျိုးနွယ်အကြောင်းပြောပြလို့မရမလား”

ရှင်းဝမ်ကျဲ၏ စကားကြောင့် ဟွမ်း၏ အတွေးများ ပြတ်တောက်သွားသည်။

“ကံကြမ္မာမျိုးနွယ်က စွမ်းအားမြင့်သူရှားပါးပေမဲ့ သူတို့ရဲ့ အနာဂတ်မြင်နိုင်စွမ်းကြောင့် ထိပ်တန်းမျိုးနွယ်တစ်ခုအဖြစ် သတ်မှတ်ထားခံရတယ်၊ သူတို့က ကျင့်ကြံသူတွေရဲ့ အနာဂတ်ကို တွက်ချက်နိုင်စွမ်းရှိတယ်၊ ဒါပေမဲ့ မတွက်ချက်ပဲ အလိုလိုပေါ်လာတဲ့ အနာဂတ် သတိပေးချက် အကြောင်းဆိုရင် လွဲမှားမှုတစ်ခုတစ်လေတောင် မရှိခဲ့ဘူး၊ အဲ့ဒါကြောင့် ကံကြမ္မာကို အံ့တုဖို့ ကြိုးစားခဲ့သူတိုင်းလဲ အဆုံးသတ်မကောင်းခဲ့ဘူး”

“ဒါဆို ကျုပ်က ကံကြမ္မာကြယ်မျိုးနွယ်ကလား”

ရှင်းဝမ်ကျဲသည် တုန်လှုပ်နေ၏။

“မင်းရဲ့သွေးကြောတွေထဲမှာ မသန့်စင်ပေမဲ့ ကြယ်စွမ်းအင်အချို့ စီးဆင်းနေတယ်”

ဟွမ်းသည် ရှင်းဝမ်ကျဲ၏ ထိုအရာကို စတွေ့ကတည်းက သတိထားမိခဲ့သောကြောင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။

“ဒါဆို ကျုပ်အိမ်မက်က..”

“ဟုတ်တယ် မင်းတွေးမိတဲ့အတိုင်းပဲ၊ ဒါပေမဲ့ မှားယွင်းသွားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်”

ရှင်းဝမ်ကျဲသည် ကံကြမ္မာမျိုးနွယ်၏ အနာဂတ် မြင်နိုင်စွမ်းသည် မှားယွင်းခြင်းမရှိခဲ့သည့် အကြောင်းအရာပေါ်တွင် အတွေးများစွာ ဝင်ရောက်လာခဲ့သည်။ သူသည် အတည်ပြုရန်ပင် မဝံ့ရဲချေ။

“ဝမ်ကျဲ၊ ဖြစ်လာမဲ့ အကြောင်းတရားတွေရှိလာရင် မလွဲမသွေ ရင်ဆိုင်ရမှာပဲ”

ရှင်းဝေ့ကျန်းသည် သူတပည့်စိုးရိမ်သည့်အရာများကို သိရှိနေသည်။ ထို့ကြောင့် နှစ်သိမ့်မှုပေးလိုက်၏။

“ကောင်လေး စိတ်မပူနဲ့၊ ငါ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်လာမဲ့ မင်းရဲ့ဆရာကို သေခွင့်မပေးဘူး”

ဟွမ်းသည် ပြတ်ပြတ်သားသားပြောလိုက်၏။ ဟွမ်း၏ စကားကြောင့် ဆရာတပည့် နှစ်ဦးသည် အံ့ဩသွားသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ရှင်းဝမ်ကျဲ၏ စိတ်သည် အနည်းငယ်သက်သာရာရသွားခဲ့သည်။ ဟွမ်းကဲ့သို့ လူတစ်ဦးသည် စကားကို ယုံကြည်ချက် မရှိပဲ ပြောမည့်သူမဟုတ်ချေ။

“စီနီယာ ကံကြမ္မာကြယ်မျိုးနွယ်က နတ်ဘုရားကုန်းမြေမှာရှိတာလား”

ရှင်းဝမ်ကျဲသည် ထပ်မံမေးမြန်းလိုက်သည်။ နတ်ဘုရားကုန်းမြေအကြောင်း သူဆရာထံမှ သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သိချင်ဇောနှင့်မေးလိုက်ခြင်းဖြစ်သည်။

“ကံကြမ္မာကြယ်မျိုးနွယ်က မရှိတော့ဘူး၊ လွန်ခဲ့တဲ့ နှစ်ငါးသောင်းကျော်လောက်ကတည်းကပျက်စီးသွားခဲ့တာ”

ဟွမ်းသည် သက်ပြင်းချကာ ပြောလိုက်၏။

“ဘာလို့လဲ စီနီယာ”

“မမြင်သင့်တဲ့ အနာဂတ်ကို မြင်ခဲ့ရတာကြောင့် လောကရဲ့ အပြစ်ပေးမှု ဒဏ်ကို ခံသွားကြရတာ၊ အဲ့နောက်ပိုင်းမှာ ကံကြမ္မာကြယ်မျိုးနွယ်တွေကို မတွေ့ရတော့ဘူး၊ နှစ်ငါးသောင်းကျော်အတွင်း မင်းကို ပထမဆုံး ပြန်တွေ့ရတာပဲ”

“ဒါပေမဲ့ ကျုပ်က အသက်သုံးဆယ်ကျော်ပဲ ရှိသေးတာလေ၊ အဲ့လောက်ကြာတဲ့အချိန်ကတည်းက မျိုးနွယ်မရှိတော့ဘူးဆိုရင် ကျုပ်လဲ မွေးဖွားလာစရာအကြောင်းမရှိဘူးမလား”

ရှင်းဝမ်ကျဲသည် စိတ်ရှုပ်ထွေးသွား၏။

“ကံကြမ္မာကြယ်မျိုးနွယ်တွေက တစ်နေရာတည်းက မွေးဖွားလာကြတာမဟုတ်ဘူး၊ ကုန်းမြေ အမျိုးမျိုးမှာမွေးဖွားလာကြတယ်၊ ဒါပေမဲ့ မွေးဖွားလာတဲ့သူတိုင်းမှာ ထူးခြားတဲ့ မှတ်ဉာဏ် တစ်ခုနဲ့ မွေးဖွားလာကြပြီး သူတို့ကိုယ်သူတို့ ကံကြမ္မာကြယ်မျိုးနွယ်ဆိုတာကို သိစေခဲ့တယ်၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ငါးသောင်းကျော်မှာ ရှိခဲ့တဲ့ ကံကြမ္မာ မျိုးနွယ်ဝင်က ဆယ်ယောက်မပြည့်ဘူး”

ဟွမ်းသည် အတိအကျ ရှင်းပြလိုက်သည်။ ထို့ကြောင့်ပင် ရှင်းဝမ်ကျဲအား အတည်ပြုရန်မေးမြန်းခဲ့ခြင်းဖြစ်သည်။ ရှင်းဝမ်ကျဲသည် အတန်သင့် နားလည်သွားသော်လည်း ရှုပ်ထွေးသည့်အရာ များရှိနေဆဲပင်။

“စီနီယာ ကျုပ်မှာ အဲ့လို ထူးခြားတဲ့ မှတ်ဉာဏ်မျိုး မရဖူးဘူး”

ဟွမ်းလည်း ပဟေဠိဖြစ်သွား၏။ သူသိသမျှမျိုးနွယ်ဝင်တိုင်းသည် ထိုသို့မှတ်ဉာဏ်များရှိကြသူများဖြစ်သည်။ သို့သော်သူသည် ကံကြမ္မာကြယ်မျိုးနွယ်ဝင်မဟုတ်သောကြောင့် တိတိကျကျ မသိချေ။ သူသိသမျှ အရာများကို သာပြောလိုက်ခြင်းဖြစ်သည်။ ဤအကြောင်းအရာများသည် နတ်ဘုရားကုန်းမြေ၏ အင်အားကြီးအဖွဲ့စည်းတိုင်းသိရှိထားသည့် အရာများဖြစ်သည်။ ရှင်းဝမ်ကျဲသည် မရှင်းလင်းသေးသည့် အချို့အရာများသာ ကျန်ရှိနေပြီး တော်တော်များများ ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ ထို့နောက် ဟွမ်းကို နှုတ်ဆက်ကာ လှေအတွင်းသို့ ဆရာတပည့်နှစ်ဦး ဝင်ရောက်သွားကြသည်။

“စီနီယာအစ်ကိုရဲ့ စွမ်းအားက ဘယ်လောက်အထိကြီးမားလဲ မသိပေမဲ့ ကံကြမ္မာကို အံတုဖို့ဆိုတာကို မလုပ်စေချင်ဘူး၊ အဲ့လိုလုပ်လိုက်ရင်..”

ချုးယွီဟွာနှင့် မော့ရွှယ်အာသည် ထိုစကားဝိုင်းကို တိတ်တဆိတ်နားထောင်နေခဲ့ခြင်းဖြစ်သည်။ ရှင်းဝေ့ကျန်းတို့ထွက်သွားပြီးနောက်တွက် ချုးယွီဟွာသည် ဟွမ်းကို သတိပေးကာ တားမြစ်ရန်ကြိုးစားလိုက်၏။ သူမ၏ စိတ်ထားသည် အားလုံးထဲတွင် အနူးညံ့ဆုံး ဖြစ်သော်လည်း ဟွမ်းအနေနှင့် ထိုသို့ဖြစ်သွားမှာကို မလိုလားပေ။ ထို့ကြောင့် အတ္တကို ရှေ့တန်းတင်ရမည်ဆိုလျှင်ပင် ဂရုမစိုက်တော့ချေ။ မော့ရွှယ်အာလည်း အလားတူ အကြည့်နှင့် ကြည့်နေ၏။

“စိတ်မပူနဲ့၊ ကျုပ်က မသေနိုင်ဘူး၊ ပြီးတော့ ကံကြမ္မာကြယ်မျိုးနွယ် အပေါ်မှာ ကျုပ် အကြွေးအချို့တင်နေတယ်”

ဟွမ်းသည် သူမစိတ်ပူသည့်အရာကို သိရှိသောကြောင့် အလျင်အမြန်ဖြတ်ပြောလိုက်သည်။ ထိုစကားကြောင့် ချုးယွီဟွာနှင့် မော့ရွှယ်အာသည် အံ့ဩသွားကြသည်။ ထိုလူသည် မျိုးနွယ်စု ဘယ်လောက်များများ အပေါ် အကြွေးတင်နေရသနည်း။

“ကံကြမ္မာမျိုးနွယ်တွေ သေဆုံးသွားရတာကျုပ်ကြောင့်ပဲ”

ထိုမိန်းကလေးနှစ်ဦး၏ မျက်နှာထက်တွင် မေးခွန်းထုတ်လိုသည့် အကြည့်များကို တွေ့သောကြောင့် ဟွမ်း ရှင်းပြလိုက်၏။

“ရှင်..”

ချုးယွီဟွာနှင့် မော့ရွှယ်အာသည် မည်သို့မျှ မတုန့်ပြန်နိုင်အောင်ပင် အံ့ဩမှင်သက်သွားသည်။

Note

ရှင်း - ကြယ်

ဝမ် - မျှော်ကြည့်ခြင်း၊ စောင့်မျှော်ခြင်း

ကျဲ - ကံကြမ္မာဆိုး

ကံကြမ္မာဆိုးကို စောင့်မျှော်သည့်ကြယ်

All Chapters