← Chapters

အချိန်မြန်စေသည့်နည်းလမ်း

Vol. 9 Ch. 135

အချိန်မြန်စေသည့်နည်းလမ်း

Vol. 9 Ch. 135

“ဒီတံခါး ကိုရှာတွေ့တာ ဘယ်လောက်ကြာပြီလဲ”

ဟွမ်း ဆက်မေးလိုက်၏။ သူ၏ လေသံသည် အလွန်လေးနက်နေသည်။

“နှစ်ပေါင်းတစ်သိန်းကျော်လောက်ရှိပြီ၊ အဲ့ဒီအချိန်က ဘိုးဘေးက နတ်အင်ပါယာအဆင့်ကို ရောက်ရှိနေပြီး၊ တည်ထောင်သူက နတ်ဘုရားတစ်ပိုင်းအဆင့်မှာပဲ ရှိသေးတာ၊ သူတို့နှစ်ဦးက ဒီတံခါးကိုလေ့လာရင်း နတ်ဘုရင်အဆင့်နဲ့အောက်ပဲ ဝင်ရောက်နိုင်တာကို ရှာတွေ့ခဲ့တယ်၊ တည်ထောင်သူက ဒီတံခါးထဲကို ပထမဆုံးဝင်ရောက်ခဲ့တဲ့အချိန်က အချိန်စီးဆင်းမှုက အဆငါးဆယ်လောက်မြန်ဆန်ခဲ့တယ်လို့မှတ်တမ်းတင်ထားတယ်၊ အချိန်ကြာလာတော့ အချိန်စီးဆင်းမှုနှုန်း လျော့နည်းသွားပြီး အခုလိုဆုတ်ယုတ်သွားတော့တာပဲ”

ရှင်းဝေ့ကျန်းသည် ဟွမ်းထိုအကြောင်းကို စိတ်ဝင်စားနေမှန်း သတိထားမိသောကြောင့် မခြွင်းမချန် ရှင်းပြလိုက်သည်။ သူ့အနေနှင့် ဟွမ်းအား ဖုံးကွယ်ထားရန်မလိုအပ်ချေ။ ထိုသို့စိတ်ကူးလည်းမရှိသောကြောင့် အသေးစိတ်ပြောလိုက်ခြင်းဖြစ်သည်။

“ဒီကုန်းမြေရဲ့ ဝိညာဉ်စွမ်းအင် လျော့ပါးလာမှုက ဒီတံခါးနဲ့သက်ဆိုင်တယ်၊ ဒီတံခါးက ဝိညာဉ်စွမ်းအင်တွေကို အလွန်ကျွံစုပ်ယူနေတာ”

ဟွမ်းသည် ထိုတံခါးကို စေ့စေ့စပ်စပ်ကြည့်ရင်းပြောလိုက်၏။ ထိုတံခါးကို အသုံးချမှုအတွက် ပြန်လည်ပေးချေရသည့်တန်ဖိုးဖြစ်သည်။ ထိုတံခါးသည် အချိန်စီးဆင်းမှု မြန်ဆန်အောင် လုပ်ပေးကာ ပြင်ပလောက၏ အချိန်ကုန်မှုကို သက်သာစေသော်လည်း ထိုသို့လုပ်ငန်းစဉ်အတွက် ကုန်းမြေရှိ ဝိညာဉ်စွမ်းအင်များကို ပြန်လည်စုပ်ယူခဲ့ခြင်းဖြစ်သည်။

“ဒါက..”

ရှင်းဝေ့ကျန်း၏ စိတ်သည် လေးလံလာပြီး မတုန့်ပြန်နိုင်တော့ချေ။ အတန်ကြာမှာ စိုးထိတ်သည့်လေသံနှင့် တုန်ပြန်လိုက်သည်။

“ဒီအချိန်တံခါးက ထျန်းယွမ်ကုန်းမြေရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး အားဖြည့်လိမ့်မယ်လို့ မထင်ထားဘူး”

“ဖြစ်ပြီးတဲ့ကိစ္စတွေပဲ၊ ထားလိုက်ကြတာပေါ့”

ဟေးချုံးသည် ခေါင်းခါယမ်းကာဆို၏။

“ဒါပေမဲ့ အခုတစ်ကြိမ်ထပ်သုံးလိုက်ရင် ထျန်းယွမ်ကုန်းမြေကြီးက ဘယ်လို ဖြစ်သွားမှာလဲ ရောင်းရင်းဟွမ်း”

“ကျုပ်ထိန်းသိမ်းပေးမယ်”

ဟွမ်းသည် သူလုပ်ဆောင်နိုင်ကြောင်းပြောလိုက်၏။ နတ်အင်ပါယာများသည် ဟွမ်းမည်သို့ ထိန်းသိမ်းပေးမည်ကို မသိသော်လည်း ဟွမ်း၏ စကားကြောင့် စိတ်သက်သာရာရသွားကြသည်။ သူတို့သည် ဟွမ်းအား အလွန်အမင်း ယုံကြည်နေသည့်ပုံပင်။

“အချိန်မဖြုန်းနဲ့ ဝင်ခိုင်းလိုက်တော့”

ဟွမ်းသည် စေခိုင်းလိုက်၏။

ထို့နောက်ရှင်းဝေ့ကျန်းသည် လိုအပ်သည်များကို မှာကြားကာ လူငယ်များကို အချိန်တံခါးအတွင်းဝင်စေလိုက်သည်။

“အဲ့ဒီနေရာမှာ မင်းတို့က မပျင်းမရိကျင့်ကြံဖို့ပဲလိုတယ်၊ အချိန်တန်ရင် တံခါးအပြင်ဘက်ကို သူ့အလိုလိုရောက်လာလိမ့်မယ်”

ရှင်းဝေ့ကျန်း စကားဆုံးသွားသည့်နောက်တွင် ထျယ်ရှန်း၊ ချီလင်းယီနှင့် ကျီရှောင်းရှောင်းတို့သည် ဦးစွာဝင်ရောက်သွားကြ၏။ ထို့နောက်တွင် ရှင်းဝမ်ကျဲနှင့် လင်းယိုဟန်သည် ဝင်ရောက်သွားပြီးမကြာခင် ယွဲ့ဝူယောင်တို့ဆရာတူညီအစ်မောင်နှမ လေးဦးသည်လည်း အသီးသီးဝင်ရောက်သွားကြသည်။

“စီနီယာအစ်ကို..”

ချုးယွီဟွာသည် အချိန်တံခါးအတွင်းသို့မဝင်ခင် ဟွမ်းနှင့် ခဏတာနှုတ်ဆက်လိုက်၏။ အပြင်လောကတွင် ခဏသာကြာမည်ဖြစ်သော်လည်း အချိန်တံခါး၏ အတွင်းတွင် နှစ်ပေါင်းများစွာကြာမည်ဖြစ်သည်။ ထို့အပြင် ဟွမ်း၏ ကတိပေးထားမှုကြောင့် နှစ်ရာချီကြာနိုင်ချေရှိနေ၏။ သူမသည် ဝမ်းနည်းဟန်ရှိနေသော်လည်း ဟွမ်း၏ ကျင့်ကြံမှုအတင့်အတန်းကို မှီနိုင်စေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် အချိန်မဆွဲတော့ပဲ အချိန်တံခါးအတွင်းသို့ ဝင်ရောက်သွား၏။

“ရောင်းရင်းဟွမ်း ဒီအချိန်တံခါးကို အရှိန်ဟုန်တိုးမြင့်နိုင်တဲ့ နည်းလမ်းရှိတာလား”

ရှင်းဝေ့ကျန်းသည် တွေဝေစွာမေးလိုက်၏။ ဟွမ်းသည် သူ၏တပည့်များ အချိန်တံခါးအတွင်း မဝင်ရောက်ခင်က ထိုအကြောင်းကို မပြောချင်သေးမှန်း သတိထားမိလိုက်သည်။

“နည်းလမ်းတစ်ခုတော့စဉ်းစားမိတာရှိတယ်၊ အလုပ်ဖြစ်မဖြစ်တော့ မသိဘူးစမ်းကြည့်ရမယ်”

ဟွမ်းလည်း မသေချာသည့် ပုံစံနှင့်ဖြေလိုက်၏။

“စီနီယာ ဘယ်လိုနည်းလမ်းလဲ”

ထိုက်ဟုန်ကျွင်း၏ သိချင်စိတ်သည် မနေနိုင်တော့ပေ။ ဟွမ်းသည် သူစဉ်းစားထားသည့် နည်းလမ်းကို ပြောလိုက်၏။

“အချိန်တံခါးထဲကို ကျုပ်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ဖြည့်သွင်းလိုက်ဖို့ပဲ”

“ဒါက..”

“စီနီယာ မလုပ်သင့်ဘူး၊ ဒါက စီနီယာအတွက် အန္တရာယ်ရှိနိုင်တယ်”

ထိုက်ဟုန်ကျွင်းသည် ထိတ်လန့်သွားကာ အလောတကြီး ပြောလိုက်၏။ နတ်အင်ပါယာများသည်လည်း ထိုသို့ အန္တရာယ်ရှိသည့် နည်းလမ်းကြောင့် တားမြစ်လိုက်ကြသည်။

“ရောင်းရင်းဟွမ်း၊ ဒါကဘယ်လောက်ထိ အန္တရာယ်များလည်းဆိုတာ ကျုပ်ကိုယ်တိုင် မသိပေမဲ့ ထျန်းယွမ်ကုန်းမြေလိုနေရာမျိုးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ပါးလွှာလာအောင် စုပ်ယူနိုင်တဲ့ ဒီအချိန်တံခါးက သာမန်ဖြစ်နေမှာမဟုတ်ဘူး၊ ပြီးတော့ တစ်ရက်နှစ်ရက်နဲ့ လည်းပြီးမဲ့ကိစ္စ မဟုတ်ဘူး”

“ဟုတ်တယ် ရောင်းရင်းဟွမ်း၊ လူငယ်တွေအတွက် ဆယ်နှစ်ဆိုတာနဲ့တင် လုံလောက်နေပါပြီ၊ ပြီးတော့ မိန်းကလေးချုးရဲ့ နေရာတစ်နေစာအတွက် ရောင်းရင်းဟွမ်းရဲ့ ကတိက ထျန်းယွမ်ကုန်းမြေကို ကူညီပေးခဲ့တာနဲ့တင်ကို လုံလောက်နေပါပြီ”

နတ်အင်ပါယာများသည် တားမြစ်လိုက်၏။

ယွဲ့ဝူယောင် အချိန်တံခါးအတွင်းသို့ဝင်ရောက်သွားသည်နှင့်တပြိုင်နက် အခြားသူများကို မတွေ့ရှိတော့ပေ။ တံခါးအတွင်းရှိတည်နေရာသည် အဆုံးမဲ့ ပင်လယ်တစ်ခုအလားပင်။ မျက်စိတစ်ဆုံးတွင် ပင်လယ်ကိုသာ မြင်တွေ့နေရ၏။ ထို့အပြင် အချိန်တံခါးအတွင်းရှိ စွမ်းအင်ဖိအားသည် များစွာသိပ်သည်းလွန်းပြီး သူမ၏ ကိုယ်အတွင်း စွမ်းအင်များကိုပင် ရိုက်ခက်နေသည်ကို ခံစားမိလိုက်သည်။

“ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင်တွေက ထျန်းယွမ်ကုန်းမြေမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ထက်ကို အလွန်အမင်းသိပ်သည်းလွန်းတာပဲ”

ထို့နောက်သူမသည် ထိုဝိညာဉ်စွမ်းအင်များကို ရင်းနှီးအောင်စတင်လှည်ပတ်စေလိုက်၏။ ရက်အနည်းငယ်အကြာတွင် ရင်းနှီးသွားပြီးနောက်တွင် သူမ၏ ခရမ်းနုရောင်ဆံနွယ်များကို စုစည်းချည်နှောင်လိုက်ကာ ကျင့်ကြံမှုတွင် စိတ်နှစ်လိုက်သည်။ တိတ်ဆိတ်သည့် ပင်လယ်တစ်ခု၏အထက်တွင် ခရမ်းနုရောင်ဝတ်စုံနှင့် မိန်းမငယ်လေးသည် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေတော့၏။

အခြားသူများသည်လည်း အချိန်တံခါးအတွင်းသို့ စတင်ရောက်ရှိသွားချိန်တွင် အလွန်ပြင်းထန်သည့် ဖိအားများကို ခံစားလိုက်ကြရသည်။ အားလုံးသည် ထိုနေရာရှိဝိညာဉ်စွမ်းအင်များနှင့် ရင်းနှီးအောင် ရက်ပေါင်းများစွာ အချိန် ယူခဲ့ကြရသည်။ ယွဲ့ဝူယောင်အပါအဝင် လူငယ်အားလုံးသည် ထိုနေရာရှိ သိပ်သည်းလွန်းသည့် ဝိညာဉ်စွမ်းအင်များကို အစောတလျှင် စုပ်ယူနိုင်စွမ်းမရှိပေ။ သူတို့၏ ခန္ဓာကိုယ်များသည် ထိုဝိညာဥ်စွမ်းအင်များ၏ ရိုက်ခက်မှု ဒဏ်များကို လက်ခံနိုင်စွမ်းမရှိသေးချေ။ ထိုါကြောင့် ဖြည်းဖြည်းချင်းသာ စုပ်ယူနေကြ၏။

အချိန်တံခါးသည် သူတို့အား ရောက်ရှိလာပြီးနောက် တစ်ယောက်တစ်နေရာစီ အလွှာများနှင့် ခွဲခြားထားသည့်အလားပင်။ လူငယ်အားလုံးကျင့်ကြံနေသည့် တည်နေရာအောက်တွင် တူညီသည့် ပင်လယ်ကြီးရှိနေသော်လည်း တစ်ဦးနှင့် တစ်ဦးတွေ့မြင်နိုင်ခြင်းမရှိကြပေ။ သူတို့အားလုံးသည် ကျင့်ကြံရန်သာ အာရုံစိုက်နေကြ၏။

သို့သော် ထူးဆန်းသည်မှာ ချုးယွီဟွာသည် ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် မည်သည့် ဖိအားမျှပင် မခံစားမိသည့်အပြင် ရင်းနှီးနေသည်ဟုပင် ခံစားနေရ၏။ ထို့အပြင် ယွဲ့ဝူယောင်တို့နှင့် မတူညီပဲ ထိုနေရာရှိ ဝိညာဉ်စွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်အတွက်း တဟုန်ထိုးတိုးဝင်နေသည်။

“ဝိညာဉ်စွမ်းအင်တွေအရမ်းပေါများနေလို့ ဒီနေရာက အဆင့်တက်ရလွယ်ကူတာများလား”

သို့သော် ထိုသို့ဖြစ်ရပ်သည် သူမတစ်ဦးတည်းသာ ဖြစ်နေသည်ကိုတော့ သူမ မသိရှိရချေ။ သူမ၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်များသည် အရူးအမူး စီးဝင်နေပြီး သူမ၏ ကျင့်ကြံမှုအဆင့်သည်လည်း တဟုန်ထိုး တိုးတက်သွားသည်။ ဤနေရာတွင် သူတော်စင်အထွတ်ထိပ်အဆင့်နှင့် စတင်ရောက်ရှိလာသော်လည်း ရက်အနည်းငယ်အတွင်း သူမသည် နတ်ဘုရားတစ်ပိုင်း အဆင့်ပင်ရောက်ရှိနေပြီဖြစ်သည်။

“အံ့ဩစရာပဲ..”

သို့သော်ချုးယွီဟွာသည် အချိန်မဖြုန်းတော့ပေ။ ဆက်လက်ကျင့်ကြံနေလိုက်၏။ အချိန်များစွာ ကြာပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများသည် အဆက်မပြတ်ထွက်ပေါ်နေ၏။ သူမ၏ ခန္ဓာကိုယ်တွင်လည်း အစိမ်းရောင်ဝိညာဉ်စွမ်းအင်များ လည်ပတ်နေပြီး အလွန်ပင် အားကောင်းနေဟန်ရသည်။ သူမခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းတစ်လှိုင်းထွက်ပေါ်လာတိုင်း အောက်ခြေရှိပင်လယ်ကြီးသည် လှုပ်ယမ်းသွားသည့်အလား တုန်ခါသွား၏။

“ဒီရတနာ ပျောက်ကွယ်သွားတာ အချိန်အတော်ကြာနေပြီ မဟုတ်ဘူးလား၊ ပြန်ပြီး ပေါ်ပေါက်လာတာလား၊ အဲ့ဒီလူများ ပြန်ရောက်လာပြီလား”

လောကတစ်ခု၏မှောင်မိုက်ပြီး အာကာသတွင်းနက်များ တည်ရှိနေသည့် နေရာမှ ထိုအသံသည်ထွက်ပေါ်လာ၏။ ထိုအသံသည် တီးတိုးရေရွတ်ခြင်းဖြစ်သောကြောင့် ယောက်ျားလား မိန်းမလားတော့ မသဲကွဲချေ။

All Chapters