စာလုံးတွေဟာ လူတွေလိုပဲ
Vol. 124 Ch. 1613
မကြာခင် ချင်မူ့အညံ့ခံစာသည် ကောင်းကင်နတ်အရှင်ဟောင်၏ တော်ဝင်စာကြည့်ဆောင်သို့ ရောက်လာခဲ့၏။
ကောင်းကင်နတ်အရှင်ဟောင်က စာလွှာကို ဖွင့်၍ သေချာစွာ ဖတ်ရှုနေ၏။ သူက သဘောကျစွာ အော်ဟစ်ရယ်မောနေပြီး သူ၏နှလုံးသားထဲတွင် ဂုဏ်ယူနေမှုကို ဟန်ဆောင်၍ပင် မဖုံးဖိထားနိုင်ပေ။
စာလွှာကို ဖတ်လေလေ ၊ ပိုပို၍ စိတ်အေးလာမိသည်။ ချင်မူ့စာလုံးများ၌ ကိန်းဝပ်နေသော ထူးဆန်းသော အတွေးများက သူ့ကို လက်ခုပ်လက်ဝါးတီးလျက် ရယ်မောမိစေသည်။ အညံ့မခံသည့် ချင်မူ့စိတ်၊ မဖုံးကွယ်ထားနိုင်သော ကြောက်ရွံ့မှု၊ တုန်လှုပ်မှုနှင့် ကူကယ်ရာမဲ့မှုတို့က သူ့အား ပြုံးမိစေသည်။ အပြင်တွင် အင်အားကြီးသယောင် ဖမ်းထားသော်လည်း အတွင်း၌ အားနည်းနေမှုတို့ကို တွေ့မြင်နေရသည့်အပြင် ချင်မူ၏ တိုင်းပြည်ကို မစွန့်ပစ်နိုင်သေးသော လောကနှင့် စိတ်ဆန္ဒကိုလည်း မြင်တွေ့ရသည်။
“စာလုံးရေ နှစ်ထောင်လောက်ပဲ ပါတဲ့ စာတိုတိုလေးမှာတောင် ကောင်းကင်နတ်အရှင်မူက သူ့ရဲ့ နှလုံးသားကို သေချာအဖြေထုတ်နိုင်တာပဲ… သူ့ရဲ့ အရေးအသားပါရမီက တကယ်ကို ထူးချွန်ပေတယ်…. စာပေသမားတစ်ယောက်အောက် နိမ့်ကျမနေဘူး”
ကောင်းကင်နတ်အရှင်ဟောင်က ၀န်ကြီးကို ပြုံးပြလိုက်သည်။ “ငါ ဖတ်ပြီးရင် ငါ့ကို ပြန်ဖတ်ပြစမ်း”
ဝန်ကြီးက ခေါင်းညိတ်သည်။
ကောင်းကင်နတ်အရှင်ဟောင်က ဆက်ဖတ်ရင်း ရယ်မောလိုက်၏။ သူက အော်ဟစ်လိုက်သည်။ “ငါ့ကို သေရည်ယူလာပေးစမ်း… ကောင်းကင်နတ်အရှင်မူရဲ့ အညံ့ခံစာကို သေရည်မသောက်ဘဲ ဘယ်လိုဖတ်ရမလဲကွ”
မကြာမီ အစေခံတစ်ဦးက သူ့ကို သေရည် လာဆက်သသည်။ ကောင်းကင်နတ်အရှင်ဟောင်က အညံ့စာကို သေရည်သောက်ရင်း ဇိမ်ပြေနပြေ ဖတ်နေသည်။ သူက ချီးကျူးလိုက်၏။ “စာအရေးအသားပါရမီက တကယ်ကိုထူးချွန်ပါပေတယ်… ဒီစာကို ကူးရေးပြီး စကြ၀ဠာထဲက လောကတစ်သောင်းဆီ ဖြန့်လိုက်… နတ်ဘုရားမိစ္ဆာတွေအားလုံးကို ဖတ်ခိုင်း…. ခွေးမသား ကောင်းကင်နတ်အရှင်မူ”
သူသည် စာဖတ်နေရင်း ရုတ်တရက် ဒေါသထွက်သွားသဖြင့် သူ့လက်ထဲရှိ အရက်ခွက်က ကွဲကြေသွားပြီး သေရည်အားလုံး မြေပြင်ပေါ် မှောက်ကျသွား၏။
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာကြီးမှာ စာကြောင်းများကို ဖတ်နေရင်း နီရဲလာသည်။ ၎င်းစာကြောင်းများက ချင်မူ ရေးသားထားသော “အိပ်ပြီးပြီ” ဟူသည် စာလုံးများ ဖြစ်၏။
တော်ဝင်စာကြည့်ဆောင်ထဲ၌ သူ မည်သည့်အတွက်ကြောင့် ဒေါသထွက်နေမှန်း မည်သူမှမသိကြချေ။ အစောင့်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်၍ အသံပင် မထွက်ရဲကြပေ။
“ကောင်းကင်နတ်အရှင်မူ -ီးပဲ… နတ်ဘုရင်တစ်ပါးနဲ့ ကောင်းကင်ရတနာတွေ အလဟဿဖြစ်သွားပြီ… မင်းရဲံ အပြစ်က ခွင့်လွှတ်ပေးလို့မရဘူးကွ … ဒီခွေးသားက ငါ့ကို လာကြွားတယ်ပေါ့လေ… သတ်ပစ်မယ်ကွ”
ကောင်းကင်နတ်အရှင်ဟောင်မှာ ဒေါသထိန်းမထားနိုင်တော့ချေ။ သူက စားပွဲကို ရိုက်ချကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “သူ့ကို မသတ်နဲ့ဦး… သံတမန်ကို ငါ့ဆီ ခေါ်လာခဲ့စမ်း…. ငါ ဒေါသပြေအောင် သူ့ကို သတ်မယ်”
စစ်ဘက်ဝန်မင်းက အလျင်စလို လျှောက်တင်သည်။ “အရှင်မင်းကြီး၊ တိုင်းပြည်နှစ်ခု မသင့်မြတ်တိုင်း သံတမန်ကို သတ်လို့ မရပါဘူး… ဒ့ါအပြင် ကောင်းကင်နတ်အရှင်မူက အညံ့ခံစာ ပို့ပေးခဲ့တာပါ… အရှင်မင်းကြီးအနေနဲ့ သံတမန်ကို သတ်လိုက်ရင် ကောင်းကင်နတ်အရှင်မူက အညံ့ခံရဲပါတော့မလား”
ကောင်းကင်နတ်အရှင်ဟောင်မှာ အမျက်တစ်ချောင်းချောင်း ထွက်နေသည်။ “သူ့ကို မသတ်ရင် ငါ့နှလုံးသားထဲက ဒေါသကို မပယ်ဖျောက်နိုင်ဘူးကွ”
၀န်မင်းသည် အရိပ်အခြည်ကြည့်ကာ ထိန်း၏။ “အရှင်မင်းကြီး၊ သည်းမခံရင် အစီအစဉ်တွေ ပျက်သွားပါလိမ့်မယ်..”
ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို စိုက်ကြည့်နေသည်။ “သူ့သံတမန်တွေထဲက တစ်ယောက်လောက် သတ်လိုက်တော့ရော ဘာဖြစ်လဲ… ကောင်းကင်နတ်အရှင်မူက ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာမလို့ အရင်ဆုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ဝက်ကို ကောင်းကင်နတ်အရှင်ရှုကို ဖယ်ရှားခိုင်းရမယ်…သွား အဲဒီသံတမန်ကို သွားဖမ်းခဲ့”
၀န်မင်းမှာ မည်သည်မှမပြောရဲဘဲ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။
ဤအချိန်တွင် ယွီချိန်ကျစ်သည် ပိုင်ယွီကျင့်၏ နန်းဆောင်ထဲတွင် ရှိနေ၏။ သူကထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သံတမန်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သောကြောင့် ပိုင်ယွီကျင့်က သူ့အား လက်ခံမတွေ့ဆုံပေ။
ယွီချိန်ကျစ်က ၀တ်ရုံကို မ၍ ပိုင်ယွီကျင့်၏ ကောင်းကင်နန်းဆောင်အရှေ့တွင် ဘုန်းခနဲ ဒူးထောက်ချလိုက်သည်။ ဖြတ်သန်းဖြတ်လာ နတ်ဘုရားအားလုံး ဤမြင်ကွင်းကို မြင်တွေ့နေရလေသည်။
နောက်ဆုံးတော့ ပိုင်ယွီကျင့်မှာ ဟိုအသံ သည်အသံများ ထွက်လာစိုးသောကြောင့် သူ့အား ဖိတ်ခေါ်ရန်် အမိန့်ပေးခဲ့၏။ သူမက မကျေမနပ် ဆူပူသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါသာရဲ့ သံတမန် …. နင်က တော်တော်ကို ပြဿနာရှာတာပါလား… ငါက လူသားတစ်ယောက်ပဲ… နင် ငါ့နန်းဆောင်တံခါး အရှေ့မှာ ဒူးထောက်နေတဲ့ သတင်းသာ ပျံ့သွားခဲ့ရင် ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းနေတယ်လို့ ထင်သွားကြလိမ့်မယ်… နင့်ကို ဒီလွှတ်လိုက်တာ ကောင်းကင်နတ်အရှင်မူလား… အဲ့ဒီကောင်စုတ်က ငါ့ကို အမြဲတမ်း မမျှမတ စွပ်စွဲဖို့ပဲ ကြိုးစားနေတာ”
ယွိီချိန်ကျစ်က ထိုင်နေရာမှ ထလိုက်ပြီး ဒူးထောက်လိုက်ပြန်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကောင်းကင်ဆရာသခင်ပိုင်၊ လူသားမျိုးနွယ်ကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ” ထို့နောက် သူက အကြိမ်ကြိမ် ဦးတိုက်ရှိခိုးနေတော့သည်။
ပိုင်ယွီကျင့်က ချက်ချင်း သူ့ကို ဆွဲထူလိုက်သော်လည်း ယွီချိန်ကျစ်သည် ဒူးထောက်မြဲ ထောက်ထားဆဲဖြစ်ကာ တုပ်တုပ်မလှုပ်ပေ။ သူသည် ချင်မူပေးလိုက်သည့် ကျောက်စိမ်းလည်ဆွဲကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ တရှုံ့ရှုံ့ ငိုနေ၏။ “ကောင်းကင်နတ်အရှင်မူက လူသားမျိုးနွယ်အတွက် စိုးရိမ်ပူပန်ရလွန်းလို့ နေ့ချင်းညချင်း ဆံပင်တွေတောင် ဖြူသွားခဲ့ပါတယ်…. လူသားမျိုးနွယ်အတွက် ရှင်သန်နိုင်မယ့် နည်းလမ်း မရှိတော့တာကို စဉ်းစားမိပြီး မေ့တောင် လဲသွားခဲ့ပါတယ်… ခြောက်ရက်၊ ခုနစ်ရက် ကြာပြီးတော့မှ ပြန်နိုးလာခဲ့တာပါ… လူသားမျိုးနွယ် မျိုးမသုဉ်းအောင် ကောင်းကင်ဆရာသခင်ပိုင်တစ်ယောက်ပဲ ကယ်နိုင်လိမ့်မယ်လို့ ပြောပါတယ်”
ပိုင်ယွီကျင့်မှာ ခံစားချက်များ ရှုပ်ထွေးနေပြီး ဘဝပြန်ဝင်စားခြင်း ကျောက်စိမ်းလည်ဆွဲကို မယူပေ။ “ကောင်းကင်နတ်အရှင်မူ အညံ့ခံလိုက်ရင် ကောင်းကင်နတ်အရှင်ဟောင်က လူသားမျိုးနွယ်ကို မျိုးသုဉ်းသတ်ဖြတ်မှာ မဟုတ်ဘူး” သူမက ပြော၏။ “ကောင်းကင်နတ်အရှင်မူက ပြန်တွန်းလှန်နိုင်မယ့်အခွင့်အရေး ရှိသေးတယ် ဒါမှမဟုတ် သေတဲ့အထိ တိုက်ခိုက်မယ်လို့ တွေးနေသေးတာမလား… အဲဒါကြောင့် သူ အနိုင်ရအောင် ငါ ကူညီပေးလိမ့်မယ် ထင်နေတာပဲ”
သူမတွင်လည်း ချင်မူ သူမကို ကယ်တင်ရန် သန့်စင်ပေးခဲ့သော ကျောက်စိမ်းလည်ဆွဲ ရှိလေသည်။
ချင်မူသည် ဒုတိယမြောက်ကျောက်စိမ်းလည်ဆွဲကို သွန်းလုပ်၍ သူမ ပြန်လာရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။
သို့သော် သူမအနေဖြင့် ဤကျောက်စိမ်းလည်ဆွဲကို လက်မခံသလို ၊ လက်ခံလိုသည့် စိတ်ဆန္ဒလည်း မရှိပေ။
ယွီချိန်ကျစ်မှာ အနည်းငယ် တုန်လှုပ်သွားမိသည်။ သူ့စိတ်ထဲတွင် ဤအမျိုးသမီး၏ ဉာဏ်ပညာကို ချီးကျူးလိုက်မိလေသည်။
“ကောင်းကင်ဆရာသခင်ပိုင်၊ ကောင်းကင်နတ်အရှင်မူက တကယ်ပဲ လမ်းဆုံး ရောက်နေပြီး ရှင်သန်နိုင်မယ့် နည်းလမ်း မရှိတော့ပါဘူး”
ယွီချိန်ကျစ်က မျက်ရည်များကို သုတ်လျက် ပြောသည်။ “လူသားတစ်ယောက်အနေနဲ့ ကောင်းကင်ဆရာသခင်က လူသားမျိုးနွယ် မျိုးသုဉ်းသတ်ဖြတ်ခံရတာကို ကြည့်နေတော့မလို့လားဗျာ… ကောင်းကင်နတ်အရှင်မူ အညံ့ခံလိုက်ရင်တောင်မှ လူသားမျိုးနွယ်က တခြားသူတွေ အချိန်မရွေး သတ်ဖြတ်နိုင်တဲ့ ရေကန်ထဲက ငါးကလေးတွေ ဖြစ်နေတုန်းပဲ”
ပိုင်ယွီကျင့်က သက်ပြင်းချသည်။ “နင် ငါ့ကို ဘာလုပ်စေချင်တာလဲ… ငါက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တစ်ပါးလေ… လူသားတစ်ယောက် ဖြစ်နေတာအတွက်နဲ့ လူသားမျိုးနွယ်အပေါ် ငဲ့ညာမှာ မဟုတ်ဘူး… ဒါပေမဲ့ ကြီးကြီးမားမား မဟုတ်ရင်တော့ ငါ နည်းနည်းပါးပါး ကူညီနိုင်တယ်…. အများကြီးတော့ တောင်းဆိုလို့မရဘူး”
ယွီချိန်ကျစ်မှာ စိတ်အားတက်လာတော့သည်။ “ကောင်းကင်နတ်အရှင်မူကလည်း အများကြီး မတောင်းဆိုပါဘူးခင်ဗျာ… ကောင်းကင်ဆရာသခင်ပိုင်အနေနဲ့ ကောင်းကင်ဆရာသခင်မုန့်ယွင်ကွေ့ကို သွားတွေ့ပေးဖို့ပါပဲ”
ပိုင်ယွီကျင့်သည် သူ၏မျက်နှာကို စိုက်ကြည့်နေပြီး မည်သည်မျှ မပြောပေ။ တစ်ခဏကြာပြီးနောက်မှ သူမက ပြော၏။ “အစ်ကိုတော်မုန့်ယွင်ကွေ့ကလည်း လူသားတစ်ယောက်ပဲ… သူက ဒုတိယမြောက်ကောင်းကင်ဆရာသခင် ဆိုပေမယ့် ရှန့်ပင်းယင်က သူ့ကို မယှဉ်နိုင်ဘူး… ပထမကောင်းကင်ဆရာသခင် ဖြစ်ဖို့အတွက် လုံလောက်ပေမယ့် လူသားတစ်ယောက်က ကောင်းကင်နတ်ဘုံရဲ့ ပထမကောင်းကင်ဆရာသခင် ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ… ဒါကြောင့် ရှန့်ပင်းယင်က ပထမကောင်းကင်ဆရာသခင် ဖြစ်လာခဲ့တာ”
သူမက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယွီချိန်ကျစ်အား ပတ်၍ လျှောက်နေရာမှ ရပ်လိုက်ပြီး ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ရှန့်ပင်းယင်ဆီကနေ အရာအားလုံးကို ဖုံးကွယ်ထားနိုင်ပေမယ့် မုန့်ယွင်ကွေ့ဆီကနေတော့ ဖုန်းကွယ်ထားနိုင်မှာ မဟုတ်ဘူး…. မုန့်ယွင်ကွေ့က အကျိုးအမြတ်နဲ့ အာဏာကို ပိုပြီး အာရုံစိုက်တယ်.. သူ့အသက်ကို ပိုတန်ဖိုးထားတဲ့အပြင် လိမ္မာပါးနပ်တယ်…. နင်တို့ရဲ့ အကြံအစည်တွေကို သူ့ဆီက ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး…”
ယွီချိန်ကျစ်မှာ ရင်ထဲတွင် တုန်လှုပ်သွားပြီး ပြောသည်။ “ကောင်းကင်နတ်အရှင်မူက တခြားဘာမှ မတောင်းဆိုလိုက်ပါဘူး…. ကောင်းကင်ဆရာသခင်ပိုင်အနေနဲ့ ကောင်းကင်ဆရာသခင်မုန့်ကို သွားတွေ့စေချင်တာပါ”
ပိုင်ယွီကျင့်သည် မျက်လုံးများကို မှိတ်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် မျက်လုံးများ ပြန်ဖွင့်၍ လက်ဆန့်တန်းကာ ဘဝပြန်ဝင်စားခြင်းကျောက်စိမ်းလည်ဆွဲကို ယူလိုက်သည်။ “မုန့်ယွင်ကွေ့က ငါ့အတွေးဆို နားထောင်တုန်းပဲ… ငါ သူ့ကို သွားတွေ့လိုက်ပါ့မယ် စိတ်ချပါ”
ယွီချိန်ကျစ်က ထပ်မံ ဦးညွှတ်အရိုအသေ ပေးလိုက်ပြန်သည်။ ပိုင်ယွီကျင့်က မကျေမနပ် လက်ရမ်းကာ နှင်လွှတ်တော့သည်။ “သွား…ငါ့ ကျောက်စိမ်းပန်းပွင့် ကောင်းကင်နန်းဆောင်ကို နောက်တစ်ကြိမ် မလာနဲ့တော့”
ယွီချိန်ကျစ်လည်း ထရပ်၍ ထွက်လာခဲ့သည်။
သူ ကျောက်စိမ်းပန်းပွင့် နန်းဆောင်ထဲမှ ထွက်မလာခင် စစ်ဘက်ဝန်မင်းက စစ်သည်တော်များနှင့် တပ်မှူးများကို ဦးဆောင်၍ နန်းဆောင်ထဲသို့ ဝင်ရောက်လာ၏။ နန်းဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“သူ့ကို ကြိုးတုပ်လိုက်...” စစ်ဘက်ဝန်မင်းက အားဖြင့်မာန်ဖြင့် လက်လွှဲရမ်းကာ အမိန့်ပေးလိုက်သည်။
စစ်သည်တော်များနှင့် တပ်မှူးများသည် မည်သို့မျှ မရှင်းပြဘဲ ရှေ့သို့တက်လာပြီး ယွီချိန်ကျစ်အား ကြိုးတုပ်ချည်နှောင်လိုက်ကြသည်။
ပိုင်ယွီကျင့်က သုတ်သုတ်ပျာပျာ ထွက်လာသည်။ အခြေအနေကို မြင်လျှင် သူမက မျက်မှောင်ကြုတ်ပြီးနောက် ရိုသေစွာ မေးလိုက်သည်။ “စစ်ဘက်ဝနမင်းရှင့်၊ ကောင်းကင်နတ်အရှင်မူ လွှတ်လိုက်တဲ့ သံတမန်က ကျွန်မရဲ့ တူတော်မောင်ပါ… သူက အညံ့ခံစာ လာပို့ရင်း ကျွန်မဆီ လာတွေ့တာပါ … ဘာများလုပ်ခဲ့လို့ ဖမ်းဆီးရတာပါလဲ”
စစ်ဘက်ဝန်မင်းသည် ပြန်ဖြေ၏။ “သူယူလာတဲ့ အညံ့ခံစာမှာ တစ်ခုခု မှားနေတယ်… အရှင်မင်းကြီးက ဒေါသထွက်နေလို့ သူ့ကို ကိုယ်တိုင်သတ်ဖြတ်ချင်တယ်တဲ့…. အစကတော့ ကောင်းကင်ဆရာသခင်ရဲ့ ကောင်းကင်နန်းဆောင်ထဲကို အတင်းအကြပ် ဝင်လာဖို့ ဆန္ဒမရှိခဲ့ပါဘူး… ဒါပေမဲ့ အရှင်မင်းကြီးက အမိန့်ပေးခဲ့တဲ့အတွက် ကျုပ်မှာ ရွေးချယ်စရာ မရှိလို့ပါ…. ကောင်းကင်ဆရာသခင် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်”
ယွီချိန်ကျစ်က ပြောသည်။ “ဒေါ်လေး၊ ဒါက အထင်လွဲတာပဲ ဖြစ်မှာပါ… သိပ်ပြီး မစိုးရိမ်ပါနဲ့…. ကျွန်တော် အရှင်မင်းကြီးကို သေချာရှင်းပြလိုက်ပါမယ်”
ပိုင်ယွီကျင့်သည် ရှေ့သို့တက်လာကာ သူ၏ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြင်ဝတ်ပေးလိုက်၏။ “မစိုးရိမ်နဲ့… ငါ နင် မသေအောင် နည်းလမ်း စဉ်းစားပေးပါ့မယ်”
ယွီချိန်ကျစ်မှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူမ ပြောသည့်အဓိပ္ပါယ်က သူ၏အသက်မဟုတ်ဘဲ လူသားမျိုးနွယ်၏ အသက်ကို ရည်ရွယ်ခြင်းပင်။
ဤသို့ဖြင့် ယွီချိန်ကျစ်မှာ တော်ဝင်စာကြည့်ဆောင်သို့ ဆွဲခေါ်လာခံရသည်။ သူ ဒူးထောင်အောင် မကန်ခင်မှာပင် သူက အရင်ဦးဆုံး ဒူးထောက်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်က အညံ့ခံစာကို ကိုင်ကာ အသေအချာ ကြည့်နေလေသည်။ သူက ပြုံးလျက် ချီးကျူး၏။ “ကောင်းကင်နတ်အရှင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကြွယ်ဝမှုတွေကို ကြိုးစားပမ်းစား အသေအချာ ရေးထားတာပဲ… အမျှော်အမြင် ရှိပါပေတယ်”
သူ အညံ့ခံစာကို ပိတ်လိုက်သည်နှင့် မျက်နှာကြီး မည်းမှောင်လာသည်။
ယွီချိန်ကျစ်မှာ ကြက်သီးမွေးညှင်းများ ထလာမိသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ စိတ်အခြေအနေမှာ ယခင်ကထက် အနည်းငယ် ပိုကောင်းလာခဲ့သော်လည်း သူ၏မျက်နှာကို မြင်လျှင် အညံ့ခံစာထဲရှိ စာလုံးတချို့အား သတိရသွားကာ ဒေါသထွက်လာသည်။ သူက မှင်သေသေ ပြော၏။ “ကောင်းကင်နတ်အရှင်မူက မင်းကို လွှတ်လိုက်တာဆိုတော့ မင်းက လျှာသွက်တဲ့သူ တစ်ယောက်ပဲ ဖြစ်မယ်… ငါက အဲဒီလူမျိုးတွေကို အမုန်းဆုံးပဲ”
“အရှင်မင်းကြီး၊ သူခိုးချင်မူ တမင် ချောက်ချတာပါခင်ဗျာ”
ယွီချိန်ကျစ်က အလန့်တကြား အော်လိုက်သည်။ “သူခိုးချင်မူရဲ့ လှည့်ကွက်ထဲ မရောက်ပါစေနဲ့”
ကောင်းကင်နတ်အရှင်ဟောင်က ‘ဪ’ ဟု အာမေဋိတ်သံတစ်ချက် ပြုကာ ပြုံးလိုက်သည်။ “မင်းပြောချင်တာက ကောင်းကင်နတ်အရှင်မူက ငါ့လက်ကို သုံးပြီး မင်းကို သတ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ… မင်းမှာ ဘယ်လိုတန်ဖိုးနဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားလို့လဲ... ဘာလို့ သူကိုယ်တိုင် မရှင်းလင်းဘဲ ငါ့ကို သုံးပြီး သတ်ချင်ရတာတဲ့လဲ”
ယွီချိန်ကျစ်က လည်ပင်းကို မတ်ကာ ပြောသည်။ “နွားကျောင်းသားက ကောက်ကျစ်ပြီး ခေါင်းမာတယ်… ကျွန်တော် သူ့ကို အကြံပေးခဲ့တာတွေကို သဘောမကျပါဘူး… ဒါပေမဲ့ ကျွန်တော်က တာအိုဘိုးဘေးကြီးရဲ့ တပည့်ဖြစ်နေတဲ့အတွက် အကြောင်းပြချက် မရှိဘဲ ကျွန်တော့်ကို သတ်ပစ်လို့မရဘူးလေ… ဒါကြောင့် ဒီတစ်ကြိမ် ဒီအညံ့ခံစာကို ပို့ခိုင်းရင်း ကျွန်တော့်ကို သေခိုင်းလိုက်တာပါ… ကျွန်တော်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ အခြေခံအုတ်မြစ်ကို ကောင်းကောင်း သိပါတယ်… သူက အညံ့ခံစာနဲ့ အရှင်မင်းကြီးကို လှည့်စားဖို့ ကြိုးစားနေတာ… ကြွယ်ဝမှုတွေကို ဖုံးကွယ်ထားပြီး နတ်ဘုရင်လန်ဝူ၊ ဧကရာဇ်ယွိရှို့နဲ့ တခြားမိန်းမလှလေးတွေကို ဒီကို ခေါ်လာပြီး အညံ့လည်းခံ၊ ဇိမ်လည်း ခံနေချင်တာပါ”
ကောင်းကင်နတ်အရှင်ဟောင်က ရယ်မောလိုက်သည်။ “မင်းက တာအိုနှလုံးသား ပြိုလဲနေတဲ့သူတစ်ယောက်ကို ဝေဖန်နေတာပဲ… ကောင်းကင်နတ်အရှင်မူနဲ့ ငါက နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တာ…သူက အဲဒီလိုလူစားမျိုး မဟုတ်ဘူး”
ယွီချိန်ကျစ်က ဆက်ပြောသည်။ “အရှင်မင်းကြီး၊ သူက အညံ့ခံပြီးရင် စည်းစိမ်ဥစ္စာတွေနဲ့ မိန်းမလှလေးတွေကို ခေါ်ပြီး မာန်ဟုန်မြစ်ဘေးမှာ နွားကျောင်းရင်း နေသွားတော့မှာပါ”
ကောင်းကင်နတ်အရှင်ဟောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “မြင့်မြတ်တည်ကြည်တဲ့ ကောင်းကင်နတ်အရှင်မူက နွားကျောင်းမှာတဲ့လား”
ဘေးရှိ ဝန်မင်းကလည်း ဝင်ပြောသည်။ “အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်မူက အရင်တုန်းက အမှန်တကယ် နွားကျောင်းသား ဖြစ်ခဲ့ပါတယ်… ကျွန်တော် လိုက်စုံစမ်းကြည့်တော့ ကောင်းကင်နတ်အရှင်မူ မာန်ဟုန်မြစ်ဘေးမှာ အမှန်တကယ် နွားကျောင်းခဲ့မှန်း သိရပါတယ်… မူ ဆိုတဲ့နာမည်က အဲဒီကနေ အခြေခံတာပါ… ဧကရာဇ်ယွိရှို့ကလည်း သူနဲ့ အင်မတန် ရင်းနှီးတဲ့အတွက် မကြာခဏ နွားကျောင်းသားလို့ ခေါ်တတ်ပါတယ်… ကျွန်တော့်ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူလျှို ပြောကြားချက်အရ ဧကရာဇ်ယွိရှို့က သူ့ရဲ့ခမည်းတော်ကို ရှာပြီး နန်းလွှဲဖို့ စီစဉ်နေပါတယ်တဲ့ … ကောင်းကင်နတ်အရှင်မူနဲ့အတူ နွားကျောင်းရင်း ဘဝကို ဖြတ်သန်းသွားချင်တာ ဖြစ်ပါလိမ့်မယ်”
“တကယ်ပဲလား...”
ကောင်းကင်နတ်အရှင်ဟောင်မှာ အံ့သြနေမိသည်။ “ငါ့ရဲ့ ကမ္ဘာမကြေ ရန်သူကြီးက အဲဒီလိုပုဂ္ဂိုလ်ပေါ့…”
ယွီချိန်ကျစ်ကလည်း ဝင်ပြောသည်။ “အရှင်မင်းကြီး၊ သူခိုးချင်မူရဲ့ နှလုံးသားက ယိုတုက ပြန်လာကတည်းက ပြိုလဲသွားခဲ့တာပါ…. သူက ခဏခဏ ဦးညွှတ်အရိုအသေပေးပြီး အညံ့ခံ အသနားခံဖို့ပဲ ပြင်ဆင်နေတော့တာ… တကယ်ကို ကြည့်ရဆိုးပါပေတယ်… ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ တခြားသူတွေကပဲ သူ့ကို အတင်းအကြပ် ပြန်ဆွဲထားခဲ့ကြတာပါ… ဒါပေမဲ့ သူခိုးချင်မူက အညံ့ခံမယ့် ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲ အညံ့ခံစာလွှာကို ရေးခဲ့တာပါ… အဲဒီအချိန်တုန်းက ကျွန်တော်ကိုယ်တိုင် ဘေးမှာ ရှိခဲ့ပါတယ်…. ကျွန်တော့်ကို မြင်တော့ အရင်တုန်းက ရန်ငြိုးတွေကို ပြန်စဉ်းစားမိသွားပြီး ကျွန်တော် သေအောင် လွှတ်လိုက်တာပါဗျာ”
ကောင်းကင်နတ်အရှင်ဟောင်က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။ “သူ အညံ့ခံစာကို ရေးခဲ့တုန်းက မင်း ဘေးမှာ ရှိနေခဲ့တယ်ပေါ့… အသေးစိတ် ပြန်ပြောပြစမ်း”
ယွီချိန်ကျစ်က ချင်မူ အညံ့ခံစာ ရေးသားနေခဲ့တုန်းက စိတ်အခြေအနေကို ပြန်ပြောပြသည်။ မှန်ပါသည်။ ချင်မူ ခံစားချက်များ ထည့်သွင်းနေသည့် အပိုင်းကိုတော့ ဖယ်ထုတ်ထားခဲ့၏။
သူက ချင်မူ ခေါင်းငိုက်စိုက်ကျ၍ အညံ့ခံစာ ရေးနေခဲ့သည့်အခိုက်အတန့်ကို ပြန်လည်သရုပ်ဖော်ပြသည်။ ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာ ရယ်မောနေလေသည်။
ယွီချိန်ကျစ်က ဆက်ပြောသည်။ “စကားလုံးတွေက လူလိုပါပဲ… စာအရေးအသားနဲ့ ပန်းချီပညာမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး အရှင်မင်းကြီးကို လှည့်စားနေတာလား ဆိုတာ စစ်ဆေးကြည့်လို့ ရပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်က သတိကြီးစွာဖြင့် ဝန်မင်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ဝန်ကြီးက အလျင်အမြန် လျှောက်တင်သည်။ “ဝမ်ချမ်းကောင်းကင်ဘုရင်ရဲ့ လက်အောက်မှာ စာအရေးအသားနဲ့ ပန်းချီပညာ ကျွမ်းကျင်တဲ့ နတ်ဘုရားတချို့ ရှိပါတယ်… ကောင်းကင်နတ်အရှင်မူရဲ့ အရေးအသားကို လေ့လာဖို့အတွက် ဆင့်ခေါ်လိုက်ရမလားခင်ဗျာ”
ကောင်းကင်နတ်အရှင်ဟောင်က လက်ဟန်အမူအရာပြလိုက်ရာ ဝန်မင်းသည် အလောတကြီး ထွက်ခွာသွား၏။
ကောင်းကင်နတ်အရှင်ဟောင်က ဒူးထောက်နေသော ယွီချိန်ကျစ်ကို ကြည့်လိုက်၏။ “ထတော့… မင်း ပြောတာ အမှန်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်”
ယွီချိန်ကျစ်က အကြိမ်ကြိမ် ဦးညွှတ်အရိုအသေပေး၍ ထရပ်လိုက်သည်။
မကြာမီ ဝမ်ချမ်းကောင်းကင်ဘုရင်သည် သူ၏တပည့်များကို ဦးဆောင်ကာ ကောင်းကင်နတ်အရှင်ဟောင်အား အရိုအသေပြု၏။ ကောင်းကင်နတ်အရှင်ဟောင်က သူတို့အား အညံ့ခံစာကို လေ့လာစေသည်။ ထင်ထားသည့်အတိုင်းပင် စာကြောင်းတစ်ကြောင်းစီတိုင်း၊ စာလုံးတစ်လုံးစီတိုင်းတွင် ပါဝင်သည့် စိတ်ခံစားချက်များကို ကျွမ်းကျင်သူများက လေ့လာပြီးနောက် ယွီချိန်ကျစ် ပြောခဲ့သည်နှင့် မကွဲပြားကြောင်း သိလိုက်ရလေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “လူသားပါရမီရှင်ဖြစ်တဲ့ အကြီးဆုံးသားချင်ယဲ့နဲ့ အငယ်ဆုံးသားချင်မူ… အကြီးဆုံးသားက ငါ့လက်ထဲမှာ သေသွားခဲ့ပြီ… အငယ်ဆုံးသားရဲ့ တာအိုနှလုံးသားကလည်း ပျက်စီးပြီး နွားကျောင်းသား ပြန်ဖြစ်တော့မယ်… ငါ အခု အေးဆေးအနားယူလို့ရပြီ”
“အရှင်မင်းကြီး၊ ခဏလေး စောင့်ပါဦးခင်ဗျာ”
ရုတ်တရက် အသံတစ်သံက တော်ဝင်စာကြည့်ဆောင်အပြင်မှ ပျံ့လွင့်လာသည်။ ထိုသူ ရောက်မလာခင် သူ၏အသံက အရင်ဦးဆုံး ရောက်ရှိလာ၏။ “အရှင်မင်းကြီး ကျွန်တော့်ကို ယုံတယ်ဆိုရင် ဒီသံတမန်ကို သတ်လိုက်ပါ… ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ စစ်တပ်တွေ စေလွှတ်လိုက်ပါခင်ဗျာ”