ကောင်းကင်နတ်ဧကရာဇ်ဟောင်
Vol. 124 Ch. 1615
ပိုင်ယွီကျင့် မုန့်ယွင်ကွေ့အား သွားတွေ့သည့်အချိန်တွင် ပန်းအလှဆင်နေသော သူ့အား တွေ့လိုက်ရသည်။ မုန့်ယွင်ကွေ့သည် လက်တွင် ပန်းတစ်ပွင့် ကိုင်ထားသော်လည်း မည်သည့်နေရာသို့ ထိုးစိုက်ရမှန်း မသိသည့်အလား ရပ်နေသည်။
ပန်းအလှဆင်ပညာရပ်သည် အနုပညာတစ်ရပ် ဖြစ်ပြီး နေရာအထားအသိုကို ကျွမ်းကျင်ပိုင်နိုင်ရ၏။ ပန်းများအား နေရာအနိမ့်အမြင့်၊ အစီအစဉ်၊ အရှေ့အနောက်တို့အပေါ် မူတည်ကာ ပြင်ဆင်ရလေသည်။ အရိပ်ကျမည့် အခြေအနေ၊ ပန်းများအကြား ရှိရမည့် အကွာအဝေး စသဖြင့် ပညာသားပါသည်။ မည်သည့်ရှုထောင့်မှ ကြည့်ပါစေ ၊ လှပသော လက်ရာလည်း ဖြစ်ရလိမ့်မည်။
သင်္ချာပညာရှင်တစ်ယောက်အတွက် ပန်းအလှဆင်ခြင်းမှာ သိပ်မခက်လှပေ။ သို့သော် မုန့်ယွင်ကွေ့မှာတော့ ငေးကြောင်နေသည်။
ပိုင်ယွီကျင့်က အထဲသို့ ဝင်သွားရင်း ပြုံးပြလိုက်သည်။ “အစ်ကိုမုန့်၊ ဘာတွေတွေးနေတာလဲ”
မုန့်ယွင်ကွေ့သည် ခပ်တိုးတိုးသာ ဖြေ၏။ “အိပ်မက် မက်တယ်...”
“ဟင် ဘာရယ်” ပိုင်ယွီကျင့်မှာ အူတူတူ ဖြစ်သွားသည်။
မုန့်ယွင်ကွေ့သည် ရုတ်တရက် စိတ်နှင့် ကိုယ် ပြန်ကပ်သွားပြီး ယွီချိန်ကျစ်၏ စကားများကို ခေါင်းထဲမှ ထုတ်လိုက်၏။ သူက ပြုံးလျက် ပြောလိုက်သည်။ “ပေါက်ကရတွေပါ... ကောင်းကင်ဆရာသခင်ပိုင်၊ မင်း တောင်းဆိုတဲ့အတိုင်း ငါ လုပ်ပြီးပါပြီ... စိတ်အေးအေးထားပါ... ဒါပေမဲ့ ဒါမျိုး နောက်တစ်ကြိမ် ဖြစ်လာဖို့တော့ မမျှော်လင့်နဲ့... ဒုတိယအကြိမ် ရှိလာမှာ မဟုတ်ဘူး”
ပိုင်ယွီကျင့်က တုံ့ပြန်သည်။ “ဒါပေါ့ ဒုတိယအကြိမ်ဆိုတာ မရှိစေရပါဘူး… တစ်လောကလုံးက ပေါင်းစည်းခံရတော့မှာပဲလေ.... ကျွန်မတို့လို ကောင်းကင်ဆရာသခင်တွေက အနာဂတ်မှာ အသုံးဝင်မှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟောင်က နန်းတက်ပြီး ဧကရာဇ် ဖြစ်လာတော့မယ်… သူ့ရဲ့လက်ထဲမှာ အာဏာကို ချုပ်ကိုင်ထားပြီ…. ဘယ်သူကမှ သူနဲ့မယှဉ်နိုင်သလို ဘယ်အင်အားစုကမှလည်း ကောင်းကင်နတ်ဘုံကို မတွန်းလှန်နိုင်ဘူး… ကျွန်မတို့လို ကောင်းကင်ဆရာသခင်တွေလည်း မကြာခင် အနားယူရတော့မယ်”
“မျှော်လင့်ရတာပါပဲ”
မုန့်ယွင်ကွေ့က ပြောသည်။ “ငါတို့ရဲ့ အကျိုးသယ်ပိုးမှုတွေကြောင့် မင်းနဲ့ ငါ ကောင်းကင်ဘုံတစ်စိတ်တစ်ပိုင်းတော့ ရနိုင်ပါသေးတယ်… ငါတို့ရဲ့ ကောင်းကင်ဘုံထဲမှာ လူသားမျိုးနွယ်တွေ ကောင်းကောင်းမွန်မွန်နေနိုင်ကြလိမ့်မယ်”
ပိုင်ယွီကျင့်၏ မျက်လုံးများက တောက်ပသွားပြီး သူမက အသံကို နှိမ့်ကာ မေးလိုက်သည်။ “အစ်ကိုမုန့် တောင်ကောင်းကင်ကို ရောက်ဖူးလား”
မုန့်ယွင်ကွေ့က သူမကို စိုက်ကြည့်၍ မဖြေပေ။
ပိုင်ယွီကျင့်က ပြော၏။ “တောင်ကောင်းကင်က လူသားမျိုးနွယ်ကို လူသားတွေလို့တောင် ခေါ်လို့ မရတော့ဘူး… သူတို့က မွေးမြူထားတဲ့ တိရစ္ဆာန်တွေလိုပဲ… တွေးလိုက်တိုင်း ကြက်သီးထမိတယ်… ကျွန်မ တောင်ကောင်းကင်ကို အရင်တစ်ခါ သွားခဲ့တုန်းက ထွက်ပြေးမိတော့မလို့..”
မုန့်ယွင်ကွေ့သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်
ပိုင်ယွီကျင့်က ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့ နည်းလမ်းက အရှက်မဲ့လွန်းတယ်… သူက လူသားမျိုးနွယ်ကို ကာကွယ်ပေးချင်တယ် ပြောပေမယ့် တကယ်တမ်းကျ မွေးမြူရေးတိရစ္ဆာန်တွေလို ဆက်ဆံနေတာလေ…. သူကိုယ်တိုင်ကတော့ နတ်ဘုရားတစ်ပိုင်းတွေရဲ့ အစာကို စောင့်ကြပ်ပေးနေတဲ့ ခြံစောင့်ခွေးပေါ့… ကျွန်မတို့ အောင်မြင်ပြီး နာမည်ကျော်လာခဲ့ရင် ကျွန်မတို့လက်အောက်က ကောင်းကင်ဘုံတွေရော တောင်ကောင်းကင်လို ဖြစ်သွားမှာလား..”
“ဖြစ်မလာစေရဘူး”
မုန့်ယွင်ကွေ့မှာ သူ၏လေသံ အနည်းငယ် ခက်ထန်သွားသည်ကို ခံစားလိုက်ရသောကြောင့် လေသံလျှော့ကာ ပြောလိုက်သည်။ “ငါတို့က ကောင်းကင်နတ်အရှင်ဟွေ့နဲ့ မတူဘူး… ကောင်းကင်နတ်အရှင်ဟွေ့က အာဏာမက်တယ်… ငါတို့က အခြေချစရာ နေရာတစ်နေရာပဲ လိုချင်တာ… သူက အာဏာလိုချင်တဲ့အတွက် နတ်ဘုရားတစ်ပိုင်းတွေကို ခ,ယပြီး ညှာတာပေးဖို့ တောင်းဆိုရတယ်… ဒါကြောင့် ကောင်းကင်နတ်အရှင်ဟွေ့က ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်မူကို ထိပ်ဆုံးကနေ အမြဲတိုက်ခိုက်ခဲ့တာပဲ… တခြားတစ်ဖက်မှာတော့ ငါတို့က ငါတို့ကိုယ်ပိုင်လုပ်အားနဲ့ အကျိုးသယ်ပိုးခဲ့တဲ့ ရလဒ်တွေကို အခြေချစရာနေရာတစ်နေရာနဲ့ လဲလှယ်ရုံပဲ”
ပိုင်ယွီကျင့်သည် တခဏ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။ “တစ်လောကလုံး အေးချမ်းသာယာနေပေမယ့် ကောင်းကင်နတ်ဘုံက ကျွန်မတို့ရဲ့ ပိုင်နက်ကို တောင်ကောင်းကင်အတိုင်း ကျင့်သုံးဖို့ အမိန့်ပေးလိုက်ရင်ရော...”
မုန့်ယွင်ကွေ့၏ မျက်လုံးထောင့်စွန်းများ တုန်ရီသွားသည်။
တခဏကြာသော် မုန့်ယွင်ကွေ့က ဖြေသည်။ “အသေးအမွှားကိစ္စတွေကို တွေးမနေစမ်းပါနဲ့…. မင်းနဲ့ ငါက ကိုယ့်တာဝန် ကိုယ်လုပ်ရုံပဲ …. ကောင်းကင်နတ်အရှင်ဟွေ့က သေရမယ့်လမ်းကို လျှောက်လှမ်းနေတာ… အချိန်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး… ငါ သူ့အနာဂတ်ကို ကြိုမြင်ခဲ့ရလို့ ကောင်းကင်နတ်အရှင်ရှုကိုတောင် သူနဲ့ လက်ထပ်ရင် ဒုက္ခရောက်လိမ့်မယ်လို့ သတိပေးခဲ့သေးတယ် … အခုတော့ အဲဒီအချိန် ရောက်လာခဲ့ပြီ”
ပိုင်ယွီကျင့်သည် တခဏတွေးတောနေပြီးနောက် ပြော၏။ “ကျွန်မတို့ရော ဒုတိယမြောက် ကောင်းကင်နတ်အရှင်ဟွေ့ ဖြစ်လာမှာလား… ကောင်းကင်နတ်အရှင်ဟောင်က လူသားကောင်းကင်နတ်အရှင်ဟွေ့ကိုတောင် မယုံတာ ,,, လူသားကောင်းကင်ဆရာသခင်တွေဖြစ်တဲ့ ပိုင်ယွီကျင့်နှင့် မုန့်ယွင်ကွေ့တို့ကိုရော ယုံကြည်ပါ့မလား”
“ပါးစပ်ပိတ်ထားလိုက်တော့”
မုန့်ယွင်ကွေ့မှာ အော်ဟစ်လိုက်ပြီးနောက် ဟိုဟိုသည်သည် ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောသည်။ “ညီမပိုင်၊ ငါတို့က ဂိုဏ်းတစ်ဂိုဏ်းထဲမှာ အတူ ကျင့်ကြံခဲ့ဖူးလို့ ငါ သတိပေးနေတာ… မဟုတ်ရင် မင်း သေလိမ့်မယ်… မင်းရဲ့ အခု စကားတွေနဲ့ လုပ်ရပ်တွေက အန္တရာယ် သိပ်များတယ်… အတိတ်တုန်းကနဲ့ မတူတော့ဘူး… မင်းရဲ့ ပြောစကားမှန်သမျှကြောင့် သေသွားနိုင်တယ်… အရင်တုန်းက ကောင်းကင်နတ်အရှင်ဆယ်ပါး ရှိတဲ့အတွက် စကားပြောမှားတာ ဘာမှမဖြစ်ပေမယ့် အခုတော့ ကောင်းကင်နတ်အရှင်ဟောင်တစ်ယောက်တည်း ကျန်တော့တာ… ကောင်းကင်ဆရာသခင်တောင် စကားပြောမှားရင် သေရလိမ့်မယ်”
ပိုင်ယွီကျင့်က သက်ပြင်းချ၍ အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။
မုန့်ယွင်ကွေ့က ပန်းခက်များကို ကိုင်ကာ ပန်းဆက်ထိုးနေသည်။ ရုတ်တရက် သူ့နှုတ်မှ ရေရွတ်လိုက်မိသည်။ “ငါ့မှာ အိပ်မက် ရှိတယ်… ချီးပဲကွာ..”
ယွီချိန်ကျစ်သည် စိတ်အေးအေးထား၍ သူ၏နန်းဆောင်သို့ ပြန်လာခဲ့၏။ သူ့အတွက် စီစဉ်ပေးထားသည့် နန်းဆောင်တွင် သူလျှိုများဖြင့် ပြည့်နှက်နေသည်။ သူ၏လှုပ်ရှားမှုများကို အသေးစိတ် မှတ်တမ်းတင်ထားကြသဖြင့် မည်သည့်လျှို့ဝှက်ချက်မှ ဖုံးကွယ်ထား၍ မရချေ။
သူက စိတ်ထဲ မထားဘဲ ထိုနေရာ၌သာ တည်ငြိမ်အေးဆေးစွာ နေသည်။ သူတို့ တည်ခင်းဧည့်ခံသည်များကို စားသောက်၍ စိတ်အေးလက်အေး အိပ်စက်၏။
ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ဟောင်၏ နန်းတက်ပွဲအခမ်းအနားအတွက် ပြင်ဆင်နေရသောကြောင့် အလုပ်များနေသည်။
နန်းတက်ပွဲအခမ်းအနား ကျင်းပမည့်နေ့ကား အလွန် စည်ကားသိုက်မြိုက်နေသည်။ စကြ၀ဠာအတွင်း၌ ရှိသော ကမ္ဘာလောကအသီးသီးမှ အုပ်ချုပ်သူများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
နတ်ဘုရား ကြွမြန်းလာသည့် အဖြစ်အပျက်တို့က နေရာတိုင်းတွင် ထွက်ပေါ်နေကြသည်။ နတ်ဘုရားမများကလည်း ဖားဖားရားရားဝတ်ရုံရှည်များနှင့် ပွင့်ချပ်များ ကြွေကျလာသကဲ့သို့ ဆင်းသက်လာကြကာ ကောင်းကင်တွင် ပျံသန်းသွားလာနေကြသည်။
အစစ်အမှန် ပန်းပွင့်များလည်း နေရာတိုင်းတွင် လွင့်မျောပျံဝဲနေကြသည်။ နန်းတက်ပွဲသို့ လာရောက်ကြသော တန်ခိုးရှင်များက မြေပြင်ပေါ်တွင် လမ်းမလျှောက်ဘဲ ပန်းပွင့်ချပ်များ ပေါ်တွင်သာ လျှောက်လှမ်းလေသည်။
ကောင်းကင်နတ်ဘုံကို မီးအိမ်များဖြင့် အလှဆင်ထား၏။ စံအိမ်တိုင်းတွင် မီးအိမ်များ ချိတ်ဆွဲထားကြသည်။ မုခ်၀များကို စောင့်ကြပ်နေကြသည့် ကောင်းကင်သားရဲများမှာလည်း စိတ်အားတက်ကြွနေကြသည်။ နဂါးတစ်ကောင်က တိုင်တစ်လုံးကို ရစ်ပတ်ထားပြီး မီးငှက်တစ်ကောင်က သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားနေ၏။ ချီလင်တစ်ကောင်က ခမ်းနားတင့်တယ်သော အမူအရာဖြင့် တံခါးရှေ့တွင် ရပ်နေလေသည်။
နန်းတက်ပွဲကား စတင်ပြီ ဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူသည် ဧကရာဇ်ဝတ်ရုံဝတ်ဆင်ထားပြီး သရဖူတစ်ခု ဆင်မြန်ထားသည်။ အရာရှိများက သူကို ဂါဝရပြုကြ၏။
ကောင်းကင်နတ်အရှင်ဟောင်ကလည်း ဒူးထောက်၍ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကို ဂါဝရပြုလိုက်သည်။
အခမ်းအနားပြီးနောက် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက အမွေးတိုင်ထွန်းကာ ပူဇော်သည်။ သူက နန်းစွန့်မည့် မိန့်ခွန်း ပြောကြားပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်၏ ပါရမီနှင့် အကျင့်စရိုက်ကို ချီးကျူးပြီး ကောင်းကင်နတ်အရှင်ဟောင်အား ထီးနန်းဆက်ခံစေသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက ဧကရာဇ်သရဖူနှင့် ဧကရာဇ်ဝတ်ရုံကို ချွတ်လိုက်ပြီး ကျောက်စိမ်းလင်ဗန်းတစ်ချပ်ပေါ် တင်ထားလိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်က ထိတ်လန့်နေသော အမူအရာဖြင့် အကြိမ်ကြိမ် ငြင်းဆိုသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက နန်းစွန့်ရန် ဆုံးဖြတ်ပြီး သူအား ထီးနန်းလွှဲပြောင်းပေးရန် စီစဉ်၏။
ကောင်းကင်နတ်အရှင်ဟောင်က အကြိမ်ကြိမ် ဦးညွှတ်အရိုအသေပေးပြီးနောက် အမိန့်ကို ပြန်ရုတ်သိမ်းရန် တောင်းဆိုသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ထိုက်ချူက ကောင်းကင်နတ်အရှင်ဟောင်အား ထီးနန်းဆက်ခံရန် နောက်တကြိမ် အမိန့်ပေး၏။ ကောင်းကင်နတ်အရှင်ဟောင်က မြေပြင်ပေါ်တွင် ငိုကြွေး၍ ငြင်းဆိုနေသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဟောင်အာ၊ မင်း နန်းတက်တာကို မမြင်လိုက်ရဘဲ မင်းရဲ့ ခမည်းတော်ကို သေသွားစေချင်လို့လားကွ” ထို့နောက် ဧကရာဇ်ဓားကို ထုတ်ကာ သူ့ကိုယ်သူ သေကြောင်းကြံရန် ကြိုးစားတော့သည်။
အခမ်းအနား တက်ရောက်သူများမှာ ကပျာကယာ ရှေ့တက်သွားကြပြီး ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကို တားနေကြသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် ရုန်းမထွက်နိုင်သဖြင့် ဓားကို ပစ်ချကာ ပြော၏။ “မင်းတို့ ငါ့ကို နားချနေလို့ရော ဘာထူးမှာလဲ… ဧကရာဇ်အသစ်ကို ထီးနန်းဆက်ခံဖို့ နားချကြလေ”
အရာရှိများက ကောင်းကင်နတ်အရှင်ဟောင်ကို ဖြောင်းဖျကြသည်။ ကောင်းကင်နတ်အရှင်ဟောင်မှာ မြေပြင်ပေါ်တွင် လှဲ၍ ငိုကြွေးနေ၏။ သူတို့ နောက်တစ်ကြိမ် ဖြောင်းဖျရန် ကြိုးစားသည့်အခါမှာတော့ အငိုရပ်သွားသည်။ အရာရှိများက သူ့ကို ဆွဲထူ၍ နတ်ကောင်းကင်ခန်းမထဲရှိ ဧကရာဇ်ပလ္လင်ဆီသို့ ဆွဲခေါ်လာကြသည်။
ထိုက်ချူက ကောင်းကင်နတ်အရှင်ဟောင်အား သရဖူနှင့် ဝတ်ရုံကို ဝတ်ဆင်ပေးသည်။ ထို့နောက် တစ်လှမ်းချင်း ပြန်ဆုတ်သွား၏။
အရာရှိများသည် ဒူးထောက်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နာမည်ကို သံပြိုင်ရွတ်ဆိုကြလေသည်။
ထိုက်ချူလည်း ဒူးထောက်၍ ရွတ်ဆိုနေ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သက်ပြင်းချလိုက်သည်။ “ကျုပ်ရဲ့ ပါရမီတွေက လိုအပ်နေပါသေးတယ်…. အားလုံးရဲ့ ထောက်ပံ့ပေးမှုကြောင့်သာ တိုင်းပြည်က ငြိမ်းချမ်းနေတာပါ… တစ်လောကလုံး အေးချမ်းသာယာပြီး ပြည်သူပြည်သားတွေလည်း ချမ်းသာကြွယ်ဝစေရပါမယ်… သူပုန်တွေ မထကြွစေရပါဘူး…. အားလုံးပဲ ရှေ့ဆက်လျှောက်ရမယ့် နေ့ရက်တွေက ရှည်လျားဦးမှာပါ…. ငါကိုယ်တော် ယုံကြည်အားကိုးရတဲ့ အရာရှိတို့… ထပြီး နေရာမှာ ပြန်ထိုင်လို့ရပါပြီ”
အားလုံးလည်း ထရပ်၍ နေရာအသီးသီးတွင် ပြန်ထိုင်လိုက်ကြသည်။ နတ်ဘုရားမများက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး စားကောင်းသောက်ဖွယ်မျိုးစုံကို တည်းခင်းဧည့်ခံနေကြ၏။
ထိုအခိုက်အတန့်တွင် နတ်တပ်မှူးတစ်ယောက်က လျှောက်တင်သည်။ “တောင်ကောင်းကင်မုခ် ၀အပြင်မှာ လာရောက်အညံ့ခံတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိပါတယ် အရှင်မင်းကြီး”
နန်းတွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဆူညံသွားကြသည်။ အရာရှိအားလုံးက အချင်းချင်း တီးတိုးပြောနေကြလေသည်။
“ကောင်းကင်နတ်အရှင်မူက တကယ်ပဲ လာအညံ့ခံတာလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ရင်ထဲ လှုပ်ခတ်သွားပြီး ပြုံးလျက် မိန့်သည်။ “အညံ့ခံဖို့ လာတဲ့သူကို ငါ့ဆီ လွှတ်လိုက်ပါ”
မကြာမီ လက်များကို ကျောနောက်တွင် ကြိုးဖြင့် တုပ်နှောင်ထားသော အဝတ်ဗလာနှင့် ပုဂ္ဂိုလ်တစ်ဦး ရောက်လာသည်။ သူ၏ကျောတွင် ဆူးချွန်များ စိုက်ဝင်နေကြ၏။ သူသည် နန်းတွင်းထဲသို့ ဆွဲခေါ်လာခံရလေသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားမိသည်။၊ အရာရှိများက ထိပုဂ္ဂိုလ်ကို ကြည့်လိုက်ကြပြီး အံ့သြဝမ်းသာသွားကြသည်။
“အရှင်မင်းကြီး နန်းတက်တဲ့နေ့မှာ အရှေ့နတ်မင်းက လာအညံ့ခံတာပါလား… ဒါက နိမိတ်ကောင်းပဲ”
အားလုံး ဂုဏ်ပြုစကားပြောနေကြသည်။ အရှေ့နတ်မင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြည်လင်ပြတ်သားသောအသံဖြင့် လျှောက်တင်၏။
“အရှင်မင်းကြီးဟာ ပြည်သူပြည်သားတွေရဲ့ စိတ်ဆန္ဒကို ဖော်ဆောင်ပေးမယ့် မင်းမြတ်တစ်ပါး… ကျုပ် အမှားတွေ လုပ်ခဲ့မိတဲ့အတွက် လာအညံ့ခံတာပါ… ဟော့ဒီအပြစ်သားကို အပြစ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထရပ်လိုက်ပြီး အရှေ့နတ်မင်းဆီသို့ လျှောက်သွား၏။ သူက အရှေ့နတ်မင်း၏ နောက်ကျောမှ ဆူးချွန်တစ်ချောင်းကို ဆွဲထုတ်ကာ အကြိမ်အနည်းငယ် ရိုက်နှက်လိုက်သည်။ ထို့နောက် ဆူးချွန်ကို လွှတ်ပစ်၍ အရှေ့နတ်မင်းအား ဆွဲထူလိုက်သည်။
“မိုးပြာရောင်နဂါးအတွက် ဝတ်ရုံယူလာပေးစမ်း”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလျက် မိန့်သည်။ “နဂါးမင်း၊ ကျုပ်ကို အပြစ်မမြင်ပါနဲ့…. ခင်ဗျားကို ရိုက်လိုက်ရတဲ့ အကြောင်းအရင်းက အရင်က ခင်ဗျားဟာ ကျုပ်ရဲ့ ရန်သူဖြစ်ခဲ့ပြီး ဧကရာဇ်နေရာကို လိုချင်ခဲ့လို့ပဲ… ဒါကြောင့် ရိုက်လိုက်ရတာပါ… ဒါပေမဲ့ ခင်ဗျားအနေနဲ့ အပြစ်တွေကို သုံးသပ်နိုင်မယ်ဆိုတာ သိပါတယ်… ကျုပ် ခင်ဗျားရဲ့ ပါရမီကို လေးစားတဲ့အတွက် သင်ပုန်းချေပြီး ခင်ဗျားကို လက်ခံပေးလိုက်ပါမယ်”
အရှေ့နတ်မင်းသည် ရှိုက်ငိုရင်းဖြင့် လျှောက်တင်၏။ “ကျွန်တော်မျိုးကို မကွပ်မျက်တဲ့ အရှင်မင်းကြီးရဲ့ ကျေးဇူးကြွေးကို ဆပ်မကုန်တော့ပါဘူးခင်ဗျာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က တဟားဟား ရယ်လျက် သူ့အား ဝတ်ရုံဝတ်ပေးလိုက်သည်။ “ကျေးဇူးပြုပြီး ထိုင်ပါ”
အရှေ့နတ်မင်းသည် ဝင်ထိုင်၏။
ထိုက်ချူမှာ အနည်းငယ် မျက်မှောင်ကြုတ်နေသည်။ အရှေ့နတ်မင်း အညံ့ခံလာခြင်းက သူ ထင်မထားသည့်အရာပင်။ အရှေ့နတ်မင်းကား သူ့လူမဟုတ်လော။ ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေဖြင့် တစ်လောကလုံးကို ပေါင်းစည်းပြီးလျှင် အရှေ့ဝင်ရိုးစွန်းကို အနှေးနှင့်အမြန် တိုက်ခိုက်ပေလိမ့်မည်။ ထို့မတိုင်ခင်အထိ အရှေ့ကောင်းကင်နှင့် အရှေ့ဝင်ရိုးစွန်းက ထိုက်ချူ၏ ပိုင်နက် ဖြစ်သည်။
ယခုတွင် အရှေ့နတ်မင်းက အညံ့ခံလိုက်ပြီဖြစ်ရာ ထိုပိုင်နက်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်အောက်သို့ တိုက်ရိုက်ရောက်သွားတော့၏။
'ငါ သည်းခံရမယ်…’ ထိုက်ချူက စိတ်ထဲမှ တွေးနေသည်။
ရုတ်တရက် နတ်မှူးတစ်ဦးက ကျယ်လောင်စွာ လျှောက်တင်လိုက်ပြန်၏။ “သစ္စာဖောက်ကောင်းကင်နတ်အရှင်မူရဲ့ သံတမန် ယွီချိန်ကျစ်က အညံ့ခံစာ လာရောက်ဆက်သပြီး ကောင်းကင်နတ်ဘုံဆီမှာ အသနားခံနေပါတယ်”
သူ ထိုသို့ပြောလိုက်သည့်အချိန်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးနေပြီး ပျော်ရွှင်နေ၏။ သူက ထိုက်ချူကို တစ်ချက်လှမ်းကြည့်ကာ စိတ်ထဲမှ တွေးနေသည်။ ‘ကျွန်တော် နန်းတက်တဲ့ ပထမဦးဆုံးနေ့မှာတင် အောင်မြင်မှုတွေက ခင်ဗျားရဲ့ နှစ်သောင်းပေါင်းများစွာ အောင်မြင်မှုတွေကို ကျော်လွန်သွားပြီ… ခမည်းတော်၊ ခင်ဗျား ကျွန်တော့်ကို အနိုင်မယူနိုင်တော့ဘူး…ဧကရာဇ်ပလ္လင်က ကျွန်တော့်အပိုင် ဖြစ်နေပြီ”
ယွီချိန်ကျစ်က ခေါင်းငုံ့ထားလျက် ခန်းမထဲသို့ ဝင်ရောက်လာသည်။ သူ၏လက်များကို မြှောက်၍ အညံ့ခံစာကို ကိုင်ထားပြီး သူ၏ ခြေလှမ်းများက အလွန်တရာ နှေးကွေးနေသည်။ ထို့နောက် ဒုန်းခနဲ ဒူးထောက်လိုက်သည်။ “အရှင်မင်းကြီးခင်ဗျာ၊ နိမ့်ကျတဲ့ ကျွန်တော် ချင်မူက အရှင်မင်းကြီးရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်နတ်သိုင်းတွေကို မယှဥ်နိုင်တဲ့အပြင် ကောင်းကင်နတ်ဘုံရဲ့ ကျယ်ပြန့်တဲ့ စွမ်းအားကိုလည်း သိလိုက်ရပါပြီ…. အရှင်မင်းကြီးကို အနိုင်မယူနိုင်တဲ့အတွက် လာရောက်အညံ့ခံတာ ဖြစ်ပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထရပ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူနဲ့ ငါက ရန်သူတွေဆိုပေမယ့် သူ့ရဲ့ သတ္တိကိုတော့ လေးစားပါတယ်… ငါ့အတွက် ဒီလို လက်အောက်ငယ်သားမျိုးကို ပိုင်ဆိုင်ရတာက တစ်လောကလုံးကို ပိုင်ဆိုင်ရတာထက်တောင် ပိုပြီး ကောင်းမွန်ပါပေတယ်… အညံ့ခံစာကို တင်ပြစေ”
နန်းရင်းဝန်မင်းက စာလွှာကို ချက်ချင်း ယူလိုက်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ စိတ်အားတက်ကြွနေ၏။ “ဖတ်လိုက်”
၀န်မင်းက တခဏတုံ့ဆိုင်းနေပြီးနောက် စာလွှာကို ဖတ်လိုက်သည်။ နန်းတွင်းထဲရှိ အရာရှိများမှာ ချင်မူ့အညံ့ခံစာကို ကြားရပြီးနောက် ရယ်မောလိုက်ကြပြီး ပျော်ရွှင်နေကြတော့သည်။
ချင်မူ့စာထဲတွင် ပါဝင်သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကြွယ်ဝမှုများက သူတို့အားလုံးကို ပို၍ပင် စိတ်လှုပ်ရှားသွားစေပြီး မျက်လုံးများ အရောင်လက်လာစေသည်။
ကောင်းကင်နတ်အရှင်များပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကြွယ်ဝချမ်းသာမှုကြောင့် မလှုပ်ရှားမိဘဲ မနေပေ။ သူတို့အားလုံးက ဝေစုမည်မျှ ခွဲယူနိုင်မည်လဲ တွက်ချက်နေကြတော့သည်။
နန်းရင်းဝန်ကြီးသည် ချင်မူ ရေးထားသည့် ‘ကျွန်တော်နဲ့ အိပ်ပြီးပြီ’ ဟူသော စာကြောင်းကို မြင်လျှင် စိတ်ထဲ အတွေးပေါ်လာပြီး ကျော်ဖတ်ပေးလိုက်၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်ပြီး တွေးနေသည်။ ‘ဒီလူ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး လှုပ်ရှားတတ်သားပဲ... လန်ဝူကိုတော့ နှမြောမိတယ်’
နန်းရင်းဝန်ကြီးက စာလွှာကို ဖတ်ပြီးလျှင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ဆီသို့ ဆက်သသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အညံ့ခံစာကို ဘေးချကာ တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ စာအရေးအသားက ပြောင်မြောက်တယ်... ဒါကြောင့် အညံ့ခံစာလွှာကို ပွားပြီး ကျန်တဲ့ကောင်းကင်ဘုံတွေဆီ ဖြန့်ပေးသင့်တယ်လို့ ငါကိုယ်တော် တွေးမိတယ်... မောင်မင်းတို့အားလုံး လေ့လာကြည့်လို့ ရတာပေါ့ မဟုတ်ပေလား”
“အမြော်အမြင် ကြီးမားလှကြောင်းပါ” ညီလာခံတွင် ချီးကျူးသံများ ကျွတ်ကျွတ်ညံသွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အလွန်ပင် ဝမ်းသာနေပြီး ဝန်မင်းအရာရှိများနှင့်အတူ စားသောက်ပွဲကျင်းပ၏။ အခမ်းအနားပြီးနောက် ဝန်မင်းအရာရှိမင်းများအား ပြန်လွှတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ထိုက်ချူ၊ ထိုက်ကျိနှင့် ကောင်းကင်ယင်သားတော်တို့သာ ကျန်ခဲ့လေသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူက တိုင်းပြည်တစ်ပြည်လုံးနဲ့အတူ ငါ့လက်အောက်မှာ အညံ့ခံခဲ့တယ်... ဒါက သိပ်အရေးကြီးတဲ့ ကိစ္စမလို့ ရောင်ရင်းတို့ကို ပြန်မလွှတ်သေးတာပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်က အလျင်အမြန် လျှောက်တင်သည်။ “အရှင်မင်းကြီးက ယဉ်ကျေးလွန်းနေပါပြီ... ခု ကျွန်တော်တို့က အရာရှိမင်းအဆင့်ပဲ ရှိတော့တာပါ... တာအိုရောင်ရင်းလို့ မခေါ်ပါနဲ့တော့ ခင်ဗျာ... ကျွန်တော်မျိုးတို့ကို မိုးကောင်းကင်က အပြစ်ပေးစေချင်လို့လား... အရှင်မင်းကြီးအတွက် ကျွန်တော်တို့တွေ အသုံးတည့်သေးတယ်ဆိုရင် ဝန်မင်းလို့ ခေါ်ရုံနဲ့တင် ကောင်းချီးပေးရာ ရောက်နေပါပြီ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် မသိကျေးကျွံပြု၍ တုံ့ပြန်၏။ “နန်းစွန့်ဧကရာဇ် အာဏာရှိစဉ်တုန်းက ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ကို တာအိုရောင်ရင်းလို့ ခေါ်သေးတာပဲ ....”
ကောင်းကင်ယင်သားတော်က ရှေ့ထွက်လာကာ ကျယ်လောင်စွာ လျှောက်တင်သည်။ “အချိန်က မတူတော်ပါဘူးဘုရား... ဧကရာဇ်တစ်ပါး၊ နန်းစဉ်စနစ်တစ်ခုပါ... စနစ်ဟောင်းကို ဒီနေ့ခေတ်ရဲ့ နန်းတွင်းမှာ မကျင့်သုံးသင့်ကြောင်းပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မတတ်သာသည့်အလား မိန့်သည်။ “ဒါဖြင့်လည်း အဲဒီအတိုင်း ခေါ်တာပေါ့လေ... ငါ့ရဲ့ ဝန်မင်းတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်လိုပိုင်းခြားသင့်တယ်ထင်လဲ”
ကောင်းကင်နတ်အရှင်ဟွေ့က ဦးညွှတ်ကာ လျှောက်တင်သည်။ “အရှင်မင်းကြီး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူသားမျိုးနွယ်ပါ... ဒါကြောင့် ကျွန်တော့် တောင်ကောင်းကင်ရဲ့ တရားစီရင်မှုအောက်မှာ ရှိသင့်ပါတယ်.... ကျွန်တော်က လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်လည်း ဖြစ်ပါတယ်... နှစ်အနည်းငယ်လေးအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူပုန်တွေ ပုန်ကန်ချင်စိတ် မရှိတော့တဲ့အထိ ကျွန်တော် လေ့ကျင့်ထိန်းကျောင်းပေးနိုင်ပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အနိမ့်အမြင့်မရှိသော လေသံဖြင့် တုံ့ပြန်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကြွယ်ဝချမ်းသာတယ်.... မင်းက တစ်လုပ်တည်းနဲ့ ဗိုက်ပြည့်အောင် စားချင်တာလား”
ကောင်းကင်နတ်အရှင်ဟွေ့က တုံ့ပြန်သည်။ “အရှင်မင်းကြီး၊ လူသားမျိုးနွယ်က ကျွန်တော်နဲ့ သက်ဆိုင်ပါတယ်... ကျွန်တော်တို့ သဘောတူညီမှု လုပ်ခဲ့တယ် မဟုတ်လား...”
ကောင်းကင်ယင်သားတော်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ အတိတ်က အတိတ်၊ အခုက အခုပါ.... အတိတ်တုန်းက သဘောတူညီမှုကို အခုမှ သုံးလို့ ရရိုးလား... လောကကြီးမှာ မင်းတရားကြီးနဲ့ မသက်ဆိုင်တဲ့ မြေဆိုတာ မရှိဘူး.... စကြဝဠာတစ်ခုလုံးဟာ အရှင်မင်းကြီးနဲ့ သက်ဆိုင်တယ်”
ကောင်းကင်နတ်အရှင်အားလုံး မှုန်ကုပ်သွားကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့က လှောင်လိုက်လေသည်။ “ကောင်းကင်ယင်သားတော်၊ မင်း ဒီမှာ စကားပြောပိုင်ခွင့် ရှိလို့လား... မင်းနေရာမင်း ပြန်စမ်း”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ပြုံး၏။ “ဝန်မင်းဟွေ့ကို ပြောဖို့ မေ့နေတာ ထင်ပါရဲ့... ကောင်းကင်ယင်သားတော်က မင်တုနတ်မင်းတင် မဟုတ်တော့ပါဘူး.... သူ့ကို ကောင်းကင်နတ်အရှင်ယင်အဖြစ် တင်မြှောက်ဖို့ ငါ စိတ်ကူးထားတယ်”
ကောင်းကင်နတ်အရှင်ဟွေ့သည် အလွန်ဒေါသထွက်လွန်းသဖြင့် တဟားဟား ထရယ်လိုက်၏။ “အတိတ်တုန်းက ကောင်းကင်နတ်အရှင်တွေကို ကောင်းမှုကုသိုလ် ဆောက်တည်နိုင်စွမ်းအပေါ် မူတည်ပြီး အပ်နှင်းတယ်... နောက်ပိုင်းကျ အင်အားအပေါ် မူတည်လာတယ်... အခုတော့ ဖားနိုင်တဲ့သူက ကောင်းကင်နတ်အရှင် ဖြစ်လာပြီပေါ့လေ... သူနဲ့ အဆင့်အတန်း တူတူ ရှိနေရတာပဲ ရှက်မိတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ရယ်လိုက်လေသည်။ “ဝန်မင်းဟွေ့က စိတ်ဆတ်တုန်းပါပဲလား.... နည်းနည်းလေးမှ မပြောင်းလဲသွားဘူး ဟားဟားဟား... ကောင်းကင်ယင်သားတော်ကိစ္စကို ခဏ ဘေးဖယ်ထားကြတာပေါ့... ငါ ဒီနေရာရအောင် အားထုတ်ပေးခဲ့တဲ့ သူထဲမှာ ဝန်မင်းဟွေ့က ထိပ်ဆုံးကပါပဲ... မင်းကို ချီးမြှောက်တဲ့အနေနဲ့ တစ်ခွက် သောက်တာပေါ့”
ကောင်းကင်နတ်အရှင်ဟွေ့က ကမန်းကတန်း ထရပ်ကာ ခွက်ကို မြှောက်လိုက်သည်။ သူက ရှက်ရွံ့နေသည့်အလား လျှောက်တင်၏။ “ကျွန်တော် အကျင့် မပြောင်းသေးတဲ့အတွက် စိုးရွံ့မိပါတယ်... အရှင်မင်းကြီးအတွက် ရယ်စရာ ဖြစ်သွားတဲ့အတွက်လည်း တောင်းပန်ပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် တစ်ကျိုက်တည်း မော့သောက်ပြီးနောက် ခွက်ပြန်ချကာ ပြုံးလျက် တုံ့ပြန်၏။ “ငါက မင်းစိတ်ကို မသိစရာလား... မင်းနဲ့ ငါက တစ်အူထုံ့ဆင်း ညီအစ်ကိုတွေ မဟုတ်ပေမယ့် သွေးသားရင်းချာထက်တောင် သံယောဇဉ်ပိုပါသေးတယ်... ငါ့ပိုင်နက်တစ်ဝက်က မင်းအပိုင်ပဲပေါ့ကွာ”