ရည်ရွယ်ချက်ကို စတင်ခြင်း
Vol. 3 Ch. 213
စက်တင်ဘာလ ဖြစ်သည့်အတွက် ကျင်းမြို့တော်တွင် ကျောင်းတက်ရန် လာသည့် ကျောင်းသူ ကျောင်းသားများ ရှိနေသည်။
ချန်းဖန်သည် ဟူအို ကုမ္ပဏီမှ စပွန်ဆာ ပေးသောကားကို ငြင်းလိုက်ပြီး ကားမှတ်တိုင်သို့ လျှောက်လာခဲ့သည်။ ချန်ဖန် အဇူရာ သက်ရှည် စွမ်းအင်များကို လှည့်ပတ်ကာ အသွင်အပြင်ကို ပြောင်းလဲလိုက်သည်။ သူပိုင်ဆိုင်သော တာအို ခန္ဓာကိုယ်မှာ အလိုရှိသည့် ပုံစံသို့ ပြောင်းလဲနိုင်စွမ်း ရှိသည်။ ချန်ပေ့ရွှမ်း၏ မူလ အသွင်အပြင်မှာ နတ်တစ်ပါး အသွင်အပြင် ကဲ့သို့ အလွန် ချောမောလှသည်။ သို့သော်လည်း သူသည် သာမန်လူ အဖြစ်သာ နေလိုသည့် အတွက် သာမန်လူ အဖြစ်သို့ ပြောင်းလိုက်သည်။
ချန်းဖန်သည် သူ၏ ပတ်ပတ်လည်သို့ ကြည့်လိုက်သော အခါ ကျင်းမြို့တော် တက္ကသိုလ်၏ လမ်းညွှန် ဆိုင်းဘုတ် ကိုင်ထားသည့် လူတစ်ဦးကို တွေ့လိုက်သည်။
“ဟေး ညီလေး ... မင်း ကျင်းမြို့တော် တက္ကသိုလ်ကို သွားမလို့လား ...”
စီနီယာ တစ်ဦးက ချန်းဖန်ကို လာရောက် မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့။ စီးပွားရေး ကျောင်းပါ ...”ဟု ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“အား စီးပွားရေး ဟုတ်လား ... အဲဒီဘက်ကို သွားလိုက်”
ထိုစီနီယာသည် အေးစက်သည့် မျက်နှာဖြင့် အနားတွင်ရှိသည့် အဲကွန်းကားကို ညွှန်ပြလိုက်သည်။
အခြားကျောင်းသို့ သွားသည့် ဘတ်စ်ကား များသည် စီးပွားရေးဘက်သို့ သွားသည့် ကားများနှင့် မတူပေ။ စီးပွားရေး ကျောင်းသို့သွားသည့် ကားများမှာ ပိုမို သစ်လွင်ပြီး ပိုအဆင့် မြင့်သည်။ ထိုကားပေါ်ရှိ ကျောင်းသား ကျောင်းသူများသည် ဈေးအကြီးဆုံး အဝတ်အစားများ ဝတ်ဆင် ထားကြသည်။
“ကျေးဇူးပဲ ...” ချန်းဖန် ခေါင်းညိတ်လိုက်ပြီး ကားရှိရာသို့ လျှောက်သွားလိုက်သည်။ ကျင်းမြို့တော် တက္ကသိုလ်သည် တရုတ် တစ်ပြည်လုံးတွင် ရှိသည့် အကောင်းဆုံး တက္ကသိုလ် ဆယ်ခုတွင် တစ်ခု အပါအဝင် ဖြစ်သည်။ စစ်ဆေးသည့် စာမေးပွဲကို အမှတ် အကောင်းဆုံးဖြင့် အောင်မြင်သည့် ကျောင်းသားများနှင့် ပိုက်ဆံ တတ်နိုင်သူများသာ ထိုတက္ကသိုလ်ကို တက်ရောက်ခွင့် ရှိကြသည်။ အတိတ်ဘဝတွင် ချန်းဖန်၏ အမေသည် ချန်းဖန် စီးပွားရေး ကျောင်းကို တင်နိုင်ရန်အတွက် ငွေကြေးများစွာ ကုန်ကျခံ ခဲ့ရသည်။
ချန်းဖန် ကားပေါ်သို့ တက်သောအခါ အားလုံးက သူ့ကို ငေးကြည့်လိုက်သည်။ ထို့နောက် သူ့ကို အရေးမစိုက်ဘဲ သူတို့၏ သူငယ်ချင်းများနှင့်သာ စကားဆက်ပြော နေကြသည်။ ချန်းဖန်လည်း သူတို့နှင့် အပေါင်းအသင်း မလုပ်လိုပေ။ ကျောင်းသို့ လာရသည့် အဓိက ရည်ရွယ်ချက်မှာ ရှောင်ချုံးနှင့် တွေ့ဆုံရန် ဖြစ်သည်။ ကားစက် နှိုးပြီးနောက် ကားသည် တက္ကသိုလ်သို့ စတင် ထွက်ခွာလာသည်။ ချန်းဖန် ရင်းနှီးသည့် ပတ်ဝန်းကျင်ကို ကြည့်ကာ ယခင်ဘဝမှ သူနှင့် ရှောင်ချုံးတို့၏ အဖြစ်အပျက်များကို ပြန်လည် မြင်ယောင်လာသည်။
“ငါ သူနဲ့ ဒီပတ်ဝန်းကျင်မှာ အတူတူ ဖြတ်သန်းခဲ့တာပဲ ...”
“အဲဒီတုန်းက ငါငယ်ငယ် ရွယ်ရွယ်နဲ့ ရူးမိုက် ခဲ့တာပေါ့။ ငါတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ချစ်နေရင် ပြီးပြီလို့ တွေးခဲ့တာပေါ့ ...”
ချန်းဖန် တက္ကသိုလ် ဝင်ပေါက်ကို မြင်ရသည့် အချိန်တွင် ကားသည် ရုတ်တရက် ကွေ့လိုက်ပြီး အဆောက်အအုံ အသစ်ဆီသို့ မောင်းသွားသည်။ ယခု ချန်းဖန်တက်မည့် စီးပွားရေး ကျောင်းသည် သစ်လွင်ပြီး ခမ်းနားသည်။ တက္ကသိုလ် ဝင်ပေါက်အနီးတွင် တန်ဖိုးကြီးသည့် ဇိမ်ခံကားများစွာ ရပ်ထားသည်။
စီနီယာများသည် ကျောင်းသား သစ်များကို လာရောက် ကြိုဆိုကြပြီး ကျောင်းသား ရေးရာသို့ လမ်းညွှန် ပေးကြသည်။
ချန်းဖန်သည် သူတို့၏ အကူအညီ မယူဘဲ အဆောက်အအုံ အတွင်းသို့ ဝင်သွားလိုက်သည်။ သူသည် ထိုနေရာတွင် လေးနှစ် နေခဲ့ဖူးသည် ဖြစ်၍ နေရာတိုင်းကို ရင်းနှီး ကျွမ်းဝင်နေသည်။ ချန်းဖန်သည် သူ၏အခန်းသို့ တန်းသွားလိုက်သည်။ အခန်းသို့ ရောက်၍ တံခါးဖွင့်လိုက်သော အချိန်တွင် သူ၏ အခန်းဖော်က ရောက်ရှိနေပြီ ဖြစ်သည်။
“ဟိုင်း။ ငါ့နာမည် ချီဝမ်ဆန်းပါ”
အခန်းထဲတွင် ခုတင်လေးခု ပါသည်။ ခုတင်ပေါ်တွင် ထိုင်နေသည့် ပိန်ပိန်ပါးပါး ကောင်လေးက ချန်းဖန်ကို နှုတ်ဆက်လိုက်သည်။
ထိုကောင်လေးသည် စာအုပ်ထူကြီး တစ်အုပ်ကို လက်ထဲတွင် ကိုင်ထားသည်။ ချန်းဖန်သည် ထိုစာအုပ်ကို လှမ်းအကဲခတ် လိုက်ရာ ထိုစာအုပ်သည် အင်္ဂလိပ်စာအုပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ငါ့နာမည်က ချန်းဖန်ပါ ...”
“ငါအခန်းကို သန့်ရှင်းရေး လုပ်ထားပြီးပြီ ။ မင်းကြိုက်တဲ့ နေရာနေလေ”
“ငါက အသန့်ကြိုက်တဲ့ လူမလို့ပါ။ စိတ်မရှိပါနဲ့ ...” သူက ချန်းဖန်ကို ရယ်ရင်း ပြောလိုက်သည်။
“ကိစ္စ မရှိပါဘူး”
ထိုစဉ် အခြား အခန်းဖော် နှစ်ယောက်လည်း ဝင်လာသည်။ တတိယ အခန်းဖော်သည် ကျန်းမူဟု ခေါ်သည့် ဝသည့်လူငယ် တစ်ယောက်ဖြစ်ပြီး ရွန်းမြို့မှ ဖြစ်သည်။ သူကား အလွန်ပင် အစားကြီးသဖြင့် သူ၏ အတန်းဖော်များ ကပင် သူ့ကို ဖက်တီးဟု စနောက်ကာ ခေါ်ကြသည်။ ချန်းဖန် ယခုနေသည့် အဆောင်မှာ ကြီးမားပြီး သီးသန့် ရေချိုးခန်း ပါသည့် အိပ်ရာခန်း လေးခန်း၊ ဧည့်ခန်းတစ်ခန်း၊ ဆိုဖာ၊ ရေခဲသေတ္တာနှင့် အဲယားကွန်း ပါဝင်သည်။
“ဒီအိမ်ကလည်း ဟောင်းလိုက်တာ။ ငါတို့ အလုပ်သမား နေတာတောင် ဒီထက် သာသေးတယ်။ ရှောင်လန်း ... အဘွားမင်းကို ကျောင်းပြင်မှာ အခန်း ငှားပေးမယ်။ ဟေတန်ဟိုတယ် ဆိုရင်ရော ဘယ်လိုလဲ။ မင်းဒီလို နေရမှာကို အဘွားတွေးပြီး နေလို့ကောင်းမှာ မဟုတ်ဘူး ...” တစ်ကိုယ်လုံးကို တန်ဖိုးကြီး ရတနာများ ဆင်မြန်းထားသည့် အဘွားအိုက ရောက်သည့် အချိန်မှစ၍ အဆောင်အကြောင်း အပြစ်ရှာ ပြောနေသည်။
“အဘွား ကျွန်တော် အဆင်ပြေပါတယ် ...”
အရပ်ရှည်ပြီး ရုပ်ချောသည့် လူငယ်လေးသည် စိတ်ညစ် နေဟန်ဖြင့် ပြန်ပြောလိုက်သည်။
“မင်္ဂလာပါ။ မင်းတို့ကို နှောင့်ယှက်မိတဲ့ အတွက် စိတ်မကောင်းပါဘူး။ ငါက ချူကျန်းချင်ပါ။ ဒါကတော့ ငါ့သား ချင်ရီလန်းပါ။ သူ့ကို စောင့်ကြည့်ပေးမယ့် မင်းတို့တွေကို ကြိုပြီး ကျေးဇူးတင်ထား ပါရစေ ...”
ချန်းဖန်တို့ အားလုံးလည်း ခေါင်းညိတ်ရင်း ပြန်အရိုအသေ ပေးလိုက်ကြသည်။
ထိုစဉ်မှာပင် အလယ်အလတ် အရွယ် လူကြီးသည် လူအုပ်ထဲမှ ထွက်လာပြီး သူတို့ကို ပြောလိုက်သည်။
”နေ့လယ်စာ သွားစားကြရအောင်။ ငါကျွေးပါ့မယ် ...”
***
ချန်းဖန်တို့ တစ်သိုက် ကျင်းမြို့တော်တွင် ရှိသည့် စျေးအကြီးဆုံး စားသောက်ဆိုင်တွင် သွားလိုက်ကြသည်။ စျေးအလွန် ကြီးသည့် ဟင်းပွဲများသည် စားပွဲပေါ်တွင် ပြည့်နှက်နေသည်။
ချီဝမ်စင်းသည် ချန်းဖန်အနီးသို့ တိုးရင်း …
“ဒီတစ်နက်စာက ငါတို့တစ်နှစ်လုံး ကျူရှင်လခစာ ရှိတယ် ...” ဟု တိုးတိုးကပ် ပြောလိုက်သည်။ ထိုအချိန်မှာပင် အသက်လတ် အရွယ် လူကြီးသည် သူ့သား၏ အခန်းဖော် သုံးဦးကို စိတ်ထဲမှ အကဲခတ် နေသည်။
"ရှန်းမူက အရပ်ရှည်ပြီး ထွားတယ်။ သူက မြေကြီးကိုကြည့်ပြီး စိတ်ရှုပ်နေပုံ ရတယ်။ ဒါကြောင့် သူသည် သာမန် အလယ်အလတ် မိသားစုက ဖြစ်မယ်။
ချီဝမ်စင်းကတော့ စားသောက်ဆိုင် ထဲသို့ ဝင်လာကတည်းက ခုထိ သက်သောင့်သက်သာ ထိုင်နေတယ်။ သူက စျေးကြီးသည့် အစားအသောက်တွေကို မြင်နေရပေမဲ့ အံ့ဩပုံ မပေါ်ဘူး။
သူက အင်အားကြီးတဲ့ မိသားစုကပဲ ဖြစ်ရမယ်။ ဇိမ်ခံပစ္စည်းတွေ ကိုလည်း သုံးနေကျ ဖြစ်ရမယ်။ သူသားနဲ့ ပေါင်းဖို့ ထိုက်တန်တဲ့ လူပဲ” အန့်ချန်းချင် စိတ်ထဲတွင် တွေးတောနေသည်။
ချန်ဖန်မှာမူ မည်သည့် အစားအသောက်များကိုမှ မစားဘဲ ရေကိုသာ သောက်ရင်း တည်တည်ငြိမ်ငြိမ် ထိုင်နေသည်။ သူကား ဝိုင်ခွက်ကို ထိပင်မထိပေ။
“သူက အရမ်း စွမ်းအားကြီးတဲ့ မိသားစုက ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် ဦးနှောက် မရှိလို့ပဲ နေမယ် ...”
“ငါအတွေး လွန်နေတာပဲ နေမှာ ငါ့သားရဲ့ အခန်းဖော်က ဘယ်လိုလုပ် ချမ်းသာတဲ့ မိသားစုက ဖြစ်နိုင်မလဲ ...”
အန့်ချန်းချင်သည် စီးပွားရေးသမား ဖြစ်သည်။ သို့အတွက် သူသည် မည်သည်က သူ့အတွက် အကျိုးရှိသည် အကျိုးယုတ် သည်ကို ကောင်းစွာ သိရှိလေသည်။ သူသည် သူ၏ သားကိုလည်း အကျိုးရှိသည့် အလုပ်ကိုသာ လုပ်ရန် သင်ပြထားသည်။
နေ့လယ်စာ စားပြီးနောက် ချူမိသားစုဝင်များမှာ ကျောင်းမှ ပြန်သွားကြသည်။
ချင်ရီလန်းသည် ခုတင်ပေါ်တွင် ပစ်လှဲရင်း ရေရွတ်လိုက်သည်။
”နောက်ဆုံးတော့ သူတို့သွားပြီ။ ငါလွတ်လပ်ပြီ ...” သူက အိပ်ရာမှ ထကာ သူ၏အတန်းဖော်များကို ပြုံးရင်း ပြောလိုက်သည်။
“ဟေး ...မင်း ငါတို့ ကျောင်းထဲက အချောအလှ လေးတွေကို သိလား”
“အမ် ...” ကျန်းမူ စိတ်ရှုပ်သွားသည်။
“အား ငါပြောပြမယ်။ ငါတို့ကျောင်းက မိန်းကလေးတွေက တခြားကျောင်းက မိန်းကလေးတွေထက် ပိုဆွဲဆောင်မှု ရှိတယ်။ မင်း ငါတို့ကို လာကြိုတဲ့ စီနီယာ အစ်မကို တွေ့လား။ သူက အရမ်းကို ဖော်ရွေတယ်။ ပြီးတော့. ...“
ချင်ရီလန်းသည် ပျော်ရွှင်စွာနှင့် မိန်းကလေးများ အကြောင်းကို ပြောတော့သည်။
“ဆက်ပြော ကြနော်။ ငါလုပ်စရာ လေးရှိလို့”
ချန်းဖန် သူတို့ကို ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ အခန်းထဲမှ ထွက်ပြီးသည်နှင့် အဓိက ကျောင်းဆောင်ဆီသို့ သွားလိုက်သည်။
***