ဧည့်သည်ပါမောက္ခ
Vol. 3 Ch. 214
လတ်တလောတွင် စုကျောင်းတစ်ယောက် ကံဆိုးမှုများနှင့်သာ ကြုံတွေ့နေရသည်။ သူမ မဟာဘွဲ့ကို ရရှိပြီးသည်မှာ နှစ်နှစ်ခန့် ရှိနေပြီ ဖြစ်သည်။ နှစ်နှစ်တာ ကာလအတွင်း ငြီးငွေ့စရာ သုတေသန လုပ်ငန်းများကို လုပ်ကိုင်ရင်း သင်တန်းနည်းပြ ရာထူးတိုးမည့် အချိန်ကို စောင့်မျှော် နေခဲ့သော်လည်း အကြောင်း မထူးခဲ့ပေ။
ယခု သူမ၏ ရာထူးမှာ သင်ကြားရေး လက်ထောက်အဆင့်သာ ဖြစ်ပြီး တစ်လလျှင် ယွမ်ငွေ ထောင်ဂဏန်းသာ ရရှိသည်။ ထိုငွေမှာ သူမ၏ အသုံးစရိတ် အတွက်ပင် အလုံအလောက် မရှိချေ။ သူမ၏ အတန်းဖော် သူငယ်ချင်းများမှာ ကုမ္ပဏီများ၏ စီအီးအို၊ စီအက်အိုများ ဖြစ်နေကြပြီ ဖြစ်ပြီး ထိုသူများနှင့် ယှဉ်ပါက သူမ ရွေးချယ်ခဲ့သော လမ်းမှာ အမှန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
"ဒီစိတ်ဆင်းရဲစရာ ကောင်းတဲ့ဘဝက ဘယ်တော့မှ လွတ်မြောက်မှာလဲ"
စုကျောင်း တီးတိုးရေရွတ်ရင်း ခုံပေါ်မှောက်ကာ ငိုလိုက်မိသည်။ သူမဘေးတွင် ရှိနေသည့် ဆရာမများကလည်း သူမကို စာနာစွာ ကြည့်မိကြသည်။ စုကျောင်းမှာ ရာထူးတိုးရန် အတွက် အရည်အချင်း၊ အတွေ့အကြုံ အလုံအလောက် ရှိနေသည့် ကောင်မလေး ဖြစ်သည်။ သို့သော်လည်း သူမနှင့် ကျောင်း၏ လူကြီးပိုင်းကြားတွင် ပြဿနာတချို့ ရှိနေသောကြောင့်သာ သင်ကြားရေး လက်ထောက် အဆင့်၌ သောင်တင်နေရခြင်း ဖြစ်သည်။
"မိန်းကလေးစု ... နင်ကြားပြီးပြီလား။ ငါတို့ တက္ကသိုလ်က ဧည့်သည် ပါမောက္ခ တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်တဲ့”
စုကျောင်း အနားတွင် ထိုင်နေသည့် အသက်လတ် ဆရာမ တစ်ယောက်က သူမကိုကြည့်ရင်း ပြောလိုက်သည်။
"ဧည့်သည် ပါမောက္ခ..."
ထိုစကားက နားနေခန်း အတွင်းတွင် ရှိသည့် ဆရာ၊ ဆရာမများ အားလုံး၏ အာရုံကို ဖမ်းစား သွားသည်။ ပါမောက္ခများမှာ ကိုယ်ပိုင်ရုံးခန်း၊ ကွန်ပြူတာ၊ ဆိုဖာ စသည့် အသုံးအဆောင်များ ရကြသော်လည်း သင်တန်းနည်းပြ၊ သင်ကြားရေး လက်ထောက် စသည့် လူများမှာမူ ရုံးခန်း တစ်ခုကိုသာ အားလုံး စုပေါင်း၍ အသုံး ပြုကြရသည်။
"ဟုတ်တယ်.... ငါတို့ ဘိုင်အိုဌာန အတွက် ဧည့်သည် ပါမောက္ခ တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်တဲ့”
မျက်မှန် တပ်ထားသည့် သင်တန်းနည်းပြ တစ်ယောက်က ဝင်ပြောလိုက်သည်။
"အမှန်ပဲ ... အဲဒီ ဧည့်သည် ပါမောက္ခက ငယ်ရွယ် ချောမောရုံတင် မကဘူး။ ရွေးချယ်ခံ ကျောင်းသားနဲ့ အတန်းတစ်ခုလည်း ဖွင့်လိမ့်မယ်လို့ ကောလာဟလတွေ ကြားနေရတယ်”
အသက်လတ် ဆရာမက ဆက်ပြောလိုက်သည်။
"အဲဒီအတန်းက သိပ္ပံပညာနဲ့ ဆေးဝါး သုတေသနရဲ့ အနာဂတ်လို့တောင် ခေါ်နေကြတယ်”
ငယ်ရွယ်သော သင်တန်း နည်းပြများစွာမှာ ထိုစကားကြောင့် အံအား သင့်နေကြသည်။
"ရုပ်ချောတာက ဘာအသုံးကျလို့လဲ။ စားလို့ရလို့လား”
စုကျောင်းက သက်ပြင်း ချရင်း ဝင်ပြောလိုက်သည်။
ထိုခဏမှာပင် သူမတို့ရှိနေသည့် ရုံးခန်း၏တံခါး ပွင့်လာကာ ကျောင်း၏ အကြီးအကဲ တစ်ယောက် ဝင်ရောက် လာသည်။ သူ၏ ဘေးတွင်မူ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ပါလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
"အားလုံးပဲ ခဏလောက် နားထောင်ပေးပါ။ သူက ဘိုင်အိုဌာနရဲ့ ဧည့်သည် ပါမောက္ခအသစ် ပါမောက္ခချန်းပါ”
အကြီးအကဲ၏ မျက်နှာက ပန်းပွင့်နေသကဲ့သို့ ပြုံးရင်း မိတ်ဆက် ပေးလိုက်သည်။
"ပါမောက္ခချန်းက စစ်တပ်မှာ တာဝန် ထမ်းဆောင်နေတာလေ။ သူကို ကျင်းမြို့တော် တက္ကသိုလ်က ဖိတ်ခေါ်ထားတာ။ သူနဲ့တွဲပြီး အလုပ် လုပ်ရတာ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ”
သင်တန်း နည်းပြများနှင့် သင်ကြားရေး လက်ထောက်များစွာက ချန်းဖန်ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ကြသည်။
"သူက အသက် နှစ်ဆယ်တောင် ပြည့်သေးပုံ မပေါ်သေးဘူး။ သူက စာသင်ခံရမယ့် အရွယ်လေ။ ဘယ်လိုလုပ်ပြီး သူများတွေကို သင်ကြားနိုင်မှာလဲ”
"ဒါပေမဲ့ သူက ချစ်ဖို့ ကောင်းသားပဲ။ K-pop စတားတွေ ထက်တောင် ပိုပြီး ချောတယ်”
ဆရာမများစွာကလည်း ချန်းဖန်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ စုကျောင်းကလည်း ချန်းဖန်ကို အံ့အားသင့်စွာ ကြည့်မိသည်။ သူမက အလှအပနှင့် ပတ်သက်လျှင် ယုံကြည်မှု ရှိသည့်တိုင် ချန်းဖန်၏ အသွင်အပြင်ကိုကြည့်၍ အံ့အားသင့်မိသည်။
"စုကျောင်း ... စုကျောင်း..."
အကြီးအကဲ၏ ခေါ်သံကြောင့် စုကျောင်း တစ်ယောက် သူမ၏စိတ်ကို ပြန်လည် စုစည်း လိုက်သည်။
"ဒီနေ့ကစပြီး ပါမောက္ခချန်းရဲ့ သင်ကြားရေး လက်ထောက် အဖြစ် နင်လုပ်ရမယ်။ ကြားလား”
အကြီးအကဲက သူမကို ပြောလိုက်သည်။
"ဟုတ်... ဟုတ်”
စုကျောင်းတစ်ယောက် အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလိုက်သည်။
စုကျောင်းကို ပြောပြီးသည်နှင့် အကြီးအကဲမှာ ချန်းဖန်ကို ထားခဲ့ပြီး အခန်းထဲမှ ပြန်ထွက် သွားတော့သည်။ စုကျောင်းက ကပျာကယာထကာ ချန်းဖန်ကို သူမထိုင်ခုံ၌ ထိုင်စေသည်။ သူမ၏ ချန်းဖန်အပေါ် အပြုအမူကြောင့် သူမကို ပိုးပမ်းနေကြသည့် ဆရာများက ချန်းဖန်ကို မကြည်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။
"ပါမောက္ခချန်း ... ဒီလောက် ငယ်ငယ်လေးနဲ့ ပါမောက္ခ ဖြစ်နေတာ မယုံနိုင်လောက်အောင်ပဲ ထူးချွန်လှပါတယ်။ ဆရာက ဘယ်ကလာတာလဲ။ နောက်ပြီး လက်ရော ထပ်ပြီးပြီလား။ ဒါမှမဟုတ် ဆရာ့မှာ ကောင်မလေးရှိလား”
အသက်လတ် ဆရာမက ချန်းဖန်ကို အဆက်မပြတ် မေးခွန်းများ မေးလိုက်သည်။
"အစ်မလင်း ... ဒါက သိပ်ပြီး မသင့်တော်ဘူးနော်”
ချန်းဖန် ပြန်မဖြေရသေးခင်မှာပင် စုကျောင်းက အသက်လတ် ဆရာမကို ဝင်၍ ပြောလိုက်သည်။
"ကျွန်တော်က ချူကျိုးမြို့ကပါ။ လက်မထပ် ရသေးပါဘူး။ ဒါပေမဲ့ ကောင်မလေးတော့ ရှိပါတယ်”
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဖြလိုက်သည်။
"ပါမောက္ခချန်း ... ရှင့်ရဲ့ရုံးခန်းကို သွားကြမလား”
စုကျောင်း ချန်းဖန်ကို ကြည့်ရင်း မေးလိုက်သည်။ သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ရုံးခန်းထဲတွင် သက်ပြင်း ချသံများ ထွက်ပေါ်လာသည်။
"ဟူး ... ငါတို့ နတ်ဘုရားမလေးက အဲဒီကောင်ကို ကြွေနေတာတော့ မဟုတ်ပါဘူးနော်”
မျက်မှန်နှင့် ဆရာက ငြီးတွားရင်း ပြောလိုက်သည်။ စုကျောင်းမှာ အလွန် ရှားပါးသည့် မိန်းမလှလေး တစ်ယောက် မဟုတ်သော်လည်း ဤနေရာတွင်တော့ အတော်အတန် နာမည် ကြီးပေသည်။
"ဟမ့် ... သူက အသိုင်းအဝိုင်း ကောင်းလို့ ဒီနေရာကို ရတာပဲ ဖြစ်မယ်။ မဟုတ်ရင် သူ့ရဲ့ အသက်အရွယ်နဲ့ ဧည့်သည် ပါမောက္ခ ဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
တစ်ယောက်က ပြောလိုက်သည်။ ထို့နောက် သူက ဘေးသို့ လှည့်ရင်း ချောမောသည့် ဆရာ တစ်ယောက်ကို ကြည့်ရင်း မေးသည်။
"ဟန်တုန်းယု ... မင်းရောဘယ်လိုထင်လဲ”
ဟန်တုန်းယုမှာလည်း ဤနေရာတွင် ကျော်ကြားသော ဆရာတစ်ယောက် ဖြစ်ကာ နိုင်ငံခြား တက္ကသိုလ်မှပင် ဘွဲ့တစ်ခု ရခဲ့သည်။ သူတရုတ်နိုင်ငံကို ပြန်ရောက်ရောက်ချင်းမှာပင် သင်တန်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သိပ္ပံဂျာနယ် တစ်စောင်ကိုပင် စတင် ထုတ်ဝေခဲ့သည်။ သူကား တစ်ကျောင်းလုံးတွင် မဟုတ်လျှင်ပင် ဘိုင်အိုဌာန၏ စတား တစ်ယောက်ပင် ဖြစ်သည်။ ကောလာဟလများ အရဆိုလျှင် ဟန်တုန်းယုမှာ လက်ထောက် ပါမောက္ခ ဖြစ်ရန်ပင် အလှမ်း မကွာတော့ပေ။ လူတိုင်းက သူနှင့် စုကျောင်းကို လက်ဖက်ညီသည့် အတွဲဟု သတ်မှတ် ထားကြသည်။ ဟန်တုန်းယုက အမေးကို ပြန်မဖြေပဲ ပြုံးရုံသာ ပြုံးလိုက်သည်။
***
ထိုအချိန်တွင် ချန်းဖန်တို့မှာ ရုံးခန်းသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ စုကျောင်းက ကြီးမား ခန့်ညားသော ရုံးခန်းကို အံ့ဩတကြီးပင် ကြည့်သည်။ ထိုရုံးခန်းကား တက္ကသိုလ် အကြီးအကဲများ၏ ရုံးခန်းထက်ပင် ပိုမို ကြီးနေသေးသည်။
"ပါမောက္ခချန်း ... စာသင်ရမယ့် အခန်းနဲ့ တည်နေရာကို ကျွန်မ အကြောင်း ကြားပေးပါ့မယ်။ စာသင်ချိန်တွေက လွဲရင် ကျောင်းရဲ့ ကြိုက်တဲ့ နေရာကို လွတ်လပ်စွာ သွားလို့ရပါတယ်။ သုတေသန လုပ်တာတို့၊ ဓာတ်ခွဲခန်း အသုံးပြုတာ တို့မှာလည်း ကန့်သတ်ချက် မရှိပါဘူး”
စုကျောင်းက ချန်းဖန်ကို ရှင်းပြလိုက်သည်။
"အရမ်း ကောင်းတယ်”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြတင်းပေါက် အပြင်ကို ကြည့်ရင်းက ပြန်ပြောလိုက်သည်။ ချန်းဖန် ထိုနေရာတွင် ရပ်နေသော်လည်း သူ၏ စိတ်အာရုံကမူ တစ်နေရာ၌ စူးစိုက် နေသည်။ သူ၏ နတ်ဘုရား စိတ်အာရုံက အဝေးမှ ကျောက်စိမ်း အဆောင် တစ်ခုကို စစ်ဆေး နေခဲ့သည်။
ထိုကျောက်စိမ်း အဆောင်မှာ ဖန့်ချုံးကို သူပေးထားခဲ့သည့် အဆောင်လေးပင် ဖြစ်သည်။
"ရှောင်ချုံး အဲဒီနေရာမှာ ရှိနေတာ ဖြစ်ရမယ်။ အရင်တုန်းက ဒီကျောင်းကြီးထဲမှာပဲ ရှောင်ချုံးနဲ့ငါ တွေ့ဆုံခဲ့ပြီး သူမက ငါ့ကို အားလုံး ပြောင်းလဲပေးခဲ့တယ်”
ချန်းဖန် တစ်ယောက်တည်း တွေးနေမိသည်။
"ရှောင်ချုံးက စီးပွားရေး မေဂျာက ဖြစ်ပြီးတော့ သူမရဲ့ မိသားစုက ဆေးကုမ္ပဏီ တစ်ခု ပိုင်တယ်။ သူမကို ငါ့အတန်းအတွက် ရွေးချယ်ရမယ်”
ချန်းဖန် အစီအစဉ်များ ဆွဲနေမိသည်။ သူမကို ဖြည်းညင်းစွာ ချည်းကပ်ရန် လိုအပ်သည်။ သူနှင့် ရှောင်ချုံးမှာ လွန်ခဲ့သည့် နှစ်ငါးရာက အရမ်း ချစ်ခဲ့ကြသူများ ဖြစ်သော်လည်း ယခု အခြေအနေတွင်မူ သူစိမ်းများသာ ဖြစ်နေကြသည် မဟုတ်ပါလား...။ ထို့ကြောင့်ပင် သူမကို အဝေးမှ စောင့်ရှောက်ရင်း တဖြည်းဖြည်း နီးကပ်ရန် ကြိုးစားရမည် ဖြစ်သည်။
ချန်းဖန် နတ်ဘုရား စိတ်အာရုံကို ပြန်လည် ရုပ်သိမ်း လိုက်သည်။
"ဒီအချိန်က ငါ့ရဲ့ အတွေးအခေါ်တွေကို အကောင်အထည် ဖော်ဖို့ အချိန်ကောင်းပဲ”
ချန်းဖန် တီးတိုး ရေရွတ် လိုက်သည်။ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ဝင်ရောက်ပြီး ကတည်းက ယွင်ဝူတောင်ပေါ်မှ ချီစွမ်းအင်များမှာ သူ၏ တိုးတက်မှု အတွက် မထောက်ပံ့ ပေးနိုင်တော့ပေ။ သူ၏ ကျင့်စဉ် တိုးတက်ရေး အတွက် ဆေးများကိုသာ အဓိက အားကိုး ရလိမ့်မည် ဖြစ်သည်။ သူ၏ ကျင့်စဉ် တိုးတက်ရေး အတွက် ဝိညာဉ်ဆေးများစွာ လိုအပ် နေသေးသည်။ ဆေးနတ်ဘုရား တောင်ကြား ချိုင့်ဝှမ်းမှာ ဆေးပင်များ စိုက်ပျိုးရန် အသင့်တော်ဆုံး နေရာ ဖြစ်သည် သို့သော်လည်း လုံလောက်သော ချီစွမ်းအင်ကို မထောက်ပံ့ ပေးနိုင်သေးချေ။
ထို့ကြောင့် ကျင့်ကြံခြင်း နည်းစနစ်များနှင့် ခေတ်မှီ နည်းပညာများကို ပူပေါင်းကာ ဆေးပင် စိုက်ပျိုးနည်း စနစ်တစ်ခုကို သုတေသနပြုလုပ် စစ်ဆေးရန် ချန်းဖန် ဆုံးဖြတ်ခဲ့သည်။ သုတေသနများ ပြုလုပ်ရာ၌ တက္ကသိုလ်ထက် ပိုမို လုံခြုံ ကောင်းမွန်သည့် နေရာ ရှိလိမ့်မည် မဟုတ်ပေ။
ထိုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ဧည့်သည် ပါမောက္ခဟူသော ဂုဏ်ပုဒ်ကို သူလိုအပ်သည်။ ထို့ကြောင့်ပင် ယုချင်ကို ဖုန်းခေါ်ပြီး ဧည့်သည် ပါမောက္ခ နေရာအတွက် တောင်းဆို စေခဲ့သည်။ စစ်တပ်၏ တောင်းဆိုမှုကို တက္ကသိုလ်ကလည်း ကျေကျေနပ်နပ်ပင် လက်ခံခဲ့သည်။
***