အပိုင်း (၂၁၅)
Vol. 3 Ch. 215
ဓာတ်ကူ သွေးရည်ကြည် ငယ်ရွယ်ချောမောသော ဧည့်သည် ပါမောက္ခ တစ်ယောက် ဘိုင်အိုဌာနသို့ ရောက်သည့် သတင်းမှာ မကြာခင် တစ်ကျောင်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပါမောက္ခအိုကြီးများကမူ စိတ်ပျက်လက်ပျက် ခေါင်းကို ခါယမ်းမိကြသည်။ ဘိုင်အိုဌာန၏ ဧည့်သည် ပါမောက္ခဆိုသော ရာထူးမှာ အလွန်ပင် မြင့်မားသလို ဖိအားလည်း အလွန်များသည်။ နည်းပညာနှင့် ပတ်သက်၍ အတွေ့အကြုံ၊ ကျွမ်းကျင်မှုမရှိပဲ ထိုနေရာကို ရယူထားခြင်း ဆိုပါက ကျင်းမြို့တော် တက္ကသိုလ်၏ အဆင့်အတန်းမှာ ယခုထက်ပင် ကျဆင်း လိမ့်ဦးမည် ဖြစ်သည်။
စုကျောင်း ရုံးခန်းကို ပြန်ရောက်သည်နှင့် ဘူတိုင်းက သူမကို ဝိုင်းဝန်း မေးမြန်းကြသည်။
"စုကျောင်း ... ပါမောက္ခချန်းရဲ့ နောက်ကြောင်းကို နင်သိလား။ သူက အခြား တက္ကသိုလ် တစ်ခုကနေ ပြောင်းလာတာ လားဟင်”
"စုကျောင်း... သူနင့်ကို နမ်းလိုက်သေးလား”
"အစ်မစု ... ပါမောက္ခချန်းက သူများတွေ ပြောသလို တကယ် ချောတာလားဟင်”
စုကျောင်း အတွက်မူ ထိုမေးခွန်းများ အတွက် အဖြေမရှိပေ။
"ငါမသိဘူးလေ...။ ပါမောက္ခချန်းက အရမ်း စကားနည်းတယ်။ ဒါပေမဲ့ သူ့ကို ကြည့်ရတာ တစ်ခါမှ ဆရာ မလုပ်ခဲ့ဖူးဘူး ထင်တယ်။ သူ့ပုံစံက ကျောင်းသား တစ်ယောက်နဲ့တောင် ပိုတူ နေသေးတယ်”
သူမက စဉ်းစားရင်း သူမတွေးသမျှကို ပြောပြလိုက်သည်။
"ကျောင်းသားနဲ့ တူတဲ့ ပါမောက္ခ..."
အားလုံးက အထင်သေးစွာ ရေရွတ်ကြသည်။ စုကျောင်းမှာ သူမ စကား မှားသွားသည်ကို သိလိုက်သဖြင့် အလျင်အမြန် ထပ်ပြော လိုက်ရသည်။
"ဒါပေမဲ့ ... သူက သက်ရှိ သိပ္ပံပညာမှာတော့ တော်တော်လေး ကျွမ်းကျင်ပုံ ရတယ်။ သူက အရင်တုန်းက စစ်တပ်မှာ အလုပ် လုပ်ခဲ့တာလေ”
"စုကျောင်း နင်က တော်တော် ယုံလွယ်တာပဲ”
လက်ထောက် ပါမောက္ခ တစ်ယောက်က ခေါင်းကိုခါရင်း ဝင်ရောက် ပြောဆိုသည်။
"တွက်ကြည့်ရရင် သူက အသက် ဆယ့်လေးနှစ်မှာ တက္ကသိုလ် ပြီးခဲ့တာပေါ့။ အဲဒီလို ဆိုရင်တောင် PHD ဘွဲ့ရဖို့ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် လိုဦးမယ်။ သူ့အသက်က ခု ဆယ့်ခုနစ်နှစ် လောက်ပဲ ရှိသေးပုံရတယ် မလား။ သုတေသန လုပ်ငန်းတွေတောင် တစ်ခါမှ လုပ်ဖူးပုံ မပေါ်ပါဘူး”
"သိပ္ပံသုတေသန လုပ်ငန်းက အချိန်တွေ အများကြီး လိုတယ်။ မြင်းတစ်ကောင်လို ပြေးလွှားပြီး လုပ်မယ် ဆိုရင်တောင် အသေးဆုံး ပရောဂျက်က အနည်းဆုံး နှစ်နှစ်လောက် ကြာတယ်”
"ပါမောက္ခဟူ ပြေတာ အမှန်ပဲ” လူတိုင်းက ခေါင်းညိတ်ရင်း ထောက်ခံကြသည်။
"အဲဒီ ကလေးက သုတေသနကို တစ်ခါ ကွင်းဆင်း ဖူးသေးပုံ မရဘူး။ ဒီရာထူးကို ယူတာက
ရိုးသားခြင်းကို သစ္စာ ဖောက်တာနဲ့ အတူပဲ။ ရှက်ဖို့ ကောင်းလိုက်တာ”
အခြား ပါမောက္ခ တစ်ယောက်ကလည်း ဝင်ရောက် ပြောဆိုသည်။ ဟန်တုန်းယုကမူ အေးစက်စွာ ပြုံးရင်း သူ့အလုပ်ကိုသာ လုပ်နေခဲ့သည်။ သူ၏ အမြင်တွင် ချန်းဖန်က သူ၏ ပြိုင်ဘက် ဖြစ်ရန် မထိုက်တန်ပေ။
ဝေဖန်သံများကို နားထောင်ရင်း စုကျောင်း သက်ပြင်း ချလိုက်မိသည်။ ချန်းဖန်တွင် ကျွမ်းကျင်သည့် ဇီဝဗေဒ ပညာရှင် တစ်ယောက်၏ ဟန်ပန် မရှိပေ။ လူတိုင်း သံသယ ဝင်သည်မှာ မလွန်ဟုပင် ဆိုရပေမည်။
***
ချန်းဖန် သူ၏ ပုံစံကို သာမန် လူတစ်ယောက် ပုံစံ ပြန်ပြောင်းရင်း သူနေထိုင်သည့် အဆောင် ရှိရာသို့ ပြန်လာခဲ့သည်။
"ညီအစ်ကိုချန်း... မင်းပြန်လာပြီလား”
ကျန်းမူက ချန်းဖန်ကို နှုတ်ဆက်သည်။ ချီဝမ်စန်းကမူ အင်္ဂလိပ် စာအုပ် တစ်အုပ်ကို ခေါင်းစိုက်ရင်း အလုပ် ရှုပ်နေပုံရသည်။ ချန်းဖန် သူ၏ ခုတင် ရှိရာနေရာသို့ သွားကာ လှဲချလိုက်သည်။ ထို့နောက် မျက်လုံးများကို ပိတ်ရင်း အနာဂတ် အကြောင်းကို စဉ်းစားခန်း ဖွင့်လိုက်သည်။
"ကျင်းမြို့တော်က ဝိညာဉ်ချီ ပြည့်ဝတဲ့ တောင်တန်းတွေ၊ မြစ်တွေရဲ့ အလယ်မှာ ရှိနေတယ်။ ယွင်ဝူတောင်ထိပ်လို နေရာတစ်ခု ဒီမှာ ရှာတွေ့ရင် ကောင်းမယ်။ အဲဒီလို ဆိုရင် ချီစုဆောင်းခြင်း အစီအရင် တစ်ခု ခင်းကျင်းလို့ ရမှာ။ ချီစုဆောင်းခြင်း အစီအရင်ကို ခင်းကျင်းဖို့ အတွက်က ဧက တစ်ဆယ်ကျော်လောက် လိုတယ်”
"ငါ့မှာက ဆေးပင်တွေကို မြန်မြန်ကြီးစေနိုင်တဲ့ ယီသစ်သားချီ ရှိတယ် ဆိုပေမဲ့ အားလုံးကို ပံ့ပိုးနိုင်ဖို့က အခက်အခဲ ရှိတယ်။ ငါ့မှာသာ ဓာတ်ကူသွေးရည် ရှိရင် ကောင်းမယ်။ အဲဒါက ဝိညာဉ် ဆေးပင်တွေ ကြီးထွားဖို့ ကောင်းကောင်း ထောက်ပံ့ ပေးနိုင်တယ်။ ဓာတ်ကူသွေးရည်ကြည် အတွက် ဘာတွေလိုလဲ..."
ချန်းဖန် သေချာ ပြန်စဉ်းစား လိုက်သည်။ အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာတွင် ဆိုလျှင် ဝိညာဉ် ဆေးပင်များကို ရှင်သန် ကြီးထွားစေနိုင်သည့် နည်းလမ်းပေါင်း မြောက်များစွာရှိပြီး အရိုးရှင်းဆုံး နည်းလမ်းမှာ ပတ်ဝန်းကျင်မှ ချီစွမ်းအင်များဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ သာမန် သေမျိုး ကမ္ဘာတွင် နှစ်ထောင်ချီကြာမှ ဝိညာဉ်ဆေးပင် အဖြစ်သို့ ရောက်နိုင်သော်လည်း ကျင့်ကြံခြင်း ကမ္ဘာတွင်မူ အချိန်များစွာ မလိုအပ်ပေ။ အင်မော်တယ် ကမ္ဘာတွင်ဆိုလျှင် အပင် ကြီးထွားခြင်းကို မြှင့်တင်ပေးသည့် သွေးရည်ကြည်များကို အတော်များများက အသုံးပြုကြသည်။
သို့သော် ကမ္ဘာမြေတွင်မူ ထိုသွေးရည်ကြည် ဖော်စပ်ရန် လိုအပ်သည့် အရာများက မရှိသလောက်ပင် ဖြစ်သည်။
"ဓာတ်ကူသွေးရည်ကို ဖန်တီးဖို့အတွက် လိုအပ်ချက်တွေက အရမ်းကို များလွန်းတယ်။ ယွင်ဝူဝိညာဥ်ရေ လိုဟာမျိုးပဲ သူက လူသားတွေရဲ့ ခန္ဓာကိုယ် အတွက်လည်း အသုံးဝင်တယ်။ ယွင်ဝူရေကို ဓာတ်ကူ သွေးရည်ကြည် နေရာမှာ အစားထိုး သုံးနိုင်ပေမဲ့ အပင် အများကြီး အတွက် သုံးနိုင်ဖို့က မလုံလောက်ဘူး...။
ဓာတ်ကူ သွေးရည်ကြည်ကို ဖန်တီးတာက ငါ့အတွက် ပိုပြီး လက်တွေ့ ကျတယ်။ ဓာတ်ကူ သွေးရည်ကြည်ကိုသာ အောင်အောင်မြင်မြင် ဖန်တီးနိုင်မယ် ဆိုရင် တစ်နေ့ကို တန်နဲ့ချီပြီး ထုတ်လုပ်နိုင်မှာ”
"သွေးရည်ကြည်ကို ချီစွမ်းအင် စုဆောင်းခြင်း အစီအရင်နဲ့ ယီသစ်သားချီ နှစ်ခုကို ပူးပေါင်းပြီး ထုန်လုပ်ရမယ်။ အဲဒီလိုဆို နှစ်ထောင်ချီ ဆေးမြစ်တွေ အဆင့် ရောက်တဲ့အထိ ကြီးထွားဖို့ အတွက် ဆယ်နှစ်လောက်ပဲ လိုတော့မှာ”
ချန်းဖန် စိတ်ထဲမှ သေချာ တွက်ချက် နေခဲ့သည်။ ထို့နောက် ခေါင်းကို ဘယ်ညာ ခါယမ်းမိသည်။
"ကံမကောင်းတာက သွေးရည်ကြည်က ကျင့်ကြံခြင်း ကမ္ဘာက ဝိညာဉ်ချီတွေ လောက်မှ အစွမ်း မထက်ဘူး။ ကျင့်ကြံခြင်း ကမ္ဘာမှာဆိုရင် သာမန် ဆေးပင်တွေတောင် ခဏလေးနဲ့ အမြန်ဆုံး ကြီးထွားနိုင်တယ်။ သာမန်လူ တစ်ယောက်ဆိုရင်တောင် ပတ်ဝန်းကျင်က ချီစွမ်းအင်တွေရဲ့ အကျိုး သက်ရောက်မှုကြောင့် နှစ်ပေါင်းများစွာ ထိတောင် အသက်ရှင် နုပျိုနိုင်တယ်လေ။ ငါသာ ကျင့်ကြံခြင်း ကမ္ဘာမှာဆိုရင် ရွှေအမြုတေ အဆင့်ကို သုံးနှစ်အတွင်း ရောက်နိုင်တယ်”
ချန်းဖန် သူ၏ လက်ရှိ အခြေအနေကြောင့် ခေါင်းခါယမ်းမိသည်။ ထိုနေရာများကို မည်သည့် အချိန်မှ ရောက်နိုင်လိမ့်မည်မှန်း သူမသိပါ။
ယခုကမ္ဘာပေါ်တွင်သာ ရှိနေသေးသောကြောင့် ကမ္ဘာပေါ်တွင် ရှိသည့် အရာများကိုသာ သူအသုံး ပြုရလိမ့်မည် ဖြစ်သည်။
အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် တည်ဆောက် နိုင်ခဲ့ခြင်းမှာ သူ့အတွက် အလွန် ကံကောင်းသည်။ အရင်းအမြစ်များ ရှားပါးသည့်တိုင် ထိုခန္ဓာကိုယ်နှင့် ဆိုလျှင် လိုအပ်သည့် ဆေးများကို ဘေးထွက်ဆိုးကျိုးများ မပါဝင်ပဲ သူထုတ်လုပ် နိုင်လိမ့်မည် ဖြစ်သည်။
"ဓာတ်ကူသွေးရည်ကြည်က ကျင့်ကြံခြင်း ချီစွမ်းအင်တွေ တင်လိုတာ မဟုတ်ဘူး။ သိပ္ပံ နည်းစနစ်တွေလည်း လိုသေးတယ်။ ကမ္ဘာကြီးရဲ့ သိပ္ပံပညာက ငါ့လုပ်ငန်းနဲ့ ကိုက်ညီမှု ရှိလောက်တယ်”
ကျင်းမြို့တော် တက္ကသိုလ်၏ ဘိုင်အိုဌာနမှာ တရုတ်နိုင်ငံရှိ ဘိုင်အိုဌာနများတွင် အဆင့်ငါး ချိတ်သည်။ ထို့ကြောင့်ပင် အဆင့်မြင့် အကူပစ္စည်းများ ရှိသော ကျောင်း၏ ဓာတ်ခွဲခန်းမှာ သူ့အတွက် အလွန် အသုံးဝင်သည်။
"ငါ့ရဲ့ စမ်းသပ်မှုပြီးရင် ဌာနရဲ့ အဆင့်ရပ်တည်မှု မြင့်တက် လာမလား ကြည့်ရ သေးတာပေါ့လေ”
ချန်းဖန် တီးတိုး ရေရွတ်လိုက်သည်။
သူ၏ အစီအစဉ်က စိတ်ကူးယဥ် ဆန်သည့်တိုင် လက်တွေ့ကိုသာ အခြေခံထားသည်။ ဝိညာဉ်သစ်ပင် စိုက်ပျိုးခြင်း လုပ်ငန်းမှာ အမှန်ပင် အလုပ် များလွန်းသည်။ ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ အရွက်ဖြတ်ခြင်း စသည့် လုပ်ငန်းများကို အချိန်မှန်စွာ လုပ်ကိုင်ဖို့ လိုသလို၊ ရောဂါ ကွာကွယ်ခြင်း၊ ရောဂါပိုး နှိမ်နင်းခြင်း၊ အစာကျွေးခြင်း သည့်လုပ်ငန်းများလည်း ရှိသေးသည်။ ထို့ပြင် ထိုလုပ်ငန်းများကို လုပ်ကိုင်ရန် အတွက် အလုပ်သမားများစွာကို အုပ်ချုပ်ရန်လည်း ရှိနေသေးသည်။ လုပ်ငန်း အားလုံးကို တစ်ယောက်တည်း လုပ်ကိုင်ရန် သူ့တွင် အချိန်မရှိပေ။ ဆေးနတ်ဘုရား တောင်ကြားမှ အာခီမီ ပညာရှင်များကို ခေါ်ယူပြီး ထိုလုပ်ငန်းများကို လုပ်ကိုင်စေရန် ချန်းဖန် တွေးမိသည်။
"ငါ ဆေးနတ်ဘုရား တောင်ကြားကနေ မထွက်ခွာခင်တုန်းက ဆေးပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရေးပြီး သူတို့ကို ပေးခဲ့သေးတယ်။ တကယ်လို့ သူတို့သာ ကြိုးကြိုးစားစား လေ့လာမယ် ဆိုရင် တော်တော့်ကို တိုးတက် နေလောက်ပြီ။ သူတို့က ပါရမီပါတဲ့ လူတွေ ချည်းပဲလေ... "
"ဓာတ်ကူ သွေးရည်ကြည်ကို ဖန်တီးဖို့က ပြဿနာ ရှိနေတုန်းပဲ။ အဲဒီ သွေးရည်ကြည်တွေ ဖန်တီးဖို့ အတွက် ငါ့မှာ အာခီမီ ပညာရှင်တွေ ရှိပေမဲ့ ဇီဝဗေဒ ပညာရှင်တွေတော့ ငါ့မှာ မရှိသေးဘူး”
ချန်းဖန် အိပ်ရာထက်တွက် လူးလှိမ့်ရင်း သက်ပြင်း ချမိသည်။ အခက်အခဲ များကား အလွန်ပင် များပြား လွန်းသည်။ ယခုအတိုင်း ဆိုလျှင် ရွှေအမြုတေ အဆင့်ကို ရောက်ရန် ဆယ်စုနှစ်ပေါင်း များစွာ လိုအပ် ပေလိမ့်မည်။
"ဆယ်စုနှစ်တွေ အများကြီး ဖြုန်းတီးဖို့ ငါ့မှာ အချိန်မရှိဘူး။ ရှောင်ချုံးကို ငါကာကွယ်နိုင်ဖို့ အတွက် ငါမြန်မြန် သန်မာသင့်တယ်..."
ချန်းဖန် အကူအညီ ကင်းမဲ့စွာ ခေါင်းခါလိုက်ပြန်သည်။
"ငါက အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ရပြီးပြီဆိုတော့ စစ်တပ်တစ်ခုနဲ့ ထိပ်တိုက် တွေ့တာက လွဲရင် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အသက် ရှင်နိုင်လိမ့်မယ်။ ငါ့မှာ အချိန်တွေ ရှိပါသေးတယ်”
ချန်းဖန် ကိုယ့်ကိုယ်ကိုယ် ပြန်လည် နှစ်သိမ့် လိုက်သည်။ သူဂိုဏ်း တစ်ဂိုဏ်းကို ထူထောင်ကာ တပည့်အချို့ လက်ခံရန် တွေးလိုက်မိသည်။ သူ့အခြေအနေများ ပိုမို ကောင်းမွန် လာစေရန် တပည့်အချို့ လိုအပ်သည်ဟု ခံစားလာရသည်။ ချန်းဖန် ဝူရှန့်ဟယ်တို့ကို ပညာရပ် အချို့ သင်ပေး ခဲ့သော်လည်း ထိုအရာများမှာ အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ ပညာရပ်များ မဟုတ်ပေ။
တာအိုဟူသည် ဘယ်တော့မှ လွယ်ကူစွာ မလာပေ။ သူပင်လျှင် အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ တရားဝင် တပည့် ဖြစ်ရန် နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရသည်။
ချန်းဖန် တွေးတောနေစဉ်မှာပင် ချင်ရီလန်းက အရပ်ရှည်ရှည်၊ ဆွဲဆောင်မှုရှိသည့် မိန်းကလေး တစ်ယောက်ကို ခေါ်ဆောင်ကာ အခန်းတွင်း ဝင်လာခဲ့သည်။ သူ၏ မျက်နှာက ပြုံးရွှင်ကာ ပန်းပွင့် နေခဲ့သည်။
"ဟေး... ညီအစ်ကိုတို့။ ခဏလောက် နားထောင်ဦး။ ငါနဲ့ ငါ့ကောင်မလေးမှာ မင်းတို့နဲ့ ဆွေးနွေးစရာ နည်းနည်း ရှိတယ်”
***