← Chapters

ချန်းဟိုင်ရွှမ်း၏ ဂုဏ်ယူမှု

Vol. 3 Ch. 217

ချန်းဟိုင်ရွှမ်း၏ ဂုဏ်ယူမှု

Vol. 3 Ch. 217

ထိုသို့ဖြင့် ချန်းဖန်သည် သူ၏ တက္ကသိုလ် ကျောင်းသားဘဝကို သာမန်ဆန်စွာ စတင် ခဲ့တော့၏။

ချင်ရီလန်းနှင့် ချင်းလုလုတို့မှာ လျင်မြန်စွာ ချစ်ကြိုက်သွားကြပြီး ကျန်းမူမှာလည်း သူငယ်ချင်းများ၏ ‌ကူညီမှု‌ဖြင့် ပန်းလီ၏ ဖုန်းနံပါတ်ကို ရရှိခဲ့သည်။ သူက ရှိသမျှ သတ္တိအားလုံးကို ပုံအော၍ ပန်းလီထံ စာတစ်စောင် ပို့ခဲ့သော်လည်း တုံ့ပြန်မှု မရခဲ့ချေ။ ချီဝမ်စန်းမှာမူ စာသင်နှစ်ဝက် တစ်ခု အတွင်းမှာပင် အင်္ဂလိပ်၊ သင်္ချာ၊ စာရင်းကိုင် ပညာနှင့် စာရင်းအင်း ပညာ အားလုံးကို တက်ရောက် သင်ယူခဲ့သည်။

"ငါက အင်္ဂလိပ်စာနဲ့ သင်္ချာမှာဆို အမြဲတမ်းလိုလို အမှတ်ပြည့် ရတယ်လေ။ ဒါပေမဲ့ တရုတ်ဘာသာမှာတော့ ငါက တော်တော်လေး အားနည်းတယ်။ အမြဲတမ်း အမှတ် နှစ်ဆယ်လောက်ပဲ ရတာ..."

ထိုစကားကို ချီဝမ်စန်းက သူ၏ မျက်မှန်ထူကြီးကို ပင့်တင်၍ နှာခေါင်းကို ပွတ်ကာ အမြဲလိုလို ပြောတတ်သည်။

လူတိုင်းက သူ့စကားကို မယုံကြည်သည့်တိုင် ချီဝမ်စန်းမှာ ဉာဏ်ကောင်းသည့် လူတစ်ယောက် ဖြစ်ကြောင်းကိုမူ အားလုံးက လက်ခံထားသည်။ အထက်တန်း ကျောင်းကို အင်္ဂလိပ်စာမှတ် အမြင့်ဆုံးဖြင့် အောင်မြင်ခဲ့ပြီး ကျောင်းဟိုင် တက္ကသိုလ်၊ အမျိုးသား တက္ကသိုလ်စသည့် တရုတ်နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များကပင် သူ့ကို ဖိတ်ခေါ်ခဲ့သည်။

သို့သော်လည်း ချီဝမ်စန်းမှာ ထိုတက္ကသိုလ်များကို မရွေးချယ်ပဲ ကျင်းမြို့တော် တက္ကသိုလ်၏ လက်အောက်မှ သာမန် စီးပွားရေး ကျောင်းလေးကိုသာ ရွေးချယ်ခဲ့သည်။ သူက ထိုအကြောင်းကို အခြား လူများအား မကြာခဏ ရှင်းပြလေ့ ရှိသည်။

ချန်းဖန်၏ အကြောင်းကိုမူ မည်သူမျှ ရေရေရာရာ မသိကြပေ။ ချန်းဖန်မှာ မနက် လင်းသည်နှင့် အခန်းမှ ထွက်သွားပြီး နေဝင် မိုးချုပ်မှသာ အမြဲလိုလို ပြန်ရောက် လာတတ်သည်။ သူ မည်သည့် အရာများ လုပ်ကိုင်နေကြောင်းကိုမူ မည်သူမျှ မသိကြချေ။

***

"ကျင်းမြို့တော် အနီးအနားက မြေနေရာတွေကိုတော့ ငါလေ့လာပြီးပြီ။ ဒီတစ်ဝိုက်မှာ ချီစုဆောင်းခြင်း အစီအရင် တစ်ခု ဆောက်ဖို့ အတွက် မြေနေရာ ကောင်းကောင်း ရှိတာ‌ပဲ..."

ချန်းဖန် မိုးမျှော်တိုက်ကြီး တစ်ခု၏ ခေါင်မိုးပေါ်တွင် ရပ်ကာ အရောင်အသွေး စုံလင်သော မြို့ကြီးကို အပေါ်မှစီး၍ ကြည့်နေခဲ့သည်။

ကျင်းမြို့တော်ထဲတွင် အစိမ်းရောင် နဂါးဟုခေါ်သော ရေကန်ကြီး တစ်ခုရှိကာ ကျင်းမြို့တော် တစ်ဝက်ခန့်ပင် ကျယ်သည်။ အရှေ့အရပ်ရှိ တောင်တန်းများမှ အစပျိုးလာသော ထိုရေကန်ကြီးမှာ ကျဉ်းမြောင်း ရှည်လျားပြီး နဂါးတစ်ကောင်ကဲ့သို့ တည်ရှိနေခဲ့သည်။

"ရေကန်ရဲ့ အစပိုင်းမှာက ချီစွမ်းအင်တွေ အတော်လေး ထူထပ်တယ်လို့ ပြောလို့ရတယ်။ ဒီနေရာက ငါ့အတွက် ကျင့်ကြံဖို့ အတော်လေး သင့်တော်တယ်..."

ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။

ရေကန် အစပျိုးသည့် အရှေ့ဘက် တောင်တန်းဒေသမှ အိမ်များမှာ အလွန် တန်ကြေး မြင့်မားပြီး သာမန် အိမ်တစ်လုံးပင် သန်းဆယ်နှင့်ချီကာ တန်ကြေးရှိသည်။ ပိုမို ကောင်းမွန်သော အိမ်များမှာမူ သန်းရာချီတန်ကာ ချမ်းသာပြီး ရာထူး ကြီးမားသည့် လူများသာ နေထိုင်ကြသည်။ ချန်းဖန်၏ အဘိုး ချန်းဟန်ရွှမ်းမှာလည်း ထိုနေရာတွင် နေထိုင်လျက် ရှိသည်။

"ငါပြန်လာတည်းက အဘိုးကို ခုထိ မတွေ့သေးဘူး။ သူ့ရောဂါကို ကုပေးဖို့ လုပ်ရဦးမှာပဲ..."

ချန်းဖန် သူ့အဘိုးအကြောင်း တွေးလိုက်မိသည်။

သူ့တွင် အမတေ စွမ်းအင် တိုးမြှင့်ခြင်း ဆေးဝါးများ မဖန်တီးရသေးသော်လည်း ယီသစ်သားချီ စွမ်းအင် ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်ရာ သူ့အဘိုးကို ကယ်တင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

"အရှေ့တောင်တန်းမှာ ငါ့ရဲ့လုပ်ငန်းတွေ လုပ်သင့်တယ်။ ဒီနေရာထက် ပိုကောင်းတဲ့ နေရာ ဒီအနား တစ်ဝိုက်မှာ မရှိဘူး။ အဲဒီနေရာမှာ ဆူဆူညံညံတွေ မရှိသလို၊ ဆေးပင်တွေ စိုက်ပျိုးဖို့ အတွက်လည်း သင့်လျော်တယ်။ နောက်ပြီး တောင်တန်းတွေက အစီအရင် ခင်းကျင်းဖို့ အတွက် အရမ်း သင့်တော်တယ်..."

ချန်းဖန် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ် လိုက်ပြီးနောက် ‌အရှေ့တောင်တန်း ဒေသရှိ သူ့အဘိုး ရှိရာသို့ ထွက်လာ ခဲ့တော့သည်။

***

"ရှောင်ဖန် ... မင်းပြန်ရောက်နေတာ ဘာလို့ မပြောတာတုန်း..."

ချန်းဖန်ကို တွေ့သည်နှင့် ချန်းဟိုင်ရွှမ်း၏ မျက်နှာက အပြုံးများနှင့် ပြည့်နှက် လာခဲ့သည်။ ချန်းဖန်မှာ ချန်းမိသားစု၏ ရှားပါး‌သည့် နဂါးလေး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ဝက်က ဖြစ်ပျက်ခဲ့သော ကိစ္စများ အပြီးတွင် သူတို့၏ ချန်းမိသားစုမှာ လျင်မြန်စွာ တိုးတက် လာခဲ့သည်။

ထိုသို့သော ပြောင်းလဲမှုများမှာ ချန်းဖန်ကြောင့် ဖြစ်ကြောင်း ချန်းဟိုင်ရွှမ်း ကောင်းကောင်း နားလည် သဘော ပေါက်သည်။ ထိုနေ့က များစွာသော သူဌေးများ၊ အရာရှိများမှာ ချန်းဖန်ကို လေးလေးစားစား လာရောက် တွေ့ဆုံခဲ့သည့် အကြောင်းကို သူယခုထိ မှတ်မိ နေသေးသည်။

"အဘိုး ... နေကောင်းရဲ့လား..."

ချန်းဖန်က သူ၏ နတ်ဘုရား စိတ်အာရုံကို သုံးကာ စစ်ဆေးရင်း ချန်းဟိုင်ရွှမ်းကို မေးလိုက်သည်။ သူ့အဘိုး၏ ကင်ဆာရောဂါ အခြေအနေက သိပ်ပြင်းထန်ပုံ မရသေးပေ။

"ငါတော်တော်လေး ကောင်းလာပါတယ်။ မင်းပေးတဲ့ ကောင်းကင်ရေရော၊ အခြား ဆေးတွေကိုရောပါ ပုံမှန် သောက်တယ်လေ။ အဲဒါကြောင့် ခုအခြေအနေထိ တိုးတက် လာတာပေါ့..."

ချန်းဟိုင်ရွှမ်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။ ချန်းဟိုင်ရွှမ်းက သူ့မြေးငယ်နှင့် ပြန်လည် ဆုံစည်း ခဲ့ခြင်းကြောင့် အတော် ပျော်နေပုံရသည်။

"ကျွန်တော် ခုပြန်လာတာက အဘိုးကို ကု‌သ ပေးမလို့လေ။ အဘိုးရဲ့ ခန္ဓာကိုယ်ထဲက ရောဂါ ဒီနေ့မှာ လုံးဝ ပျောက်သွား စေရမယ်..."

ချန်းဖန်က ပြုံးရင်း ပြောပြလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်..."

ချန်းဟိုင်ရွှမ်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူ၏ ချန်းဖန်၏ စကားကြောင့် အတော်လေး စိတ်လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။

"အာ ... ဘယ်သူ ရောက်နေတာလဲလို့။ ချန်းဖန် မြေးအတွက် အဘွား ဘာချက်ပေးရမလဲ..."

ချန်းဖန်၏ အဘွားက အခန်းထဲ ဝင်လာသည်နှင့် ချန်းဖန်ကို တွေ့မြင် လိုက်ရသောကြောင့် အံ့အား သင့်သွားပုံရသည်။ သူမက ချန်းဖန်၏ မိခင်ကြောင့် ချန်းဖန်ကို သဘော မကျသော်လည်း သူ့မြေး၏ လွှမ်းမိုး နိုင်စွမ်းကိုမူ နားလည်သည်။

"ကျေးဇူးပဲ ... အဘွား..."

ချန်းဖန်က ပြန်ပြောရင်း ခေါင်းညိတ်လိုက်သည်။

"ရှောင်ဖန်... နင်ကျောင်းပြေး‌တာ များနေတယ်လို့ ကူရှင်းက ငါ့ကို တိုင်ထားတယ်နော်..." ချန်းဟိုင်ရွှမ်းက ချန်းဖန်ကို ရေနွေး တစ်ခွက်ကို လှမ်းပေးရင်း ပြောလိုက်သည်။

"ဟုတ်တယ် အဘိုးရဲ့။ စစ်တပ်မှာ အလုပ်တစ်ခု လုပ်နေရတာနဲ့ ကျောင်းသိပ် မတက်ဖြစ်ဘူး...."

ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မင်းက စစ်တပ်မှာ ဗိုလ်ချုပ်တောင် ဖြစ်နေပြီလို့ သတင်း ကြားလိုက်တယ်။ အဲဒါရော ဟုတ်လား..."

ချန်းဟိုင်ရွှမ်းက သိချင်စိတ် ပြင်းပြစွာ မေးသည်။ ချန်းဖန်က ခဏမျှ စဉ်းစားပြီးနောက် အေးဆေးစွာပင် ပြန်ဖြေ လိုက်သည်။

"အမှန်ပဲ ... ခုတစ်လောကပဲ ဗိုလ်ချုပ်အဖြစ် ကျွန်တော် ရာထူး တိုးသွားခဲ့တာလေ..."

ချန်းဖန်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။ ချန်းဖန်၏ စကားကြောင့် ချန်းဟိုင်ရွှမ်း၏ လက်တုန် သွားကာ လက်ထဲရှိ ရေနွေးခွက်ထဲမှ ရေများပင် ဖိတ်စင် ကျသွားသည်။

"ဟား ... ဟား ... ဒီအတိုင်းဆိုရင် ငါတို့ ချန်းမိသားစု တကယ်ပဲ မင်းလက်ထဲကို ရောက်တော့မှာပဲ။ ငါတို့ မိသားစုကို စိန်ခေါ်ရဲတဲ့သူ ဘယ်သူမှ ရှိတော့မယ် မထင်ဘူး..."

အဘိုးအိုက ရယ်မောရင်း ပြောလိုက်သည်။ သူ့မြေးငယ်၏ အောင်မြင်မှု များမှာ သူ၏ အောင်မြင်မှု ဖြစ်သည့် အပြင် ချန်းမိသားစု တစ်ခုလုံး၏ အောင်မြင်မှု ဆိုလျှင်လည်း မမှားပေ။ ထို့အတွက် ချန်းဖန်၏ အောင်မြင်မှုများကို သူဂုဏ်ယူ ဝမ်းမြောက်သည်။ သူအသက် မသေခင် ယခုကဲ့သို့ အဖြစ်အပျက်များ ကြုံတွေ့ ခဲ့ရခြင်းမှာ အလွန်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ သူ့မြေးငယ်ကား မထင်ရလောက်အောင်ပင် ထူးချွန်လွန်းသည်။ ယခုကဲ့သို့ ငယ်ရွယ်သည့် အချိန်တွင်ပင် ကြီးမားသော အောင်မြင်မှုများ ရရှိနေခဲ့ပြီ ဖြစ်သည်။

"ကျင်းမြို့တော်ရဲ့ ချန်းမိသားစုက ချန်းဖန်ကြောင့် ကမ္ဘာ တစ်ခုလုံးအထိ ကျော်ကြား လာတော့မှာပဲ..."

အဘိုးအိုက ခေါင်းကို‌ညိတ်ရင်း တွေးတောလိုက်သည်။ သူ၏ မျက်နှာတွင် ကျေနပ်ခြင်း၊ ကြည်နူးခြင်း၊ ဂုဏ်ယူခြင်းများက ဖုံးကွယ်၍ မရနိုင်အောင် ပေါ်လွင် နေခဲ့တော့သည်။

"အဘိုး... အဘိုးကို မေးစရာ တစ်ခုရှိတယ်..."

ချန်းဖန်က အလေးအနက် မေးလိုက်သည်။

"အရှေ့ တောင်တန်းတွေရဲ့ အတွင်းပိုင်းမှာ ဘာတွေ ရှိနေလဲ သိလားဗျ..."

"အရှေ့တောင်တန်း ချိုင့်ဝှမ်းကို ပြောတာလား..."

အဘိုးအိုက စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး မျက်နှာက အနည်းငယ် သုန်မှုန် သွားသည်။ ထိုခဏတွင်ပင် သူ၏မျက်နှာမှ ကျေနပ် နှစ်သိမ့်သည့် အပြုံးများကလည်း အငွေ့ ပျံသကဲ့သို့ ပျောက်ကွယ် သွားခဲ့သည်။

***

All Chapters