နေ့ချင်းညချင်း ပြောင်းလဲသွားသည့် ခံစားမှုများ
Vol. 01 Ch. 29
ဟူကျူရှင်းသည် ထန်ရှု၏ သရော်တော်တော်စကားများအား ကြားရသည့်အခါ ခုန်ထွက်ပြီး အော်ငေါက်ပစ်ရန် မူလက ရည်ရွယ်ခဲ့သည်။ သို့သော် ဝေ့ကျန်တိုက် ထွက်လာသည့်အတွက် ဟူကျူရှင်းသည် မည်သို့မျှ မတတ်နိုင်တော့ဘဲ သူ၏ဒေါသများအား မျိုသိပ်ကာ အခြားတစ်ဘက်တွင် မတ်တတ်ရပ်လျက် ဒေါသဖြင့် ကြည့်နေသည်။
ထန်ရှုသည် အလွန်အကျွံမလုပ်မိစေရန် သူ၏ဒေါသများအား ရင်ထဲတွင် သိမ်းဆည်းထားလျက် စာမေးပွဲမေးခွန်းများ ဖြေဆိုရန် စတင်လိုက်သည်။ ဆရာအယောက်၃၀ကျော်မှ ဝန်းရံကာ စောင့်ကြည့်နေကြသော်လည်း ထန်ရှုသည် မည်သို့မျှ စိတ်လက်မသက်မသာမဖြစ်ဘဲ တိမ်တိုက်များနှင့် ရေများအကြားတွင် စီးဆင်းနေသကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် တစ်ရွက်ပြီးတစ်ရွက် ဖြေဆိုနေပေသည်။ တစ်ခုသိထားရမည်မှာ ထန်ရှုသည် အင်မော်တယ်လောကတွင် ဆေးဝါးဖော်စပ်ခြင်းသင်ခန်းစာများ ပို့ချခဲ့စဉ်အခါက ထောင်ပေါင်းများစွာသော မျက်ဝန်းအစုံတို့၏ အာရုံစူးစိုက်စွာ ကြည့်ခြင်းကို ခံရဖူးသောကြောင့် သူသည် လစ်လျူရှုကာ ဘာမှမမြင်သကဲ့သို့ပင် နေနိုင်ပေသည်။ ထန်ရှုသည် ရုံးခန်းထဲရှိ ဆရာအယောက်၃၀အား လစ်လျူရှုထားနိုင်သော်လည်း ဆရာများကမူ ထန်ရှုအား လစ်လျူမရှုနိုင်ပေ။
ထန်ရှုသည် စဉ်းစားခြင်းပင်မရှိဘဲ စက္ကန့်အနည်းငယ်အတွင်းနှင့်ပင် မေးခွန်းများအား ဖြေဆိုနေသည်ကို တွေ့ရသော ဆရာအများစုသည် မျက်ခုံးများပင့်လျက် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်မိကုန်ကြသည်။
“ဟမ့်… မင်းက ဘယ်လိုဟန်ဆောင်ရမလဲဆိုတာ တကယ်သိတာပဲ။ ဒီဘာသာတွေကို သင်နေတဲ့ဆရာတွေတောင်မှ အခုမေးခွန်းတွေက ဖြေဖို့မလွယ်မှန်း သိကြတယ်။ မင်းက ဒါကို အမြန်ဖြေနိုင်တယ်ဆိုတေ့ာ ဒါဟာ အဓိပ္ပ ာယ်မရှိဘူး မဟုတ်လား။” ထန်ရှု၏လှုပ်ရှားမှုကို ကြည့်ပြီး ဟူကျူရှင်းသည် မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။
“ဆရာဟူ… ကျောင်းသားထန်ရှု စာမေးပွဲဖြေနေတဲ့အချိန်မှာ အနှောင့်အယှက်မပေးပါနဲ့။ အဲ့လိုမှမဟုတ်ရင် ကျွန်မတို့ ရှင့်ကို အခန်းအပြင်ထွက်ဖို့ ပြောရလိမ့်မယ်။” ဟူကျူရှင်း၏စကားဆုံးခါနီးတွင် ဟန်ကျင်းဝူသည် စိတ်မရှည်စွာဖြင့် ဒေါသတကြီး သတိပေးလိုက်သည်။
ဟန်ကျင်းဝူ၏ဒေါသကို မြင်ရသည့် အခြားဆရာများသည်လည်း ဟူကျူရှင်းနှင့်ခံစားချက်တူညီစွာဖြင့် ပြောမိတော့မည့်စကားများအား ပြန်လည်မျိုချလိုက်ကြပြီး ထန်ရှု ဖြေဆိုနေသည်ကို တိတ်ဆိတ်စွာဖြင့် ကြည့်ရုံသာတတ်နိုင်တော့သည်။
ဟန်ကျင်းဝူ၏စကားသည် ဟူကျူရှင်းအား ဒေါသတကြီး ဖြစ်သွားစေသည်။ အခြားဆရာများသာ ယခုကဲ့သို့ ပြောဆိုပါက ဟူကျူရှင်းသည် ရူးသွပ်စွာပင် တုံ့ပြန်မိပေလိမ့်မည်။ ယခုမူ သူ ရင်ဆိုင်နေရသည်မှာ ဟန်ကျင်းဝူ ဖြစ်နေသောကြောင့် ငြိမ်သက်ပေးနေရုံမှတစ်ပါး မတတ်နိုင်ပါချေ။
စာသင်နေသည့်ကာလတလျှောက်လုံးတွင် ဟန်ကျင်းဝူ၏အကျင့်စရိုက်အား ဟူကျူရှင်း သတိထားမိသည်။ ဆရာမဟန်သည် ထိုကဲ့သို့ အော်ဟစ်ဆူပူတတ်သည့်သဘာဝမျိုးမရှိဘဲ ဣန္ဒြေသိက္ခာရှိပြီး ကြင်နာတတ်သောသူဖြစ်သည့်အပြင် သမာသမတ်ကျသူတစ်ယောက်လည်းဖြစ်သောကြောင့် ဟူကျူရှင်းသည် ဟန်ကျင်းဝူအား ကလန်ကဆန် သိပ်မလုပ်ဝံ့ပါချေ။ ထို့ကြောင့် ဟန်ကျင်းဝူ၏ဒေါသအား မြင်တွေ့ရသောအခါ သူ၏စကားအား ရပ်လိုက်ပြီး ထန်ရှုနှင့်ဟန်ကျင်းဝူတို့ ဟာသအလုပ်ခံရမည်ကို စောင့်နေပေသည်။
မိနစ်၂၀ကြာသောအခါ သင်္ချာမေးခွန်းလွှာအား ထန်ရှု ဖြေဆိုပြီးသွားခဲ့သည်။ လပတ်စာမေးပွဲတွင် ထန်ရှု၏စာမေးပွဲဖြေနှုန်းသည် အလွန်မြန်သည်ဟု သူတို့ သိထားကြသော်လည်း အလွန်ခက်ခဲသည့် သင်္ချာမေးခွန်းအား ဖြေဆိုရန် ထန်ရှုသည် နာရီဝက်သာ အသုံးပြုသည်ကို မြင်ရသောအခါ တတိယနှစ်ဆရာများသည် ထန်ရှု၏အမြန်နှုန်းအား တုန်လှုပ်သွားကြရသည်။
ထန်ရှုသည် သင်္ချာအဖြေလွှာအား ဘေးတစ်ဖက်သို့ ချထားလိုက်သည်နှင့် ဟူကျူရှင်းသည် ချက်ချင်း ကောက်ယူလိုက်သည်။ ထို့နောက် သူ ရှည်ကြာစွာ ပြင်ဆင်ထားခဲ့သော သရော်လှောင်ပြောင်မည့်စကားများအား အဆင်သင့်ပြောနိုင်စေရန်အတွက် ပါးစပ်ပြင်ထားလိုက်သည်။
ပထမမေးခွန်းများဖြစ်သည့် ပေးထားသည့်အထဲမှ့နှစ်သက်ရာရွေးချယ်ဖြေဆိုရသောမေးခွန်းများအား ကြည့်မိသောအခါ ဟူကျူရှင်း၏လည်ပင်းတွင် ငါးအရိုးစူးသကဲ့သို့ ခံစားလိုက်ရပြီး သည်းမခံနိုင်လောက်သော နာကျင်မှုကြောင့် မျက်နှာပင် နီရဲလာခဲ့သည်။
သူသည် အဖြေလွှာစာရွက်အား မယူလိုက်မီက သင်္ချာမေးခွန်းထဲရှိ အဆိုပါ ရွေးချယ်မှုမေးခွန်းများအား ဖြေဆိုထားကြည့်ပြီး အဆိုပါမေးခွန်းများမှာ အလွန်ခက်ခဲကာ လှည့်ကွက်များစွာပါရှိသည်ကို သူ သိခဲ့သည်။ အနည်းငယ် ဂရုမစိုက်မိပါက၊ အခြေခံမပိုင်ပါက အမှားလုပ်မိရန် အလွန်ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ဟူကျူရှင်းသည် သည်မေးခွန်းများအား ထန်ရှုဖြေဆိုသည်မှာ လုံးဝမှားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့ပါသော်လည်း ထန်ရှုသည် အံ့သြရသည့်အထိ မေးခွန်းများအား အကုန်လုံး ဖြေဆိုထားခဲ့သည်။ ပြန်တွေးကြည့်မည်ဆိုပါက ဟူကျူရှင်းသည် ထိုမေးခွန်းများအား ဖြေဆိုရန်အတွက် ၅မိနစ် အချိန်ယူခဲ့ရပြီး အဖြေမမှားအောင် သေချာ ဂရုစိုက်ခဲ့ရသည်။ ထို့အတွက် ထန်ရှုသည် စက္ကန့်ပိုင်းမျှနှင့် အားလုံးမှန်အောင် ဖြေဆိုနိုင်ခဲ့ခြင်းအပေါ် ယုံကြည်ရန်အတွက် ဟူကျူရှင်း၏နှလုံးသားမှာ ငြင်းဆန်နေခဲ့သည်။
စတုတ္ထမေးခွန်း… မှန်သည်။
ပဉ္စမမေးခွန်း… မှန်သည်။
နောက်ဆုံးမေးခွန်းအား ဖတ်ပြီး အဖြေအားလုံးသည် သတ်မှတ်ထားသော စံချိန်မီအဖြေများနှင့် တစ်ထပ်တည်းတူညီနေသည်ကို တွေ့လိုက်ရသေ ဟူကျူရှင်းသည် မိုးကြိုးအပစ်ခံရသူသကဲ့သို့ မျက်နှာသည် လုံးဝကို ဖြူဖျော့သွားလေတော့သည်။
ဝေ့ကျန်တိုက်သည် ဟူကျူရှင်းအား အကြိမ်ပေါင်းများစွာ ခေါ်နေပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိသောကြောင့် ပဟေဠိ ဖြစ်ခဲ့ရပြီး သူ၏လက်ထဲမှ အဖြေလွှာများ ယူဆောင်သွားခဲ့သည်။ ဝေ့ကျန်တိုက်သည် ကျောင်းအုပ်ကြီးဖြစ်သော်လည်း စီမံအုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူခဲ့သည် ကြာပြီဖြစ်သောကြောင့် ဟူကျူရှင်းကဲ့သို့ စာရွက်ကြည့်ရုံမျှဖြင့် မှန်သည်၊ မှားသည်ဟု မသိနိုင်ပေ။ သို့သော် သူ၏လက်ထဲတွင် သတ်မှတ်ထားသော စံချိန်မီအဖြေများအား ကိုင်ဆောင်ထားပြီး ထန်ရှု၏အဖြေလွှာများအား အစမှ အဆုံးသည့်တိုင်အောင် ၁၀မိနစ်ကျော်ကြာ ဂရုတစိုက် သေချာစွာ စစ်ဆေးခဲ့သည်။ နောက်ဆုံးတွင်တော့ အဖြေများကို ဖတ်ပြီးနောက် ဟူကျူရှင်း ကျောက်ရုပ်သဖွယ် ဘာကြောင့် ဖြစ်ခဲ့ရသည်ကို သူ နားလည်ခဲ့ရပေသည်။ သည်အချိန်တွင်မတော့ ဝေ့ကျန်တိုက်၏ရင်ထဲတွင် ကျေနပ်နှစ်သိမ့်တို့ခြင်းနှင့်အတူ ရှက်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်းစသည့် ခံစားချက်တို့ ရောပြွမ်းနေပြီး ပူလောင်ဆူပွက်နေသကဲ့သို့ဖြစ်သည်။
“ထန်ရှုရဲ့သင်္ချာအဖြေတွေက အကုန်မှန်တယ်။ သည်မေးခွန်းလွှာအတွက် သူ အမှတ်ပြည့်ရတယ်။” တတိယနှစ်ဆရာများ၏စူးစမ်းသောအကြည့်တို့အား ဝေ့ကျန်တိုက်သည် ခပ်တိုးတိုးပြောကာ အဖြေပေးလိုက်သည်။ ထိုစကားအား ပြောပြီးလျှင်ပြောပြီးချင်း ဝေ့ကျန်တိုက်သည် အားနည်းကာ အိုစာသွားသကဲ့သို့ ခံစားလိုက်ရပြီး အဖြေလွှာအား သူ့ဘေးနားမှဆရာအား လှမ်းပေးလိုက်သည်။
ဝေ့ကျန်တိုက် သူ၏သင်္ချာအဖြေလွှာအား စစ်ပြီးကာနီးအချိန်တွင် ထန်ရှုသည် အသုံးချသိပ ္ပံ
စာမေးပွဲအား ဖြေဆိုမှုပြီးခဲ့သည်။ ဆရာများအားလုံးသည် ပထမဆုံးစစ်ရသော ဆရာဖြစ်ချင်သောကြောင့် အလုအယက် ဖြစ်နေကြသည်။ သင်္ချာစာမေးပွဲတွင် အမှတ်ပြည့်ရသွားသောကြောင့် ရုံးခန်းထဲရှိလူတိုင်းသည် ထန်ရှု၏ အသုံးချသိပ္ပံစာမေးပွဲအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့ကြသည်။
အချိန်တိုအတွင်းတွင် ထန်ရှု၏ အသုံးချသိပ္ပံစာမေးပွဲအဖြေလွှာစာရွက်အား အကုန်စစ်ပြီးသွားခဲ့ရာ အဖြေအားလုံး မှန်ကန်နေသောကြောင့် အမှတ်ပြည့် ထပ်ရခဲ့ပြန်သည်။
ထို့နောက် အင်္ဂလိပ်ဘာသာ စာမေးပွဲ။
စာပေနှင့် ဘာသာစကားစာမေးပွဲ။
မလိုအပ်သဖြင့် မဖြေခိုင်းသော နားထောင်မှုစွမ်းရည်နှင့် စာစီစာကုံးမှလွဲ၍ ကျန်အားလုံးအား သူသည် ၁နာရီနှင့် ၁၀မိနစ်ဖြင့် အကုန်ဖြေဆိုကာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ပိုင်းလေးသည် အခြားကျောင်းသားများအတွက် ဆိုပါက စာမေးပွဲဖြေဆိုရန် မည်သို့မျှ မလောက်နိုင်ပေ။
တိတ်ဆိတ်.....
တိတ်ဆိတ်ငြိမ်သက်....
အရာအားလုံးသည် အသက်မရှိတော့သည့်အလား တိတ်ဆိတ်ငြိမ်သက်...
ထန်ရှု၏အဖြေလွှာအားလုံးအား စစ်ဆေးပြီးသည့်နောက် တတိယနှစ်ဆရာများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ထိုဆရာများအားလုံး မလှုပ်မယှက် တစ်စုံတစ်ခုကို တွေးနေသည့်ပမာ ဖြစ်နေချိန်တွင် ဟူကျူရှင်းသည် ဆယ်စုနှစ်များ အိုစာသွားဟန်ရှိသည်။ သူ၏မျက်နှာတွင် လှောင်ပြောင်သရော်သည့်ဟန်များ ပျောက်ကွယ်နေခဲ့ပြီး ထိုအစား စိတ်ဓာတ်ကျခြင်းနှင့် အံ့အားသင့်ခြင်းတို့က နေရာယူထားကြသည်။
တစ်ဦးတည်းသော စိတ်လှုပ်ရှားသူမှာ ဆရာမ ဟန်ကျင်းဝူသာ ဖြစ်ပေတော့သည်။ ထန်ရှု၏စာမေးပွဲရလဒ်များ မထွက်ခင် သူမသည် ထန်ရှုကိုသာ ယုံကြည်ရန် ရွေးချယ်ထားပြီးဖြစ်သော်လည်း သူမရင်ထဲတွင် စိုးရိမ်ပူပန်များက စိုးမိုးနေခဲ့သည်။ ထန်ရှု စာမေးပွဲဖြေသည်ကို စောင့်ကြည့်နေစဉ်ကာလမှာပင် သူမသည် အသက်ပြင်းပြင်းပင် မရှူခဲ့ရဲဘဲ ရင်တထိတ်ထိတ် ဖြစ်နေဆဲပင် ရှိသေးသည်။
ယခု ထန်ရှုသည် သူမ၏မျှော်လင့်ချက်များအတိုင်း နေပေးရုံသာမကဘဲ ထို့ထက်မက ကျော်လွန်အောင် ဖြေပြနိုင်ခဲ့သဖြင့် သူမ၏ရင်ထဲတွင် စိတ်လှုပ်ရားမှုသာမကာ ကျေနပ်နှစ်သက်မှုပါ ဖြစ်ပေါ်စေခဲ့သည်။
“ကျောင်းအုပ်ကြီးဝေ့… ထန်ရှုရဲ့ဒီတစ်ခေါက် စာမေးပွဲရလဒ်က ခိုးချတာလို့ မဖြစ်သင့်တော့ဘူးမဟုတ်လား။”
ထန်ရှု၏အဖြေလွှာများအား စစ်ဆေးပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေစဉ်တွင် ဆရာမဟန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“ဒီစာမေးပွဲအတွက် မင်းက အားထုတ်ခဲ့တဲ့သူတစ်ယောက်ပဲ။ ငါ့ရုံးခန်းကို လာပြီး ယာယီစာမေးပွဲစစ်ဖို့အထိတောင် ဖြစ်လာခဲ့တာ။ ထန်ရှုက ဘယ်လိုခိုးချတာ ဖြစ်နိုင်ပါ့မလဲ ငါ့ရှေ့မှာတင် စာမေးပွဲစာရွက် ဖွင့်တာဆိုတော့။” ဝေ့ကျန်တိုက်သည် ထန်ရှု၏စာမေးပွဲရလဒ်အား အတည်ပြုလိုက်ပြီဖြစ်သောကြောင့် သူ၏အသံသည် ရုံးခန်းထဲတွင် မြည်ခဲ့သော ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်လာသည်။
“အဲ့ဒါဆို ထန်ရှုရဲ့လပတ်စာမေးပွဲရလဒ်ကရော မှန်ကန်စိတ်ချရတာဖြစ်သင့်လား။” ဟန်ကျင်းဝူသည် ပူပူနွေးနွေး ပြသာနာအတွက် ဆက်လက်မေးမြန်းလိုက်သည်။
“ထန်ရှု အခုဖြေခဲ့တဲ့မေးခွန်းတွေက လပတ်စာမေးပွဲမေးခွန်းတွေထက် ၂ဆင့်ပိုခက်တယ်။ ဒီစာမေးပွဲမှာ ထန်ရှု အမှတ်ပြည့်ရကတည်းက သူရဲ့ လပတ်စာမေးပွဲရမှတ် ၇၁၂မှတ်က အံ့သြစရာမဖြစ်တော့ပါဘူး။” ဝေ့ကျန်တိုက်သည် ဟန်ကျင်းဝူ၏စိုးရိမ်ပူပန်မှုအား သိမြင်သောကြောင့် ခေါင်းကိုညိတ်ကာ ပြုံးပြလိုက်လေသည်။
“ဒီလိုသာဆိုရင် ဆရာဟူနဲ့ ဆရာမဟန် လောင်းထားတာ ဆရာဟူ ရှုံးပြီပေါ့။ ပြီးတော့ ကျွန်တော်သာ လပတ်စာမေးပွဲမှာ ခိုးမချဘူးဆိုရင် ချက်ချင်း အလုပ်ထွက်မယ်ဆိုပြီး ဆရာဟူက ပြောခဲ့သေးတယ်။ အဲဒါတွေက တကယ်ဖြစ်လာမလားတော့ ကျွန်တော် သေချာမသိဘူး။” ဝေ့ကျန်တိုက်သည် ထန်ရှုအား တည်ငြိမ်သည့်အားထုတ်မှုအား ဆက်လက်ပြုလုပ်ဖို့ အားပေးရန်နှင့် ချီးကျူးစကားဆိုရန်အတွက် စကားအနည်းငယ်ပြင်နေစဉ်မှာပင် ထန်ရှု၏ပြတ်သားကြည်လင်သော အသံသည် ရုံးခန်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထန်ရှု၏စကားအား ကြားလိုက်ရသောလူတိုင်း၏ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ဟူကျူရှင်းအား စိုက်ကြည့်မိကြသည်။ သို့သော်လည်း ဟူကျူရှင်းသည် ထန်ရှု၏သင်္ချာအဖြေလွှာအား စစ်ဆေးပြီးစဉ်ကပင် အသိစိတ်ကင်းမဲ့နေသူပမာ ကြောင်တောင်တောင် မျက်ဝန်းများဖြင့် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေခဲ့ပြီး ဘယ်သူဘာပြောပြော မသိသကဲ့သို့ရှိနေခဲ့သည်။
“ထန်ရှု… ဆရာဟူရဲ့သဘောထားက နင့်အပေါ် နည်းနည်းလွန်တယ်ဆိုပေမယ့်လည်း သူက နင့်ကို အရမ်းမျှော်လင့်ထားခဲ့မိလို့ ဒီလိုတွေ လုပ်မိတာပါ။ သူ အထင်အမြင်လွဲခဲ့တယ်ဆိုတာ သိနေပြီဆိုတော့ နင့်ကို အားနာနေပါပြီ။ ဆရာဟူကို အခက်တွေ့အောင် မလုပ်နဲ့တော့နော်။ အဆင်ပြေတယ်မဟုတ်လား။” ကျောက်ရုပ်ကြီး ဟူကျူရှင်းအား ကြည့်လိုက်ပြီး ဟန်ကျင်းဝူ စိတ်မကောင်းဖြစ်သွားကာ ဟူကျူရှင်းအတွက် ထန်ရှုအား တောင်းဆိုပေးလိုက်သည်။
ရုံးခန်းထဲရှိ လူများသည် ဟန်ကျင်းဝူမှ ဟူကျူရှင်းအတွက် တောင်းဆိုပေးလိမ့်မည်ဟု မမျှော်လင့်ထားကြသော်လည်း သူမက ပထမဆုံး တောင်းဆိုပေးခဲ့သူဖြစ်ခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ သူတို့အားလုံးသည် ဟန်ကျင်းဝူအား ချစ်ခင်လေးစားသောအကြည့်တို့ဖြင့် ကြည့်မိကြသည်။
ဟူကျူရှင်းသည် အချိန်တိုင်း နေရာတိုင်း ဟန်ကျင်းဝူအား အမြဲလှောင်ပြောင်သရော်နေခဲ့သည်ကို ထိုသူများ သေသေချာချာ သိထားကြသည်။ သူတို့ကိုယ်သူတို့ ဟန်ကျင်းဝူကဲ့သို့ လုပ်နိုင်ပါမည်လားဟု ရိုးသားစွာ မေးမြန်းကြည့်ရာ သူမကဲ့သို့ စိတ်ထားမထားနိုင်ကြောင်း ဧကန်မုချ သိနေပေသည်။
“အဲ့ဒါဆိုလည်း ဆရာမဟန်နဲ့ပဲ အကုန်လွှဲထားခဲ့ပြီနော်။ ကျောင်းအုပ်ကြီးနဲ့ ဆရာများခင်ဗျား တခြားအထွေအထူးမရှိတော့ဘူးဆိုရင် ကျွန်တော် စာသင်ခန်းကို ပြန်သွားပါတော့မယ်။” ထန်ရှု၏စစ်ဆေးမှု ပြီးဆုံးပြီဖြစ်သောကြောင့် ထန်ရှုသည် ဟူကျူရှင်းအား သူနှင့် ပြုလုပ်ထားသောအငြင်းအခုံအား မမေ့စေရန် ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် ရှုံးနိမ့်နေပြီးသော လူတစ်ယောက်အား ထပ်မရိုက်ချင်တော့သောကြောင့် ထန်ရှုသည် စာသင်ခန်းသို့ ပြန်တော့မည်ဖြစ်သည်။
“ကျောင်းသား ထန်ရှု… ငါ မေးခွန်းတစ်ခုလောက် မေးလို့ရမလား။ မင်းရဲ့လုပ်ဆောင်ချက်က ဒီလမှာ အမြင့်ဆုံးအထိ တိုးတက်ခဲ့တယ်။ အရင်တုန်းက မကျနေခဲ့ဘူး မဟုတ်လား။” ထန်ရှု တံခါးပေါက်မှ ထွက်တော့မည့်ဆဲဆဲတွင် ဝေ့ကျန်တိုက်သည် ရုတ်တရက် မေးလိုက်သည်။
“ကျောင်းအုပ်ကြီး… ဒီမေးခွန်းက တအား အရေးကြီးလား။” ထန်ရှုသည် သူ၏ခြေလှမ်းအား ရပ်လိုက်ပြီး မသဲကွဲသော အပြုံးတစ်ခုဖြင့် , “ဒီပြသနာကို အာရုံစိုက်တာထက် သာမန်အမှတ်နဲ့ ကျောင်းသားတွေကို အာရုံစိုက်သင့်တယ်။ နှစ်တိုင်း တတိယနှစ်ကျောင်းသား တစ်ထောင်နီးပါးရှိတယ်။ ကျွန်တော်တို့သာ ပြန်ပြီး အကဲဖြတ်မယ်ဆိုရင် ဒါဇင်များစွာသော နည်းပါးတဲ့ ကျောင်းသားတွေသာလျှင် တက္ကသိုလ်ကို ဝင်နိုင်တော့မည်ဆိုရင် ကျောင်းအုပ်ကြီး ဘယ်လိုထင်လဲ။”
စကားဆုံးသည်နှင့် ထန်ရှုသည် ဝေ့ကျန်တိုက်အား စကားပြောခွင့်ပင် မပေးတော့ဘဲ
ချာကနဲလှည့်ကာ ထွက်ခွာလာခဲ့သည်။
ရုံးခန်းထဲတွင် အချိန်အတန်ကြာသည့်တိုင်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ဝေ့ကျန်တိုက်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ နဂိုမူလက ဖြောင့်တန်းနေသော ခါးသည် ကုန်းသွားသယောင်ဖြစ်ပြီး သူ၏မျက်နှာပေါ်၌လည်း နောင်တရမှုအချို့ ဖြစ်ပေါ်နေပေသည်။ ထို့အတူ အခြားဆရာများသည်လည်း အတွေးများနက်ရှိုင်းနေသကဲ့သို့ရှိနေကြပေသည်။