← Chapters

အေးစက်သောနဂါးကဲ့သို့ ဓားသွား။ ထောင်နှင့်ချီသော စစ်သည်များ ဆုတ်ခွာခြင်း။ (၂)

Vol. 7 Ch. 92

အေးစက်သောနဂါးကဲ့သို့ ဓားသွား။ ထောင်နှင့်ချီသော စစ်သည်များ ဆုတ်ခွာခြင်း။ (၂)

Vol. 7 Ch. 92

ဤတူရိုက်ချက်၏ စွမ်းအားသည် ကောင်းကင်ကို ဖြိုခွဲနိုင်စွမ်းရှိသည်မှာ အံ့ဩစရာပင်။ အချင်း မီတာများစွာနဲ့ ပေါင်သောင်းချီတဲ့ သံကျောက်တုံးကို ရိုက်မိရင်တောင် ကွဲသွားလိမ့်မည်။

ထိုအချိန်တွင် စူးချန်ခုန်းသည် သူ၏ တိုက်ခိုက်မှုအတွက် ထောင့်ကို ချိန်ညှိထားပြီး သူ၏ စွမ်းအားကို ထုတ်လွှတ်ကာ ခါးမှ သံဖြတ်ဓား၏ လက်ကိုင်ကို ဆုပ်ကိုင်ထားသည်။ သူက ဓားချီနှင့် ချိတ်ဆက်နေပြီး ဓားကိုဖြတ်သွားသော အားကြီးလှသော စွမ်းအားကို ခံစားလိုက်ရသည်။

ဤသည်မှာ ရက်ပေါင်းတစ်ရာကျော်ကြာအောင် သွေးခဲ့သော ဓားသွားကျင့်ကြံခြင်းအတတ်အတွက် စူးချန်ခုန်း၏ နေ့စဉ်စူးစိုက်မှု၏ ရလဒ်ဖြစ်သည်။

ယခုတော့ စူးချန်ခုန်း၏ အနှစ်သာရ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်တို့နှင့် ပေါင်းစပ်သွားပြီး သံဖြတ်ဓားက သူ့လက်ထဲတွင် တစ်သားတည်း ဖြစ်သွားခဲ့သည်။

သံဖြတ်ဓားနည်းပညာ။ အပေါ်သို့ခုတ်ခြင်း။

“ချွမ်း”

သံဖြတ်ဓားကို ဓားအိမ်မှထုတ်လိုက်သည်နှင့် စူးရှသော ခြစ်သံများ ထွက်ပေါ်လာလေ၏။ ဓားအိမ်က တုန်ခါလာပြီး လျှံတက်လာသည့် ဓားသွားချီစွမ်းအင်သည် မြေပြင်ကို တစ်မီတာအနက်ထိ ခုတ်ပိုင်းလိုက်သည်။ ထိုမြင်ကွင်းက သတ္တုနဂါးတစ်ကောင်က ဓားအိမ်ထဲမှ ထွက်လာပြီး ၎င်း၏ အစွယ်နှင့် ခြေသည်းများကို ဝင့်လိုက်သည့်နှယ်။

စူးရှတောက်ပနေသော ဓါးအလင်းက ကြည့်ရှုသူများ၏ မျက်လုံးများကိုပင် ထိခိုက်စေခဲ့သည်။

ရွှမ်း!

သံဖြတ်ဓား၏ ခိုက်ခိုက်တုန်အောင်အေးသော အအေးဓာတ်သည် အထက်သို့ တိုးဝင်လာပြီး နားကွဲလောက်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ဘာလဲဟ" ရှစ်ကျစ်ကျန်း၏ မျက်ဆန်များသည် စူးချန်ခုန်းကို ရင်ဆိုင်ရစဉ်တွင် ထောင်သောင်းချီသော စစ်မြေပြင်သို့ ပြန်ရောက်သွားပြီး တစ်သက်လုံး ကြောက်လန့်ခဲ့ရသော ရန်သူစစ်သူကြီးနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။ ရန်သူ၏ သာမန် တိုက်ခိုက်မှုတစ်ခုက သူ အားအကောင်းဆုံးအချိန်တွင် သူ့အား သတ်လုနီးနီးပင်။

သူ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ရာ ကုသလို့ပင် မရနိုင်ခဲ့။ စိတ်ပျက်လက်ပျက်ဖြင့် သူအာဏာချုပ်ကိုင်နိုင်ရန် ဤဝေးလံသောနေရာသို့ ထွက်ခွာလာခဲ့သည်။

“ချွမ်း”

ဓားရှည်သည် လေထဲသို့ ဖြတ်သွားကာ လေးလံသော တူနှင့် ချက်ချင်း တိုက်မိသွားကာ စွမ်းအားနှစ်ခု ပေါက်ကွဲသွားလေ၏။ မီတာတစ်ဒါဇင်အတွင်းမှ မြေပြင်သည် ပြင်းထန်စွာ တုန်ခါနေပြီး ပင့်ကူမျှင်ကဲ့သို့ ပက်ကြားအက်သွားကာ မြေကြီးကို တုန်လှုပ်စေခဲ့သည်။

"ဂလောက်"

အင်တုံအရွယ်ရှိသော သံတူကြီး ပေါက်ကွဲလာသည်နှင့် သတ္တုအက်ကွဲသံ ထွက်ပေါ်လာလေ၏။ စူးချန်ခုန်း၏ အား၊ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့သည် ကြောက်မက်ဖွယ်ကောင်းသော ရိုက်ချက်တစ်ခုအဖြစ် ပေါင်းစပ်သွားရာ တူအား အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။

အရှင်းဆုံးပြောရလျှင် စူးချန်ခုန်း၏ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့အား ဓားထဲသို့ နေ့စဉ်ထည့်သွင်းပြီး တဖြေးဖြေး စုဆောင်းကာ ပြုစုပျိုးထောင်မှုတို့ကြောင့် လိုအပ်သည့်အခိုက်တွင် ကန့်သတ်ချက်တို့ ကျော်လွန်ကာ ပွင့်ထွက်လာခြင်း ဖြစ်သည်။

သူ့ဓားကို ရက်တစ်ရာကြာ ပြုစုပျိုးထောင်ပြီးနောက် စူးချန်ခုန်းသည် ၎င်းကို ယခုအချိန်တွင် လွှတ်ထုတ်လိုက်သည်။

ရှစ်ကျစ်ကျန်း၏လက်နက်ကို ဖြိုခွဲလိုက်သော တိုက်ခိုက်မှုတစ်ခုနှင့်အတူ စူးချန်ခုန်းသည် ပင်ပန်းနွမ်းနယ်မှုလှိုင်းကို ခံစားလိုက်ရပြီး ကနဦး ခွန်အားများ ထွက်လာပြီးနောက် ကျဆင်းလာမှုကို တွန်းလှန်လိုက်သည်။

သံဖြတ်ဓားနည်းပညာ။ အလျားလိုက် ခုတ်ဖြတ်ခြင်း။

“ရား”

သို့ပေမယ့် စူးချန်ခုန်းက အားယုတ်လာတာကို ဂရုစိုက်မနေတော့ပေ။ သူ့လည်ချောင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လက်နှစ်ဖက်နှင့် ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဓားချီကို ထိန်းသိမ်းရန် ချီစွမ်းအင်နှင့် ပေါင်းစပ်လိုက်သည်။ သူသည် ပါးလွှာသော ငွေရောင်လိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ အားပြင်းပြီး မချိုးဖျက်နိုင်သည့် အလျားလိုက် ခုတ်ဖြတ်ခြင်း ဒုတိယမြောက် ရိုက်ချက်တစ်ခုကို လွှတ်ထုတ်လိုက်ပြန်သည်။

"ရွှေခေါင်းလောင်းအကာ၊ တားလိုက်။"

ရှစ်ကျစ်ကျန်းသည် ချမ်းစိမ့်စိမ့် ပျက်ဆီးခြင်း ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ ချီစွမ်းအင်နှင့် သွေးက သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းသွားလေ၏။ သူ့မျက်နှာပြင်သည် သတ္တုဒိုင်းတစ်ခုအဖြစ် ဖွဲ့စည်းတော့မည့်နှယ် သတ္တုရောင်ဖြင့် တောက်ပနေသည်။ သူ၏ ထူထဲသော လက်များကို ဆန့်ထုတ်ကာ ရင်ဘတ်ရှေ့သို့ ယှက်တင်လိုက်သည်။

နောက်တခဏမှာ အေးစက်နေတဲ့ ဓါးအလင်းက လေထဲကို ဖြတ်သွားလေ၏။

"ဗြိ"

ရှစ်ကျစ်ကျန်းသည် စူးရှသော စုတ်ပြဲသံကို ကြားလိုက်ရသည်။ ၎င်းက သူ့အသားတို့ စုတ်ပြီး အရိုးတွေ ပြတ်ထွက်သွားသည့် အသံပင်။

စူးချန်ခုန်း၏ သံဖြတ်ဓားသည် ပြိုင်ဘက်ကင်း စွမ်းအားကို သယ်ဆောင်လျက် ရှစ်ကျစ်ကျန်း၏ လက်များကို ခုတ်ဖြတ်ကာ အရှိန်မပျက်ဘဲ သူ့ရင်ဘတ်ကို အညှာအတာမဲ့စွာ ဆုတ်ဖြဲလိုက်တော့သည်။

ဒုတ်

ရှစ်ကျစ်ကျန်း၏ ခန္ဓာကိုယ်သည် ခါးမှ ပြတ်ထွက်ကာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ၎င်းက မငြိမ်သက်မီ သူ့လက်မောင်းများက အနည်းငယ် လိမ့်သွားကာ သွေးများက ဖြန်းကနဲနှင့် မြေပြင်ကို စွန်းထင်းသွားစေ၏။

"ငါ... ငါ့ရဲ့ အထွတ်အထိပ်ကာလမှာ ရှိနေခဲ့တာ... မင်း ငါ့ကို ဘယ်တော့မှ မသတ်နိုင်ဘူး! ဘယ်တော့မှ!"

စူးချန်ခုန်း၏ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် ခါးပြတ်သွားသော ရှစ်ကျစ်ကျန်းက မသေသေးပေ။ သူက သွေးရူးတန်းရူး အော်ဟစ်ရင်း စူးချန်ခုန်းကို မော့ကြည့်ကာ သူ၏မျက်လုံးများက သွေးချင်းရဲရဲနီလျက် ဒေါသတရား၊ အလိုမကျမှု၊ သေခြင်းတရားကို ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေလေ၏။

အကယ်၍ သူသည် ဒဏ်ရာ အပြင်းအထန်မရရှိခဲ့ပါက တာ့ဖုန်းအထူးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ရှိနေဦးမှာ ဖြစ်ပြီး အဆုံးမဲ့သော ဂုဏ်အသရေနှင့် ချီးမွမ်းခြင်းကို ခံယူနေရဦးမှာပင်။ သူ့ရဲ့ သိုင်းပညာနယ်ပယ်က အထွတ်အထိပ်ကနေ မကျဆင်းခဲ့ရင် ချီသွေးနယ်ပယ်ပညာရှင်က သံသားရဲရဲ့လက်ထဲမှာ သေဖို့ဆိုတာ မဖြစ်နိုင်ပါ။

တကယ်လို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ သူသာ သူ့နေ့ရက်တွေကို ငြိမ်းချမ်းစွာနေထိုင်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သားသမီးတွေ မြေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်မှာပင်...

အင်း... တကယ်လို့ဆိုတာတွေ မရှိတော့ပါ..

ရှစ်ကျစ်ကျန်း၏ ဆံပင်များ ပြေကျလျက် မျက်လုံးများ ပြူးထွက်ကာ ထိုမျက်လုံးထဲမှ အလင်းရောင်များ တဖြည်းဖြည်း ပျောက်ဆုံးသွားလေတော့သည်။

သူသည် ရည်မှန်းချက်အပြည့်နှင့် ရှင်သန်ခဲ့ပြီး သိသာထင်ရှားသော ဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သာမာန်ဘဝတွင် နေထိုင်ရန် ငြင်းဆန်ခဲ့ပြီး အသစ်တစ်ဖန်ပြန်လည် စတင်ရန်ကြိုးစားခဲ့သည်။ သို့ပေမယ့် နောက်ဆုံးမှာတော့ သူ့လက်မှာသေသွားခဲ့တဲ့ ရန်သူတွေလိုပဲ သူက တခြားသူတွေရဲ့ ခြေနင်းတုံး ဖြစ်လာခဲ့သည်။

အခင်းဖြစ်ပွားရာနေရာ၌ တုန်လှုပ်ချောက်ချားစရာ တိတ်ဆိတ်မှုတစ်ခု ရုတ်တရက် ကျရောက်လာခဲ့သည်။ လက်ရည်တူတဲ့ တိုက်ပွဲတစ်ခုမှာ ရှစ်ကျစ်ကျန်းကတောင် အသာစီးရခဲ့ပြီး ရုတ်တရတ် အလှည့်အပြောင်း ဖြစ်သွားခဲ့သည်။ သံချပ်ကာ သံသားရဲသည် သူ၏ဓားကို ထုတ်ကာ နှစ်ကြိမ်မျှသာ ခုတ်လိုက်ရုံနှင့် လျှပ်စီးကြောင်းအလျင်အတိုင်း ရှစ်ကျစ်ကျန်းက မြန်မြန်ဆန်ဆန် သေဆုံးသွားခဲ့သည်။

လူအုပ်ကြီးက တုံ့ပြန်ရန်အချိန်ပင်မရှိခဲ့။ တစ်ချို့က သူတို့မြင်လိုက်သောအရာသည် ထင်ယောင်ထင်မှားဖြစ်နေမလားဟု သံသယဝင်နေကြသည်။

တိတ်ဆိတ်မှုထဲတွင် အနက်ရောင် မြင်းတပ်ဂိုဏ်းအဖွဲ့ဝင် တစ်ထောင်နီးပါးကြား၌ အပ်ကျသံကိုပင် ကြားနိုင်လေသည်။

"အစ်ကိုကြီး...အစ်ကိုကြီး!"

ထိုအချိန်တွင် ဝမ်းပန်းတနည်းငိုကြွေးသံ ထွက်ပေါ်လာလေ၏။

ထိုအသံက ချန်ကျွမ်း၏ မြည်ကြွေးသံဖြစ်သည်။

ရှစ်ကျစ်ကျန်းက သူ့ရှေ့မှာတင် ဆုံးသွားတာကို မြင်လိုက်ရတဲ့အခါ ချန်ကျွမ်းရဲ့ နီရဲရဲမျက်လုံးတွေထဲကနေ မျက်ရည်တွေ စီးကျလာလေ၏။ သူ နားမလည်နိုင်လောက်အောင် ဖြစ်နေသည်။ ရုတ်တရက် ကပ်ဘေးကြီး ကျရောက်လာသည့်နှယ် တောင်ကြီး ပြိုကျသွားသည့်နှယ် ခံစားနေရသည်။

"ငါ မင်းကို သတ်ပစ်မယ်။ မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်!"

ချန်ကျွမ်းသည် လုံးလုံးလျားလျား ရူးသွပ်သွားတော့သည်။ စူးချန်ခုန်းထံ အပြေးအလွှား ပြေးလာရင်း ရူးသွပ်စွာ အော်ဟစ်ကာ သူ့အား နုတ်နုတ်စင်းပြီး စားပစ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်လေ၏။

"ဒါဆိုလည်း မင်းတို့ နှစ်ယောက်လုံးကို ပို့ပေးလိုက်မယ်!"

ခုတ်ချက်နှစ်ချက်မှ သူ၏ ကန့်သတ်ချက်ကို ကျော်လွန်၍ အားအင်ကုန်ခန်းနေသော စူးချန်ခုန်းသည် အားနည်းခြင်းလှိုင်းတံပိုးများကို ခံစားနေရသည်။ သို့တိုင် သူ့ဆီ ချီတက်လာသည့် ချန်ကျွမ်းကို ရင်ဆိုင်ရင်း စိတ်ဓာတ်နှင့် ခွန်အားကို စုစည်းကာ ဓားကို မြင့်မြင့်ကိုင်လျက် အောက်ဘက်သို့ ခုတ်ချလိုက်လေတော့သည်။

All Chapters