အေးစက်သောနဂါးကဲ့သို့ ဓားသွား။ ထောင်နှင့်ချီသော စစ်သည်များ ဆုတ်ခွာခြင်း။ (၃)
Vol. 7 Ch. 93
ချန်ကျွမ်းသည် မကြာသေးမီက နတ်ဘုရားရဲစွမ်းသတ္တိအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ အစွမ်းသတ္တိမှာ မှတ်သားလောက်စရာဖြစ်သည်။ ယခုမူ ရှစ်ကျစ်ကျန်း၏ သေဆုံးမှုကြောင့် လုံးဝစိတ်လွတ်သွားပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့ မည်သည့်နည်းစနစ် သို့မဟုတ် လုပ်ရိုးလုပ်စဉ်တို့မပါဘဲ ခုန်အုပ်လာရာ ကိုယ့်ကိုယ်ကို သတ်သေသည့် လုပ်ရပ်ပင် ဖြစ်လေသည်။
"ဒုတ်"
စူးချန်ခုန်း၏ သံဖြတ်ဓားကို အထက်မှ ခုတ်ချလိုက်ပြီး ချန်ကျွမ်း၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲလိုက်သည်။ အရှိန်က မကုန်သေးဘဲ မြေပြင်တွင် နှစ်မီတာရှည်သော အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့လေသည်။
ချန်ကျွမ်း၏ ခန္ဓာကိုယ်သည် တစ်ခြမ်းစီ ကွဲသွားပြီး ပြေးလာသည့် အရှိန်ကြောင့် အရှေ့သို့ ရောက်လာကာ စူးချန်ခုန်း၏ ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီမှ ဖြတ်သွားလျက် မြေပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားလေတော့သည်။ သူသေဆုံးသွားသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။
စူးချန်ခုန်း၏ နှလုံးသားသည်လည်း အနည်းငယ် မရေမရာ မသေမချာ ဖြစ်နေသည်။ သူတို့ပထမဆုံးတွေ့ဆုံခဲ့စဉ်က ချန်ကျွမ်းသည် ဒါဇင်ပေါင်းများစွာသော မြင်းစီးသူရဲများကို သံနက်အိမ်တော်သို့ ခေါ်လာခဲ့ပြီး သူ၏နတ်ဘုရားခွန်အားဖြင့် အိမ်တော်တံခါးကို ဖြိုခွင်းခဲ့ပြီး ထိုအချိန်က စူးချန်ခုန်းပင်လျှင် ကိုယ်ခံပညာရှင် တစ်ယောက်က မည်မျှအစွမ်းထက်သည်ကို အံ့အားသင့်ခဲ့ရသည်။
သို့တိုင် နှစ်အတော်ကြာပြီးနောက် စူးချန်ခုန်းသည် သူ့ကို နေရာမှာတင် တစ်ချက်တည်းနှင့် ပွဲသိမ်းလိုက်လေပြီ။
ချန်ကျွမ်းကတော့ ဒါဟာ သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှု မဟုတ်ဘူးဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ပါ။ သူ့ကိုသတ်ခဲ့တဲ့သူဟာ သူအကြိမ်ကြိမ်သွားရောက်ဖူးတဲ့ သံနက်အိမ်တော်မှာ လူအုပ်ကြားထဲမှာ ရပ်နေခဲ့တဲ့ အညတရ လူငယ်တစ်ယောက်ဆိုတာ သူမသိနိုင်တော့ပေပြီ။
ဝှီး!
ဓားသုံးကြိမ်ဆက်တိုက် ခုတ်၍ ရှစ်ကျစ်ကျန်းနှင့် ချန်ကျွမ်းကိုသတ်ပြီးနောက် စူးချန်ခုန်းသည် သူ့စိတ်ကို ဖြေလျှော့ပြီးနောက် အားနည်းခြင်း၊ မူးဝေခြင်းတို့ကို ခံစားလိုက်ရသည်။ သူ့မျက်နှာမှာ လူသေကောင်လို ဖြူဖျော့နေပြီး အမှောင်ထုလိုင်းများက သူ့အမြင်အာရုံကို ပိတ်ဖုံးစေကာ နေရာမှာတင် မေ့လဲလုနီးနီး ဖြစ်နေသည်။
သူသည် သုံးချက်သာ ထုတ်လွှတ်ခဲ့သော်လည်း ကန့်သတ်ချက်ထက် ကျော်လွန်သော ထိုတိုက်ခိုက်မှုများက စူးချန်ခုန်း၏ အနှစ်သာရ ချီစွမ်းအင်ကို လုံးလုံးလျားလျား ဆုတ်ယုတ်သွားစေခဲ့သည်။ သူ့ခေါင်းကို ပစ်လှဲကာ ထိုးအိပ်ချင်နေခဲ့သည်။
သို့သော် စူးချန်ခုန်းက ဤနေရာသည် အနက်ရောင် မြင်းတပ်ဂိုဏ်း၏ နယ်မြေဖြစ်ကြောင်း သိလျက် စိတ်ဓာတ်ခိုင်ခိုင်ထားကာ အားနည်းချက်ကို ပြသခြင်းသည် သေးလမ်းရှာတာဖြစ်ကြောင်း သူနားလည်သည်။
“ခေါင်းဆောင်..တတိယ ခေါင်းဆောင်… သေပြီ…”
"သံသားရဲက သတ်လိုက်ပြီ!"
ဤအခိုက်အတန့်တွင် ရာနှင့်ချီသော မျက်လုံးအစုံတစ်ထောင်နီးပါးသည် အလယ်ဗဟိုတွင် ရပ်နေဆဲဖြစ်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။ ထိတ်လန့်သော မျက်နှာကိုယ်စီနှင့် ဖိတ်ဖိတ်တုန်အောင် ကြောက်လန့်နေကြပြီး ကောင်းကင်ကြီးပြိုကျလာသည့်နှယ်။
ဖရိုဖရဲဖြစ်နေသော နေရာမှ စူးချန်ခုန်းသည် ရှစ်ကျစ်ကျန်းရဲ့ နှစ်ပိုင်းပြတ်သွားသည့် အလောင်းဆီ လှမ်းလာပြီး သူ့ဓားကို ဆွဲထုတ်ကာ ရှစ်ကျစ်ကျန်းရဲ့ ခေါင်းကို ဖြတ်ပြီး သူ့လက်ထဲမှာ ကိုင်ထားလိုက်သည်။
ဖောက် ဖောက် ဖောက်
ခေါင်းပြတ်ကြီးမှ သွေးများက မြေပြင်ပေါ်သို့ စီးကျလာပြီး ထွက်ပေါ်လာသော ကြည်လင်ပြတ်သားသည့် အသံက လူတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေလေသည်။
"ငါ့ကို အမျက်ထွက်ပြီး ငါ့ကို ဆန့်ကျင်ရဲရင် ဒါက မင်းတို့ရဲ့ ကံကြမ္မာပဲ!” စူးချန်ခုန်းက ကျယ်လောင်တဲ့အသံနဲ့ ပြောပြီး ပတ်ပတ်လည်ကို ကြည့်ရင်း အေးစက်နေတဲ့ သူ့မျက်လုံးတွေက အရိုးခိုက်အောင် အေးစက်စေသည်။
တစ်ချို့က သေလောက်အောင် ကြောက်လန့်သွားပြီး နောက်ပြန်ယိုင်ကျပြီး ခြေထောက်တွေ ခေါက်ကာ မြေပြင်ပေါ် လဲကျသွားကြသည်။
ဤစကားကိုပြောပြီးနောက် စူးချန်ခုန်းသည် အနက်ရောင် မြင်းတပ်ဂိုဏ်းမှ အခြားမည်သူမျှမရှိသကဲ့သို့ ထွက်ခွာသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ တပည့်များသည် ၎င်းတို့၏ လက်နက်များကို အလိုအလျောက် ဆုပ်ကိုင်ထားသော်လည်း မည်သူမျှ လှုပ်ရှားရန် သတ္တိမရှိကြပေ။ အဲဒီအစား သူတို့ရဲ့ခြေထောက်တွေက စူးချန်ခုန်းအတွက် အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။
ဒီလူတွေ သတိမထားမိတဲ့အရာကတော့ ချပ်ဝတ်တန်ဆာအောက်မှာ စူးချန်ခုန်းက တစ္ဆေတစ်ကောင်လို ဖြူဖျော့နေပြီး သူ့ရဲ့အားနည်းတဲ့နဖူးမှာ ချွေးတွေစီးကျနေ၏။ အဖွဲ့ဝင်အနည်းငယ်က မောပန်းနေပြီဖြစ်တဲ့ စူးချန်ခုန်းကို နေရာမှာတင် ပွဲချင်းပြီး သတ်နိုင်လေသည်။
စူးချန်ခုန်းရဲ့လက်ထဲက ဦးခေါင်းက သွေးတွေက တတောက်တောက်ကျနေတော့ အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ ပြင်းထန်တဲ့ လက်ရွေးစင်တပ်သားတွေက ခိုက်ခိုက်တုန်အောင် ကြောက်လန့်နေကြပြီး စူးချန်ခုန်းကို ဘယ်သူက တားဆီးပြီး တိုက်ခိုက်ရဲမည်နည်း။
"ချွမ်း! ချွမ်း!"
အမှောင်ထဲသို့ ခြေသံများ တဖြေးဖြေး မှေးမှိန် ပျောက်ကွယ်သွားရင်း သတ္တုချပ်ဝတ်တန်ဆာများ၏ ပွတ်တိုက်သံများကိုသာ ကြားနိုင်မည်ဖြစ်သည်။
“ခေါင်းဆောင်ကြီး.. တတိယခေါင်းဆောင်… သူတို့အားလုံး သေကုန်ကြပြီလား”
“ကြာနက်ဂိုဏ်းက သံသားရဲတဲ့လား။ ကြောက်စရာကောင်းလွန်းတယ်…”
စူးချန်ခုန်း ထွက်ခွာသွားပြီးနောက် အချိန်ခဏလေးအတွင်းမှာပင် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ အဖွဲ့ဝင်များသည် ပြန်လည်အသက်ရှူနိုင်ခဲ့ပြီး ၎င်းတို့တစ်ဦးစီသည် ဖြူဖျော့နေကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။
မကြာသေးမီက အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ကျောက်စိမ်းဖြူဂိုဏ်းကို သုတ်သင်ခဲ့ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာသည် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။ ယနေ့ညတွင် မထင်မှတ်ထားသော ဘေးဆိုးကြီးတစ်ခုနှင့် ကြုံခဲ့ရသည်။ ကြာနက်ဂိုဏ်း၏ သံသားရဲဟုခေါ်သော ဆရာသခင်တစ်ဦးသည် အနက်ရောင်မြင်းတပ်ဂိုဏ်းသို့ တစ်ယောက်တည်း ရောက်လာခဲ့ပြီး နှစ်ချက်သုံးချက်လောက်ဖြင့် ရှစ်ကျစ်ကျန်းနှင့် ချန်ကျွမ်းတို့ကို သတ်ပစ်ခဲ့ရာ ကြည့်ရှုသူများအား ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
"ခေါင်းဆောင်ကြီးနဲ့ တတိယခေါင်းဆောင်ကို သံသားရဲက သတ်ပစ်လိုက်ပြီ... သိုလှောင်ခန်းထဲက ရတနာတွေ... နည်းနည်းလောက်ရရင် တစ်သက်လုံး သက်တောင့်သက်သာနဲ့ နေသွားရလိမ့်မယ်!"
အချို့မှာ ကြောက်ရွံ့ထိတ်လန့်ကာ အဖြစ်မှန်ကို လက်မခံနိုင် ဖြစ်နေကြပြီး အချို့က သူတို့၏မျက်လုံးထဲတွင် လောဘရောင်တောက်နေခဲ့သည်။
အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ကြွယ်ဝမှု တစိတ်တပိုင်းကို တပည့်များအား ဆုချရန် အသုံးပြုသည်။ သို့သော် အများစုကို ရှစ်ကျစ်ကျန်းက ချီစွမ်းအင်နှင့် သွေးအား ပြန်လည်ဖြည့်တင်းပေးသည့် ရှားပါးပစ္စည်းများနှင့် သူ၏ အထွတ်အထိပ်သို့ ပြန်သွားရန် မျှော်လင့်ချက်ဖြင့် ဝယ်ယူသုံးစွဲခဲ့သည်။ သိုလှောင်ခန်းထဲမှာ ကျန်နေတဲ့ တကယ့်ရွှေတွေငွေတွေက သိပ်အများကြီးမရှိပါ။
သို့ပေမယ့် သာမာန်လူတစ်ယောက်အတွက်ကတော့ ဆယ်ဘဝမှာတောင် သူတို့ မစုဆောင်းနိုင်တဲ့ ငွေကြေးပမာဏပင်။ ယခု ရှစ်ကျစ်ကျန်း သေဆုံးသွားသဖြင့် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ကိုယ်ခံပညာရှင် အများအပြားသည် လုယူမှုများတွင် ပါဝင်ရန် သွေးဆောင်ခံခဲ့ရသည်။ အမှန်တော့ သူတို့က အကျိုးအမြတ်အတွက် သူတို့၏လည်ပင်းကို စွန့်စားရသော အနက်ရောင်မြင်းတပ်ဂိုဏ်းတွင် ပါဝင်လာခဲ့တာဖြစ်သည်။
စူးချန်ခုန်းသည် သူထွက်လာသည့် ညမှာပင် အနက်ရောင်မြင်းတပ်ဂိုဏ်း၌ ခေါင်းဆောင်မှုနှင့် စည်းစိမ်ဥစ္စာများအတွက် အာဏာလွန်ဆွဲပွဲ ဖြစ်ပွားခဲ့သည်ကို မသိခဲ့ပေ။
"ဓားသွားကျင့်ကြံခြင်းအတတ်နဲ့ ပေါင်းစပ်ထားတဲ့ ငါ့ရဲ့ဓားသွားနည်းပညာက တကယ်ကို ကြောက်စရာကောင်းတဲ့ သတ်ဖြတ်နိုင်စွမ်းရှိတာပဲ။ တစ်ခုတည်းသော ချို့ယွင်းချက်က စွမ်းအား အလွန်အကျွံသုံးရတာကြောင့် ငါနှစ်ချက်သုံးချက်လောက်ပဲ ခုတ်နိုင်တော့တာ။”
ထိုအချိန်တွင် စူးချန်ခုန်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်းဌာနချုပ်မှ မိုင်ပေါင်းများစွာအကွာသို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူ့ခမောက်ကို ဖြုတ်ပြီး သစ်ပင်တောအုပ်ထဲမှာ တင်ပျဉ်ခွေထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားတဲ့ အသက်ရှုခြင်းကို လေ့ကျင့်နေလေ၏။ သူ၏ ခုတ်ချက်သုံးချက်၏ ကြောက်မက်ဖွယ် စွမ်းအားကို သူလည်း မှင်တက်အံ့ဩမိသည်။
သံဖြတ်ဓားနည်းပညာသည် ထူးကဲလောက်အောင် သေစေနိုင်ပြီသား ဖြစ်သော်လည်း ဓားသွားကျင့်ကြံခြင်းအတတ်နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏ အစိတ်အပိုင်းများထက် ပိုမိုကြီးမားသော အကျိုးသက်ရောက်မှုကို ထုတ်ပေးသည်။
“နှမျောစရာပဲ… အနက်ရောင်မြင်းတပ်ဂိုဏ်းက ငွေကြေးဥစ္စာတွေ အများကြီး စုဆောင်းထားမှာပဲ။ ဒါပေမယ့် ငါက ကြာကြာမနေနိုင်လောက်အောင် သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေခဲ့တာ…” စူးချန်ခုန်းက နောင်တမရဘဲ မနေနိုင်ခဲ့။ သူအားနည်းလွန်းသဖြင့် အနက်ရောင်မြင်းတပ်ဂိုဏ်းမှာ ကြာကြာနေလေလေ အန္တရာယ်များလေလေဖြစ်သည်။ ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုမှာ မြန်မြန်ထွက်လာဖို့ပင်။
"မနက်ဖြန် မိုးလင်းလာတဲ့အခါ ငါ ခဏလောက်နေဖို့ ချင်းရွှေမြို့ကို သွားမယ်။"
အသက်ရှုသွင်း ရှူထုတ်လုပ်အပြီးတွင် စူးချန်ခုန်းသည် ခွန်အားအချို့ ပြန်လည်ရရှိလာကာ သူ၏နောက်ထပ်လှုပ်ရှားမှုကို တွေးတောခဲ့သည်။
မကြာခင်မှာပဲ ရှစ်ကျစ်ကျန်း သေဆုံးတဲ့သတင်းက ချင်းရွှေမြို့တစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာပါသည်။
စူးချန်ခုန်းသည် သံနက်အိမ်တော်သို့ ပြန်သွားရန် အစီအစဉ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ပိုမိုကျယ်ပြန့်သောလောကသို့ စွန့်စားရန် ပြင်ဆင်နေသောကြောင့်ဖြစ်သည်။
“ချီသွေးဆေးအတွက် ပါဝင်ပစ္စည်းတွေအကြောင်း လျိုဖုန်းကို ငါအရင်က မေးခဲ့ဖူးတယ်။ သူတို့ထဲက အများစုကို ချင်းရွှေမြို့မှာ ဝယ်လိုမရတော့ တောနက်စီရင်စုမြို့ကို သွားရမှာပဲ။ ဒါပေမဲ့ အရင်ဆုံး ငါ အပိုငွေရှာပြီး ကြိုတင်ပြင်ဆင်ရမယ်။"
စူးချန်ခုန်းသည် အချိန်အတန်ကြာပြီးနောက် တောနက်စီရင်စုမြို့သို့သွားရန် ဆုံးဖြတ်ခဲ့သည်။ ချင်းရွှေမြို့လို ခရိုင်မြို့တစ်မြို့နဲ့ ယှဉ်လို့မရနိုင်တဲ့ စီရင်စုတစ်ခုလုံးရဲ့ အလယ်ဗဟိုဖြစ်တဲ့ တောနက်စီရင်စုက အစည်ကားဆုံးနေရာဖြစ်သည်။ သို့သော် ချီသွေးဆေးအတွက် ပါဝင်ပစ္စည်းများသည် ဈေးကြီးပြီး အဂ္ဂိရတ်ပညာရှင်တစ်ဦးကို ခေါ်ယူခြင်းသည် ကုန်ကျစရိတ် အတော်များလှသည်။ စူးချန်ခုန်းသည် ငွေအနည်းငယ် စုဆောင်းထားသော်လည်း မလုံလောက်သောကြောင့် ငွေကြေးပိုမိုစုဆောင်းရန်မှာ မဖြစ်မနေ လိုအပ်လေသည်။