လက်စွပ်ဒူးလေးပေါ်တွင် ဆူပွက်သွေးကွဲခြင်းအဆိပ်သုတ်လိမ်းခြင်း။ ကြာနက်ဂိုဏ်း၏မုသား။
Vol. 7 Ch. 94
အဲဒီနောက်ပိုင်း သံနက်အိမ်တော်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး မော့ထျဲက ပြန်ဆောက်ဖို့ စီစဉ်တာပဲဖြစ်ဖြစ် သူ့ရဲ့နောက်ဆုံးနှစ်တွေကို ငြိမ်းချမ်းစွာ ဖြတ်သန်းတာပဲဖြစ်ဖြစ် စူးချန်ခုန်းနှင့် မသက်ဆိုင်တော့ပါ။
စူးချန်ခုန်းသည် သံနက်အိမ်တော်အား ခြိမ်းခြောက်မှုကို ဖယ်ရှားပေးရုံနှင့် လုံလောက်ပြီဖြစ်သည်။ သူ့တစ်သက်လုံး ကာကွယ်ပေးဖို့ ထိုနေရာတွင် မနေနိုင်ပေ။
နောက်တစ်နေ့မနက်တွင် စူးချန်ခုန်းသည် ချင်းရွှေမြို့အပြင် ဆယ်မိုင်ကျော်က တောင်ဂတုံးပေါ်တွင် သံသားရဲသံချပ်ကို ဝှက်ထားပြီးနောက် သူကိုယ်တိုင် မြို့ထဲသို့ဝင်ကာ အေးအေးဆေးဆေး အနားယူရန် အိမ်တစ်လုံးကို ငှားလိုက်သည်။
“အခုတော့ ဆူပွက်သွေးကွဲခြင်းအဆိပ်ကို ပြင်ဆင်မယ်။!”
ခြံဝင်းကျဉ်းလေးထဲ၌ စူးချန်ခုန်းဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပြန်လည်ရရှိလာခဲ့ပြီး အချိန်မဖြုန်းဘဲ ဆူပွက်သွေးကွဲခြင်းအဆိပ်အတွက် စတင်ပြင်ဆင်လိုက်သည်။
သူသည် ဆူပွက်သွေးကွဲခြင်းအဆိပ်အတွက် ပါဝင်ပစ္စည်းများအားလုံးကို စုဆောင်းထားပြီးဖြစ်သော်လည်း ဆေးကိုပြင်ဆင်ရာတွင် အချိန်ယူရလေသည်။ သူသာ ကြိုတင်ပြင်ဆင်ချိန်ရခဲ့လျှင် ရှစ်ကျစ်ကျန်းသည် ၎င်း၏အရသာကို ကံမကောင်းအကြောင်းမလှစွာ ခံစားခွင့်ရရှိမည်ဖြစ်သည်။
ဝမ်းနီမြွေသွေး၊ အင်းဆက်မြက်သွေး၊ သွေးအဆိပ်သင့်ပန်း...
စူးချန်ခုန်းသည် သူစုဆောင်းထားသော ပါဝင်ပစ္စည်းများကို ယူကာ အချို့ကို ကြိတ်ချေကာ အချို့ကို ရေနွေးထဲတွင် ပြုတ်ကာ ရောနှောမွှေနှောက်ပြီး ပွက်ပွက်ဆူအောင် ပြုတ်လိုက်သည်။ သမားတော်ဟွားရှန် ပေးသော ဆေးညွှန်းအတိုင်း သေသေချာချာ လိုက်နာသည်။
တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် စူးချန်ခုန်းသည် သူ့ရှေ့ရှိ လက်ဖဝါးအရွယ် သွေးနီမှုန့်ပုလင်းကို ကြည့်ပြီး တံတွေးမမျိုချဘဲ မနေနိုင်ခဲ့။
ဤသွေးနီရောင်အမှုန့်သည် စူးချန်ခုန်း၏သွေးများကို လှုံ့ဆော်ပေးနေသလို ခံစားစေကာ ခန္ဓာကိုယ်ထဲ၌ လှိုင်းလုံးများထကလာပြီး သူ့မျက်နှာနီမြန်းလာစေသည်။
"ဒီအရာက တကယ်ကို အစွမ်းထက်တဲ့ အဆိပ်တစ်ခုပဲ။ ချီသွေးနယ်ပယ်မှာရှိတဲ့ သိုင်းပညာရှင် အများစုက ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"
စူးချန်ခုန်း မှင်တက်နေမိသည်။ သမားတော်ဟွားရှန်၏ အံ့သြဖွယ်ရာ တွေ့ရှိမှုဖြစ်သော ဆူပွက်သွေးကွဲခြင်းသည် သေချာပေါက် သေစေနိုင်သော အဆိပ်ဖြစ်သည်။
စူးချန်ခုန်းသည် ၎င်း၏ ထိရောက်မှုကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူသည် ကြွက်တစ်ကောင်ကို ဖမ်း၍ ကြိုးဖြင့်ချည်ကာ ပွက်ပွက်ဆူနေသော သွေးတစ်စက်ကို ရေတွင် ရောလျက် ပျစ်အောင်လုပ်ကာ ဓားပါးငယ်တစ်ခုပေါ်တွင် သုတ်ပြီး ကြွက်ကို ထိုဓားဖြင့် ပါးပါးလေး ခြစ်လိုက်သည်။
"ကွိ ကွိ!"
အသက်ရှုနေစဉ်အတွင်း အမွေးနက်ကြွက်သည် ကြီးမားသော နာကျင်မှုကို ခံစားနေရသည့်နှယ် ၎င်း၏ သွေးများသည် ပွက်ပွက်ဆူနေသော ရေကဲ့သို့ လျင်မြန်စွာ စီးဆင်းနေပြီး ခန္ဓာကိုယ်က ဖောင်းကား ရောင်ရမ်းလာကာ မကြာမီ ၎င်း၏ အရေပြားနှင့် ချွေးပေါက်များမှ သွေးများ စိမ့်ထွက်လာသည်။ ၎င်းက အနည်းငယ်ရုန်းကန်ပြီးနောက် လှုပ်ရှားမှု ရပ်တန့်ပြီး သေဆုံးခဲ့သည်။
"ဒီအရာက အစွမ်းထက်လွန်းတယ်! ရှစ်ကျစ်ကျန်းနဲ့ တိုက်ပွဲတုန်းက ဆူပွက်သွေးကွဲခြင်း အဆိပ်ကို ငါ့ရဲ့ ချပ်ဝတ်တန်ဆာ အဆူးမှာ သုတ်လိမ်းထားပြီး သူသာ အဆိပ်မိသွားခဲ့ရင် ဒီလို ခက်ခဲတဲ့ တိုက်ပွဲကို ရှောင်လွှဲပြီး နေရာမှာတင် သေသွားမှာပဲ။"
စူးချန်ခုန်းသည် ဆူပွက်သွေးကွဲခြင်းအဆိပ်၏ အကျိုးဆက်ကြောင့် ထိတ်လန့်တကြား အံ့ဩသွားသည်။ အသက် ဆယ်ရှိုက်စာ မပြည့်မီတွင် အမွေးနက်ကြွက်သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ သေဆုံးသွားခဲ့လေပြီ။
အကယ်၍ သူသည် သူ၏လက်နက်များကို အဆိပ်သုတ်ပြီး ပြိုင်ဘက်ကို ဖြတ်တောက်နိုင်ခဲ့ပါက ချီသွေးနယ်ပယ်မှ ကိုယ်ခံပညာရှင်တစ်ဦးပင်လျှင် သေစေနိုင်သော အဆိပ်ကြောင့် အမှောက်သိပ်ခံရမည်ဖြစ်သည်။ သွေးကိုပစ်မှတ်ထားသည့် ဆူပွက်သွေးကွဲခြင်းအဆိပ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော အရာတစ်ခုဖြစ်သည်။
အဆိပ်ကိုအသုံးပြုခြင်းသည် ဂုဏ်သိက္ခာမဲ့ပုံရနိုင်သော်လည်း အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်သည့်အခါ ဂုဏ်သိက္ခာကို ထည့်သွင်း စဉ်းစားလို့မရတော့ပေ။ နောက်ဆုံးရပ်တည်သူသာလျှင် အောင်နိုင်သူဖြစ်သည်။ အနိုင်ရရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုရမည်။
ဆူပွက်သွေးကွဲခြင်း အဆိပ်ကို ပြင်ဆင်ပြီးသည်နှင့် စူးချန်ခုန်းသည် ၎င်း၏ အာနိသင်ကို မည်ကဲ့သို့မြှင့်တင်ရမည်ကို စဉ်းစားနေခဲ့သည်။
နောက်ဆုံးတော့ စူးချန်ခုန်း၏အဖြေသည် တာဝေးပစ် လျှို့ဝှက်လက်နက်တစ်ခုဖြစ်သည်။
အဆိပ်သည် လျှို့ဝှက်လက်နက်တစ်ခုတွင် သုတ်လိမ်းထားပါက ရန်သူကို အနာတရ ဖြစ်စေသည်နှင့် ဆူပွက်သွေးကွဲခြင်း အဆိပ်က အကျိုးသက်ရောက်မည်ဖြစ်သည်။
"ငါလိုအပ်တဲ့ လျှို့ဝှက်လက်နက်တွေကို သွန်းလုပ်ဖို့အတွက် ပန်းပဲဖိုလေးတစ်ခုကို ငှားလိုက်မယ်!"
သူ့အတွေးအတိုင်း စူးချန်ခုန်းသည် ချင်းရွှေမြို့ထဲမှ သေးငယ်သော်လည်း ကိရိယာ အပြည့်အစုံပါသော ပန်းပဲဖိုကိုငှားရန် ငွေအမြောက်အမြားသုံးစွဲခဲ့သည်။ သူ့နောက်က တံခါးကိုပိတ်ပြီး သူလိုအပ်တဲ့ လျှို့ဝှက်လက်နက်တွေကို တီထွင်သွန်းလုပ်လေတော့သည်။
"ငါ ဒူးလေးတစ်ခုလုပ်မယ်... အဲဒါကို သေသေချာချာ ဖုံးကွယ်ထားဖို့ လိုတယ်။ အင်္ကျီလက်ထဲမှာ ဝှက်ထားပြီး အရေးကြီးတဲ့ အခိုက်အတန့်မှာ အံ့သြစရာကောင်းတဲ့ ထိုးနှက်ချက်တွေကို ထုတ်ပြီး ရန်သူကို အကာအကွယ်မဲ့အောင် လုပ်ထားရမယ်!"
အများကြီး စဉ်းစားပြီးနောက် စူးချန်ခုန်းသည် လက်မောင်းတွင် ချည်နှောင်၍ အင်္ကျီလက်အောက်တွင် ဝှက်ထားနိုင်သော အလွန်ကျစ်လစ်သိပ်သည်းသော ဒူးလေးတစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့သော ဒူးလေးသည် မီတာတစ်ရာအကွာအဝေးသို့ ပစ်နိုင်သော လေးလံသည့် ဒူးလေးကဲ့သို့ အစွမ်းထက်မည်မဟုတ်ပေ။
ဒါပေမယ့် ဒီလောက် အစွမ်းထက်ဖို့ မလိုပါ။ စူးချန်ခုန်းရဲ့ ရည်ရွယ်ချက်က ရန်သူကို ဒဏ်ရာတွေရစေပြီး ဆူပွက်သွေးကွဲခြင်း အဆိပ်ကို သယ်ဆောင်ပေးသွားနိုင်လျှင် လုံလောက်ပါပြီ။
ပထမဦးစွာ စူးချန်ခုန်းသည် ဒီဇိုင်းတစ်ခုကို ဖန်တီးခဲ့သည်။ ယခင်က သူသည် လေးလံသော ဒူးလေးကို ပြုလုပ်ခဲ့ပြီး အတွေ့အကြုံအချို့ကို စုဆောင်းခဲ့သည်။
ဒီဇိုင်းဆွဲပြီးနောက် စူးချန်ခုန်းသည် လက်စွပ်ဒူးလေးကို စတင်ဖန်တီးခဲ့သည်။ ယခုလို သိမ်မွေ့ပြီး အနုစိတ်သော ကိရိယာကို ဖန်တီးခြင်းသည် လေးလံသော ဒူးလေးထက် အဆပေါင်းများစွာ ပိုခက်ခဲကြောင်း သက်သေပြခဲ့သည်။ သေးငယ်လေလေ ၎င်းကို ထုလုပ်ရန် လိုအပ်သော တိကျမှုနှင့် ကျွမ်းကျင်မှု ကြီးမားလေလေပင်။ အသေးဆုံးအမှားသည် ကြီးမားသော ကျရှုံးမှုကို ဖြစ်စေနိုင်သည်။
ပန်းပဲပညာ ( သတ္တမနယ်ပယ် နက်နဲသော ကျွမ်းကျင်မှု ၁%)
စူးချန်ခုန်း၏ ကြိုးစားအားထုတ်မှုသည် သူ၏အခြားသော ကိုယ်ခံပညာများထက်မနည်းသော စွမ်းရည်များနှင့်အတူ နေ့စဉ်တိုးတက်လာလေ၏။ ထို့အပြင် သံသားရဲသံချပ်ကာကို ဖန်တီးရာတွင် မကြာသေးမီက အတွေ့အကြုံရခဲ့သေးသည်။ သံဖြတ်ဓားနည်းပညာ၏ သတ္တမမြောက်နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီးနောက် ဒူးလေး ဖန်တီးခြင်းကို အာရုံစိုက်လုပ်ဆောင်နေစဉ်တွင် သူသည် ထုံးစံအတိုင်း ပိုမိုတိုးတက်လာခဲ့သည်။
"ဒေါင် ဒေါင် ဒေါင်"
စူးချန်ခုန်းသည် မီးဖိုဘေးတွင် ချွေးတလုံးလုံးထွက်ကာ အမျိုးမျိုးသော အနုစိတ် အစိတ်အပိုင်းများကို ဖန်တီးနေသည်။
သူစိတ်ကူးထားတဲ့အတိုင်း လက်အစွပ်ဒူးလေးကို သွန်းလုပ်ဖို့ လဝက်လောက် အချိန်ယူခဲ့ရသည်။
အပြင်ပန်းတွင် စူးချန်ခုန်း ပြုလုပ်ထားသော ဒူးလေးသည် ပေဝက်ခန့်ရှည်သော ဆလင်ဒါပြွန်တစ်ခုနှင့်တူပြီး ဒူးလေးမြှားများ သုံးခုထည့်ရန် အပေါက်သုံးပေါက်ပါရှိသည်။
“ကလောက် ကလောက် ကလောက်”
စူးချန်ခုန်းသည် ဘယ်ဘက်လက်မောင်းတွင် လက်စွပ်ဒူးလေးကို တပ်ဆင်ပြီး စိတ်တိုင်းကြိုက်လုပ်ထားသော မြှားသုံးခုကို တင်ကာ ခလုတ်ယန္တရားကို လှည့်လိုက်လေ၏။ ဒူးလေး၏ အတွင်းပိုင်း အစိတ်အပိုင်းများ လှုပ်ခါကာ တင်းကြပ်သွားကာ တတောက်တောက် အသံမြည်လာလေသည်။
ဒူးလေးကို ပစ်ရန် နည်းလမ်းနှစ်သွယ်ရှိသည်။ တစ်နည်းက ဒူးလေးကို ပစ်ဖို့ ခလုတ်ကို နှိပ်ရန် လက်နှစ်ဖက်လုံး ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။
အခြားနည်းမှာ ၎င်းကို လက်တစ်ဖက်တည်းဖြင့် လုပ်ဆောင်ရန်ပင်။ ထိုအတွက် တင်းကျပ်သော လက်သီးဆုပ်များ၊ တင်းတင်းမာမာ ကြွက်သားများ လိုအပ်ပြီး စပရင်ကို လွှတ်ပေးရန်၊ မြှားများကို ပစ်ခတ်ရန်နှင့် လုပ်ဆောင်ချက်ကို ပို၍ပင် ဖုံးကွယ်ရန် လက်ကောက်ဝတ်ကို ဖိကာ ကွေးထားရန် လိုအပ်ပါသည်။
စူးချန်ခုန်း၏ နက်နဲသိမ်မွေ့သော ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေသော ပန်းပဲကျွမ်းကျင်မှုဖြင့်သာ ဤသို့ ထူးခြားဆန်းပြားသော လက်စွပ်ဒူးလေးတစ်ခခုကို ဖန်တီးနိုင်မည်ဖြစ်လေသည်။