ကြာနက်ဂိုဏ်း၏ အရှင်။ ချီနှင့်သွေးအဆင့်။
Vol. 7 Ch. 97
ဝမ့်ယွင်ကို ကြာနက်ဂိုဏ်းက ခြိမ်းခြောက်ကာ ပူးပေါင်းစေပြီး သူ့အားထောင်ချောက်ထဲ ပို့လိုက်ပြီဆိုတာ စူးချန်ခုန်းက ထုံးစံအတိုင်း မသိခဲ့ပေ။
ယခုအချိန်တွင် စူးချန်ခုန်းသည် ထောက်လှမ်းရေးတွင် ဖော်ပြထားသော တည်နေရာသို့ သွားနေပြီဖြစ်သည်။
ချင်းရွှေနယ်မြေအတွင်း တည်ရှိသော လော့ဖုန်းတောအုပ်သည် တိရစ္ဆာန်များနှင့် ငှက်များသာ နေထိုင်ကျက်စားသည့် စိမ်းစိုသော တောအုပ်တစ်အုပ်ဖြစ်ပြီး ဝရမ်းပြေးနှင့် ဓားပြများ ပုန်းအောင်းရန် အလွန်သင့်လျော်သော နေရာတစ်ခုဖြစ်သည်။
လော့ဖုန်းတောအုပ်သို့ သူရောက်သောအခါ နေဝင်ချိန်ရောက်နေပြီဖြစ်ပြီး ကောင်းကင်ယံမှ နေရောင်ခြည်က လိမ္မော်ရောင်တောက်နေရာ လူတို့၏ စိတ်အစဉ်ကို အနည်းငယ် စိတ်ဓာတ်ကျကာ ဆိတ်သုဉ်းသွားစေသည်။
"ဆိုတော့ နဉ်ချမ်က လော့ဖုန်းတောအုပ်ထဲမှာ ပုန်းနေတာပေါ့။ သူ့ကို မြန်မြန်ရှာပြီး မမှောင်ခင် ပြန်မှပဲ။"
လော့ဖုန်းတောအုပ်သို့ ရောက်သောအခါ စူးချန်ခုန်းသည် တောထဲသို့မဝင်မီ စောင့်ကြည့်လေ့လာရန် ခေတ္တရပ်လိုက်သည်။
စူးချန်ခုန်းသည် သူ့အသက်ရှုခြင်းကို တမင်နှေးလိုက်ပြီး ခြေဖော့လိုက်သည်။ ခြောက်သွေ့သော သစ်ကိုင်းများနှင့် ကြွေကျနေသော သစ်ရွက်များကို နင်းလိုက်သည့်တိုင် ဘာသံမှ မကြားရပေ။
လော့ဖုန်းတောအုပ်သည် ကျယ်ဝန်းခြင်းမရှိသဖြင့် မကြာမီတွင် စူးချန်ခုန်းသည် တောအုပ်အလယ်တွင် သက်ကယ်အိမ်တစ်လုံးကို တွေ့လိုက်ရသည်။
သို့သော် စူးချန်ခုန်း၏ မျက်ခုံးများ တွန့်ချိုးသွားလေ၏။ အနှီသက်ကယ်အိမ်သည် အလွန်ပျက်စီးနေပြီး တစ်ဝက်တစ်ပျက်ပြိုကျကာ တစ်စုံတစ်ယောက် နေထိုင်နိုင်သည့်နေရာနှင့် လုံးဝမတူပေ။
ဝှစ်!
ရုတ်တရက် စူးချန်ခုန်း၏ နားရွက်များ လှုပ်ခတ်သွားလေ၏။ လေလမ်းကြောင်းကိုလိုက်ကြည့်ရာ သူသည် မကြားနိုင်လောက်သော အသံကို ကြားလိုက်ရသည်။ ၎င်းက လူတစ်ယောက်၏ အသက်ရှုသံဖြစ်သည်။ တစ်ယောက်ယောက် ပုန်းနေလေသည်။
ပြီးတော့…လူတစ်ယောက်ထဲ မဟုတ်ပါ!
"ဟိုဘက်က ဘယ်သူလဲ?" စူးချန်ခုန်းက သတိအပြည့်နှင့် အေးတိအေးစက် အော်ပြောလိုက်သည်။
"ဟားဟား.. မင်းက သရဲမျက်နှာလို့ ခေါ်တဲ့သူလား။ မင်း ငါတို့ ကြာနက်ဂိုဏ်းကို ဆန့်ကျင်ရဲတယ်ပေါ့။ တော်တော်သတ္တိရှိနေတာပဲ။"
အေးစက်စက် ရယ်မောသံ ထွက်ပေါ်လာပြီး ခြေသံများကို အရပ်ရပ်မှ ကြားလိုက်ရသည်။
ပတ်၀န်းကျင်ရှိ သစ်ပင်ကြီးများ၏ နောက်ကွယ်မှ ချုုံပုတ်တွေနောက်မှ လူစုစုပေါင်း ငါးဦး သို့မဟုတ် ခြောက်ဦး ထွက်လာကြသည်။ တစ်ဦးချင်းစီ၏ တည်ရှိမှုသည် အလွန်ပြင်းထန်သောကြောင့် သာမန် သိုင်းပညာရှင်တိုင်း၏ နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်စေကာ ခြေထောက်များကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
သူတို့က စူးချန်ခုန်း ထွက်မပြေးနိုင်ရန် သူ့ကို ဝိုင်းလိုက်သည်။
"ကြာနက်ဂိုဏ်းလား။ လူတစ်ယောက်ထက်ပိုတာပဲ။" စူးချန်ခုန်း၏ မျက်နှာထားက တင်းမာလာသည်။ ဤလူတစ်ဦးစီတွင် အစွမ်းထက်သော အရှိန်အဝါရှိသည်ကို သူမြင်နေရသည်။ အထူးသဖြင့် နှစ်ဦး သို့မဟုတ် သုံးဦးတို့၏ မျက်လုံးများက တောက်ပနေပြီး လှုပ်ရှားလိုက်သည့်အချိန်တွင် ရှိန်လောက်ဖွယ်ရာ အမူအရာရှိသည်။ ၎င်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှုကို ရရှိထားသူများ၏ ထူးခြားသော အချက်များပင် ဖြစ်သည်။
"ဝမ့်ယွင်ပဲ... သူငါ့ကို သစ္စာဖောက်ခဲ့တယ်!"
စူးချန်ခုန်းက ငတုံးမဟုတ်ပါ။ ချက်ချင်းပင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်သည် သူ့စိတ်ထဲတွင် အထွတ်အထိပ်သို့ ရောက်သွားသည်။ ဤလူများသည် ဤနေရာ၌ အကြာကြီးစောင့်ဆိုင်းနေခဲ့ပြီး စူးချန်ခုန်းလာမည်ကို ကြိုသိထားကြသည်။ သေချာသည်မှာ ဝမ့်ယွင်နှင့် ပေါင်းကြံထားခြင်းပင်။
အစောပိုင်းတွင် ဝမ့်ယွင်သည် စူးချန်ခုန်းအား ကြာနက်ဂိုဏ်း၏ တပည့်များကို လိုက်လံဖမ်းဆီးတိုက်ခိုက်ရန် ငှားရမ်းခဲ့သော်လည်း ယခုအခါတွင် ကြာနက်ဂိုဏ်းနှင့် တစ်ဖက်တည်း ဖြစ်နေသည်။ ဝမ့်ယွင်က ခြိမ်းခြောက်ခံရတာလား ဒါမှမဟုတ် သူက သူတို့နဲ့ ညှိနှိုင်းထားတာလား။
စူးချန်ခုန်း ဒါကို မသိနိုင်ပေမယ့် အရေးမကြီးတော့ပါ။ အခုအရေးကြီးဆုံးက လက်တလောအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပင်။
စူးချန်ခုန်းသည် တိတ်တဆိတ် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲတွင် ဒေါသနှင့် သတ်ပစ်လိုစိတ်ကို မျိုသိပ်ကာ ငြိမ်သက်သွားပြန်သည်။ သူသည် ကြာနက်ဂိုဏ်း၏ တပည့်များကို လှည့်ပတ်ကြည့်လိုက်သည်။
စုစုပေါင်း ခြောက်ယောက်ရှိသည်။ သူတို့ထဲမှ ထက်ဝက်နီးပါးသည် တန်ခိုးကြီးသော အရောင်အဝါများရှိပြီး နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်တွင် ရှိနေကြသည်။ သတင်းအချက်အလက်ထဲမှ နဉ်ချမ်သည် သူတို့အထဲတွင် ပါဝင်ပြီး အားအနည်းဆုံးမှာ နတ်ဘုရားခွန်အားနယ်ပယ်တွင်ဖြစ်သည်။
သို့ပေမယ့် စူးချန်ခုန်းရဲ့ အာရုံစိုက်မှုကို အခံရဆုံးသူကတော့ မီးခိုးရောင်အဝတ်အစားဝတ်ထားတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး သူသည် သူ့ရှေ့က သစ်ပင်ကြီးတစ်ပင်အောက်၌ ပေါ်လာတာဖြစ်သည်။
မီးခိုးရောင် ၀တ်စုံနှင့် အမျိုးသားသည် မုတ်ဆိတ်မွေးမရှိဘဲ နုပျိုသော မျက်နှာရှိပြီး အနည်းဆုံး အသက်လေးဆယ်ထက် မပိုပေ။ သူသည် သာမန်အရပ်နှင့် တောင့်တောင်းတင်းတင်းရှိပြီး သူ့နောက်ကျောတွင် ဓားရှည်တစ်ချောင်းလွယ်ထားသည်။ သူသည် လက်နောက်ပစ်လျက် ရပ်နေရင်း ခပ်တည်တည်သာနေသည်။ စူးချန်ခုန်းသည် သူ၏ ပင်ကိုယ်အသိစိတ်အရ ဤမီးခိုးရောင်နှင့်လူထံမှ ထွက်လာသည့် ခြိမ်းခြောက်မှုကို ရှစ်ကျစ်ကျန်းထက်ပင် ပိုမို ပြင်းထန်စွာ ခံစားရပြီး သူ၏ သရုပ်မှန်ကို မမှန်းကြည့်ဘဲ မနေနိုင်ပေ။
"သူက သရဲမျက်နှာလား။ ငါတို့ကြာနက်ဂိုဏ်းဝင် ဆယ်ယောက်နီးပါးကို သတ်ခဲ့တဲ့သူပေါ့"
ကြာနက်ဂိုဏ်း၏ တပည့်များအားလုံးသည် ဖုံးကွယ်ထားသော လူသတ်လိုစိတ်များဖြင့် စူးချန်ခုန်းကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေကြသည်။
လွန်ခဲ့သောတစ်နှစ်က ကြာနက်ဂိုဏ်းသည် ချင်းရွှေမြို့ကို ဝင်ရောက်ပြီး ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အရာအားလုံး ချောချောမွေ့မွေ့ လည်ပတ်နေပေမယ့် သူ့ကိုယ်သူ သရဲမျက်နှာလို့ ခေါ်တဲ့ သူရဲကောင်းတစ်ယောက် ပေါ်လာပြီး ကြာနက်ဂိုဏ်းရဲ့ တပည့်များစွာကို သတ်ပစ်ခဲရော ကျန်တဲ့သူတွေက ချီတုံချတုံနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို သိသိသာသာ ထိခိုက်စေခဲ့သည်။
အခုတော့ ကြာနက်ဂိုဏ်းက သရဲမျက်နှာအား သူတို့ကို ဟန့်တားရဲတဲ့အတွက် အနာကျင်ဆုံး တန်ကြေးနဲ့ ပြန်ပေးဆပ်စေချင်ကြသည်။
"မင်းကို ဝမ်ထိုက်လို့ ခေါ်ရမလား ဒါမှမဟုတ် သရဲမျက်နှာလို့ ခေါ်ရမလား။ မင်းက ငါထင်ထားတာထက် ငယ်တာပဲ။ မင်း ကြာနက်ဂိုဏ်းကို မဆန့်ကျင်သင့်ဘူး။"
မီးခိုးရောင် ၀တ်စုံနှင့် အမျိုးသားက ဖြည်းညှင်းစွာ စကားစလာသည်။ သူ၏ အသံသည် စူးရှပြတ်သားပြီး နားထောင်ရန် အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
စူးချန်ခုန်း၏ အတွေးများက ဖြတ်ကနဲ ပေါ်လာလေ၏။ "ကျွန်တော်က ငွေနောက်ကိုသာ လိုက်တာပါ။ ကြာနက်ဂိုဏ်းကို တမင်တကာ ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ဒါကို ဘာကြောင့် အေးအေးဆေးဆေး မဖြေရှင်းကြတာလဲ။ ကျွန်တော်လည်း ကြာနက်ဂိုဏ်းထဲဝင်ပြီး အားလုံးနဲ့ ညီအစ်ကို ဖြစ်အောင် လုပ်နိုင်ပါတယ်!"
ထိုသို့ပြောပြီးသည်နှင့် ကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူ လေးငါးခြောက်ယောက်တို့က ပါးစပ်ထောင့်ကို တွန့်ချိုးကာ ရွံ့မှန်းစွာဖြင့် ရွှဲ့ပြုံးပြုံးလိုက်ကြသည်။ သရဲမျက်နှာဟာ အရှက်မရှိလှပါ။ ကြာနက်ဂိုဏ်းတပည့်တွေကို သတ်တုန်းက သူက အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ဖြစ်သည်ဟုဆိုသည်။ ယခု သူတို့သည် သူ့တံခါးကို လာခေါက်ကြသဖြင့် သူ့အသက်ကို ကယ်နိုင်ရန်အတွက် ကြာနက်ဂိုဏ်းဝင်ရန် ချက်ချင်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
မီးခိုးရောင်နှင့်လူထံမှ ထေ့ငေါ့သံတစ်ခု ထွက်ပေါ်လာသည်။ “အရင်တုန်းကသာဆိုရင် ငါတို့ရဲ့ ကြာနက်ဂိုဏ်းက မင်းလို အလားအလာရှိတဲ့ သိုင်းပညာရှင် လူငယ်တစ်ယောက်ကို ကြိုဆိုလက်ခံခဲ့မှာ။ ပြီးတော့ ငါတို့ရဲ့ ဆက်ဆံပုံက တော်တော်လေးကို ကောင်းလိမ့်မယ်။ ဒါပေမယ့် မင်းက ငါတို့ရဲ့ တပည့်တော်တော်များများကို သတ်ပစ်လိုက်လို့ အခု ငါတို့ရဲ့ရန်ပွဲကို ခင်မင်ရင်းနှီးမှုအဖြစ် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တော့ဘူး။ တခြားသူတွေကို သတိပေးဖို့အတွက် ကြာနက်ဂိုဏ်းကို ဆန့်ကျင်ရဲတဲ့ မင်း နောင်တရအောင် လုပ်ပစ်မယ်။”
ကြာနက်ဂိုဏ်းက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကြိုဆိုပေမယ့် ဂိုဏ်းနဲ့ နာကျည်းချက်တွေ အများကြီးရှိပြီး တပည့် ဆယ်ယောက်နီးပါးကို သတ်ခဲ့တဲ့ သရဲမျက်နှာလိုမျိုးကို ဝင်ခွင့်ပေးလိုက်တာက ကျန်တဲ့ဂိုဏ်းတွေရဲ့ အမြင်မှာ လက်မခံနိုင်စရာပင်။
“သေချာတာပေါ့၊ ဒီသရဲမျက်နှာကို အရေဆုတ်ပြီး အစိတ်စိတ်ပိုင်း…”
စူးချန်ခုန်းနံဘေးမှ မျက်နှာတွင် အမာရွတ်ရှိသော ကြာနက်ဂိုဏ်း၏ တပည့်တစ်ဦးက သဘောတူလိုက်သည်။ ဤလူသည် ဝမ့်ယွင်ပေးသော သတင်းအချက်အလက်ထဲမှ နဉ်ချမ်ဖြစ်ပြီး သူ့ကို ချုံခိုတိုက်ခိုက်မည့် ကြာနက်ဂိုဏ်း၏ ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။
သို့သော်လည်း နဉ်ချမ် စကားမဆုံးမီတွင် မီးခိုးရောင် ဝတ်ထားသော အမျိုးသားက အော်ပြောလိုက်လေ၏။ "သတိထား!"