သွေးနှင့်ချီစွမ်းအင်တို့ ပွက်ပွက်ဆူခြင်း။ သံသားရဲ သရဲမျက်နှာ။
Vol. 7 Ch. 101
စူးချန်ခုန်းသည် လျိုပိုင်ရန်က သူ့ကို အရှင် ဖမ်းချင်ပြီး လွယ်လွယ် မသေခိုင်းမှာကို လောင်းကြေးထပ်ထားတာဖြစ်သည်။
လျိုပိုင်ရန်၏ဓားသည် စူးချန်ခုန်း၏ လည်ချောင်း သို့မဟုတ် နှလုံးဆီသို့ မထိုးဘဲ သူ့ညာဖက်ပခုံးထက်ကိုသာ ထိုးလာသည်။
“ဖောက်”
စူးချန်ခုန်းသည် ရွှေပိုးသံကွင်းချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော်လည်း လျိုပိုင်ရန်၏ဓားက စူးချန်ခုန်း၏ ပခုံးကို ထိုးဖောက်ဝင်ရောက်လာချိန်တွင် အနည်းငယ်သာ နှောင့်နှေးစေခဲ့သည်။ ဓားက ပခုံးထဲ စူးဝင်သွားကာ နောက်သို့ ပေါက်ထွက်သွားသည်။
စူးချန်ခုန်းဟာ သူ့ရဲ့သိုင်းလမ်းကြောင်းကို စတင်ပြီးကတည်းက ဒီလိုပြင်းထန်တဲ့ ဒဏ်ရာကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာဖြစ်သည်။
"ဂျွတ် ဂျက်!"
စူးချန်ခုန်းသည် လိပ်အသက်ရှူနည်းပညာကို အသက်သွင်းခဲ့ပြီး သူ၏ ကြွက်သားများနှင့် အရိုးများကို တင်းတင်းကြပ်ကြပ် ကုပ်ထားကာ သူ့ပခုံးကို ထိုးထားသည့် ဓားကို ဆွဲစုပ်ထားလိုက်သည်။ သူ့ညာလက်ကို ဓါးပတ်ပတ်လည်တွင် ရစ်ပတ်ကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်ကို ကာကွယ်သည့် ရွှေပိုးသံကွင်းချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်မှာ ကံကောင်းလှသည်။ ဒီလိုမှမဟုတ်ရင် သူဒီလိုလုပ်ရဲတာနဲ့ လျိုပိုင်ရန်ရဲ့ ခွန်အားတစ်ခုတည်းနှင့် သူ့လက်မောင်းကို ဓားချွန်နဲ့ အပိုင်းပိုင်းလှီးဖြတ်ဖို့ လုံလောက်ပါလိမ့်မည်။
"ဟစ်၊ ဟစ်၊ ဟစ်!"
ရွှေပိုးသံကွင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတာတောင် လျိုပိုင်ရန်သည် အားနှင့် တွန်းထည့်လိုက်သောကြောင့် သူ၏လက်မောင်းကို တုန်ခါစေသည်။ ဓားရှည်သည် ဓားချီစွမ်းအားကြောင့် တုန်လှုပ်သွားပြီး စူးချန်ခုန်း၏လက်မောင်းရှိ ရွှေပိုးသံကွင်းချပ်ဝတ်တန်ဆာကိုဖြတ်ကာ ကြက်ခြေခတ် ဒဏ်ရာများကို ချန်ရစ်ခဲ့ကာ အရိုးများကို ဖော်ထုတ်နိုင်လောက်သည်ထိ နက်လှသည်။
သို့သော် ယခုအချိန်တွင် စူးချန်ခုန်း မျက်ထောင့်များနီနေပြီး မျက်လုံးအတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ကို သူသိသည်။
"မကောင်းတော့ဘူး!"
လျိုပိုင်ရန်သည် သူ့နှလုံးသားအတွင်း၌ သတိပေးချက်တစ်ခု တက်လာသည်ကို ခံစားလိုက်ရပြီး အန္တရာယ်ကို ခံစားမိသည်။ သူ့လက်နက်ကို ပြန်ယူဖို့ ဂရုမစိုက်နိုင်ဘဲ ဓားရှည်ကို လွှတ်ချလိုက်ပြီး လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် စူးချန်ခုန်းသည် သူ၏ဘယ်ဘက်လက်မောင်းကို လျိုပိုင်ရန်ဆီသို့ ဆန့်ထုတ်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို အောက်သို့အတင်းဆွဲကာ ကြွက်သားများတင်းမာစေလိုက်သည်။
"ဘန်း ဘန်း ဘန်း!"
ရွေ့လျားနေသော အစိတ်အပိုင်းများ၏ ဆူညံသံနှင့်အတူ စက်ပိုင်းဆိုင်ရာ အစပျိုးသံသုံးခု တပြိုင်နက် ထွက်ပေါ်လာသည်။ စူးချန်ခုန်း၏လက်အိတ်စွပ်များမှ ပေဝက်ခန့်ရှည်သော သတ္တုမြှားလေး ၃ ချောင်းသည် လျိုပိုင်ရန်ကို တည့်တည့်ချိန်ရွယ်ကာ အလျင်အမြန် ဆက်တိုက် ပစ်လွှတ်လိုက်သည်။
လျိုပိုင်ရန်၏ တုံ့ပြန်မှုသည် အလွန်လျင်မြန်လှသည်။ သူ့ခန္ဓာကိုယ်သည် မြှားတစ်စင်းကို ရှောင်ရန် ယိမ်းလိုက်ပြီး သူ့ဝတ်ရုံဖြင့်ရိုက်ထုတ်ကာ သူ့မျက်နှာကို ပစ်မှတ်ထားသည့် အခြားတစ်ခုကို လမ်းကြောင်းလွှဲလိုက်သည်။ သို့သော် သူ၏ ဘယ်ဘက်ပခုံးကို ဦးတည်သော မြှားတစ်စင်းကိုတော့ ရှောင်လွှဲ၍ မရခဲ့ပေ။
“ဖောက်”
မြှားသည် လျိုပိုင်ရန်၏ ဘယ်ဘက်ပခုံးကို ထိမှန်သွားလေ၏။ ချီသွေးနယ်ပယ်မှ ကိုယ်ခံပညာရှင်တစ်ယောက်အနေဖြင့် သူ၏ကြွက်သားများနှင့် အရေပြားသည် နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်ထက် ပိုမိုသန်မာပြီး ခန္ဓာကိုယ်မျက်နှာပြင်ရှိ ချီသွေးအလွှာကြောင့် မြှားခေါင်း၏ ထက်ဝက်မျှသာ သူ၏ပခုံးကို ထိုးဖောက်ဝင်ရောက်နိုင်စေခဲ့သည်။
"သေစမ်း…"
လျိုပိုင်ရန် ဒေါသထွက်သွားသည်။ သူသည် ချီသွေးနယ်ပယ်၏ သိုင်းပညာရှင်တစ်ဦးဖြစ်လျက်နှင့် ဂျူနီယာတစ်ယောက်ကြောင့် အဘယ်ကြောင့် ဒဏ်ရာရခဲ့သနည်း။
သို့သော် လျိုပိုင်ရန်သည် ဒေါသတကြီး မကျိန်ဆဲနိုင်မီတွင် သူ့မျက်နှာသည် နီမြန်းလာပြီး သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာမှ ပြန့်လာသော ပြင်းထန်ပူလောင်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့သွေးများက ဓာတ်ဆီကဲ့သို့ ပွက်ပွက်ဆူလာပြီး မီးစွဲလောင်သွားသလို ခံစားလိုက်ရသည်။
"အဆိပ်... အဆိပ်ရှိလား" လျိုပိုင်ရန်သည် မြှားက အဆိပ်ရှိကြောင်း သိလိုက်သည်။ ထို့အပြင် ထိုအဆိပ်သည် ချီသွေးနယ်ပယ်၏ သိုင်းပညာရှင်ကို ခြိမ်းခြောက်နိုင်သည့် အရာတစ်ခုဖြစ်လေသည်။
ဆူပွက်သွေးကွဲခြင်းအဆိပ်သည် သွေးကို ပစ်မှတ်ထားသောကြောင့် တော်တော်လေး ကြောက်စရာကောင်းပါသည်။ အထူးသဖြင့် ချီသွေးနယ်ပယ်သိုင်းပညာရှင်က ချီစွမ်းအင်နှင့် သွေးတို့၏ စွမ်းအားကို လှုံ့ဆော်ပေးသည့် အချိန်တွင် လျင်မြန်စွာ ရွေ့လျားနေသော သွေးများသည် ခန္ဓာကိုယ်အနှံ့ အဆိပ်အတောက်များကို အချိန်တိုအတွင်း ပျံ့နှံ့သွားစေသည်။
“ဖောက်!”
အသက်တစ်ရှိုက်နှစ်ရှိုက်စာတွင် လျိုပိုင်ရန်၏ သွေးများ ပွက်ပွက်ဆူလာပြီး သူ့အရေပြားသည် ပြုတ်ထားသော ပုဇွန်ကဲ့သို့ အနီရောင်ပြောင်းသွားကာ သူ့နှလုံးသည် နာကျင်ခြင်းနှင့်အတူ တဆတ်ဆတ်တုန်ခါလျက် ပါးစပ်ထဲမှ သွေးများ အလိုလို စီးကျလာသည်။
"မကောင်းတော့ဘူး!"
စူးချန်ခုန်း ထွက်ပြေးတာကို တားဆီးရန် အနီးနားတွင်ရှိနေသည့် သိုင်းပညာရှင် နှစ်ဦးက လျိုပိုင်ရန်၏ အခြေအနေ မမှန်မှန်း သိလိုက်သော်လည်း စူးချန်ခုန်းက လှုပ်ရှားနေပြီ ဖြစ်သည်။
ဝူချင်းရှီ။ မျောက်ဝံလက်မောင်း လွှဲရမ်းခြင်း။
စူးချန်ခုန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်လှသည်။ သူ၏ညာဖက်ပခုံးနှင့် လက်မောင်းရှိ သွေးထွက်ဒဏ်ရာများကို လျစ်လျူရှုကာ လက်နှစ်ဖက်ကို ဆန့်ထုတ် ဒေါသတကြီး ပြင်းပြင်းထန်ထန် ထိုးသတ်လိုက်ချိန်တွင် နောက်ဘက်၌ အရိပ်များစွာ ကျန်ရစ်ခဲ့သည်။
လျိုပိုင်ရန်က ခုခံကာကွယ်လိုသော်လည်း သူ၏ ချီစွမ်းအင်ကို လှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်အတွင်း မသက်မသာ ပေါက်ကွဲသံကို ခံစားလိုက်ရပြီး သူ၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေကာ ရက်စက်လှသော လက်သီးများ သူ့ဆီကျရောက်လာသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရသည်။
"ဘုန်း ဘုန်း ဝုန်း အုန်း အုန်း"
စူးချန်ခုန်းသည် ဒေါသူပုန်ထနေသော မျောက်ဝံတစ်ကောင်အလား လျိုပိုင်ရန်၏ ခန္ဓာကိုယ်ကို ဗုံတစ်လုံးကဲ့သို့ တီးခေါက်လိုက်သည်။ သူ့ရင်ဘတ် ၊ ဝမ်းဗိုက် ၊ ဦးခေါင်းကို အသက်တစ်ရှူစာအတွင်း လျိုပိုင်ရန်၏ အားနည်းသော နေရာများအား စူးချန်ခုန်း၏ ပြင်းထန်သော လက်သီးများဖြင့် ထုရိုက်လိုက်သည်။
“ဂျွတ် ဂျွတ် ဂျပ် ဂျပ်!”
လျိုပိုင်ရန်၏ ရင်ဘတ်ကို ထွင်းဖောက်လျက် နှလုံးသားကို ထိုးဖောက်ရာမှ အရိုးများ ကွဲအက်အသံများ ပဲ့တင်ထပ်လာကာ ဧရာမသားရဲကြီး၏ ဖျက်ဆီးခံရသော အိတ်တစ်လုံးကဲ့သို့ သွေးများ တဟုန်ထိုး ပန်းထွက်လာသည်။
"ငါ...ဒီမှာသေရတော့မှာလား" လျိုပိုင်ရန်၏ အသိစိတ်သည် မှုန်ဝါးကာ ပျောက်ကွယ်သွားလေပြီ။ လွန်ခဲ့သည့် စက္ကန့်ပိုင်းမျှကပင် သူသည် ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ ယခုတော့ သူ မထင်မှတ်ခဲ့တာက အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားကာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
၀တ်စုံဖြူနှင့် လူငယ်လေးသည် ရှေ့သို့ အပြေးလာရင်း တစ်ခုခုလွဲချော်နေသည်ကို အာရုံခံလိုက်သည်။ အရာဝတ္ထုတစ်ခုက သူ့ကို ထိမှန်လာသည်။ အနီးကပ်ကြည့်လိုက်တော့ သူ အံ့အားသင့်သွားလေ၏။ ထိုအရာက မျက်လုံးတစ်လုံးဖြစ်သည်။ စူးချန်ခုန်း၏ ပြင်းထန်သော လက်သီးချက်များအောက်တွင် လျိုပိုင်ရန်၏ မျက်လုံးများထဲမှ တစ်ခုသည် အခေါင်းပေါက်ထဲမှ ထွက်လာပြီး သူ့အပေါ်သို့ ပြုတ်ကျလာသည်။
ဝတ်ရုံဖြူနှင့်လူငယ်လေးသည် သူ့လမ်းကြောင်းပေါ်တွင် ရပ်သွားကာ သူ့ရင်ထဲတွင် အေးစိမ့်စိမ့်ဖြစ်လာသည်။ စူးချန်ခုန်းသည် သူနှင့် သုံးလှမ်းသာ ဝေးတော့သည်။ သူ၏ နီနီရဲရဲ မျက်လုံးများက အေးတိအေးစက် စိုက်ကြည့်နေရာ ရေခဲဂူထဲသို့ ကျသွားသလို ကျောရိုးများ တုန်တုန်ယင်ယင် ဖြစ်လာသည်။ ခေတ္တရပ်ခြင်းမရှိဘဲ စူးချန်ခုန်းသည် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ လျိုပိုင်ရန်ကို တစ်ရှိန်ထိုး အနိုင်ယူရန် လက်အိတ်စွပ်ကို ဆူပွက်သွေးကွဲခြင်းအဆိပ်နှင့် ပေါင်းစပ်ခဲ့သည်။ သူ့ဘယ်ဘက်လက်က ညာဘက်ပခုံးမှာ မြှုပ်ထားတဲ့ ဓားရှည်ကို ဖမ်းဆုပ်လိုက်ပြီး ဆွဲထုတ်လိုက်ရာ သွေးတွေပန်းထွက်လာပြီး အဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးရဲ့ ၀တ်ရုံကို သွေးတွေ စွန်းထင်းသွားစေသည်။
"ဖောက်!"
သူ့လက်နှင့် ဓားကို ဆွဲထုတ်ကာ ဝှေ့ရမ်းလိုက်သဖြင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော ထိုလူငယ်လေးသည် တုံ့ပြန်နိုင်စွမ်းမရှိရာ သူ့ ခေါင်းကို အလွယ်တကူ ဖြတ်ပစ်လိုက်သည်။
"နောက်တစ်ယောက် ကျန်သေးတယ်!"
စူးချန်ခုန်း၏မျက်လုံးများသည် ဓားကိုကိုင်လျက် ကျန်နေသေးသော ဝတ်စုံအပြာရောင်နှင့်လူဆီသို့ လှည့်ကြည့်လိုက်သည်။ သူ့ဒဏ်ရာများမှ သွေးများ စီးကျနေသော်လည်း သတ်ပစ်လိုစိတ်မှာ ခိုင်မာလှလေသည်။
"အကြီးအကဲ လျို.. သေပြီလား"
အပြာရောင်ဝတ်စုံနှင့် အမျိုးသားသည် တုန်လှုပ်သွားပြီး သူ့မျက်လုံးများက မယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ကို ပြသနေ၏။ ချီသွေးနယ်ပယ်သို့ ရောက်ရှိခဲ့သော လျိုပိုင်ရန်သည် စူးချန်ခုန်း၏ ရှေ့မှောက်တွင် အသတ်ခံရမည်ကို သူ မထင်မှတ်ထားခဲ့ပေ။ ကျိုးနေတဲ့အရိုးတွေနဲ့ မျက်လုံးတွေက သူ့သွားတွေကို တဆတ်ဆတ်တုန်စေပြီး ခြေထောက်တွေ အားနည်းသွားစေခဲ့လေသည်။