ငါမင်းထက် ပိုသိတယ်
Vol. 3 Ch. 219
လူတိုင်းက ချန်းဖန်ကို မေးလိုက်သည့် လူကို ကြည့်လိုက်ကြသည်။ ထိုသူမှာ မျက်မှန်ထူထူ တစ်လက်ကို ဝတ်ဆင်ထားပြီး အသက် သုံးဆယ်ခန့် ရှိပုံရသည်။
"အဲဒါ ဘိုင်အိုဌာနက ဒေါက်တာဒူ မလား..."
ကျောင်းသားများ ကြားတွင် တီးတိုးသံများ ဆူညံသွားသည်။ ဒေါက်တာဒူမှာ တက္ကသိုလ် အတွင်း အထင်ရှားဆုံး သင်တန်း နည်းပြများထဲမှ တစ်ယောက်ဖြစ်ကာ သူ၏ ကမူးရှူးတိုး ပြောတတ်သော အကျင့်ကြောင့် လူသိများသည်။ ကျောင်း၏ ဒါရိုက်တာ များပင်လျှင် သူ့ကို ဝေးဝေး ရှောင်ကြသည်။
သူ့တွင် လက်ထောက် ပါမောက္ခ ဖြစ်နိုင်သည့် အရည်အချင်း၊ အတွေ့အကြုံ စသည်တို့ ရှိသော်လည်း ထိုအကျင့်ကြောင့်သာ ရာထူး မတိုးသေးခဲ့ခြင်း ဖြစ်သည်။
"အားလုံးသိတဲ့ အတိုင်းပဲ သက်ရှိ သိပ္ပံပညာက ဇီဝဗေဒပညာရပ်ရဲ့ ဘာသာရပ်ခွဲ တစ်ခုပဲ။ အဲဒီ ဘာသာရပ်က မော်လီကျူးနဲ့ မျိုးရိုးဗီဇကို အဓိကထား လေ့လာပြီး သက်ရှိ သံသရာ စက်ဝိုင်းနဲ့ သက်ရှိတွေရဲ့ သဘာဝကို လေ့လာတဲ့ ဘာသာရပ်ပဲ။ ဒီဘာသာကို လေ့လာ သင်ကြားကြတဲ့ ရည်ရွယ်ချက်က ရောဂါတွေကို ရှာဖွေ ဖော်ထုတ်ဖို့၊ မျိုးရိုးဗီဇနဲ့ ကိုက်ညီမယ့် ဆေးတွေ ဖော်စပ်ဖို့နဲ့ လူသားတွေရဲ့ ဂေဟစနစ် ပိုမို ကောင်းမွန်လာဖို့ အတွက်ပဲဖြစ်တယ်”
ဒေါက်တာဒူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ပါမောက္ခချန်းက အချို့ နေရာတွေမှာ နည်းနည်း လွဲနေသလိုပဲ။ ဆရာချန်း ပြောပုံ အရဆို သက်ရှိ သိပ္ပံ ပညာရပ်ရဲ့ ရည်ရွယ်ချက်က လူတစ်ယောက်ရဲ့ သက်ရှိ စွမ်းအင်ကို ခိုင်မာ များပြားအောင် လုပ်ပြီး လူသားတွေရဲ့ ရုပ်ခန္ဓာပိုင်းကို ပိုမို တိုးတက်အောင် လုပ်တဲ့ သဘော ဖြစ်နေတယ်။ ဒါက ဒါဝင်ရဲ့ ဆင့်ကဲ ပြောင်းလဲတဲ့ သီအိုရီနဲ့ နည်းနည်းတော့ ပြောင်းပြန် ဖြစ်နေသလိုပဲ။ ဇီဝဗေဒ ပညာရှင်တွေက ရောဂါတွေရဲ့ အရင်းအမြစ်ကို ရှာဖွေ ဖော်ထုတ်ပြီးတော့ ကုသနည်းတွေကို ရှာဖွေကြတယ်။ ဆရာချန်း ပြောပုံက နှလုံးရောဂါကို ပဋိဇီဝဆေးတွေနဲ့ မကုပဲ စူပါမန်းတို့၊ စပိုက်ဒါမန်းတို့ ဖြစ်အောင် လုပ်ပြီး ပျောက်အောင် လုပ်ချင်နေတာလား..."
ဒေါက်တာဒူ၏ စကားကြောင့် ရယ်မောသံများ ဆူညံသွားသည်။
ချန်းဖန်ကမူ တည်ငြိမ်စွာဖြင့် အားလုံးကို ကြည့်လိုက်၏။ သူ၏ အဇူရာရောင် သန်းနေသော မျက်လုံးများက မိုးပြာရောင်ကဲ့သို့ ကြည်လင် သန့်ရှင်းနေခဲ့သည်။
"ဒါဆို ငါပြောတာ မဖြစ်နိုင်ဘူးလို့ မင်းက ထင်တယ်ပေါ့..."
ချန်းဖန်က ဒေါက်တာဒူကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒါပေါ့ လုံးဝကို မဖြစ်နိုင်ဘူး။ ဒီအထဲမှာ တစ်ဦး တစ်ယောက်မှ စူပါမန်းဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ ပါလာတာမှ မဟုတ်တာ။ ဟောလိဝုဒ် ဇာတ်ကားတွေထဲက စူပါမန်း၊ စပိုက်ဒါမန်း၊ ဂရင်းလန်တန်၊ လူသန်ကြီးဟု အဲဒီလို စူပါဟီးရိုးတွေက စိတ်ကူးယဉ် ဇာတ်ကောင်တွေပဲလေ။ ဒါပေမဲ့ ဆရာချန်းရဲ့... သိပ္ပံပညာရပ်က ကာတွန်း စာအုပ် တစ်အုပ် မဟုတ်ဘူး။ ပိုပြီး သိပ္ပံနည်းကျတဲ့ နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းရမှာလေ..."
ဒေါက်တာဒူက ရှည်လျားစွာ ပြောလိုက်သည်။
လူတိုင်းက သူ၏ စကားကို ခေါင်းညိတ်မိသည်။ ကျင်းမြို့တော် တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူတိုင်းမှာ အတော်တကာ့ အတော်ဆုံးများ ဖြစ်ကြပြီး ပြဿနာတစ်ခုကို လက်တွေ့ဆန်ဆန် စဉ်းစား တတ်သူများ ဖြစ်ကြသည်။ ချန်းဖန်၏ စိတ်ကူးယဉ် ဆန်သော အမြင်ကို နားထောင် ရသည်မှာ လုံးဝ အဆင်မပြေပေ။
စုကျောင်းကလည်း ပါးစပ် အဟောင်းသားဖြင့် ချန်းဖန်၏ စကားကို နားထောင် နေခဲ့သည်။ ပါမောက္ခချန်းတွင် ထိုသို့ ကလေးဆန်သော အမြင် ရှိလိမ့်မည်ဟု သူမ မထင်ခဲ့ချေ။
"ဟ...ဟ... ငါပြောခဲ့သားပဲ။ သူက ဖော်ရှိုးပဲ တက်လုပ်တာ..."
ပါမောက္ခအို တစ်ယောက်က သက်ပြင်း ချရင်း ညည်းတွား လိုက်သည်။
"ဟီးဟီး... သူက ဇီဝဗေဒ ပညာရပ် အကြောင်းဘာမှ မသိဘူး။ အင်တာနက်က ဟာတွေနဲ့ ငါတို့ကို အရူး လုပ်ချင်နေတာ..."
ငယ်ရွယ်သည့် သင်တန်းနည်းပြ တစ်ယောက်ကလည်း ဝင်ရောက် လှောင်ပြောင် လိုက်သည်။ လူအုပ်ကြားထဲတွင် ထိုင်နေသည့် ဟန်တုန်းယုကလည်း မျက်မှောင် ကြုတ်မိသည်။ ဘာမဟုတ်သည့် နေရာသို့လာ၍ သူအချိန် ဖြုန်းမိနေပုံ ရသည်။
"ငါက သက်သေပြမယ် ဆိုရင်ရော..."
ချန်းဖန်က ဖြည်းညင်းစွာ မေးလိုက်သည်။
"သက်သေ..."
ဆရာဒူက ရယ်မောလိုက်သည်။
"ဘယ်လို သက်သေမျိုး ပြမှာလဲ။ ငါ့မှာ မွေးထားတဲ့ ဂေါ်ဇီလာ တစ်ကောင် ရှိတယ်တို့၊ နောက်ပြီး ငါက ပါဝါရိန်းဂျား အနီကောင်တို့ အဲဒီလိုမျိုး သက်သေပြမှာလား...."
ဒေါက်တာဒူက ချန်းဖန်ကို အဆက်မပြတ် ထိုးနှက်လိုက်သည်။ လူတိုင်းကလည်း ချန်းဖန် မည်သို့ ဖြေမည်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
စုကျောင်း ခေါင်းကို အောက်သို့ ငုံ့ရင်း သူမ အဆင်သင့် ထုတ်ထားပြီး ဘာမှ မရေးရသေးသော မှတ်စု စာအုပ်လေးကို ငုံ့ကြည့်လိုက်သည်။ သူ၏ နှလုံးသားတွင်မူ ဆရာဒူကို ချန်းဖန် သင်ခန်းစာ တစ်ခု ပေးစေချင်သော်လည်း သူမ၏ ဦးနှောက်ကမူ ထိုအရာက မဖြစ်နိုင်ကြောင်း ငြင်းဆန် နေခဲ့သည်။ ဇီဝဗေဒ ပညာရပ်မှာ သိပ္ပံပညာ တစ်ခုဖြစ်သည်။ ရုပ်ရှင်တစ်ခု မဟုတ်ချေ။
မကြာသေးခင်က သဲသဲလှုပ် ဖြစ်နေခဲ့သော ကောင်မလေးများမှာလည်း ချန်းဖန်ကို မျှော်လင့်ချက် ကင်းမဲ့စွာ ကြည့်ကြသည်။ ဖန့်ချုံး တစ်ယောက်သာ ချန်းဖန်ကို စိတ်တင်တစား လိုက်ကြည့် နေခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ရေပေါ်တွင်ပင် လမ်းလျှောက်နိုင်သော တစ်ယောက် ဖြစ်သဖြင့် လုံးဝ သာမန် မဟုတ်သည်ကို သူမသိသည်။
"ငါ ဘယ်တုန်းကမှ ဇီဝဗေဒကို မလေ့လာဖူးဘူး..."
ချန်းဖန်၏ စကားက လူတိုင်းကို အံ့အား သင့်စေသည်။
"ဟူး..."
လူတိုင်းမှာ မတိုင်ပင်မိပဲ သက်ပြင်းရှည်ကြီးများ ချလိုက်မိကြသည်။ စုကျောင်းကပင်လျှင် ထိုစကားကြောင့် အနည်းငယ် စိတ်ပျက် သွားမိသည်။
"ပါမောက္ခချန်း... ဘာလို့ အဲဒီစကားကို အများရှေ့မှာ ပြောရတာလဲ။ ကျောင်းရဲ့ ဒါရိုက်တာတောင် ခင်ဗျားကို မကယ်နိုင်တော့ဘူး သိရဲ့လား..."
ဟန်တုန်းယု စိတ်ပျက်လက်ပျက် ခေါင်းခါက ထိုနေရာမှ ထွက်ရန် ပြင်လိုက်သည်။
"ဇီဝဗေဒကို တစ်ခါမှ မလေ့လာဖူးဘူးလို့ ခင်ဗျား ပြောတာလား..."
သင်တန်း နည်းပြဒူ၏ မျက်လုံးများက လင်းလက် တောက်ပလာသည်။
"ဇီဝဗေဒကို တစ်ခါမှ မလေ့လာဖူးတဲ့ လူက ငါတို့ တက္ကသိုလ်ကြီးရဲ့ ဧည့်သည် ပါမောက္ခတဲ့။ အဲဒါက ငါတို့ အားလုံးကို အထင်သေးတာပဲ။ ငါတို့ ကျင်းတက္ကသိုလ်ကြီး ကိုပါ အထင် သေးလိုက်တာပဲ..."
ကျောင်းသား၊ ကျောင်းသူများစွာက သူ၏ စကားကို သဘော တူကြသည်။ သူတို့ တက္ကသိုလ်၏ အတင့်အတန်းမှာ သူတို့အမြဲတမ်း ဂုဏ်ယူခဲ့ရသော အရာ ဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်ရပ်က သူတို့ကို အထင်သေးခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ဒီကိစ္စကို ဒါရိုက်တာဆီကို တင်ပြရမယ်။ နောက်ပြီး မြန်မြန် ဖြေရှင်းဖို့ တောင်းဆိုမယ်..."
ဆရာဒူက ဆက်ပြော လိုက်သည်။
"သူ့ပုံစံက အသက်တောင် နှစ်ဆယ် ပြည့်သေးပုံ မပေါ်ဘူး။ သူ ပါမောက္ခ ဖြစ်နေရတဲ့ အကြောင်းရင်း တစ်ခုတော့ ရှိမှာပါ..."
"သူက အရမ်းကို အပြစ် ကင်းစင်တာပဲ။ ချစ်စရာလေး..."
လူတိုင်း၏ အမြင်များမှာ အမျိုးမျိုး စုံလင်နေသည်။ ချန်းဖန်ကို စိတ်ပျက်သွားသူများလည်း ရှိသကဲ့သို့ ပို၍ ကြွေဆင်း သွားသော ကောင်မလေးများလည်း ရှိနေသေးသည်။
"ဟင်း ... ပါမောက္ခချန်းက အရမ်း ချောပေမဲ့ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်တယ်...."
ဖန့်ချုံးဘေးမှ ကျောင်းယို့ယို့က သက်ပြင်းတစ်ချက် ချကာ ပြောသည်။
"သူက ငါ့ဘဝရဲ့ အိုက်ဒေါ၊ ငါ့အသည်းတုံး၊ ငါ့အချစ်လေး ဖြစ်ပေမဲ့ မိတ်ဆွေ ဖြစ်ရတာပဲ ပိုကောင်းမယ် ထင်ပါတယ်ဟာ။ ကြောင်တောင်တောင် နိုင်တဲ့ လူတစ်ယောက် ကိုတော့ ငါလက်မထပ် ချင်ဘူး..."
"နင်က သူ့မျက်နှာကိုပဲ ကြည့်နေတာမလား။ မပြောလိုက်ချင်ဘူး..."
ဖန့်ချုံးက မျက်စောင်း ထိုးရင်း ပြောလိုက်သည်။
"ကဲ ဆရာချန်းပေ့ရွှမ်း ... ခင်ဗျား ဘာပြောချင်သေးလဲ..."
အောင်နိုင်သူ၏ အပြုံးကို ဆင်မြန်းရင်း ဒေါက်တာဒူက မေးလိုက်သည်။
ချန်းဖန်က ဘာမပြောပဲ ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာကို အကဲခတ် လိုက်သည်။ စုကျောင်း၊ ကျောင်းယို့ယို့၊ ဟန်တုန်းယု စသူများ၏ မျက်နှာများက စိတ်ပျက်ခြင်းများ ပေါ်နေသည်ကို ချန်းဖန် တွေ့လိုက်ရသည်။
ဖန့်ချုံးမှာ နတ်သမီးလေး တစ်ပါးအလား ငြိမ်သက်စွာ ထိုင်ရင်း တစ်ခုခုကို စဉ်းစားနေဟန် ရသည်။ ထိုကောင်မလေးကား အရင်ဘဝက သာမန် ကောင်လေး တစ်ယောက် ဖြစ်သော သူ့ကို မြတ်နိုးစွာ ချစ်ခင် ပေးခဲ့သည်။ သူ့နှလုံးသားထဲရှိ သူမ၏ နေရာက အစားထိုး၍ မရချေ။ အပြစ် ကင်းစင်စွာ လှပနေသော သူမကို မြတ်နိုးစွာ ကြည့်ရင်း ချန်းဖန် ကြည်ကြည်နူးနူး ပြုံးလိုက်မိသည်။
"မင်း ဘာပြုံးနေတာလဲ..."
သင်တန်းနည်းပြဒူက မျက်မှောင် ကြုတ်ရင်းမေးသည်။
"ငါပြုံးနေတာလို့ ထင်နေတာလား။ လုံးဝ မဟုတ်ဘူး။ မင်းကို ရယ်နေတာ..."
ချန်းဖန်က သူ့ကို ပြန်ပြောလိုက်သည်။
"ငါက ဇီဝဗေဒကို မလေ့လာဖူးပေမဲ့ အဲဒီ ဘာသာနဲ့ ပတ်သက်ပြီး စကားလုံးလေး တစ်ခုတောင် မသိပေမဲ့ သက်ရှိ သိပ္ပံပညာရပ်မှာတော့ မင်းထက် ပိုသိတယ်..."
"ငါ့ထက် ပိုသိတယ်..."
သင်တန်းနည်းပြဒူက ကြောင်တောင်တောင် မေးသည်။
"ဇီဝဗေဒဆိုတာ သိပ္ပံပညာရပ်ရဲ့ အခွဲလေးတစ်ခုပဲ ရှိတာ။ ဇီဝဗေဒက သိပ္ပံပညာကို ကိုယ်စား မပြုနိုင်ဘူး။ ဟိုကို ကြည့်လိုက်စမ်း...."
ချန်းဖန်က ပြတင်းပေါက် အနားရှိ ရွက်ရှည် ပန်းပင်ကို ညွှန်ပြလိုက်သည်။
"ရွက်ရှည်ပန်းပင်က ဘယ်ရာသီတွေမှာ ပွင့်လဲ..."
"ဇန်နဝါရီကနေ မတ်လအတွင်း..."
ဇီဝဗေဒ အထူးပြုပညာရှင် တစ်ယောက်အနေဖြင့် ဒေါက်တာဒူက ချက်ချင်း ပြန်ဖြေ လိုက်နိုင်သည်။ ယခုလမှာ စက်တင်ဘာ ဖြစ်သဖြင့် ထိုပန်းများမှာ ပွင့်လာခြင်း မရှိသေးချေ။
ချန်းဖန်က သူ့အဖြေကို ခေါင်းညိတ် နားထောင်ရင်း အိတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်ယူ လိုက်သည်။ ထို့နောက် ပုလင်းအဖုံးကို ဖွင့်ကာ အမှုန် အချို့ကို ရွက်ရှည် ပန်းပင်ပေါ်သို့ ကျဲချလိုက်သည်။
လူတိုင်းက ချန်းဖန် လုပ်သမျှကို အူကြောင်ကြောင် လိုက်ကြည့်ကြသည်။
"သူဘာလုပ်နေတာလဲ ... မိုးရွာနေတုန်း ပန်းပင် ရေလောင်းတဲ့ ပါမောက္ခလို ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်..."
စုကျောင်းကလည်း မျှော်လင့်ချက် ကင်းမဲ့စွာ သူ့ကို ကြည့်သည်။
တစ်စက္ကန့် ... နှစ် ... သုံး...
တစ်ဆယ် ... နှစ်ဆယ် ... သုံးဆယ်...
ပန်းပင်က မည်သို့မျှ ပြောင်းလဲ မလာခဲ့ပေ။ များစွာသော ပါမောက္ခအိုကြီးများက ခေါင်းခါရင်း ထွက်ဖို့ဟန် ပြင်လိုက်ကြသည်။ ကျောင်းသူလေးများကလည်း ချန်းဖန်ကို ရုပ်တည်တည်နှင့် အူကြောင်ကြောင် လုပ်တတ်သည့် ချန်းဖန်ကို နားမလည်စွာ ကြည့်ကြသည်။ စုကျောင်း၏ စိတ်တွင်လည်း စိတ်ပျက် အားလျော့ခြင်းများ တားဆီး မရအောင် ဖြစ်ပေါ် နေတော့သည်။
ဟန်တုန်းယု ထွက်ခွာဟန် ပြင်လိုက်သည်။ သူက နောက်ဆုံး အနေနှင့် စုကျောင်းကို တစ်ချက် လှမ်းကြည့်သည်။ ထိုအခိုက်အတန့်တွင် အံ့ဩစရာ အဖြစ်အပျက် တစ်ခုကို သူအမှတ်မထင် တွေ့လိုက်ရတော့သည်။
ထိုအရာကား အရောင်အသွေး စုံလင်သော ရွက်ရှည် ပန်းပွင့်များက စက်တင်ဘာ လလယ်တွင် ပွင့်နေကြခြင်းပင် ဖြစ်တော့သည်။
"ငါမင်းကို ပြောသားပဲ။ ငါက မင်းထက် ပိုသိတယ်လို့..."
ချန်းဖန်က ရေနွေးခွက်ကို ချလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်တော့သည်။
***