သေခြင်းစွမ်းအင်များနှင့် ဆက်နွှယ်နေသူ
Vol. 29 Ch. 406
....
လီယိုသည် သူ၏ပခုံးအား အခြားသူတစ်ဦး၏ ပခုံးနှင့် ထိမိလိုက်သည်ကို သတိထားမိသောအခါမှသာ စကားဝိုင်းအတွင်းမှ ရုန်းထွက်မိလိုက်လေသည်။
ထို့နောက် လီယိုသည် မျက်မှောင်တစ်ချက်ကြုတ်၍ လှည့်ကြည့်လိုက်ရာ သူ၏ ဘေးတွင် လူငယ်တစ်ဦးရပ်နေသည်အား သတိပြုမိလိုက်၏။
ထိုလူငယ်သည် မိန်းကလေးတစ်ဦးနှင့်အတူ ယှဥ်၍ လျှောက်လာခဲ့ခြင်း ဖြစ်ဟန်ရသည်။
မိန်းကလေး၏ အဝတ်အစားများမှာ ဖုန်များဖြင့် ဖုံးလွှမ်းနေသော်လည်း ကီးလ်မိသားစု၏ သင်္ကေတမှာမှာမူ သူမ၏ကိုယ်ပေါ်တွင် ထင်ရှားစွာ မြင်နိုင်နေဆဲဖြစ်၏။
ထိုသင်္ကေတကြောင့်လည်း သူမအား ကီးလ်မိသားစုဝင်တစ်ဦး ဖြစ်ပေလိမ့်မည်မှန်း လွယ်ကူစွာ ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်လေသည်။
ထို့ကြောင့်လည်း လီယိုသည် အာရန်၏ အဝတ်အစားများတွင် ကီးလ်မိသားစု၏ အမှတ်အသား အနည်းငယ်မျှပင် မပါရှိသော်လည်း ရူဘီကဲ့သို့ ကီးလ်မိသားစုမှ လူတစ်ဦးသာ ဖြစ်ပေလိမ့်မည်ဟု ရိုးရှင်းစွာ မှတ်ယူထားလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ကျုပ်အတွေးလွန်ပြီး လမ်းကို သေခြာမကြည့်လိုက်မိဘူး” ဟု အာရန်သည် လီယိုအား ပြန်လည်တောင်းပန်လိုက်ပြီးနောက် ထိုနေရာတွင်ဆက်လက် အချိန်မဖြုန်းတော့ဘဲ သူ့အား ဖြတ်ကျော်၍ လျှောက်သွားလိုက်သည်။
လီယိုသည် အာရန်၏ ဝေးကွာသော နောက်ကျောအား ငေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ပုံမှန်အားဖြင့် သာမန်လူတစ်ဦးသည် သူ သတိမထားမိလျှင်ပင် သူ့အနီးသို့ ချဉ်းကပ်ရန်ပင် မဖြစ်နိုင်လောက်အောင်ခက်ခဲလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ သေမင်း၏ အော်ရာအငွေ့အသက်သည် သာမန်လူများအား သူ့အနီးသို့ ရောက်လာသောအခါ ကြောက်ရွံ့မှုဖြင့် အေးစက်တောင့်တင်းသွားစေရန် လုံလောက်၏။
ထို့ကြောင့် ဤလူက သူတို့၏ ပခုံးချင်း ဤသို့ ပွတ်တိုက်မိသည်အထိ မည်သို့ နီးကပ်လာနိုင်ခဲ့ရသနည်း။
“ဒီအရေးမပါတဲ့ လူတွေနဲ့ အချိန်ဖြုန်းမနေပါနဲ့။ သူ့ကို သတ်ချင်တယ်ဆိုရင် မြန်မြန်လုပ်လိုက်ပါ။ ကျွန်မတို့မှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးစရာရှိသေးတယ်”
အန်ညာသည် အာရန်ထွက်သွားရာဘက်သို့ တစ်ချက်ခန့် ဝေ့ဝဲကြည့်လိုက်ပြီးနောက် စောင့်ကြည့်နေသော လီယိုအား ပြောလိုက်သည်။
အကယ်၍ သူမကိုသာ ထိုသို့လာရောက် ထိတွေ့မိခဲ့ပါက သူမသည် ထိုသူအား ခန္ဓာကိုယ်မှ အသားတစ်လွှာခြင်းစီကိုပင် ဆုတ်ဖြဲပစ်ပြီးသား ဖြစ်ပေလိမ့်မည်။
လီယို ဖြစ်နေသောကြောင့်သာ သူမသည် သူ့အား စိတ်ကြိုက်ဆုံးဖြတ်ခွင့် အခွင့်အရေး ပေးလိုက်ခြင်းဖြစ်သည်။
‘စိတ်ဝင်စားစရာပဲ... သူက ငါ့ကို သတိတောင် မထားမိဘူးထင်တယ်။ သူက သေခြင်းစွမ်းအားတွေနဲ့ ကောင်းကောင်း သဟဇာတဖြစ်နိုင်ပုံရတယ်’
လီယိုသည် အာရန်တစ်ယောက် သူ့ထက်ပို၍ အင်အားကြီးမားသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု စိတ်ကူးထဲတွင်ပင်ထည့်၍ မစဥ့်စားမိခဲ့ချေ။
သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်သည်ဟုလည်း လုံးဝ မတွေးမိခဲ့ပေ။
ကီးလ်မိသားစုခေါင်းဆောင်ပင် သူ့အား ခြိမ်းခြောက်နိုင်သူမဟုတ်လေရာ မိသားစု၏ သာမန် အစေခံတစ်ဦးဆိုသည်မှာ ထိုအဆင့်နှင့်မိုင်ပေါင်းများစွာ ဝေးကွာလွန်းလေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူငယ်သည် သူ့အနီးသို့ ချဉ်းကပ်နိုင်ခဲ့သည်မှာမူ ငြင်း၍မရပေ။
ထိုလူငယ် ထွက်ခွာသွားချိန်တွင်ပင် သူ၏ ခန္ဓာကိုယ်ရှိ သေမင်းအော်ရာဆီမှ အနည်းငယ်မျှသော ဖိနှိပ်မှုကိုပင် ထိုလူငယ်တစ်ယောက် ခံစားမိခဲ့ဟန်မပေါ်ချေ။
ဤကဲ့သို့ ဖြစ်ပျက်နိုင်ရန် အကြောင်းရင်းနှစ်ခုသာ ရှိလေသည်။
ပထမအကြောင်းရင်းမှာ ထိုလူငယ်တွင် သူ့ထက်ပင် ပိုမိုအားကောင်းပြီး ပိုမိုသန့်စင်မြင့်မြတ်သော အော်ရာမျိုး ပိုင်ဆိုင်ထား၍ ဖြစ်ပေလိမ့်မည်။
သို့သော် ၎င်းက သူ၏အမြင်တွင်မူ လုံးဝမဖြစ်နိုင်သလောက်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏အော်ရာသည် နစ်ခရိုမန်ဆာမျှော်စင်၏ အစောင့်အရှောက်ထံမှ အမွေဆက်ခံရရှိခဲ့ခြင်းဖြစ်လေ၏။
မြောက်ပိုင်းတိုက်ကြီးတွင် သူ့ထက်ပိုမိုသန့်စင်သော အော်ရာပိုင်ဆိုင်ထားသူမှာ နစ်ခရိုမန်ဆာမျှော်စင်သခင်သာ ဖြစ်ပေလိမ့်မည်။
အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်သခင်ကဲ့သို့ သန့်စင်သော အော်ရာမျိုးရှိစရာ အကြောင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် နစ်ခရိုမန်ဆာမျှော်စင်သခင်နှင့် အဆင့်တူသူ သုံးဦးသာ ရှိသောကြောင့်ဖြစ်လေသည်။
ထို့ပြင် ထိုသုံးဦးစလုံးသည် အမျိုးသမီးများဖြစ်ကြကာ တစ်ဦးချင်းစီသည် သူတို့၏ ဆိုင်ရာပိုင်ရာ ကိုယ်ပိုင်တိုက်ကြီးများတွင် နေထိုင်ကြလေသည်။
ထို့အပြင် အရှင်သခင်လေးဦး၏ ဘုံသဘောတူညီချက်အရ မည်သူမျှ မြောက်ပိုင်းတိုက်ကြီးအတွင်းသို့ ကိုယ်တိုင်ခြေချ၍မရပေ။
ဤသို့ဖြင့် လီယိုအတွက် ဒုတိယဖြစ်နိုင်ခြေတစ်ခုသာ အဓိပ္ပာယ်ရှိနေခဲ့တော့၏။
၎င်းမှာ အာရန်သည် သေခြင်းအော်ရာနှင့် အလွန်အမင်း ဆက်နွှယ်မှုရှိနိုင်မည်ဆိုခြင်းပင်။
၎င်းသည် နစ်ခရိုမန်ဆာမျှော်စင်၏ လူသစ်ရွေးချယ်မှုအတွက် အရေးအကြီးဆုံး လက္ခဏာတစ်ခုလည်း ဖြစ်လေသည်။
သူပင်လျှင် သေခြင်းအော်ရာနှင့် သူ၏ဆက်နွှယ်မှုတစ်ခု ကောင်းစွာရှိနေသောကြောင့်သာ ညာလက်ရုံးအစောင့်အရှောက်က ရွေးချယ်ခဲ့ခြင်းဖြစ်သည် မဟုတ်ပါလား။
ဤ လူငယ်၏ ဆက်နွှယ်မှုမှာ သူ့ထက်ပင် ပို၍ ပြင်းထန်သည်ဟု ခံစားမိလိုက်သည်။
ခဏတာမျှ လီယို၏ မျက်လုံးများအတွင်းတွင် လောဘရိပ်များ အနည်းငယ်သန်းသွားခဲ့သည်။
ထိုလူငယ်အား သူ့နှင့်အတူ နစ်ခရိုမန်ဆာမျှော်စင်သို့ ခေါ်ဆောင်သွား၍ ညာလက်ရုံးအစောင့်အရှောက်အား မိတ်ဆက်ပေးနိုင်ခဲ့ပါက သူ၏ဆရာ ညာလက်ရုံးအစောင့်အရှောက်သည် သေချာပေါက်သူ့အား ချီးကျူးမိပေလိမ့်မည်။
ထိုမျှသာမကသေး သူသည် မဟာမိတ်အဖြစ် ဂျူနီယာညီငယ်တစ်ဦးကိုပင် ရရှိနိုင်သေးသည်။
အကယ်၍ ဤကဲ့သို့စွမ်းရည်ရှိသူ နှစ်ဦးစလုံးသာ ညာလက်ရုံးအစောင့်အရှောက် ဘက်တွင် ရှိနေခဲ့ပါက ဘယ်လက်ရုံးအစောင့်အရှောက်ဘက်တွင် သူတို့နှင့် တူညီသောအရှိန်အဝါကို ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။
လီယိုသည် အာရန်အား မိန်းကလေးနှင့်အတူ ကီးလ်မိသားစု၏ စံအိမ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ ဆက်လက်ငေးကြည့်နေခဲ့မိသည်။
အန်ညာ သတိမထားမိသော အပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းထက်တွင် ခပ်ရေးရေးလေးပေါ်လာခဲ့သည်။
အန်ညာတစ်ယောက် ထိုလူငယ်သည် မည်မျှ ထူးခြားကြောင်း သတိမပြုမိခဲ့သည့်အတွက် လီယိုသည် ကြိတ်၍ ဝမ်းသာမိခဲ့လေသည်။
အခြားတိုက်ကြီးများ၏ ဖြစ်နိုင်ဖွယ်ရှိသော တိုက်ခိုက်မှုများကိုသာ စိုးရိမ်စရာ မလိုသေးပါက သူသည် အာရန်နောက်သို့ ချက်ချင်း ပြေးလိုက်သွားမိပေလိမ့်မည်။
“ထားလိုက်ပါ ဘာမဟုတ်တဲ့ကိစ္စလေးတွေ အာရုံစိုက်နေစရာမလိုပါဘူး။ သူ့ကို သတ်စရာမလိုပါဘူး”
လီယိုသည် ကီးလ်မိသားစု၏ စံအိမ်အား ပြန်လည် ကျောခိုင်းလိုက်ရင်း အန်ညာအား ပြောလိုက်သည်။
အန်ညာက သူ့အား ထိုလူငယ်အပေါ် ဘာကြောင့် ကရုဏာထားနေသည်ကို မေးခွန်းမထုတ်နိုင် မီမှာပင် လီယိုက တစ်ဆက်တည်း ထပ်မံရှင်းပြလိုက်၏။
“တခြားတိုက်ကြီးတွေနဲ့ စစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ငါတို့အတွက် အသေခံပေးမဲ့ တပ်သားတွေကိုအများအပြား လိုအပ်လိမ့်မယ်။ သူတို့ကို သတ်ပြီး ဖြုန်းတီးပစ်တာက အဓိပ္ပာယ်မရှိဘူး”
လီယိုသည် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ဆက်လက်လျှောက်လာခဲ့ကာ အခြားတိုက်ကြီးများ၏ ကိစ္စများဆီသို့ စကားလမ်းကြောင်း ပြန်ပြောင်းလိုက်သည်။
“နောက်ပြီး ဘာမှ အတည်မပြုနိုင်ခင် မိစ္ဆာဂိုဏ်းရဲ့ စစ်သင်္ဘောတွေ့ခဲ့တယ်ဆိုတဲ့ နေရာကို အရင်သွားကြည့်ကြရအောင်လား” ဟု လီယိုသည် အန်ညာအား ပြောလိုက်၏။
ထို့နောက် သူ့နောက်မှ လိုက်ပါနေသော အဆုံးမဲ့အရိပ်များဖြင့် ဝန်းရန်လျက်ရှိသော အရိပ်သားရဲကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။
အန်ညာသည် လီယို၏ အစောပိုင်း ရှင်းပြချက်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိခဲ့သည်။
သူသည် စစ်ပွဲကြောင့်နှင့် အရေးမပါသော လူတစ်ဦးကို အမှန်တကယ် အသက်ရှင်ခွင့်ပေးခဲ့ခြင်းလော။
သူမသည် ယုံကြည်ရန်အနည်းငယ် ခက်ခဲသော်လည်း သူ၏ရှင်းပြချက်တွင် အထူးတလည် မှားယွင်းမှု တစ်စုံတစ်ရာကိုမူ သူမ ရှာမတွေ့နိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ အာရန်သည် သူမ၏မျက်လုံးများအတွင်း အတော်လေး သာမန်ရိုးကျ ရှိနေပုံရလေ၏။
အာရန်သည် သူ၏အော်ရာအားလုံးကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားရန် အော်ရာ ထိန်းချုပ်နည်းစွမ်းရည်အား အသုံးပြုခဲ့သည်ကိုမူ သူမတို့နှစ်ယောက်စလုံး မသိနိုင်ခဲ့ပေ။
အခြားသူများ၏ အမြင်တွင် အာရန်သည် ကီးလ်မိသားစုမှ သာမန် အစေခံအစောင့်တစ်ဦးသာ ဖြစ်လေသည်။
“ကောင်းပြီလေ”
အန်ညာသည် ထိုအကြောင်းကို အများကြီး ဆက်မတွေးတော့ဘဲ သူမ၏လက်ကို မြှောက်လိုက်သည်။
ကောင်းကင်ရှိ တိမ်များ ကွဲထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်မီးလျှံကဲ့သို့ အရာများဖြင့်ဖုံးလွှမ်းနေသော ဖုတ်ကောင်နဂါးတစ်ကောင်သည် သူမ၏ ဆင့်ခေါ်မှုကြောင့် အောက်သို့ နိမ့်ဆင်းလာခဲ့၏။
ထိုအနက်ရောင်မီးလျှံများသည် ပူနွေးနေရမည့်အစား အေးစက်လွန်းနေခဲ့လေသည်။
အန်ညာသည် ဖုတ်ကောင်နဂါး၏ နောက်ကျောပေါ်သို့ တက်လိုက်ကာ လီယိုနောက်သို့လိုက်ရင်း ကီးလ်မိသားစုခေါင်းဆောင်၏ စကားအရ စစ်သင်္ဘော ပျက်ကျခဲ့သည့် နေရာဆီသို့ အလျင်အမြန် ချဥ်းကပ်သွားခဲ့၏။
မိသားစုခေါင်းဆောင်က အတည်ပြုပြောဆိုခဲ့သော်လည်း သူတို့သည် သက်သေကို ကိုယ်တိုင်မမြင်ရပဲ မျက်စိမှိတ် ယုံကြည်ကြမည်မဟုတ်ပေ။
ထိုမျှ အရေးပါသော ကိစ္စရပ်ကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင် အတည်ပြုလိုနေခဲ့ကြလေ၏။
....
ဖုတ်ကောင်နဂါး ပျံသန်းထွက်သွားစဉ် ကီးလ်မိသားစု ခေါင်းဆောင်မှာမူ အစည်းအဝေးခန်းမအား တံခါးပေါက်ဝမှတစ်ဆင့် စောင့်လျှောက်လျက် အကာကွယ် ပြုနေခဲ့လေသည်။
“သူတို့ထဲကဘယ်သူမှ သခင်လေးကို လာပြီး အနှောင့်အယှက်ပေးဦးမှာ မဟုတ်ဘူးလို့ယူဆရတယ်” ဟု သူက ရွံစရာကောင်းသော အမွေဆက်ခံသူနှစ်ဦး မြို့ထဲမှ ထွက်ခွာသွားခြင်းအတွက် တစ်ချက်ပြုံးရင်းပြောလိုက်သည်။
“အခုတော့ ငါ့သခင်လေး စိတ်ပူစရာ ဘာမှ မရှိတော့ဘူး”
#Catfoot