← Chapters

ကြီးမြတ်သူတစ်ဦး၏ လမ်းကြောင်း

Vol. 29 Ch. 408

ကြီးမြတ်သူတစ်ဦး၏ လမ်းကြောင်း

Vol. 29 Ch. 408

...

“သခင်မလေး ပြန်ရောက်လာပြီ။ တစ်ယောက်ယောက် အမြန် မိသားစု ခေါင်းဆောင်ကို သွားအသိပေးလိုက်ဦး”

“သူမ ပြန်လာပြီလား။ ဒါပေမဲ့ သူမကို ပြန်ခေါ်ဖို့ စေလွှတ်လိုက်တဲ့သူတွေ ဘယ်ရောက်သွားသလဲ။ ပြီးတော့ သူမနဲ့အတူပါလာတဲ့လူကကော ဘယ်သူလဲ”

“ဒါတွေက ငါတို့ စိတ်ပူစရာမလိုဘူး။ မိသားစုခေါင်းဆောင်ကိုသာ သူမ ပြန်ရောက်လာပြီဆိုတဲ့အကြောင်း မြန်မြန်အသိသွားပေးလိုက်”

အစောင့်တပ်သားများသည် ရူဘီ ပြန်လာသည်ကို မြင်သည်နှင့် တပြိုင်နက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

သူမ ပြန်ရောက်လာခြင်းသည် ၎င်းတို့အား များစွာ စိတ်သက်သာရာရသွားစေခဲ့၏။

အထူးသဖြင့် မိသားစုခေါင်းဆောင်မှ သူတို့အား ကြိုတင်သတိပေးထားခဲ့သော အရာကြောင့်လည်းဖြစ်လေ၏။

မိသားစုခေါင်းဆောင်သည် သူကိုယ်တိုင်မှ သူ၏သမီး ထွက်ပြေးခြင်းကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ် ဆူပူကြိမ်းမောင်းခံရသူများမှာ သူတို့အစောင့်များသာဖြစ်ခဲ့ပြီး သူမအား အချိန်မှီ ပြန်မခေါ်လာနိုင်ခဲ့ပါက ပြင်းထန်စွာ အပြစ်ပေးမည်ဟုပင် ခြိမ်းခြောက်ခံခဲ့ရသည်။

ယခု သူမ ပြန်ရောက်လာပြီဖြစ်သောကြောင့် အစောင့်တပ်သားအများစု သက်ပြင်းချနိုင်ခဲ့ကြခြင်း ဖြစ်လေသည်။

အိမ်တော်ထိန်းသည် သူ၏ အသက်သည် ထိုအပေါ်တွင် မူတည်နေသကဲ့သို့ ကျယ်ဝန်းသော ခန်းမဆောင်များကြား အလျင်အမြန် ပြေးလွှားရင်း သတင်းသွားပို့လိုက်သည်။

သခင်မလေး ရူဘီ ပြန်လာသည်ကို မိသားစုခေါင်းဆောင်အား ချက်ချင်းအသိပေးရန် လိုအပ်ကြောင်း သူသိထားသောကြောင့်လည်းဖြစ်လေ၏။

အိမ်တော်ထိန်းကို စိုးရိမ်စေသည့် တစ်ခုတည်းသောအရာမှာ မိသားစုခေါင်းဆောင်သည် အစည်းအဝေးခန်းမအတွင်း၌ ရှိနေနိုင်ခြင်းဖြစ်နိုင်ပြီး ထိုသို့ဖြစ်ပါက သူသည် သတင်းပို့ရန် တံခါးဝတွင် အချိန်တစ်ခုအထိ ထပ်မံစောင့်ဆိုင်းရမည်ဖြစ်သည်။

သို့သော် အစည်းအဝေးကျင်းပရန် သတ်မှတ်ထားသောနေရာသို့ ရောက်ရှိသွားသောအခါ မိသားစုခေါင်းဆောင်သည် အစည်းအဝေးခန်းမ အပြင်ဘက်တွင် တံခါးစောင့်တစ်ဦးပမာ ထူးဆန်းစွာဖြင့် စောင့်ဆိုင်းနေခြင်းအား အံ့အားသင့်စွာ တွေ့လိုက်ရလေ၏။

“ခေါင်းဆောင်ကြီးခင်ဗျာ သခင်မလေးရူဘီ ပြန်ရောက်လာပါပြီ” ဟု သူ၏အသံကို တည်ငြိမ်အောင် အသဲအသန်ကျိုးစားရင်း သတင်းပေးလိုက်သည်။

“သူမ ပြန်ရောက်လာပါပြီ ဒါပေမဲ့ သူမကို ပြန်ခေါ်ဖို့ စေလွှတ်လိုက်တဲ့သူတွေကတော့ သူမနဲ့အတူ ပြန်ပါမလာခဲ့ဘူး။ အဲ့ဒီအစား သူမနဲ့အတူ အမည်မသိ အမျိုးသားတစ်ဦးလည်း ပါလာပါတယ်”

အိမ်တော်ထိန်းသည် အကြောင်းကြားပြီးနောက် မိသားစုခေါင်းဆောင်မှ ဤသတင်းကို မည်သို့ တုံ့ပြန်မည်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။

သူမ ပြန်လာသောကြောင့် သူသည် ပျော်ရွှင်သွားမည်လား။

သို့မဟုတ် ပထမဆုံးအကြိမ် ထွက်ပြေးခဲ့သောကြောင့် သူမကို အပြစ်ပေးရန် သူမဆီသို့ အလျင်အမြန် ပြေးသွားမည်လား။

သို့သော် သူ့အား အံ့အားသင့်သွားစေခဲ့သည်မှာ မိသားစုခေါင်းဆောင်၏ တုံ့ပြန်မှုမှာ အလွန်တိတ်ဆိတ်နေခြင်းပင်။

မိသားစုခေါင်းဆောင်သည် သူ့အားပင် တိတ်တိတ်‌နေရန် လက်ဟန်ပြလိုက်သေးပြီး သူ၏ကျယ်လောင်သောအသံက တစ်စုံတစ်ဦးကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်နေသကဲ့သို့ပင် ထင်မှတ်ရလေ၏။

အိမ်တော်ထိန်းသည် မိသားစုခေါင်းဆောင်က တစ်စုံတစ်ဦးကို ကြောက်ရွံ့နေသကဲ့သို့ အဘယ်ကြောင့် ပြုမူနေသည်အား နားမလည်နိုင်ဖြစ်နေခဲ့ရသည်။

သို့သော် သူသည် ခေါင်းညိတ်၍သာ တိတ်တဆိပ်နေလိုက်ရသည်။

အိမ်တော်ထိန်းသည် ဘာမှ ထပ်မံ မပြောဆိုတော့ဘဲ မိသားစုခေါင်းဆောင်ထံမှ နောက်ထပ်ညွှန်ကြားချက်များကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

“င့ါသမီးကို သေခြာစောင့်ကြည့်ထား။ ငါ သူ့ကို နောက်မှ ကိုယ်တိုင်သွားတွေ့မယ်” ဟု ကီးလ်မိသားစုခေါင်းဆောင်သည် အိမ်တော်ထိန်းအား ပြောပြီး သူ့အား အမြန်ပင် ဤနေရာမှ ထွက်သွားစေလိုက်သည်။

အိမ်တော်ထိန်းသည်လည်း တစ်ချက်အရိုအသေပေးလိုက်ပြီးနောက် လျှင်မြန်စွာ လှည့်ထွက်သွားလိုက်ရသည်။

သူသည် ဤသတင်းကို မိသားစုခေါင်းဆောင် တုံ့ပြန်နိုင်သည့် နည်းလမ်းများစွာကို လမ်းတွင် စိတ်ကူးလာခဲ့သော်လည်း ဤတုံ့ပြန်မှုမှာတော့ သူလုံးဝ ထင်မှတ်မထားခဲ့သော အရာပင်ဖြစ်လေ၏။

စင်္ကြံလမ်းတစ်ဝက်သို့ရောက်သောအခါ သူသည် မိသားစုခေါင်းဆောင်ရှိရာဘက်သို့ မနေနိုင်ပဲ တစ်ချက်ပြန်လည် လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများသည် လုံးဝ ပြူးကျယ်သွားခဲ့ရတော့သည်။

အစည်းအဝေးခန်းမအတွင်းမှ ထွက်လာသော လူငယ်တစ်ဦး၏ ရှေ့တွင် မိသားစုခေါင်းဆောင်မှ ဒူးထောက်ထိုင်နေသည့်မြင်ကွင်းအား မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။

ထိုလူငယ်သည် ပြီးခဲ့သည့် ရက်သတ္တတစ်ပါတ် အနည်းငယ်က ဤနေရာသို့ ရောက်ရှိလာခဲ့သော ဧည့်သည်တော်တစ်ဦးပင်ဖြစ်၏။

အိမ်တော်ထိန်းသည် ထိုလူငယ်အား မည်သို့သော သူဖြစ်နိုင်မည်ကို တစ်ချက်တွေးမိလိုက်သည်။

သို့သော် ထိုအချိန်တွင် ထိုအရာအကြောင်း မစပ်စုခြင်းသည် သူ့အတွက်ပိုကောင်းမည်ဖြစ်ကြောင်း သတိရလိုက်သည်။

သူသည် ဤကိစ္စမျိုးအား အလွန်အကျွံ သိထားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နိုင်သော ဖြတ်လမ်းတစ်ခုဖြစ်သည်ဆိုခြင်းအား နားလည်နိုင်သည်အထိ အတွေ့အကြုံများစွာရှိထားဘူးသူဖြစ်လေ၏။

ထို့နောက် အိမ်တော်ထိန်းသည် ဘာကိုမျှ မမြင်တွေ့ခဲ့ သကဲ့သို့ ဟန်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

“သခင်လေးခင်ဗျာ ကျွန်တော့် သမီးကို ပြန်ခေါ်လာနိုင်ခဲ့ပါပြီ” ဟု ကီးလ်မိသားစုခေါင်းဆောင်သည် အတွေးနက်နက်ထဲတွင် နစ်မျောနေဟန်ရသော ဖေးအား အသိပေးလိုက်၏။

“ဪ ဟုတ်သားပဲ အဲ့ကိစ္စ မေ့တော့မလို့ ဒီည ညဦးယံပိုင်းလောက် သူမကို ကျုပ်အခန်းဆီ ပို့‌ထားလိုက် ခုတော့ကျုပ်နားဦးမယ်”

ထိုသို့ပြောပြီးနောက် ဖေးသည် တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးနေသောပုံစံဖြင့် ထွက်သွားခဲ့သည်။

ထူးဆန်းသည်မှာ ‌ဖေး၏ ကျွန်အသစ်ဖြစ်လာသူများအားလုံးသည် ဖေးနောက်မှ လိုက်ပါသွားခဲ့ကြပြီး ဤနေရာတွင် ကီးလ်မိသားစုခေါင်းဆောင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

ကီးလ်မိသားစုခေါင်းဆောင်သည် ဖေးမှာ သူ့အား အဘယ်ကြောင့် ထိုမျှ အပေါ်ယံဆန်စွာ ဆက်ဆံသည်ကို တွေးမိလိုက်သည်။

သူ၏သခင်တွင် အင်အားကြီးမားသော အစေအပါးများစွာ ရှိနေပြီဖြစ်သောကြောင့် သူ့အား တိတ်တဆိပ် စွန့်ပစ်ရန်ကြံနေခြင်းလား...။

သူ၏ စိတ်သည် သူ့သခင်၏ မျက်နှာသာပေးမှုကို ရရှိရန် ဘာမဆိုပြုလုပ်ရန်ပင် ဆန္ဒရှိသည်အထိ ထိန်းချုပ်ခံထားရခြင်းဖြစ်လေ၏။

“ဟုတ်တယ် ငါ့ရဲ့ သမီး... င့ါရဲ့သမီးလေးသာ သခင်လေးရဲ့ မျက်နှာသာပေးမှုကို ရနိုင်ရင် ငါလည်းပဲ...”

မိသားစုခေါင်းဆောင်သည် ထိုသို့တွေးမိသည်နှင့် လျင်မြန်စွာ ထရပ်လိုက်ပြီး သူ့သမီးအား တွေ့ဆုံရန် လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

သူ၏ အချစ်ဆုံးသမီးလေး ထွက်ပြေးသွားပြီးနောက် အိမ်သို့ ပြန်ရောက်လာခဲ့သော်လည်း သူသည် သူမအား စိုးရိမ်ရမည့်အစား သူ့သခင်၏ မျက်နှာသာပေးမှုမရမည်ကိုသာ ပို၍ စိုးရိမ်နေခဲ့လေသည်။

...

မိသားစုခေါင်းဆောင်သည် အန်ညာ၏ ဒေါသကြောင့် ဖျက်ဆီးခံခဲ့ရသော ပျက်စီးနေသည့် ခြံဝန်းအားဖြတ်၍ ရူဘီ၏ အခန်းရှိရာသို့ ထွက်လာခဲ့သည်။

မကြာမီ သူ၏ သမီးရူဘီ၏ အခန်းသို့ ရောက်ရှိသွားရာ ထိုအခန်းသည် ပုံမှန်ထက် လုံခြုံရေး တင်းကျပ်စွာ ချထားသည်အားတွေ့လိုက်ရ၏။

ဤအခန်းတစ်ခန်းလုံး၏ လုံခြုံရေးသည် ခြံဝန်းအတွင်းရှိ ပင်မဝင်ပေါက်ထက်ပင် ပိုမိုတင်းကျပ်နေဟန်ရသည်။

အစောင့်များသည် သူမ ထပ်မံ ထွက်ပြေးပြီး သူတို့အား ပို၍ကြီးမားသော ရှုပ်ထွေးမှုများထဲသို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်နေကြသောကြောင့်လည်း ဖြစ်လေ၏။

မိသားစုခေါင်းဆောင်သည် အခန်းအနီးသို့ ချဉ်းကပ်လာသည်အား မြင်လိုက်ရသောအခါ အစောင့်များအားလုံးသည် တစ်ပြိုင်နက် ဒူးထောက်လိုက်ကြကာ သူ့အားအရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။

မိသားစုခေါင်းဆောင်သည် ထိုအရာကို ဂရုစိုက်မနေခဲ့ပေ။

သူသည် တံခါးကိုသာ ချက်ချင်းဆွဲဖွင့်လိုက်ကာ ရူဘီရှိနေမည့် အခန်းထဲသို့ ဝင်ရောက်သွားခဲ့၏။

အခန်းထဲတွင် သူ၏ သမီးလေးရူဘီသည် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျက်ရှိနေပြီး လက်ဖက်ရည်ခွက်တစ်ခွက်ကိုကိုင်၍ အေးဆေးစွာ စိန်‌ပြေနပြေ

ထိုင်၍ သောက်နေသည်ကို သတိပြုမိလိုက်သည်။

“မင်း ပြန်လာတာ အရမ်းဉာဏ်ရှိတဲ့ရွေးချယ်မှုပဲ။ သခင်လေး ဖေးထက် ပိုကောင်းတဲ့လူကို မင်း ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ရူဘီသည် သူမမျှော်လင့်ထားသည့်အတိုင်း သူမ၏ ချစ်ဖခင်သည် သူမ အဆင်ပြေရဲ့လား သို့မဟုတ် အပြင်တွင် ဘာတွေ ကြုံတွေ့ခဲ့ရသည်ကိုပင် တစ်ချက် မမေးခဲ့ပေ။

သူသည် သူမခံစားချက်များအားအနည်းငယ်မျှပင် ဂရုစိုက်ဟန်မပြပဲ သူ၏ သခင်လေး ဖေးအကြောင်းကိုသာ ဆက်လက်ပြောဆိုနေခဲ့သည်။

“ဒီည သမီး သခင်လေး ဖေးရဲ့အခန်းကိုသွား သူနဲ့အတူ အဖော်ပြုပေးရလိမ့်မယ်” ဟု ကီးလ်မိသားစုခေါင်းဆောင်က ပြောလိုက်ရာ သူ၏လေသံမှာ တောင်းဆိုနေခြင်းထက် အမိန့်ပေးခြင်းနှင့် ပိုမို၍ပင် တူနေခဲ့၏။

“ဖေဖေရဲ့ စီစဉ်မှုတွေကို သမီး လိုက်နာပါတယ်” ဟု ရူဘီသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

သူမ၏ ဤသို့တုံ့ပြန်မှုကြောင့် ကီးလ်မိသားစုခေါင်းဆောင်ကိုယ်တိုင်ပင် တုန်လှုပ်သွားခဲ့သည်။

သူမသည် သူ၏စကားကို ထပ်မံ ဆန့်ကျင်လိမ့်မည်ဟုပင် ယူဆထားခဲ့ကာ သူမအား အတင်းအကျပ် ခေါ်ဆောင်သွားရန်အထိပင် သူကြိုတွေးထားပြီးဖြစ်၏။

သို့သော် ဆန့်ကျင်ဘက်ပင် သူမသည် ဤကဲ့သို့ အလွယ်တကူပင် ပြန်လည် သဘောတူခဲ့လေသည်။

“သမီး ထွက်ပြေးနေတုန်းက အများကြီး စဉ်းစားခဲ့မိတယ်။ ဖေဖေက သမီးအတွက် အကောင်းဆုံးဆိုတာတွေပေးချင်တဲ့သူမှန်း သမီး သဘောပေါက်သွားခဲ့တယ်။ သခင်လေး ဖေးက သမီးအတွက် အသင့်တော်ဆုံးလူတစ်ဦး ဖြစ်နိုင်ပါတယ်။ သူက ရဲရင့်တယ်ပြီးတော့ အရမ်းလဲ ချောမောပြီး ပါရမီလည်း ရှိတယ်”

ရူဘီသည် ထိုသို့ပြန် ပြောလိုက်ရာ သူမ၏စကားများသည် သူမ ဖေဖေအား များစွာကျေနပ်သွားစေခဲ့လေ၏။

ကီးလ်မိသားစုခေါင်းဆောင်သည် သူမ၏ နားလည်သွားမှုအား ခေါင်းညိတ်၍ထောာက်ခံလိုက်သည်။

သူ၏ သခင်လေးသည် ဤကမ္ဘာတစ်ခုလုံးကိုပင် အုပ်စိုးရန် ကံကြမ္မာပါရှိနေသော အလွန်တရာ ကြီးမြတ်သူတစ်ဦး အမှန်တကယ်ပင် ဖြစ်နေသည်မဟုတ်ပါလော...။

#Catfoot

All Chapters