ကိုယ်ကျင့်တရားများ၏ နေဝင်ချိန်
Vol. 29 Ch. 409
....
“သမီး အဲ့ဒီအကြောင်းကို ပိုတွေးမိလေလေ သမီးဘဝမှာ အတူ ရှိချင်တဲ့သူက သူပဲဆိုတာ ပိုပြီး သဘောပေါက်လာ လေလေပါပဲ။ ဖေဖေက သမီးကို သူ့အခန်းကို အတင်းမသွားခိုင်းရင်တောင် သမီးသဘောနဲ့သမီး သခင်လေးကို သွားတွေ့မှာပါ။ သမီး သခင်လေး ဖေးနဲ့ ဝေးဝေး မနေနိုင်တော့ဘူး”
ရူဘီသည် လက်ဖက်ရည်ခွက်ကို ဘေးသို့ချလိုက်ကာ သူမဖခင်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း အမှန်တကယ် ဆုံးဖြတ်ထားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ဟားဟားဟား တော်လိုက်တဲ့သမီးအလိမ္မာလေး တကယ့်ကို လိမ္မာတာပဲ သမီးက ဖေဖေ့ရဲ့ သမီးအလိမ္မာလေးပါပဲ”
ကီးလ်မိသားစု ခေါင်းဆောင်သည် ဝမ်းသာအားရဖြင့် အော်ဟစ်ပြောလိုက်ပြီး သမီး၏ ခေါင်းကို ပုတ်ပေးရင်းဖြင့် သူ၏ မျက်နှာတစ်ခုလုံးသည် ပျော်ရွှင်မှုဖြင့် ဝင်းပနေခဲ့သည်။
“သခင်လေးဖေးက သမီးကို စောင့်နေလိမ့်မယ် တအောင့်နေရင် သွားတော့”
ကီးလ်မိသားစု ခေါင်းဆောင်သည် ရယ်မောရင်းဖြင့် ထွက်ခွာခါနီး၌ လှည့်၍ပြောလိုက်၏။
“သူ့နှလုံးသားကို အပိုင်ရအောင် သမီးတတ်နိုင်သမျှ နည်းလမ်းတွေ အားသွန်ခွန်စိုက် အကုန်အသုံးချလိုက်နော် အဖေပြောတာသဘောပေါက်တယ် မဟုတ်လား”
ကီးလ်မိသားစု ခေါင်းဆောင်သည် သူ၏ သမီးနှင့် သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ပြီဖြစ်သဖြင့် အရာအားလုံး အဆင်ပြေသွားခဲ့ပြီဟု ယူဆလိုက်သည်။
သူသည် ယခုအချိန်တွင် ဘာမှ စိတ်ပူနေစရာ မလိုတော့ပေ။
အကယ်၍ သူ၏ သမီးအလိမ္မာလေးသည်သာ သခင်လေး ဖေး၏ နှလုံးသားကို အမှန်တကယ် အပိုင်သိမ်းပိုက်နိုင်ခဲ့ပါက သခင်လေးသည် အရာရာကို အောင်နိုင်သွားသောအခါ သူ၏သမီးသည် ဤကမ္ဘာရှိ ဘုရင်မတစ်ပါးပင် ဖြစ်လာလိမ့်မည် မဟုတ်ပါလား...။
သူသည် အခန်းထဲမှ ထွက်ခါနီးတွင် ရုတ်တရက် ရူဘီအား မေးချင်သည့် အခြားအရာတစ်ခုကို သတိရသွားသည်။
ထို့နောက် ခြေလှမ်းများ ရပ်လိုက်ကာ ပြန်လှည့်လိုက်သည်။
“ဒါနဲ့ သမီးနဲ့အတူ လူစိမ်းတစ်ယောက် ပါလာတယ်လို့ ပြောသံ ကြားမိသလိုပဲ။ သူက ဘယ်သူလဲ။ ပြီးတော့ ဘာလို့ အဖေ သူ့ကို မတွေ့မိတာလဲ”
“လူစိမ်းဆိုတာ ဘာကိုဆိုလိုတာလဲဖေဖေရဲ့ ကျွန်မကို ပြန်လိုက်ပို့ပေးတာ ကီးလ်မိသားစု က အစောင့်တစ်ဦးပါ ကျန်တဲ့အစောင့်တွေလဲပါတယ် သူတို့တွေက နဲနဲနောက်ကျတာပဲရှိမယ် ကြည့်ရတာ ဖေ့ဖေ့ကိုသတင်းပေးတဲ့သူက ကိုယ့်မိသားစု အိမ်တော်က အစောင့်တွေရဲ့ မျက်နှာတွေကိုတောင် ကောင်းကောင်းမမှတ်မိပဲ လူစိမ်းတွေနဲ့ အမြင်မှားသွားပုံရတယ်”
ရူဘီသည် ရိုးရှင်းစွာပင် ပခုံးတွန့်ပြရင် ပြန်ပြောလိုက်သည်။
သူမ၏ ဖခင်သည်လည်း ထိုစကားများကိုကြားသောအခါ မေးခွန်းထပ်မံ ထုတ်နိုင်ခြင်းမရှိတော့ပေ။
ကီးလ်မိသားစုသည် မကြာသေးမီက အစောင့်တပ်သားသစ်များစွာကို အသစ်ခန့်အပ်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး အိမ်တော်ထိန်းပင် သူတို့အားလုံး၏ မျက်နှာနှင့်အမည်များကို တွဲ၍ မမှတ်မိနိုင်သေးပေ။
ကီးလ်မိသားစု၏ အစောင့်တပ်မှူးကသာ ၎င်းတို့ကို သေခြာသိနေခဲ့ခြင်းဖြစ် သော်လည်း ထိုတပ်မှူးသူသည် အန်ညာ၏လက်ချက်ဖြင့် အသတ်ခံခဲ့ရပြီးဖြစ်၏။
“အစောင့်ခေါင်းဆောင်တပ်မှူးအသစ်တစ်ယောက်ကို ရွေးချယ်မှ ရတော့မယ်ထင်တယ်။ မဟုတ်ရင် လူတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်သူမှန်းမသိပဲ သံသယဝင်လာနိုင်ပြီးအရာရာ ရှုပ်ထွေးသွားနိုင်တယ်” ဟု တွေးရင်း မိသားစုခေါင်းဆောင်သည် ခေါင်းခါကာ ရူဘီ၏ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ကီးလ်မိသားစုခေါင်းဆောင် အခန်းတွင်းမှ ထွက်သွားပြီးမှသာ အာရန်သည် မိန်းကလေး၏ နောက်တွင် ပြန်လည်ပေါ်လာခဲ့ပြီး သူသည် အမြဲတမ်း ဤနေရာတွင် ရှိနေခဲ့သည့်ဟန်ရလေ၏။
ကီးလ်မိသားစု ခေါင်းဆောင်သည် အာရန်၏နဂါးလျှာအစွမ်းကို ဖောက်ထွင်းမြင်နိုင်သည့် အဆင့်နှင့် များစွာဝေးကွာနေခဲ့ခြင်းကြောင့်လည်း ၎င်းအားမည်သို့မျှ မရိပ်မိခဲ့ပေ။
အာရန်သည် ၎င်းအစွမ်းကို နားလည်နိုင်စွမ်း တိုးလာသည်နှင့်အမျှ ထိုအစွမ်းအသုံးပြုမှုသည် ပိုမို၍ပင် အားကောင်းလာခဲ့သည်။
“မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးဘူးပဲ” ဟု အာရန်သည် ရူဘီနားတွင်ရှိနေသည့် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
သူသည် အစောပိုင်း ရူဘီသောက်လက်စ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံခန့်မော့သောက်လိုက်၏။
ရူဘီစည် အာရန်အား တစ်ချက်ငေးကြည့်နေမိပြီးမှ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။
၎င်းသည် အစောပိုင်း ဖခင်ရှေ့တွင် တစ်ငုံသောက်ခဲ့သော ခွက်ဖြစ်နေသဖြင့် ၎င်းက သွယ်ဝိုက်သော အနမ်းတစ်ခုဟု ခေါ်ဆိုနိုင်မလားဟု တွေးတောမိလိုက်သောကြောင့်လည်း ဖြစ်သည်။
“ကျွန်မ အမိန့်အတိုင်းပဲ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ရှင်က ကျွန်မကို သူ့အခန်း သွားစေချင်တာ တကယ်အမှန်ပဲလား”
ရူဘီသည် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် မေးလိုက်ပြီးနောက် အာရန်သည် သူမအား ဖေးဆိုသူအား လုပ်ကြံစေချင်ခြင်းများလားဟု တွေးမိလိုက်သည်။
ဖေးသည် သူမ၏ဖခင်ကိုပင် ထိန်းချုပ်နိုင်သူဖြစ်၏။
သူသည် သူမအား ကြိုတင်ခုခံကာကွယ်ထားမှုများ မရှိလျှင်ပင် သူမသည် သူ့အား လုပ်ကြံအနိုင်ယူနိုင်ပ့ါမလား...။
သူမသည် သူ့အား တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်မှီမှာပင် သူသည် သူမ၏ဖခင်ကို ထိန်းချုပ်ခဲ့သကဲ့သို့ သူမကိုလည်း ထိန်းချုပ်သွားမည်ကို စိုးရိမ်မိလိုက်သည်။
“စိတ်မပူပါနဲ့ ကျုပ်ကိုယ်တိုင်ပဲ သူ့အခန်းကို သွားမှာပါ။ အဲဒီကောင်နဲ့ ဖြေရှင်းစရာ ကိစ္စဟောင်းတစ်ခု ကျုပ်မှာ ရှိနေသေးတယ်”
ထိုသို့ပြောပြီးနောက် အာရန်သည် ခွက်အလွတ်ကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။
အာရန်သည် တံခါးဘက်သို့ တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ကီးလ်မိသားစု ခေါင်းဆောင်၏ တုံ့ပြန်မှုအကြောင်းကို စဉ်းစားနေမိသည်။
“ဖေးရဲ့ ကျွန်ပြုတဲ့ စွမ်းရည်က ပိုအားကောင်းလာတာလားမသိဘူး”
ကီးလ်မိသားစု ခေါင်းဆောင်၏ တုံ့ပြန်မှုမှာ အတော်လေး ထူးဆန်းနေသည်ကို သဘောပေါက်ရင်း အာရန်တစ်ယောက် တီးတိုးရေရွတ်လိုက်မိ၏။
သူသည် ဖေးနှင့် ယခင်ကတစ်ကြိမ် ထိပ်တိုက်တွေ့ဘူးလေသည်။
ယခင်က ဖေး ၏ကျွန်များသည် သူ၏အမိန့်များကို ငြင်းပယ်နိုင်ခြင်းမရှိသော်လည်း သူတို့၏ စစ်မှန်သော ခံစားချက်များ သို့မဟုတ် ဖေး၏ အမိန့်ကိုမနာခံလိုမှုများအား သူတို့၏မျက်လုံးများအတွင်း၌ မြင်တွေ့နိုင်လေသည်။
သူတို့သည် သူ၏ညွှန်ကြားချက်များကို မလိုက်နာလိုသော်လည်း ရွေးချယ်စရာမရှိသည်မှာ ရှင်းလင်းနေခဲ့၏။
ဤတစ်ကြိမ်တွင်မူ အရာရာသည် ကွဲပြားသွားဟန်ရသည်။
ကီးလ်မိသားစု ခေါင်းဆောင်သည် ဖေးအား အကောင်းဆုံး စိတ်ကျေနပ်မှု ပေးနိုင်ရန်အတွက် စိတ်ရောကိုယ်ပါ အသဲအသန် ကြိုးစားနေသကဲ့သို့ပင်။
သူ၏ကိုယ်ခန္ဓာကိုသာ ထိန်းချုပ်ခံထားရသည်နှင့်မတူတော့ဘဲ သူ၏စိတ်ဝိညာဥ်ကိုပါ ထိန်းချုပ်ခံထားရခြင်းနှင့်ပိုတူနေခဲ့ပြီး ၎င်းက သူ၏စွမ်းရည်ကို ပို၍ပင် အန္တရာယ်များစေကြောင်း သိသာစေခဲ့သည်။
“ဘယ်လောက် ထူးဆန်းလိုက်တဲ့ စွမ်းရည်မျိုးလဲ။ ငါသာ သူ့ဆီက ခိုးယူနိုင်ရင် အတော်ကောင်းမယ်”
“ရှင်ဘာပြောလိုက်တာလဲ”
ရူဘီသည် အာရန်တစ်ယောက် တိုးတိုးတိုးတိုးဖြင့် သူ့ကိုယ်သူ စကားပြောနေသည်အား ကြည့်ရင်း မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ မင်း စိတ်ပူစရာ မလိုဘူး။ ဒီမှာပဲနေခဲ့ပြီး အနားယူနေလိုက်ပါ။ အဲဒီလူကို ကျုပ် ကိုယ်တိုင် ကိုင်တွယ်မယ်”
ထိုသို့ပြောပြီးနောက် အာရန်သည် ထိုင်ခုံမှ ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး မြို့လေးအားအပေါ်စီးမှ လှမ်း၍ ကြည့်လိုက်၏။
နေလုံးကြီးသည် တောင်တန်းများအတွင်း စတင်ဝင်စပြုနေပြီး ညအချိန်သည် ပိုမို၍ ပီပြင်လာခဲ့ပြီဖြစ်သည်။
မကြာမီ အာရန်သည် ဖေးနှင့် ကိုယ်တိုင် ထပ်မံ၍ တွေ့ဆုံရတော့မည်လည်း ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် ရင်ဆိုင်ရမည့်သူသည် ကိုယ်ပွားတစ်ဦးဟုတ်မနေတော့ပေ။
သူသည် သခင်အဆင့်မဟုတ်သော လူများစွာကို ထိန်းချုပ်ထားခြင်းဖြစ်သောကြောင့် သူ ကိုယ်တိုင်လာရောက်ခြင်းမှာ အကျိုးအကြောင်းတော့ ဆီလျော်နေလေသည်။
ထို့အပြင် လေမျှော်စင်သခင်မ၏ အဆိုအရ သူမ၏ သားသည် ဒုတိယကိုယ်ပွားကို ထပ်မံ မဖန်တီးနိုင်တော့ဟုဆိုသည်။
သူ၏နောက်ဆုံးကိုယ်ပွားသည် အာရန်၏လက်ချက်ဖြင့် အသတ်ခံခဲ့ရပြီး အစစ်အမှန်ခန္ဓာကိုယ်ကိုပါ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေခဲ့သောကြောင့် ဖြစ်လေ၏။
အနည်းဆုံးတော့ သူသည် နောက်တစ်ဆင့်ကို မကျော်ဖြတ်နိုင်မချင်း ထိုနေရာတွင်ပိတ်မိနေနိုင်မည်ဖြစ်သည်။
ထို့ပြင်ဖေးသည် ကိုယ်ပိုင် ခွန်အားကို အားကိုးသူတစ်ဦးမဟုတ်ပဲ အခြားသူများ၏ခွန်အားကို အားကိုးသူတစ်ဦးလည်း ဖြစ်လေ၏။
‘ငါ့ရဲ့ အရင်ကမ္ဘာမြေပေါ်မှာသာဆိုရင် လူတွေကို သတ်ဖို့မပြောနဲ့ စဉ်းစားမိတာကိုတောင် မှားယွင်းတဲ့အရာတစ်ခုလို့ မြင်ကြလိမ့်မယ်’
အာရန်သည် ဝေးကွာသောနေရာမှ နေဝင်သည့်မြင်ကွင်းကို ကြည့်ရင်း အတွေးနယ်ချဲ့လိုက်မိသည်။
နေဝင်ချိန်သည် ညကို တိုက်ရိုက်ယူဆောင်လာသကဲ့သို့ အာရန်သည် မူလကမ္ဘာမြေမှ သူ၏ ကိုယ်ကျင့်တရားများလည်း ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်မှန်း သဘောပေါက်လိုက်သည်။
သူ၏လက်များတွင် သွေးများစွာ စွန်းထင်းနေခဲ့ပြီးဖြစ်သော်လည်း သူသည် အနည်းငယ်မျှပင် နောင်တရခြင်းမရှိဘဲ ၎င်းသည် သူ့အတွက် လုံးဝပုံမှန်ဖြစ်နေသကဲ့သို့ပင်။
သူသည် ဤကမ္ဘာတွင် အသက်ရှင်သန်နိုင်ရန်အတွက် လူများစွာ ကို သတ်ခဲ့မိသည်။
သူ လုပ်သမျှအားလုံးသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက်သာဖြစ်လေ၏။
အနည်းဆုံးတော့ ထိုအရာက ဤသို့သောလုပ်ရပ်များအတွက် သူ့ကိုယ်သူ ပြန်ပေးထားသော ဆင်ခြေပင်ဖြစ်လေသည်။
ဤရှည်လျားသော ခရီးစဥ်ကြီးတွင် သူသည် နောက်ထပ် မည်မျှများပြားသော လူများကို ထပ်မံ သတ်ရဦးမည်နည်းဟု ဆက်လက် တွေးတောနေမိခဲ့သည်။
အာရန်သည် တဖြေးဖြေးပိုမို စွမ်းအားကြီးမားလာခဲ့သော်လည်း သူ၏အသက်အတွက် အမြဲတမ်း စိတ်ပူပန်နေရဆဲပင်ဖြစ်၏။
ဤခရီးစဥ်၏အဆုံးသတ်သည် မည်သည့်နေရာတွင် ရှိနေမည်နည်း။
သူသည် သေခြင်းတရားကို စိုးရိမ်စရာမလိုတော့သည့်နေ့တစ်နေ့ မည်သည့်အချိန်တွင် ရောက်ရှိလာမည်နည်းဟုလည်း ဆက်လက် တွေးတောနေမိခဲ့၏။
#Catfoot