နောက်ဆုံး ဆန္ဒ
Vol. 29 Ch. 412
….
“အရင်က ငါ့ကိုယ်ငါ ဒီကမ္ဘာရဲ့ အထူးစပါယ်ရှယ်တစ်ယောက်လို ထင်မှတ်ခဲ့မိတယ်” ဖေး၏ မျက်နှာအမူအယာသည်များစွာ ပျက်ယွင်းနေပြီး အာရန်အား စိုက်ကြည့်နေမိလေသည်။
သူသည် သူ့ကိုယ်သူ ဤကမ္ဘာ၏ အထူးစပါယ်ရှယ်တစ်ယောက်လို့ အမှန်တကယ်ပင်ထင်နေခဲ့သည်တဲ့လား...။
သူသည် မူလကမ္ဘာမြေမှ ဤနေရာသို့ ခေါ်ဆောင်ခံရသည့် ဤကမ္ဘာအတွက် သူ့ကိုယ်သူ ဇာတ်လိုက်တစ်ယောက်ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။
သူသည် ကမ္ဘာ ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည်။
သူ့ကဲ့သို့ အခြားလူများ ရှိနိုင်ဦးမည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
အထူးသဖြင့် သူ့ကဲ့သို့ အလားတူ ပုံစံမျိုးဖြင့် စာရေးဆရာဆိုသူ၏ လမ်းညွှန်မှုကို ရရှိနေသူများ ရှိနေခြင်းကို ဖြစ်လေ၏။
အာရန်သည် အဘယ့်ကြောင့် သူ့အတွက် အတားအဆီးဖြစ်လာရသနည်း ဆိုသည်အား သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီးဖြစ်လေသည်။
သူတို့အားလုံးသည် တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြရသည့် အနေအထားမျိုးတွင် ရှိနေခဲ့ကြပြီး သူတို့သည် တခြားသူများကို ရှေ့သို့ ကျော်တက်ခွင့်ပေး၍မရပေ။
“ငါ သိခဲ့သင့်တယ်”
ဖေးသည် သူ၏ လက်ဖြင့် မျက်နှာကို ပြန်ပိတ်ထားလိုက်ပြီး လက်ချောင်းလေးများကြားမှ အာရန်အားပြန်လည် စိုက်ကြည့်နေလိုက်သည်။
သို့သော် ဖေး၏ မျက်လုံးများထဲတွင် မည်သည့် ကရုဏာသက်မှုမျှ ရှိမနေခဲ့ချေ။
“သေခြင်းတရားရဲ့ နိမိတ်ပုံအစွမ်းကိုသာ အသုံးမပြုမိခဲ့ရင် မင်းလက်ထဲမှာ ငါ သေသွားတဲ့ မြင်ကွင်းမျိုးကိုသာ ငါကြိုမမြင်ထားခဲ့မိရဘူးဆိုရင် ငါခုချိန် မင်းလက်ထဲမှာ အမှန်အကန်သေဆုံးနေလောက်ပီ”
ဖေးသည် အတော်လေး စိတ်ပျက်နေခဲ့သည်။
သူသည် စာရေးဆရာဆိုသူနှင့် အကြိမ်အနည်းငယ်ခန့် တွေ့ဆုံခဲ့ပြီးဖြစ်၏။
သို့သော် ထိုပုဂ္ဂိုလ်သည် သူ့အား အာရန် ကဲ့သို့ အခြာသူများ ထပ်မံ၍ ရှိနေသေးသည်ဆိုသည့် အကြောင်းအား ဘယ်တုန်းကမှ အရိပ်အမြွက်ပင် မပြောပြခဲ့ပေ။
‘သေခြင်းတရားရဲ့ နိမိတ်ပုံ’ ဟုခေါ်သော ထူးဆန်းသည့်ပစ္စည်းတစ်မျိုးကို အချိန်မှီ ကံကောင်း၍ မရခဲ့ဘူးဆိုပါက သူသည် သေဆုံးသွားသည်အထိ မည်သည့်အရာမျှ သိလိုက်ရမည်မဟုတ်ချေ။
ထို ‘သေခြင်းတရားရဲ့ နိမိတ်ပုံ’ အစွမ်းမှ သူ မြင်ခဲ့ရတဲ့ မြင်ကွင်းကို စဉ်းစားလိုက်ရုံဖြင့်ပင် ယခုတိုင် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားတုံးပင်။
သူသည် သူ့အခန်းအတွင်းမှနေ၍ ရူဘီအား ပျော်ရွှင်စွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်လေ၏။
သို့သော် အမှန်တကယ် ရောက်လာသူမှာ အာရန်ကိုယ်တိုင်ပင် ဖြစ်နေသည်။
သူသည် မည်သို့မျှ တုံ့ပြန်ခြင်း မပြုနိုင်မှီမှာပင် အသတ်ခံလိုက်ရသည်။
သူတို့ကြားမှာ စကားပြောဆိုမှုတစ်ခုပင် မရှိခဲ့ပေ။
အလွန် ကြောက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခုသာ တည်ရှိနေခဲ့ခြင်းဖြစ်၏။
ထိုကဲ့သို့ အနာဂတ်ကို ကြိုတင်သိရှိပြီးနောက်တွင် ဖေးသည် ထိုအရာကို ပြောင်းလဲပစ်ဖို့ အစီအစဉ်များ အားလုံးကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဤအတိုင်း ရူဘီအား စောင့်နေမယ့်အစား မိသားစုခေါင်းဆောင်များအား သူ၏ အခန်းထဲတွင်း ကြိုတင်ပုန်းအောင်းနေစေခဲ့ကာ သူ့အား ကာကွယ်ရန်နှင့် အာရန်အား သတ်ရန် ကြိုတင်စီစဥ်ထားခဲ့ခြင်းဖြစ်လေ၏။
“မင်းလို ကမ္ဘာကူးပြောင်းလာသူမျိုး ဘယ်နှယောက်လောက်ရှိနေတာလဲ” ဟု ဖေးသည် အာရန်အား မေးလိုက်သည်။
“ကမ္ဘာကူးပြီး ဒီကို ရောက်လာတာ ဘယ်နှယောက်လောက် ရှိနိုင်မလဲ။ သူတို့တွေကကော ငါ့အကြောင်းကို မင်းလို သိနေကြတာပဲလား”
ဖေးသည် တခြားကမ္ဘာကူးပြောင်းလာသူများ အကြောင်း အနည်းငယ်မျှပင် မသိရှိထားပေ။
သူတို့ရဲ့ တည်ရှိမှုတစ်ခုတည်းကပင် သူ့အတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်နေ၏။
ယခုသူ၏ရှေ့ရှိ အာရန်ကဲ့သို့ ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်တည်းနှင့်ပင် သူ သည် အသတ်ခံရလုနီးပါးဖြစ်ခဲ့ရလေသည်။
တခြားကူးပြောင်းလာသူများနှင့် ထပ်မံဆုံတွေ့ခဲ့ရလျှင်ကော...။
သူတို့သည်ကော သူ့အတွက် မည်မျှအထိ အန္တရာယ်ပေးနိုင်မည်နည်း။
အာရန်သည် သူ၏ ပခုံးကို ပြန်လည်တွန့်ပြလိုက်သည်။
ဒီကမ္ဘာတွင် ကူးပြောင်းလာသူ ဘယ်နှယောက်ရှိသည်ကိုမူ အာရန်ကိုယ်တိုင်ပင် မသိချေ။
သူသိထားသောတစ်ခုတည်းသောအရာမှာ အရှေ့ပိုင်းတိုက်ကြီးတွင်မူ ကမ္ဘာကူးပြောင်းလာသူဟူ၍ သူတစ်ယောက်တည်းပဲ ရှိနေသည် ဆိုခြင်းကိုပင်။
သူသည် ဖေးအပါအဝင် ကမ္ဘာကူးပြောင်းလာသူ ငါးယောက်တိတိကို တွေ့ရှိခဲ့ပြီး ဖြစ်၏။
ကမ္ဘာကူးပြောင်းလာသူအရေအတွက်သည် ထိုမျှသာဖြစ်နိုင်သည်ဟု သူယုံကြည်ချင်မိသော်လည်း အမှန်တကယ်ပင် ထိုမျှသာရှိသလားဆိုသည်ကိုမူ သူလည်းတပ်အပ်မပြောနိုင်ခဲ့ပေ။
“ဘာလို့ စာရေးဆရာကို မေးမကြည့်တာလဲ။ အဲဒီမေးခွန်းရဲ့ အဖြေကို ငါလဲသိချင်နေခဲ့တာ” ဟု အာရန်သည် ဖေးအား သတိပေးလိုက်သည်။
“ငါက ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာဆိုတော့ ငါ့ကို နောက်ဆုံးအနေနဲ့ ဒီအရာကို မင်းနဲ့အတူ သိခွင့်ပြုပြီးမှ သေခိုင်းလို့ကော မရဘူးလား ငါ့အနေနဲ့လဲ တစ်စုံတစ်ရာ မင်းအတွက် အကြံဉာဏ်ပေးချင်ပေးနိုင်မှာပေ့ါ”
ဖေးတွင် မေးခွန်းဘောက်ချာတစ်ခု ရှိမရှိ သူ သေချာမသိနေသော်လည်း သူ့အား ထိုသို့ မေးကြည့်လိုက်ခြင်းသည် အရှုံးမရှိပေ။
အကယ်၍ ဖေးတွင် မေးခွန်းဘောက်ချာတစ်ခုသာ အမှန်တကယ် ရှိနေခဲ့ပါက အဖြေတစ်ခုကို အခမဲ့ ရယူနိုင်သည့်အပြင် သူ့တွင်နောက်ထပ်အကြံအစီတစ်ခုပါ ရှိနေသေး၏။
“သခင်လေးခင်ဗျာ သူ့စကားတွေက သံသယရှိစရာကောင်းနေပါတယ်။ သူက ကံကြမ္မာကို လက်ခံထားသလို ဟန်ဆောင်ထားပေမယ့် သူ့မျက်လုံးတွေမှာ ဘာကြောက်စိတ်မှ မမြင်ရပါဘူး။ သူ တစ်ခုခု ကြံစည်နေတာ သေခြာပါတယ်။ သူ့စကားကို မယုံကြည်လိုက်ပါနဲ့”
မိသားစုခေါင်းဆောင်တစ်ဦးသည် သူ၏ သခင်ဖြစ်သူ ဖေးအား အာရန်ရဲ့ အကြံပြုချက်ကို အလေးအနက် နားထောင်နေခြင်းအား တွေ့လိုက်ရသဖြင့် ကြားဖြတ်ဝင်၍ သတိပေးလိုက်လေသည်။
“သူ မကြောက်ဘူးဆိုရင်တောင် သူ ဘာလုပ်နိုင်မှာလဲ” ဟု ဖေးသည် လှောင်ပြောင်သံစွက်၍ ပြောလိုက်သည်။
“ဒါက သတ္တိကောင်းချင်ယောင်ဆောင်နေတာသက်သက်ပဲ သူ့ရဲ့နောက်ဆုံးအခိုက်အတန့်ကျရင် အဲ့ဒီသတ္တိမျိုးရှိနေဦးမလား သိချင်မိရဲ့”
ဖေး၏ မျက်လုံးထဲတွင် ဤနေရာတွင် ရှိနေသည့် လူတိုင်းသည် အရေးမပါပေ။
မိသားစုခေါင်းဆောင်ဆိုသူသည် သူတို့ မည်သည့်အကြောင်းအရာကို ဆွေးနွေးနေမှန်းပင် သိနိုင့်မည့်ပုံမပေါ်ချေ။
သူတို့၏ဖြစ်တည်မှုသည် ကမ္ဘာကူးပြောင်းလာသူနှစ်ဦးကြား စကားဝိုင်းအတွက် အရေးမပါသော အရာများဖြစ်လေသည်။
‘စာရေးဆရာသာ ရောက်လာရင် ကမ္ဘာတစ်ခုလုံးက ရပ်တန့်သွားလိမ့်မယ်။ ငါ့မှတစ်ပါး တခြားဘယ်သူမှ ရွေ့နိုင်တော့မှာမဟုတ်ဘူး။ သူ တစ်ခုခု လုပ်ချင်ရင်တောင် သူ ဘာလုပ်နိုင်မှာလဲ ပြီးတော့ ငါစာရေးဆရာဆီက သိလိုက်တဲ့ အကြောင်းတွေကို အမှန်အတိုင်း ပြန်မပြောပြရင်ကော သူဘာတတ်နိုင်မှာလဲ’
ဤသို့တွေးမိလိုက်သဖြင့် ဖေးသည် သူတို့ရဲ့ သတိပေးချက်များအား အလေးအနက် မထားတော့ပေ။
သူသိထားသည့်အတိုင်း အာရန်သည် သူ၏ကံကြမ္မာအား ဘာမျှ ဆက်၍ ပြောင်းလဲနိုင်တော့မည်မဟုတ်ချေ။
သူသိသလောက် စာရေးဆရာ ရောက်လာတဲ့အခါ သူတစ်ယောက်တည်းပဲ ရွေ့လျားနိုင်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဆင့်ခေါ်သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
အနည်းဆုံးတော့ အရင်က ထိုကဲ့သို့သာဖြစ်ခဲ့လေသည်။
အာရန်သည် စာရေးဆရာ ထွက်သွားပြီးမှ ပြန်လည်ရွေ့လျားနိုင်မည်ဖြစ်လေသည်။
သို့သော် ထိုအချိန်တွင် တခြားသူများလည်း ပြန်လည်ရွေ့လျားနိုင်သွားလိမ့်မည်ဖြစ်လေသည်။
ထို့အပြင်ဖေးသည် ထိုအခြေအနေအား အခွင့်ကောင်းယူကာ အာရန်အား ရပ်တံ့နေစဥ်တွင် လွယ်ကူစွာ သတ်ဖြတ်နိုင်မလား ဆိုသည်အားလည်း စမ်းသပ်ကြည့်လိုနေခဲ့သည်။
“မင်းကို ငါ မုန်းမိပေမယ့် ငါတို့က တစ်နေရာတည်းက လာတာဖြစ်လို့ သနားညှာတာမှု အနည်းငယ်ပေးလိုက်ပါမယ်။ မင်းကို ဒီအကြောင်း ပေးသိပြီးမှ သေခွင့်ပေးမယ်။ ဒါကို မင်းရဲ့ နောက်ဆုံးဆန္ဒလို့ ငါသဘောထားလိုက်မယ်” ဟု ဖေးက သဘောထားကြီးဟန်ဖြင့် ပြန်ပြောလိုက်နောက် မေးခွန်းဘောက်ချာကို ထုတ်ယူလိုက်သည်။
ထို့နောက် သူသည် ဒင်္ဂါးကို လှန်လိုက်ပြီး မေးခွန်းဘောက်ချာပေါ်သို့ ထိုဒင်္ဂါးပြား၏ စွမ်းရည်ကို သက်ရောက်စေလိုက်သည်။
သူက အာရန်ရှေ့တွင်ပင် ထိုစွမ်းရည်ကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဤအရာကို သူတစ်ယောက်တည်းသာ အသုံးပြုနိုင်ကြောင်း သေခြာနေသောကြောင့်ပင်တည်း။
ထို့နောက် ဖေးသည် ဒင်္ဂါးပြားကို အပေါ်သို့ မြှောက်ပစ်လိုက်သည်နှင့် သူ၏ စွမ်းရည်မှာ မေးခွန်းဘောက်ချာနဲ့ ချိတ်ဆက်သွားခဲ့သည်။
သူ့အတွက် ယခုအချိန်သည် ကံကောင်းခြင်းများ ပြည်နှက်နေဟန်ရသည်။ အဘယ်ကြောင့်ဆိုသော် ဒင်္ဂါးပြားသည် မှန်ကန်သော မျက်နှာပေါ်တွင်သာ ကျရောက်ခဲ့သောကြောင့်ဖြစ်လေ၏။
ဤသို့ဖြင့် သက်ရောက်မှုသည် အောင်မြင်ခဲ့လေသည်။
ထို့ပြင် ယခုနောက်ပိုင်းတွင် အကြိမ်တိုင်းနီးပါး သူအောင်မြင်ခဲ့သည်ချည်းသာ ဖြစ်သည်မဟုတ်ပါလော...။
“ငါအဖြေကို ရဖို့ ဘောက်ချာတစ်ခု ဖြုန်းတီး စရာမလိုတော့ဘူးထင်တယ်။ မဆိုးဘူးပဲ” ဖေးသည် တစ်ချက် ပြုံးလိုက်ပြီးနောက် မေးခွန်းဘောက်ချာကို ပေါ့ပါးစွာ အသက်သွင်းလိုက်၏။
ထိုအချိန်တွင် ရုတ်တရက် ကမ္ဘာတစ်ခုလုံး ရပ်တန့်သွားခဲ့သည်။
အချိန်ကိုယ်တိုင်ပင် ရပ်တန့်သွားသကဲ့သို့ပင်။
မိသားစုခေါင်းဆောင်များသည် အချိန်၏ ရပ်တံ့သွားမှုကို မခုခံနိုင်ခဲ့ကြချေ။
အာရန်သည်ပင် ရပ်တန့်သွားခဲ့ပြီး သူ့နှုတ်ခမ်းများသည် အနည်းငယ် ပွင့်ဟနေဆဲဖြစ်လေသည်။
သူသည်ပင် ရုပ်တုတစ်ခုထက် မပိုတော့ပေ။
ဤအချိန်တွင် ရွေ့လျားနိုင်သူဟူ၍ ဖေးတစ်ဦးတည်းသာ ကျန်တော့လေ၏။
“မင်း ဘာမေးချင်လဲ” ဟု ဖေး၏နောက်မှ စာရေးဆရာဆိုသူ၏ အသံထွက်ပေါ်လာခဲ့သည်။
ဖေးသည် ဖြည်းညှင်းစွာပင် နောက်သို့လှည့်လိုက်ကာ မျက်မှောင်ကိုတစ်ချက် ကြုတ်လိုက်သည်။
“ခင်ဗျားက တကယ်ကောက်ကျစ်တဲ့မြေခွေလိုပုဂ္ဂိုလ်ပဲ ဒီကမ္ဘာမှာ တခြားကမ္ဘာကူးပြောင်းလာတဲ့သူတွေ ရှိနေတာကို ဘာလို့ ကျုပ်ကို အသိမပေးခဲ့တာလဲ။ ကျုပ်ကို ဘာမှမသိပဲ သေသွားစေချင်နေတာလား”
ဖေးသည် တစ်စက္ကန့်လေးပင် အချိန် မဖြုန်းတီးတော့ပဲ သူ၏ ဒေါသများ အားလုံးကို စာရေးဆရာဆိုသူအပေါ် ဖွင့်ထုတ်ပစ်လိုက်မိ၏။
“ဟင်း...”
စာရေးဆရာသည် ထိုသို့အပြစ်တင်ခံရခြင်းအား အနည်းငယ် စိတ်ပျက်သွားဟန်ရသော်လည်း ယခုသည် မည်သို့သော အခြေအနေမျိုး ဖြစ်သည်ဆိုခြင်းအား သတိထားမိလိုက်ဟန်ဖြင့် သူ၏ မျက်ဝန်းများ တုန်ယင်သွားခဲ့သည်။
“ဟင်း.. ဒါဆို ဒါက ဒီလို ဖြစ်သွားတာပေါ့”
စာရေးဆရာဆိုသူသည် သူ၏ နဖူးကို ပြန်ပွတ်လိုက်ပြီး ခေါင်းအား ဖြည်းညင်းစွာတစ်ချက် ခါလိုက်သည်။
ဖေးသည် ထိုပုဂ္ဂိုလ်မှ သူရှိရာ ဘက်သို့ ကြည့်နေခြင်းဖြစ်သော်လည်း အတိအကျပြောရရင် သူ့အား ဖောက်ထွင်း၍ နောက်ဘက်သို့ ကြည့်နေခြင်းဖြစ်ကြောင်း ခံစားမိလိုက်သည်။
စာရေးဆရာဆိုသူသည် မျက်နှာကို မြင်နိုင်ရန်မှာ မဖြစ်နိုင်သော်လည်း ထိုပုဂ္ဂိုလ်၏ လေသံအရမူ သနားကရုဏာသက်မှု တစ်စုံတစ်ရာကို သူ ခံစားမိနိုင်ခဲ့၏။
“မင်းက တကယ့်ကို အကြံကြီးတဲ့ကောင်ပဲ။ သူများရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို အသုံးပြုစေပြီး...”
စာရေးဆရာသည် သူ၏ ဝါကျကို မပြီးဆုံးခင် တစ်ဝက်တစ်ပျက်မှာပင် ရပ်လိုက်သည်။
“ခင်ဗျား ကဘယ်ကို ကြည့်နေတာလဲ”
ဖေးသည် စာရေးဆရာဆိုသူ၏ တုံ့ပြန်မှုအား သံသယစဝင်လာခဲ့သည်။
အနည်းငယ် စိတ်ရှုပ်ထွေးလာသဖြင့် သူသည်လည်း စာရေးဆရာ အစောပိုင်းကြည့်သည့်နေရာသို့ လှည့်ကြည့်လိုက်မိ၏။
#Catfoot