စုစုပေါင်းအရေအတွက်
Vol. 29 Ch. 413
….
ဖေးသည် စာရေးဆရာ အဘယ်ကြောင့် ထူးဆန်းစွာ ပြုမူနေသည်ကို နားမလည်နိုင်ဖြစ်နေရသည်။
ယခုပြောနေသော စကားများသည်ပင် သူ့အား ပြောနေခြင်းမဟုတ်သည်မှာ ရှင်းလင်နေ၏။
ဒါဆို သူ ဘယ်သူ့ကို ပြောနေတာလဲ။ စိတ်ရှုပ်ထွေးစွာဖြင့် ဖေးသည် နောက်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိုသို့ နောက်သို့လှည့်ကြည့်လိုက်သည့်အခိုက်တွင် သူ၏ မျက်လုံးရှေ့တွင် ပုံရိပ်တစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။
ထို့နောက် ဓားတစ်ချောင်းသည် သူ၏ ရင်ဘတ်ရှိရာဆီသို့ တည့်တည့်မက်မက် ထိုးစိုက်ဝင်ရောက်လာခဲ့ပြီး ၎င်းဓားအားကိုင်ဆောင်ထားသူသည် အာရန်ဖြစ်ကြောင်း သတိထားမိလိုက်သည်။
အာရန်သည် ယခုအချိန်တွင်ပင် လှုပ်ရှားနိုင်နေသေးကြောင်း တွေ့ရှိလိုက်ရသော ဖေးသည် လွန်စွာ တုန်လှုပ်ခြောက်ခြားသွားမိလိုက်သည်။
၎င်းသည် အဘယ်ကြောင့် ဤသို့ဖြစ်ရခြင်းအား သူ နားမလည်နိုင်ခဲ့ပေ။
သူမှတစ်ပါး အခြားသူများအားလုံးအတွက် အချိန်သည် ရပ်တန့်လျက်ရှိနေချိန်တွင် အာရန်သည် အဘယ့်ကြောင့် တစ်ဦးတည်းကွက်၍ ဤသို့ ဆက်လက်လှုပ်ရှားနိုင်နေရသနည်း။
ဖေး၏မျက်နှာသည် မှောင်မိုက်သွားခဲ့ပြီး ဖြစ်နိုင်ခြေနှစ်ခုကို စဉ်းစားလိုက်သည်။
အာရန်တွင် အချိန်၏ ကန့်သတ်ချက်များမှ လွတ်ကင်းစေသော စွမ်းရည်တစ်ခုခုများ ရှိနေခြင်းလော...။
သို့မဟုတ် ကမ္ဘာကူးပြောင်းလာသူများတွင် ဤကန့်သတ်ချက်များ၏ သက်ရောက်မှုများ ရှိမနေခြင်းလော...။
“မင်း င့ါကို စာရေးဆရာကို ဆင့်ခေါ်ခိုင်းတာ အံ့သြစရာမရှိတော့ပါဘူး။ ငါ မင်းအရူးလုပ်တာကို ခဏတာ တကယ်ပဲခံလိုက်ရတာပဲ။ တကယ်လို့ ငါသာ ဘာမှ မပြင်ဆင်ထားမိခဲ့ရင် ခုချိန် အသတ်ခံနေရလောက်ပီ”
ဖေးသည် အာရန်အား စိုက်ကြည့်နေသောအချိန်တွင်ပင် ထိုဓားသည် သူ၏ ရင်ဘတ်အား ထိမှန်သွားခဲ့ပြီးဖြစ်၏။
သို့သော် ထိုသို့ ထိလိုက်မိသည်နှင့် ယခင်က မမြင်ရသော ဝတ်ရုံတစ်ထည်သည် ရုတ်တရက် ဖေး၏ ကိုယ်ပေါ်တွင် ပေါ်လာခဲ့လေ၏။
ထိုဓားချက်သည် ဖေး၏ ခန္ဓာကိုယ်အား အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုဝတ်ရုံ၏ အကာအကွယ်ကြောင့် ဖြစ်လေ၏။
ယင်းအစား အာရန်၏ ဓားသည်သာ ဝတ်ရုံနှင့် ထိမှန်မှုကြောင့် အပိုင်းအစငယ်များအဖြစ် တစ်စစီ ကြေမွသွားခဲ့ရလေသည်။
ဤသို့ဖြင့် ဓားအပိုင်းအစများသည် အာရန်ရှေ့တွင် နေရာအနှံ့ ပျံ့နှံ့သွားခဲ့၏။
ထိုပြင်းထန်သော တန်ပြန်သက်ရောက်မှုအားသည် အာရန်ကိုပင် နောက်ဘက်ရှိ နံရံဆီသို့ လွင့်စင်ထွက်သွားစေသည်အထိ အားကောင်းခဲ့လေသည်။
“ငါ စိတ်ပြန့်လွင့်နေရင်တောင် မင်း ငါ့ကို သတ်နိုင်မယ်လို့ တကယ်ပဲ ထင်နေခဲ့တာလား”
ဖေးသည် ထိုသို့ လှောင်ပြောင်ရင်းဖြင့် ကျောက်တုံးအပိုင်းအစများကို ဘေးသို့ တွန်းဖယ်ကာ အပျက်အစီးပုံများကြားထဲမှ ထွက်လာသည့်အားရန်အား စိုက်ကြည့်နေခဲ့သည်။
အာရန်သည် ကျိုးပဲ့နေသော နံရံ အပျက်အစီးပုံများအောက်တွင် ဖိမိခြင်းခံထားရသော်လည်း သူ၏ခန္ဓာကိုယ်တွင် ခြစ်ရာတစ်စုံတစ်ရာမျှပင် ရှိမနေခဲ့ပေ။
သူ ခံစားခဲ့ရသော တစ်ခုတည်းသော ထိခိုက်မှုမှာ အတွင်းပိုင်းထိခိုက်မှုဖြစ်နေပြီး ၎င်းက သူ၏တိုက်ခိုက်မှုဆီမှ တန်ပြန်သက်ရောက်ခံလိုက်ရဟန်တူလေ၏။
“ခွဲခြားသတ်မှတ်ခြင်း”
အာရန်သည် ဖုန်များကို သန့်ရှင်းသွားရန် အဝတ်များကို အနည်းငယ်ခါလိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
အာရန်သည် သူ၏တိုက်ခိုက်မှုကို တုံ့ပြန်နိုင်သော ထိုဝတ်ရုံ၏ ဖော်ပြချက်များကို မြင်လိုက်ရသဖြင့် အတော်လေး အံ့အားသင့်သွားခဲ့သည်။
၎င်းသည် သူ၏ အကာအကွယ်လည်ဆွဲ နှင့် ဆင်တူသော ရှားပါးပစ္စည်းတစ်ခုပင် ဖြစ်၏။
၎င်းဝတ်ရုံသည် သူ၏ အကာအကွယ်လည်ဆွဲကဲ့သို့ပင် ၎င်း၏ပိုင်ရှင်ကို အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုများဆီမှ သုံးကြိမ်တိုင်တိုင် ကာကွယ်ပေးနိုင်လေသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ထိုဝတ်ရုံသည် တိုက်ခိုက်မှုများအား တူညီသောအားဖြင့် သို့မဟုတ် ပို၍ပင် ပြင်းထန်သောအားဖြင့် တန်ပြန်တိုက်ခိုက်နိုင်ခြင်းပင်။
ယခု ဝတ်ရုံ၏ ဖော်ပြချက်ကို ကြည့်မိလိုက်သောအခါမှသာ သူအစောပိုင်းက အစွမ်းကုန် မတိုက်ခိုက်ခဲ့ခြင်းအား ကြိတ်၍ ဝမ်းသာမိလိုက်သည်။
အကယ်၍ ထိုတိုက်ခိုက်မှုတွင်သာ သူသည် အစွမ်းကုန်ထုတ်သုံးမိခဲ့ပါက တန်ပြန်သက်ရောက်မှုအားသည် သူ့အတွက် ပို၍ပင် အန္တရာယ်များခဲ့ပေလိမ့်မည်။
သူ ရရှိခဲ့ခြင်းသည် အတွင်းပိုင်းဒဏ်ရာအနည်းငယ်မျှသာဖြစ်လေ၏။
သို့သော် ယခုမူသည်သည် ၎င်းအား မည်သို့သော ပစ္စည်းမျိုးဖြစ်သည်ကို သိရှိထားပြီဖြစ်သောကြောင့် အနည်းငယ်စိတ်အေးသွားရသည်။
ထိုပစ္စည်းသည်သာ အမှန်တကယ် ဖေးအား နောက်ထပ်နှစ်ကြိမ်ခန့်သာ ကာကွယ်နိုင်တော့မည်ဆိုပါက သူသည် လျင်မြန်စွာ ချေမှုန်းနိုင်လိမ့်မည်ဖြစ်လေ၏။
“ဘာလို့ အလျင်လိုနေရတာလဲ။ ဒါက အစပဲ ရှိသေးတယ်”
အာရန်သည် ထိုသို့ပြောပြီးနောက် ဖေးထံသို့ ထပ်မံချဥ်းကပ်သွားလိုက်သည်။
ဤတစ်ကြိမ်တွင် အာရန်သည် နောက်ထပ်ဓားတစ်ချောင်းကို ထပ်မံ မခေါ်ထုတ်တော့ပေ။
ယခုအချိန်တွင် သူ့၌ မည်မျှကောင်းသည့် ဓားပင်ရှိစေကာမူ ဤဝတ်ရုံ၏ ကာကွယ်မှုကို ဖြိုခွင်းနိုင်မည်မဟုတ်ပေ။
ဖေးကို သတ်ရန် သူသည် ဝတ်ရုံ၏ စွမ်အားများ ကုန်ဆုံးအောင် အရင်လုပ်ဆောင်ရမည်ဖြစ်ပြီး ဤဖြစ်စဉ်တွင် သူသည် အနည်းငယ် ဒဏ်ရာအနာတရ အဖြစ်ခံရန်လည်း လိုအပ်နေသည်။
သို့သော် အာရန်တွင် ထိုဝတ်စုံအကြောင်းသိထားပြီးဖြစ်၍ မိမိကိုယ်ကိုယ် အလွန်အမင်း ဒဏ်ရာမရစေရန် ဝတ်ရုံအား အတိုင်းအတာတစ်ခုထိသာ တိုက်ခိုက်ရန် ခွန်အားကို ထိမ်းညှိနိုင်သော အားသာချက်တစ်ခုရှိနေလေ၏။
“မင်း ဘာကြံစည်နေလဲ ငါ မသိဘူးလို့ ထင်နေလား။ မင်း ဒီဝတ်ရုံကို သူ့ရဲ့စွမ်းအင် ကုန်ဆုံးအောင် လုပ်ချင်နေတာမလား။ ဒါပေမဲ့ ငါ့ကလည်း ဒီအတိုင်းထိုင်စောင့်နေရလောက်အောင် မတုံးသေးဘူးကွ”
ဖေးသည် အာရန်အား ကျောခိုင်းလိုက်ပြီး တိုက်ခိုက်မှုများကို လုံးဝ လျစ်လျူရှုလိုက်သည်။
အာရန်သည် မည်သည့်နည်းဖြင့် သူ၏ဝတ်ရုံဆီမှ အားနည်းချက်ကို ရှာတွေ့သွားမှန်း သူမသိနိုင်သော်လည်း အကယ်၍သူသည်သာ ထိုဝတ်ရုံကို ဆက်လက်အားကိုးနေပါက အာရန်၏ သတ်ဖြတ်ခြင်းကို မလွှဲမသွေ ခံရတော့မည်ဖြစ်ကြောင်း နားလည်လိုက်၏။
သူသည် အချိန်ကြောင့် ရပ်တန့်နေသော မိသားစုခေါင်းဆောင်များ၏ အကူအညီကို ယူမှရတော့ပေမည်။
သူတို့အား လွတ်မြောက်စေရန် ဖေးသည် စာရေးဆရာဆိုသူအား ပြန်ပို့ရန်လိုအပ်နေပြီး ၎င်းကိုပြုလုပ်ရန်လည်း သူသည် မေးခွန်းတစ်ခုကို မေးရန်လိုအပ်နေလေသည်။
“ဒီကမ္ဘာမှာ ကမ္ဘာကူးပြောင်းရောက်ရှိလာတဲ့သူ ဘယ်နှယောက်လောက် အသက်ရှင်နေသေးလဲ”
ဖေးသည် စာရေးဆရာအား မေးခွန်းဘောက်ချာ၏ အာနိသင်ကို အသုံးပြုရင်း မေးလိုက်သည်။
ဖေးသည် ကမ္ဘာကူးပြောင်းရောက်လာသူ မည်မျှရှိသနည်းဟု ဝိုးတိုးဝါးတားဖြစ်စေမည့် မေးခွန်းမျိုးမေးမည့်အစား အသက်ရှင်နေသူအရေအတွက်ကိုသာ ရိုးရှင်းစွာ မေးလိုက်သောကြောင့် ၎င်းသည် အချိန်အများကြီးမယူရဘဲ ထိရောက်စွာပင် အလွယ်တကူ အဖြေပေးနိုင်သော မေးခွန်းလည်းဖြစ်နေ၏။
တစ်ဖန် အာရန်သည် ဖေး၏ ဝတ်ရုံဆီမှ တန်ပြန်သက်ရောက်မှုကြောင့် နောက်သို့ ထပ်မံ လွင့်စဉ်သွားခဲ့ရပြန်သည်။
ထိုအတောအတွင်း စာရေးဆရာဆိုသူသည် လူငယ်နှစ်ဦးအား စိတ်ဝင်တစား စောင့်ကြည့်နေခဲ့လေသည်။
သူတို့နှစ်ဦးလုံးသည် အချင်းချင်းပြန်သတ်ရန် အစွမ်းကုန် ကြိုးစားနေကြသော်လည်း ၎င်းတို့ထဲမှ တစ်ဦးတည်းသာ နောက်နေ့ နေထွက်မည်ကို ထပ်မံမြင်တွေ့ခွင့် ရပေလိမ့်မည်။
သူတို့ထဲမှ တစ်ဦးသည်သာ ဆက်လက်ရှင်သန်နိုင်တော့မည်ဖြစ်ကြောင်း သူသေချာ သိထားပြီးဖြစ်ကာ ထိုသူ မည်သူဖြစ်သည်ကိုလည်း သူခန့်မှန်းထားပြီးဖြစ်၏။
“ကမ္ဘာကူးပြောင်းလာသူ ငါးဦးတိတိ ဒီကမ္ဘာမှာ အသက်ရှင်နေသေးတယ် မင်းတို့နှစ်ဦး အပါအဝင်ပေါ့” ဟု စာရေးဆရာသည် ပြန်လည် အဖြေပေးလိုက်ရင်း သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ သံကြိုးများ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ယခု သူ အဖြေပေးပြီးပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်လည်း ပျောက်ကွယ်စပြုလာရာ သူ ပျောက်ကွယ်သွားရန် အချိန်တန်ပြီဖြစ်ကြောင်းသိလိုက်သည်။
သို့သော်ထုံစံအတိုင်း စာရေးဆရာသည် သူ ပျောက်ကွယ်သွားခြင်းမပြုမီ နောက်ဆုံး စကားလုံးအချို့ကိုမူ ချန်ထားခဲ့သေး၏။
“ဒီညပြီးရင် မင်းတို့ထဲက အရေအတွက် အနည်းဆုံး တစ်ယောက်တော့ လျော့သွားလိမ့်မယ်လို့ ငါထင်တယ်”
တစ်ဖန် တိုက်ခိုက်မှုတစ်ခု ဖေးထံသို့ ကျရောက်လာခဲ့ပြီး သူ၏ ဝတ်ရုံအကာအကွယ်ကို မဖြိုခွင်းနိုင်ခဲ့ပေ။
နံရံတစ်ခု ထပ်မံပြိုကျသွားခဲ့ပြီး ထိုအသံသည် နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့၏။
ထို့နောက် ဖေး၏ခန္ဓာကိုယ်ပတ်လည်ရှိ ဝတ်ရုံသည်လည်း အသက်ကယ်အာနိသင် သုံးကြိမ်စလုံး အသုံးပြုပြီးသောကြောင့် ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ကံမကောင်းစွာဖြင့် အချိန်သည်လည်း ကန့်သတ်ချက်များမှ ပြန်လည် လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
မိသားစုခေါင်းဆောင်များ သတိပြန်ဝင်လာကြပြီး ခန်းမပတ်လည်ရှိ အပျက်အစီးမြင်ကွင်းများကို ရုတ်တရက်မြင်တွေ့လိုက်ရဖြင့် လွန်စွာ အံ့အားသင့်သွားခဲ့ကြသည်။
“မင်းမှာ အခွင့်အရေးတစ်ခုရှိခဲ့တယ်၊ ဒါပေမဲ့ မင်း အဲ့ဒါကို ဆုံးရှုံးသွားခဲ့ပြီ။ ဒီနောင်တကို ငရဲပြည်ကိုပဲ ယူသွားလိုက်ပေ့ါ” ဟု ဖေးသည် အာရန်ဘက်သို့ပြန်လှည့်ရင်း ပြောလိုက်သည်။
“ဒါပေမဲ့ မင်းသေတဲ့အချိန်မှာတောင် င့ါရဲ့ အဖိုးတန် ရတနာပစ္စည်းတစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့တဲ့အတွက် မင်း ဂုဏ်ယူသင့်ပါတယ်”
“ပြီးတော့မင်း စိတ်ပူစရာမလိုအောင် မင်းကို အဖော်ပြုဖို့ ကျန်တဲ့ ကူးပြောင်းလာသူ သုံးဦးကိုပါ မင်းရှိတဲ့ နောင်ဘဝဆီ ပို့နိုင်အောင် ငါ သေချာလုပ်ပေးလိုက်ပါ့မယ်”
ဖေးသည် လက်ဟန်အမူအရာတစ်ခုတစ်ခု ပြလိုက်ပြီး မိသားစုခေါင်းဆောင်များအား အာရန်ကို သတ်ရန် အမိန့်ပေးလိုက်သည်။
သူသည် ထိုလူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီး သူ သိနိုင်သမျှအားလုံးကို ပေးသိစေခဲ့ပြီးဖြစ်၏။
အာရန်ကဲ့သို့သော သူ့အတွက် အန္တရာယ်များလွန်းသောလူတစ်ဦးကို သူ့အတွက် ထပ်မံ အသက်ရှင်ခွင့်ပေးရန် မလိုအပ်တော့ပေ။
သူသည် အာရန်ကို ကျွန်ပြုပြီး သူ့အတွက် အကျိုးအမြတ်ရအောင် အသုံးပြုနိုင်သော်လည်း ထိုအရာသည် အလွန်အန္တရာယ်များကြောင်း သူနားလည်လိုက်သည်။
သူ၏ ကျွန်ပြုခြင်းစွမ်းရည်သည် ကမ္ဘာကူးပြောင်းလာသူတစ်ဦးအပေါ် မည်သို့ အကျိုးသက်ရောက်မည်ကို သူသေခြာမသိနိုင်ပေ။
အစောပိုင်းကလို ထပ်မံလှည့်စားခံရပါက သူ့တွင် နောက်ထပ်အသက်ကယ်ပစ္စည်း အပိုမရှိတော့သောကြောင့် သူသည် လွယ်ကူစွာပင် သေဆုံးနိုင်ချေရှိလေသည်။
သူ့အသက်ကို စွန့်စားမည့်အစား အာရန်အား သတ်လိုက်ခြင်းကသာ ပို၍ကောင်းသောရွေးချယ်မှုဖြစ်ပေလိမ့်မည်။
“မင်းကို သတ်ဖို့ င့ါအတွက် ပြင်ပအကူအညီ ဘယ်တုန်းက လိုခဲ့ဘူးလို့လဲ။ အမှန်ဆိုရရင် ခုကမှ ပိုပြီးပျော်စရာကောင်းလာတာ”
အာရန်သည် သူ၏နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး ဓားတစ်ချောင်းကို ထပ်မံခေါ်ထုတ်လိုက်သည်။
အချိန်အတော်ကြာကာလအတွင်း ပထမဆုံးအကြိမ်အနေဖြင့် အာရန်သည်သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဓားဧကရာဇ် အော်ရာကို စတင်၍ အစွမ်းကုန် ထုတ်ဖော်လိုက်မိလေတော့၏။
#Catfoot