← Chapters

သုတ်သင်ရှင်းလင်းခြင်း

Vol. 29 Ch. 414

သုတ်သင်ရှင်းလင်းခြင်း

Vol. 29 Ch. 414

…

အာရန်၏ အော်ရာသည် ကီးလ်မိသားစုခြံဝင်းတစ်ခုလုံးပေါ်သို့ ဖြန့်ကျက်သွားသည်နှင့်တပြိုင်နက် ဖေးသည် လွန်စွာတုန်လှုပ်သွားမိခဲ့သည်။

ကီးလ်မိသားစုခြံဝင်းတစ်ခုလုံးရှိ လူတိုင်းနီးပါးသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် အသက်ရှူမဝသကဲ့သို့ပင် ခံစားမိလိုက်ကြရသည်။

သူတို့ထဲမှ အများစုသည် နစ်ခရိုမန်ဆာမျှော်စင်သခင် ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာသလားဟုပင် တွေးတောနေမိခဲ့ကြ၏။

ကံကောင်းထောင့်မစွာဖြင့် ထိုအော်ရာသည် နစ်ခရိုမန်ဆာမျှော်စင်သခင်၏ အော်ရာကဲ့သို့ အသက်ဓာတ်ကင်းမဲ့နေခြင်းမျိုးတော့ မဟုတ်ပေ။

သို့တိုင် ခြံဝင်းထဲရှိ သာမန်လူများမှာမူ ဒူးထောက်လျက်သားပင် လဲကျသွားခဲ့ကြ၏။

ရူဘီသည်လည်း အသက်ရှူရခက်ခဲနေသကဲ့သို့ ခံစားနေရလေသည်။

ဤအော်ရာသည် မည်သူ့ဆီမှလာသည်ကို သူမ မသိနိုင်သော်လည်း အာရန်အတွက်မူ သူမသည် စိတ်ပူနေမိခဲ့သည်။

တိုက်ပွဲတစ်ခု စတင်နေပြီဖြစ်ပြီး ထိုတိုက်ပွဲသည် သူမ ဝင်ရောက်ပါဝင် ပတ်သက်နိုင်ခြင်းမရှိသည်မှာ ထင်ရှားလေ၏။

“မင်းတို့ ဘာလုပ်နေကြတာလဲ သူ့ကိုဝိုင်း သတ်ကြလေ”

ဖေးသည် အင်အားကုန်ထုတ်ပြီး အော်ဟစ်လိုက်ကာ မိသားစုခေါင်းဆောင်များကို အာရန်အား အတူတကွပူးပေါင်း တိုက်ခိုက်ကြရန် အမိန့်ပေးလိုက်သည်။

မိသားစုခေါင်းဆောင်များသည် အာရန်၏ ပြင်းထန်သော အော်ရာအောက်တွင် အနည်းငယ် တွန့်ဆုတ်သွားမိခဲ့ကြသော်လည်း ဖေး၏ ညွှန်ကြားချက်ကိုမူ သူတို့ လျစ်လျူမရှုဝံ့ခဲ့ကြပေ။

မိသားစုခေါင်းဆောင်များထဲမှ တစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော သေဆုံးပြီးသား သတ္တဝါတစ်ကောင်၏ အသားဖြင့် ပြုလုပ်ထားသော ကြာပွတ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုကြာပွတ်သည် လူများစွာ၏ အသက်ကို စုပ်ယူနိုင်စွမ်းရှိပြီး ထိုအသက်ဓာတ်စွမ်းအားများကို ကြာပွတ်ပိုင်ရှင်ထံသို့ ပြန်လည်ပို့ဆောင်နိုင်လောက်သည်အထိ အားကောင်းလေ၏။

ကြာပွတ်သည် အာရန်ထံသို့ တည့်တည့်မက်မက်ပင် ထိမှန်သွားခဲ့သော်လည်း ခန္ဓာကိုယ်ကိုသာ ဖြတ်သန်းသွားခဲ့ပြီး အာရန်၏ခန္ဓာကိုယ်သည် မူလကတည်းက ပင် အစစ်အမှန်မဟုတ်သကဲ့သို့ပင်။

“ပုံရိပ်ယောင်တစ်ခုများလား”

ထိုကြာပွတ်ပိုင်ရှင် မိသားစုခေါင်းဆောင်သည် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိ၏။

ထို့နောက် အာရန်ကို ရှာဖွေရန် သူ၏အာရုံကို မပြောင်းနိုင်မီမှာပင် သူ၏နောက်ကျောဘက်ဆီမှ ပြင်းထန်သော နာကျင်မှုဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။

အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ၏ ရင်ဘတ်နောက်ကျောဘက် တည့်တည့်မှ ရှေ့သို့ထုတ်ချင်းဖောက် ဖောက်ထွက်လာသော လက်သည်းရှည်ကြီးတစ်ခုကို မြင်လိုက်ရပြီးနောက် ထိုလက်သည်းဖြင့် သူ၏နှလုံးသားကို ဆုပ်ကိုင်ထားလေသည်။

ကြာပွတ်ပိုင်ရှင် မိသားစုခေါင်းဆောင်၏ မျက်နှာသည် လုံးဝ ဖြူဖျော့သွားခဲ့ပြီး သူ၏ နှလုံးသားသည် သူ၏မျက်လုံးများရှေ့တွင်ပင် ချေမွခြင်း ခံလိုက်ရ၏။

အာရန်သည် ထိုနှလုံးကို သိမ်းဆည်းရန်ပင် အာရုံမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤလူများ၏ နှလုံးသားသည် သူ့အနေဖြင့် ဝါးမြိုရန်ပင် မထိုက်တန်ဟု ခံစားရသောကြောင့်ပင်။

အာရန်သည် ကြေမွသွားသော နှလုံးသားကို လွှတ်ချ၍ လက်ကိုပြန်ရုပ်လိုက်ရာ လက်မောင်းတွင် သွေးများ စွန်းထင်းနေသည်ကို မြင်လိုက်ရသည်။

သို့သော် အာရန်သည် မည်သို့မျှ ခံစားရပုံမပေါ်ပေ။

ကြာပွတ်ပိုင်ရှင် မိသားစုခေါင်းဆောင်၏ ခန္ဓာကိုယ်သည် အသက်ထွက်သွားသည်နှင့် မြေပြင်ပေါ်သို့ ဘုန်းကနည်း ပြုတ်ကျသွားတော့သည်။

အာရန်သည် သူ့အတွက် အသုံးဝင်မည်ထင်ရသော ထိုကြာပွတ်ကို ကောက်ကိုင်လိုက်သည်။

သို့သော် သူသည် ကြာပွတ်ကို အသုံမပြုခဲ့ပေ။

ဤနေရာရှိ လူများသည် သူတို့၏ ရှေးဟောင်းပစ္စည်းများဖြင့် အင်အားကြီးမားကြဟန်ရနေသော်လည်း ၎င်းတို့သည် ငှားရမ်းထားသော ပြင်ပခွန်အားသက်သက်သာ ဖြစ်ကြလေသည်။

နစ်ခရိုမန်ဆာများနှင့် မတွေ့ဆုံမိသမျှကာလပတ်လုံး အာရန်အတွက် ၎င်းတို့သည် ပြသနာတစ်ခုတော့ ဟုတ်နေလိမ့်မည်မဟုတ်ပေ။

“ပျော်စရာကစားပွဲ‌လေးတစ်ခု စလိုက်ကြရအောင်လား”

အာရန်က ဖေးအား ပြုံးပြလိုက်ကာ သူ၏ပုံရိပ်သည် ထပ်မံရွေ့လျားသွားခဲ့သည်။

အာရန်သည် အခြားမိသားစုခေါင်းဆောင်တစ်ဦး၏ ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့ပြီး သူ၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။

မိသားစုခေါင်းဆောင်သည် မည်သည့်တုံ့ပြန်မှုမှ မပြုနိုင်မီ သူ၏လည်ပင်း သည် ချေမွခြင်းကို ခံလိုက်ရသည်။

သူ၏ဓားသည် သူ၏လက်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း အရာအားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သောကြောင့် သူသည် ပြန်လည်တိုက်ခိုက်ရန်ပင် အချိန်မရခဲ့ပေ။

အာရန်သည် ထိုခေါင်း‌ဆောင်၏လည်ပင်းကို ချေမွပစ်ပြီးနောက် ခန္ဓာကိုယ်ကို ဘေးသို့ လွှတ်ပစ်လိုက်လေသည်။

ထိုသေဆုံးသွားသော မိသားစုခေါင်းဆောင်၏မျက်လုံးများသည် မျက်ခွန်များ အပြင်ဘက်သို့ ထွက်လုနီးပါးပင် ပြူးကျယ်နေခဲ့၏။

မိသားစုခေါင်းဆောင်နှစ်ဦးသည် ထိုမျှလွယ်ကူစွာ အသတ်ခံခဲ့ရသဖြင့် ဖေးပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ရသည်။

အာရန်သည် အဘယ့်ကြောင့်ထိုမျှအချိန်တိုအတွင်း ဤမျှ အင်အားကြီးမားလာခဲ့ရသနည်း။

အာရန်သည် သူ့ကဲ့သို့ပင် ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်နေခဲ့ပြီး နိမ့်ပါးသည့်အဆင့်တစ်ခုမှ စတင်ခဲ့ရခြင်း မဟုတ်ပေဘူးလား။

ထိုသို့ဆိုလျှင် သူသည် အဘယ့်ကြောင့် အရှင်သခင်များအဆင့်နီးပါးအထိ အစွမ်းထက်လာခဲ့ရသနည်း။

ဖေးသည် အလွန်စိတ်ပျက်မိသွားခဲ့ရကာ သူ၏အောက်နှုတ်ခမ်းကို ပြန်ကိုက်လိုက်မိသဖြင့် နှုတ်ခမ်းတွင် သွေးအနည်းငယ်ပင်စို့လာခဲ့ရ၏။

ဤအချိန်တွင် ဖေးတွင် အစောပိုင်းကကဲ့သို့ သက်တောင့်သက်သာ ဖြစ်မှုမျိုးအနည်းငယ်မျှပင် မရှိတော့ပေ။

သူ့အား ကာကွယ်နိုင်သည့် အကာအကွယ်ဝတ်ရုံလည်း မရှိတော့ချေ။

အာရန်၏ သာမန်တိုက်ခိုက်မှုလေး တစ်ခုတည်းဖြင့် သူ့ကို လွယ်ကူစွာ သတ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။

ဖေးသည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ကျန်မိသားစုခေါင်းဆောင်များအား အာရန်ကို သာ အာရုံပြန်စိုက်၍ အသဲအသန် တိုက်ခိုက်စေရန် ထပ်မံဆော်သြလိုက်သည်။ မိသားစုခေါင်းဆောင်များသည် မကြာမီ သူတို့၏ မှင်တက်မှုမှ လွတ်မြောက်သွားကြပြီး အာရန်အား ပူးပေါင်း၍ တုံ့ပြန်တိုက်ခိုက်လိုက်ကြ၏။

သူတို့သည် အာရန်၏ အမြန်နှုန်းနှင့် မယှဉ်ပြိုင်နိုင်သေးသော်လည်း သူတို့၏ အရေအတွက်မှာ များပြားလွန်းသဖြင့် အာရန်၏ လမ်းကြောင်းအားလုံးတွင် ပိတ်ဆို့၍ တိုက်ခိုက်နိုင်နေဆဲဖြစ်သည်။

မိသားစုခေါင်းဆောင်များသည် သူတို့၏ သခင်ဖေးရှိရာ ဘက်လမ်းကြောင်းမှ လွဲ၍ ကျန် နေရာအားလုံးအား အလွတ်မပေးပဲ စတင်စုပေါင်း တိုက်ခိုက်လိုက်ကြ၏။

သူတို့၏ စုပေါင်းတိုက်ခိုက်မှုများမှာ သက်ရောက်မှု အလွန်အင်အားကြီးမားလွန်းသဖြင့် ကီးလ်မိသားစုခြံဝင်းကိုပင် တစ်စတစ်စ ဖျက်ဆီးမိသလိုဖြစ်သွားခဲ့ပြီး ထိုတိုက်ပွဲတွင် အပြစ်မဲ့ ကီးလ်မိသားစုဝင် များစွာကို သေဆုံးခဲ့ရလေသည်။

မိသားစုခေါင်းဆောင်များသည် သူတို့၏ တိုက်ခိုက်မှုများတွင် အလုံးစုံ စိတ်နှစ်မြှုပ်၍ ရူးသွပ်စွာ ဂမူးရှူးထိုးဖြင့် တိုက်ခိုက်နေကြသော်လည်း အာရန်အား အနည်းငယ်မျှပင် ထိခိုက်နိုင်ခြင်း မရှိခဲ့ပေ။

အာရန်က သူတို့၏တို က်ခိုက်မှုများကို မည်သို့ ရှောင်တိမ်းနိုင်နေသည်ကိုပင် သူတို့ နားမလည်နိုင်သည့်အခြေအနေအထိ ရောက်ရှိခဲ့လေ၏။

အာရန်သည် ထိုမိသားစု‌ခေါင်းဆောင်များ၏ စုပေါင်းတိုက်ခိုက်မှုများအားလုံးကိုပင် ကြိုတင်ခန့်မှန်းနိုင်နေသကဲ့သို့ ဖြစ်နေလေသည်။

ဤသို့ဖြင့် မိသားစုခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး ဆက်လက် အသတ်ခံနေရပြီး ကီးလ်မိသားစုခြံဝင်းတစ်ခုလုံးလည်း ပေါက်ကွဲပျက်စီးသွားခဲ့ရ၏။

ကီးလ်မိသားစုမှ အပြစ်မဲ့မိသားစုဝင်များစွာသည် သေဆုံးသွားခဲ့ကြရပြီး အချို့ရှင်သန်နေသူများမှာလည်း အိမ်တော်မှ ဝေးရာဆီသို့ အပြေးအလွှား ထွက်ပြေးသွားကြလေသည်။

ရူဘီသည်လည်း ၎င်းတို့ထဲတွင် ပါဝင်နေခဲ့ပြီး တိုက်ပွဲကွင်းပြင်နှင့် ဝေးရာဆီသို့ တတ်နိုင်သမျှ ဝေးဝေးရောက်ရန် ထွက်ပြေးနေခဲ့ရသည်။

သူမသည် ထွက်ပြေးနေစဉ်မှာပင် နောက်ဘက်သို့ မကြာခဏ လှည့်ကြည့်နေမိခဲ့၏။

သူမ မြင်နိုင်သမျှမှာ အဝေးဆီမှ ပြိုကျပျက်စီးနေသော ဧည့်ခန်းမဆောင်ကြီးအတွင်း တွင် မျက်စိစူးလောက်အောင် လင်းလက်နေသော အလင်းတန်းများသာဖြစ်လေသည်။

ဤဖြစ်ရပ်များ၏ နောက်ကွယ်မှ အကြောင်းရင်းကို မသိရှိခဲ့ကြသူများသည် ကီးလ်မိသားစုကို နစ်ခရိုမန်ဆာမျှော်စင်မှ ဝင်‌ရောက်တိုက်ခိုက်ခြင်းများလားဟု ပင် တွေးတောမိခဲ့ကြသည်။

ယခုအချိန်အထိပင် ၎င်းဖြစ်ရပ်သည် အခြားတိုက်ကြီးတစ်ခုခုမှ တစ်စုံတစ်ဦး၏ လက်ချက်ဖြစ်သည်ဟု မည်သူမျှပင် သံသယမဝင်မိခဲ့ကြသေးပေ။

“ဘာလို့ မင်း မသေသေးတာလဲ”

ကီးလ်မိသားစုခေါင်းဆောင်မှ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်ပြောလိုက်မိ၏။

သူသည် မြောက်ပိုင်းတိုက်ကြီးရှိ အဓိကမိသားစုများထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်လေသည်။

သူတို့သည် ဤကဲ့သို့ငယ်ရွယ်သေးသည့် သာမန်လူငယ်လေးတစ်ဦးကို မသတ်နိုင်သေးသည့်ဖြစ်ရပ်အား ယခုအချိန်ထိ မယုံကြည်နိုင်ဖြစ်နေရလေသည်။ မိသားစုခေါင်းဆောင်များအားလုံး စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သော်လည်း ထိုလူငယ်၏ ခန္ဓာကိုယ်တွင် ခြစ်ရာလေးတစ်ခုပင် မထင်ခဲ့ပေ။

ထိုလူငယ်၏နောက်ခံမှာ အဘယ်နည်း။

“ဘာလို့ အဲဒီမေးခွန်းကို မင်းရဲ့ နောင်ဘဝကို မယူသွားရတာလဲ”

အေးစက်သော အသံတစ်ခုသည် ကီးလ်မိသားစုခေါင်းဆောင်၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူ၏မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့၏။

လေအေးတစ်ချက်သည် သူ၏ မျက်နှာကို တိုက်ခတ်သွားသည်နှင့် ကမ္ဘာတစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည်ဟု မြင်လိုက်ရသည်။

ကီးလ်မိသားစုခေါင်းဆောင်သည် သူ၏ခေါင်းမှာ လေထဲတွင် မြင့်မားစွာ ပျံဝဲနေချိန်တွင် သူ၏ခန္ဓာကိုယ်သည် မြေပြင်တွင် ကျန်ရှိနေသည်အား သဘောပေါက်ရန် အချိန်အနည်းငယ် ယူလိုက်ရ၏။

ထိုနေရာသည် အာရန်အား မိသားစုခေါင်းဆောင်ကြီးများ ပူးပေါင်းတိုက်ခိုက်ရာနေရာဖြစ်ခဲ့သင့်သော်လည်း ယခုမူ ပြောင်းလဲသွားခဲ့ပြီး သူက အမဲလိုက်သည့် မုဆိုးတစ်ယောက်ဖြစ်သွားကာ မိသားစုခေါင်းဆောင်များက အသတ်ခံရန် စောင့်ဆိုင်းနေသော သားကောင်များသဖွယ် ဖြစ်နေကြလေသည်။

[အဆင့် +၁]

အာရန်၏လက်များတွင် ပေနေသောသွေးများ မခန်းခြောက်သေးမီမှာပင် သူ၏အဆင့်က တစ်ဆင့် ထပ်မံ၍ တိုးတက်လာခဲ့၏။

အာရန်သည် တဖြည်းဖြည်းဖြင့် ဤကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအား အမှန်တကယ်ပင် နှစ်သက်သလိုဖြစ်နေပြီဖြစ်ကာ ၎င်းက သူ၏ရန်သူများကို အရည်အတွက် လျှော့ချပေးနိုင်ရုံသာမက သူ၏အဆင့်ကိုပါ တိုးမြှင့်ပေးသောကြောင့်လည်းဖြစ်သည်။

သူ့အတွက် ပြဿနာပေးမည့်သူများဟု ခံစားမိမည့်အစား ဤမိသားစုခေါင်းဆောင်များသည် သူ့အတွက် ဆုလာဘ်တစ်ခုကဲ့သို့ပင် ခံစားမိနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ယခုတိုက်ခိုက်နေသည့်သူများတွင် အင်အားအကောင်းဆုံး ဟုသတ်မှတ်နိုင်သော မိသားစုငါးခုမှ ခေါင်းဆောင်ငါးဦးသည် ဤကီးလ်မိသားစု၏ နယ်မြေတွင် မရှိနေသောကြောင့်လည်း ဖြစ်လေ၏။

#Catfoot

All Chapters